■ အိန္ဒိယ၏ ဖက်ဒရယ် အတွေ့အကြုံ ■






▬▬▬▬▬▬▬▬▬▬▬▬▬▬▬
■ အိန္ဒိယ၏ ဖက်ဒရယ် အတွေ့အကြုံ ■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မောင်ခိုင်အောင်
အိန္ဒိယဖက်ဒရယ်စနစ်သည် အပြစ်အနာ မကင်းပါ။ စင်စစ် မည်သည့်ဖက်ဒရယ်စနစ်မှ ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ပေ။ ဇာတ်ခွဲခြားခြင်းကြောင့် ဖြစ်လာသော ပဋိပက္ခများ လူ့အဖွဲ့အစည်းငယ်များ ဆိုင်ရာ ပြဿနာများ ဘာသာရေး အဆောက်အဦးများကို ဖျက်ဆီးမှုများ၊ လူမျိုးရေး ပစ်မှတ်ထားလာသော သတ်ဖြတ်မှုများ ရှိနေဆဲ ဖြစ်သည်။ ၂၀၀၄ ခုနှစ်အတွင်း အားသစ်နှင့် မဟာရပခ်ျပြည်နယ်တို့တွင် ဟိန္ဒူစကားပြော ဘီဟာရီတို့အပေါ် တိုက်ခိုက်သော လုပ်ရပ်ကြီးများ ပေါ်ထွက်ခဲ့သည်။ အိန္ဒိယဖက်ဒရယ်စနစ် အတွက် အဓိက ပြဿနာကြီးများသည် မဖြေရှင်းနိုင်သေးပေ။

အိန္ဒိယသည် ကွဲပြားသော အမျိုးသား ဥပဓိ အင်္ဂါများရှိသည့် လူမျိုးများ နေထိုင်သော နိုင်ငံဖြစ်ပြီး ဤသို့ တည်ရှိနေမှုကို သူတို့ကိုယ်တိုင် ဂုဏ်ယူကြသည်။ ဇာတ်စနစ်၊ ဘာသာရေး၊ လူမျိုးရေးဒေသတို့တွင် အခြေခံကာ သီးခြားတည်ရှိနေကြပြီး အိန္ဒိယနိုင်ငံသား ဖြစ်မှု ဘောင်ထဲတွင် တရားဝင် စုပေါင်းသွားသည်။
မတူကွဲပြားမှုများ စုစုပေါင်းနေရပ်တည်ရန်၊ ညီညွတ်သော နိုင်ငံတစ်ခုအတွင်း သစ္စာရှိရန်အတွက် တည်ငြိမ်သော တည်တံ့သော နည်းလမ်းတစ်ခုကို ဖက်ဒရယ်စနစ်က ဖော်ဆောင်ပေးသွားသည်။ မတူကွဲပြားသော လူမှုအုပ်စုတို့၏ ရည်မှန်းချက်များကို ဖော်ထုတ်ရန် ဖက်ဒရယ်စနစ်၏ မူဘောင်များအတွင်း ဖြစ်နိုင်ပေမည်။

ဒီမိုကရေစီ ခိုင်မာစွာ အမြစ်တွယ်နေခြင်းက အိန္ဒိယ၏ မဟာအောင်မြင်မှု ဖြစ်သည်။ အိန္ဒိယ ဖက်ဒရယ်စနစ်အား အတုအယောင် ဖက်ဒရယ်၊ ဖက်ဒရယ်စနစ်မရှိသော ဖက်ဒရေးရှင်း၊ အဆင့်အတန်း မတူသော ပြည်နယ်များနှင့် ပြည်ထောင်စုဟု အမျိုးမျိုး ဝေဖန်ခဲ့ကြသည်။ အိန္ဒိယသည် ပုန်ကန်မှုကို မြင့်မြင့်မားမား လွှင့်ထူထား နိုင်ခဲ့ပေသည်။ အိန္ဒိယသည် ပုန်ကန်မှုများ ပြည့်နှက်နေပြီး ပြိုကွဲကျဆုးသွားလိမ့်မဟု ရှုံ့ချပြစ်တင် နိမိတ်ဖတ်ခဲ့မှုများသည် မှားယွင်းကြောင်းကို ဖက်ဒရယ်စနစ်က သမိုင်းခံ သက်သေပြခဲ့သည်။

နိုင်ငံသည် ပိုမိုစုစည်းမှုဖြင့်သော ဖက်ဒရယ်ပုံစံဖြင့် စတင်ခဲ့သည်။ သို့သော် ဒေသန္တရပါတီများ ပေါ်ထွန်းလာခြင်းနှင့် ညွှန့်ပေါင်းဖက်ဒရယ်အစိုးရ၏ အောင်မြင်မှုများကြောင့် ဖက်ဒရယ်စနစ်သည် အဓိပ္ပါယ်အသစ် တစ်ခုသာမက အင်အားနှင့် နိုးကြားမှု၏ အတိုင်းအတာသစ်တခုလည်း ဖြစ်လာခဲ့သည်။

ဖက်ဒရယ်စနစ်၏ အောင်မြင်မှု အကြောင်း ပြောမည်ဆိုလျှင် ဒီမိုကရက်တစ် အစဉ်အလာ အင်စတီကျူးရှင်း အင်အားများ၊ အားကောင်းသော အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ရောင်စုံလင်းလက်သော နိုင်ငံရေး ယဉ်ကျေးမှုတို့ အကျုံးဝင်ပေသည်။

မတူကွဲပြားမှုကြောင့် ရန်ဘက်ဆောင်နေမှုများအား ကိုင်တွယ်မည့် မော်ဒယ်တစ်ခုအဖြစ် လေ့လာပြီး အိန္ဒိယ ဖက်ဒရယ်စနစ်မှ သင်ယူစရာ အများအပြား ရှိနေသည်။

အိန္ဒိယသည် အမြဲငြိမ်းချမ်းနေသည့် နိုင်ငံတစ်ခုတော့ မဟုတ်ချေ။ အယုဒယမှ ဘာဘရှီဗလီအား ၁၉၉၂ ခုတွင် တိုက်ခိုက်မှု၊ ၂၀၀၂ အတွင်း ဂူဂျာရတ်ပြည်နယ်မှ ၀မ်းနည်း ကြေကွဲဖွယ်ရာ အစုလိုက် သတ်ဖြတ်ခံရမှုများသည် ရင်ထဲတွင် တောင်လောင်နေဆဲ ဖြစ်သည်။ ထိုသို့ သမိုင်း အဖြစ်အပျက်တို့ရှိခဲ့ပြီး၊ မကြာခဏ ပေါ်ထွက်လာတတ်သည်။

 ဂူဂျာရတ်တွင် မူဆလိင်များအပေါ် လုပ်ကြံမှုသည် လောကီသီးသန့်ဝါဒ ကျင်းသုံးသော အိန္ဒိယနိုင်ငံအတွက် အမဲစက်ကြီး ဖြစ်ခဲ့သည်။
ဂူဂျာရတ် အရေးအခင်းသည် လူမဆန်သော အဓိကရုဏ်းမျှသာ မဟုတ်ချေ၊ မူဆလင်များနှင့် သူတို့၏ နေထိုင်မှုဘ၀များကို ဦးတည်တိုက်ခိုက်သော စနစ်တကျ ကြိုးပမ်းမှု ဖြစ်သည်။ ဂူဂျာရတ်မှ ၀န်ကြီးချုပ် နရန်ဒရာမူတီ၏ အစိုးရသည် ဒုက္ခသည်များအတွက် အချိန်မှီကယ်တင်ရေး ကယ်ဆယ်ရေးပစ္စည်းများကို မပေးခဲ့ရုံသာမက၊ ပြစ်မှုကျူးလွန်ခြင်းအတွက် ဥပဒေကြောင်းအရ နှောင့်နှေးကြန့်ကြာအောင် လမ်းလွဲအောင် လုပ်ပေးခဲ့သည်။ ထို့ကြောင့် တရားရုံးချုပ်သည် အမှုစစ်ဆေးခြင်းကို ရပ်တန့်ကာ ဂူဂျာရတ်မှ တခြားပြည်နယ်များသို့ လွှဲပြောင်းခဲ့သည်။ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကလည်း ဂူဂျာရတ်တွင် တရားစီရင်မှု ရှိနိုင်မည် မဟုတ်ဟု တင်ပြခဲ့သည်။

ဟိန္ဒူအခြေခံ ၀ါဒီတချို့သည် အိန္ဒိယနိုင်ငံရေးအား အလွန်အန္တရာယ်များသော ပုံစံခွက်တစ်ခုထဲသို့ သွန်းလောင်းရန် ကြိုးပမ်းခဲ့သည်။ ဂူဂျာရတ်ပြည်နယ်တွင် အနည်းငယ် အောင်မြင်မှု ရခဲ့သည်။ တခြားနေရာများတွင်ကား စမ်းသပ်မှု မအောင်မြင် နိုင်ခဲ့ချေ။ အိန္ဒိယတွင် လောကီသီးသန့်ဝါဒ နိုင်ငံရေးသည် အမြစ်တွယ်ခဲ့ပေပြီ။
နိုင်ငံတော် အင်စတီကျူးရှင်းများ၊ တရားရေစနစ်၊ သတင်းမီဒီယာနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းတို့သည် အနှစ်သာရ ကျကျ လောဂုတ္တရာနှင့် ကင်းလွတ်နေကြသည်။

လူမျိုးရေး ပဋိပက္ခသည် နေရာတချို့တွင် ရှိနေဆဲဆိုခြင်းမှာ အမှန်ပင်။ ဥပမာ အရှေ့မြောက်ဒေသ ဖြစ်သည်။ ထောင့်စုံနေရာစုံမှ ပြည်သူများက သူတို့သည် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တွင် နောက်ချန်ထားခြင်း ခံရသည်ဟု ခံစားရပြီး အိန္ဒိယအစိုးရအပေါ် ယုံကြည်မှုကင်းကြောင်းကို စစ်ရေးလှုပ်ရှားမှုများဖြင့် ပြသခဲ့သည်။

အရှေ့မြောက်မှာ ကဲ့သို့၊ တခြားဒေသ ဂျာမူးနှင့် ကတ်ရှမီးယးတွင် ပြဿနာ ကြီးထွားလာခဲ့သည်။ နှစ်ကာလရှည်ကြာ အနှောင်အဖွဲ့များကို ဆန့်ကျင်သော ပုန်ကန်မှု ဖြစ်လာသည်။ အလုပ်မဖြစ် မအောင်မြင်သော ဖွံ့ဖြိုးရေး မော်ဒယ်များအပေါ် သံသယများ၊ အစိုးရ၏ ယောင်ဝါးဝါးလုပ်ရပ်များနှင့် ပြင်ပအင်အားစုများ၏ ၀င်ရောက်စွက်ဖက်မှုများ ပေါင်းစုပြီး အခြေအနေ ဆိုးဝါးသွားခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်ကြားရှိ ကတ်ရှမီးယား ပြဿနာမှာ နယ်နိမိတ်ပြဿနာတစ်ခုထက် ကျော်လွန်ပြီး ဆန့်ကျင်သော အစိုးရပုံစံ နှစ်ခု၏ ပြဿနာဟုလည်း ကြည့်မြင်နိုင်သည်။

ဘုရားဒေသနာဝါဒနှင့် လောကီသီးသန့်ဝါဒတို့ ယှဉ်ပြိုင်မှုပင် ဖြစ်သည်။ Theocracy Vs Secularism နိုင်ငံခြားလေ့လာမှုများက ၂၀၀၂ အတွင်း ကတ်ရှမီးယားရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည်ဟု လက်ခံကြသည်။ နိုင်ငံရေးနစ်စအတွက် လူထုယုံကြည်မှုကို ရရှိရန်ကာ ခရီးရှည်ကြီး လျှောက်ရဦးမည်။ ကတ်ရှမီးယား ပဟေဠိကို ရွေးကောက်ပွဲတစ်ခုတည်းဖြင့် ဖြေရှုးနိုင်သည်ဟု မှတ်ယူလျှင် ထုံအ မိုက်မဲရာ ကျပေလိမ့်မည်။

အိန္ဒိယဖက်ဒရယ်စနစ်တွင် ဘာသာစကားပြဿနာကို ကိုင်တွင် ဖြေရှင်းမှုသည် အပြုသဘောဆောင်ပြီး အများကြီးတိုးတက် ဖြစ်ထွန်းခဲ့သည်။ ၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်များတွင် ဘာသာစကားကိစ္စသည် အသေးအမွှားမဟုတ် တိုင်းပြည်ကို တစ်ခုစီ ကွဲစေနိုင်သည်ထိ ခြိမ်းခြောက်ခံခဲ့သည်။ ဘာသာစကားအခြေခံပေါ်တွင် ပြည်တွင်းစစ် ဖြစ်တော့မည်လားဟုပင် ထင်ရသည်။ ဟိန္ဒူဘာသာစကားကို ပြဌာန်းမှု အသာစီးရနေမှုကို တုန့်ပြန်လျက် တမီးလ်နာဒူးတွင် ခွဲထွက်ရေးလှုပ်ရှားမှုများ စတင်ပေါ်ထွက်လာခဲ့သည်။ အိန္ဒိယသည် ဒသိယ ဘာသာစကားဆိုင်ရာ အမျိုးသားရေးဝါဒအပေါ် ဂရုစိုက် အလေးထားသည်။

ဘာသာစကားအခြေခံပေါ်တွင် ပြည်နယ်များကို ပြန်လည်ဖွဲ့စည်းသောအခါ အိန္ဒိယနိုင်ငံကြီး ပြိုကွဲမှုကို ဦးတည်လိမ့်မည်ဟု တချို့ စိုးရိမ်ခဲ့ကြသည်။ ဤကြောက်ရွံ့စိုးရိမ်မှုများသည် သမိုင်းအရ အခြေအမြစ်မရှိတော့ချေ။ ယနေ့ကာလတွင် ဘာသာစကား ပြဿနာသည် ယေဘုယျအားဖြင့် ငြိမ်းသွားခဲ့ပြီ။ အိန္ဒိယဖက်ဒရယ်စနစ်သည် စင်စစ်အားဖြင့် စမ်းသပ်ခံနေရဆဲ ဖြစ်သည်။ သို့သော် မီးနှင့် ကစားနေရမျိုးတော့ မဟုတ်ပြီ။

သမိုင်းအတွေ့အကြုံများအရ ဖက်ဒရယ်စနစ်သည် အိန္ဒိယတွင် တိမ်မယောင်နှင့် နက်သည်။ ကွန်ဂရက်ပါတီစနစ်ဟု ဆိုသော တစ်ပါတီ ကြီးစိုးမှုစနစ်သည် ခေတ်ကုန်ခဲ့ပြီး ကွန်ဂရက်ပါတီသည် အိန္ဒိယနိုင်ငံမြင်ကွင်းတွင် ကြီးကျယ်ခန့်နားလှသည်။ အာဏာများကို ဗဟိုမှ စုစည်းချုပ်ကိုင်ထားမှုအတွက် တာဝန်ရှိသော ပါတီဖြစ်သည်။ ယခုအခါ အာဏာအခြေခံများနှင့် အသွင်သဏ္ဍာန် များစွာကို လျော့ပေး လိုက်ရပြီး ဖြစ်သည်။

၂၀၀၅ ရွေးကောက်ပွဲသည် အစပိုင်းဖြစ်သည်။ မိဇိုရမ်း၊ ဒေလီရာဂပ်စ်သန်၊ မက်ဒယာ ပရောဒေ့ရ်ုနှင့် ချက်တီဂါ ကျော်လွန်ခဲ့သော နှစ်ကာလများတွင် အိန္ဒိယသည် တိတ်ဆိတ်ငြိမ်သက်နေမှုများ ဆူပွက် ပုန်ကန်မှုများကို ကြုံတွေ့ခဲ့သည်။ ဇာတ်နိမ့်ဟုခေါ်သော လူ့အဖွဲ့အစည်း၏ အပစ်ပယ်ခံများ၊ ဇာတ်လတ်များ၊ လယ်သမားလူတန်းစားများ၊ ဒေသန္တရပါတီ တို့သည် အိန္ဒိယနိုင်ငံရေး စင်မြင့်ပေါ်တွင် ပါဝင်လှုပ်ရှားသူ ဇာတ်ကောင်းများ ဖြစ်လာခဲ့ပြီး ထိုအုပ်စုများ အားလုံးသည် အမျိုးသား ညစာစားပွဲကြီးတွင် ယခုအခါ မျှဝေစားသောက်နိုင်ပြီ ဖြစ်သည်။ အိန္ဒိယသဒ္ဒါကျမ်းတွင် ထင်ရှားသော အပြောင်းအလဲတစ်ခုအဖြစ် ၀န်ကြီးချုပ်ဟောင်း ဘီပီဆင်းက ပြောဆိုခဲ့သည်။

ဒေသန္တရပါတီနိုင်ငံရေး သြဇာသစ်သည် အိန္ဒိယဖက်ဒရယ်စနစ်ကို အသွင်ပြောင်းစေသည်။ ထိုပါတီများကို အကွဲကွဲအပြားပြား ဖရိုဖရဲ အင်အားစုများ မူမမှန်ဖောက်ပြန်သော အင်အားစုများဟု ရှေးအရင်က သဘောမကျကြချေ။ ၁၉၉၆ - ၁၉၉၈ ရွေးကောက်ပွဲမျာသည် ထိုပါတီများအပေါ် သဘောထားကို ပြောင်းလဲစေသည်။ သူတို့သည် နယူးဒေလီရှိ ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရာတွင် အဓိက ဇာတ်ဆောင်များ ဖြစ်လာခဲ့သည်။ ဖက်ဒရယ်စနစ်၊ ဗဟိုချုပ်ကိုင်မှု လျော့ချရေး၊ တာဝန်ခံမှု တန်းတူရေးနှင့် လူမှုရေး တရားမျှတမှုတို့ အပေါ် အခြေခံသော အစိုးရစနစ်တစ်ရပ် ပေါ်ထွက်လာရေးအတွက် ဦးတည်လာသည်။

 ပြည်နယ်များ၌ အာဏာပိုမိုရရှိလာရေးအတွက် စင်မြင့်သစ်ကို တည်ဆောက်ခဲ့သည်။ အားကောင်းသော ပြည်နယ်များနှင့် ပျော့ပျောင်းသော ဗဟိုဖွဲ့စည်းပုံ၊ စစ်မှန်သော ဖက်ဒရယ်စနစ်၊ ဘဏ္ဍာရေးဖက်ဒရယ်စနစ်၊ စုပေါင်းလုပ်ဆောင်သော ဖက်ဒရယ်စနစ် စသော စကားလုံးများနှင့် အလားတူ ဝေါဟာရတို့သည် အမျိုးသားနိုင်ငံရေး ဆွေးနွေးငြင်းခုံ ပြောဆိုမှုတွင် ရှေ့တန်းရောက်လာသည်။ ဗဟို အစိုးရ ရှိနေသည်။ သို့သော် သြဇာလျော့လာသည်။ လုပ်ပိုင်ခွင့် ကျုံ့လာသည်။ တချိန်က ဗိုလ်ကျခဲ့သောနေရာများတွင် ညှိနှိုင်းလာရသည်။ ဘန်ဂလို ဟိုင်ခြာလဘတ် မွန်ဆိုင်းကဲ့သို့ ပြည်နယ်မြို့တော်များသည် အာဏာဗဟိုများအဖြစ် စင်ပြိုင်ပေါ်ထွန်းလာကြသည်။ နိုင်ငံတကာခေါင်းဆောင်များ အိန္ဒိယသို့ လာရောက်လျှင် ထိုမြို့များကို ချန်ထား၍ မရတော့ချေ။

အိန္ဒိယဖက်ဒရယ်စနစ်၏ ထူးခြားသော တိုးတက်မှုမှာတတိယအလွှာအစိုးရ များ ပေါ်ထွန်းလာခြင်း ဖြစ်သည်။ ဗဟိုအစိုးရ ပြည်နယ်အစိုးရအပြင် နောက်တစ်လွှာဖြစ်ပြီး ဒေသအခေါ် “ပန်ချာယတ်” များ ဖြစ်သည်။ ဤအင်စတီကျူးရှင်းသစ်သည် ဒီမိုကရေစီ အခြေခံကို ကြီးမား ကျယ်ပြန့်စေသည်။

ပန်ချာယတ်နေရာများတွင် ငါးနှစ်လျှင် အိန္ဒိယသား (၃) သန်းကျော် ရွေးချယ်တင်မြှောက်ခံရသည်။ သုံးပုံတစ်ပုံနီးပါးမှာ အမျိုးသမီးများ ဖြစ်ကြသည်။ စွန့်ပယ်ခံ ချောင်ထိုးခံ အဖွဲ့အစည်းအုပ်စုများ လူမှုအဖွဲ့အစည်းများသည် အဆုံးအဖြတ်ပေးနိုင်သော အဖွဲ့ကြီး၏ အစိတ်အပိုင်းများ ဖြစ်လာသည်။ ပြည်နယ်တစ်ခုစီတွင် ခရိုင်၊ မြို့နှင့် ကျေးရွာ သုံးဆင့်ရှိပါသည်။

သူတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အင်စတီကျူးရှင်းများ ပေါ်ထွက်လာခြင်းကြောင့် အုပ်ချုပ်မှုသည် ဗဟိုနှင့် ပြည်နယ်အစိုးရများ၏ လုံးဝ ထိန်းချုပ်မှု လွတ်ကင်းသွားခဲ့ပြီ။ ယနေ့ အိန္ဒိယ၏ အုပ်ချုပ်မှုသည်၊ အိန္ဒိယ၏ ထိန်းချုပ်မှုသည် ရှေးယခင်ထက် ပိုမိုနက်ရှိုင်း ပိုမိုကျယ်ပြန့်ကာ ပိုမို၍ အပြန်အလှန် ဆက်စပ်လာသည်။ အိန္ဒိယဖက်ဒရယ်စနစ်သည် ကိုယ်တာဝန်ခံနိုင်မှု ပိုမိုလာကာ၊ လူမှုပါဝင်မှု ပိုမို ကြီးမားလာသည်။

ပန်ချာယတ်အဖွဲပအစည်းအများသည် ပြည်နယ်များ၏ အစဉ်အလာပုံစံဖြစ်သော အာဏာကို အထက်မှ အောက်သို့ ထိန်းချုပ်မှုအား အပြီးပိုင် မဟုတ်သည့်တိုင် တစ်ခုသော အတိုင်းအတာထိ ပြောင်းလဲပစ်ရန် စတင်ခဲ့သည်။

ဖက်ဒရယ် ဒီမိုကရက်တစ် ဖွဲ့စည်းမှုတွင် မတူကွဲပြားခြင်းနှင့် ယှဉ်ပြိုင်တောင်းဆိုချက် မပေါ်ထွက်လာသော ကိုယ်စိတ်နှလုံး တင်းမာမှု တင်းကျပ်မှုတို့အား ကြံ့ကြံ့ခံနိုင်သော ရုပ်အင်အား စိတ်အင်အားများ စုစုစည်းစည်း ရှိပေသည်။

ဖက်ဒရယ်စနစ် မရှိလျှင် ယခုရှိနေသော အိန္ဒိယ မရှိဟု သမိုင်းကောက်ချက် ဆွဲရမည် ဖြစ်ပသေည်။
မောင်ခိုင်အောင်
Ref: လူမှု သိပ္ပံအင်စတီကျူး (နယူးဒေလီ) မှ Ash Narain Roy ၏ 2004 March တွင်ရေးသော “How India foes it”
စာရေးသူ မောင်ခိုင်အောင် (ခေါ်) ဦးဦးလှစောသည် ဖယ်ဒရယ်ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ တဦးလည်း ဖြစ်သည်။

ဖယ်ဒရယ်ဂျာနယ် ဒီဇင်ဘာ၊ ၂၀၁၃ မှ ဆောင်းပါးအား AKYAB POST ညီအစ်ကိုများ ပြန်လည် ရိုက်နှိပ်ပေးပါသည်။





EmoticonEmoticon

Comments system

Flag Counter