တောင်ငူမှ ဗီယက်နမ် (သို့မဟုတ်) စစ်နဲ့ငြိမ်းချမ်းရေး - အနီမှိုင်းကေတု
ကျွန်တော် အင်တာနက်မှာ ခရီးစဉ်လေးတစ်ခု ဖတ်လိုက်ရတယ်။
ဗီယက်နမ်ခရီးစဉ်လေးပါ။ US 390 နဲ့ဆိုတော့ ကျွန်တော်ကလည်း
နိုင်ငံခြားခရီးစဉ်ဆိုတာ တစ်ခါမှလည်းမသွားဖူးဘူး။ ပါတီစည်းရုံးရေးမှာ
တရားဟောသွားတဲ့အခါ အုပ်စုလိုက် မသွားဖူးဘူး။
ပညာကွန်ရက်နဲ့ ကျောင်းသူ
ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေနဲ့ လေ့လာရေးခရီး သွားဖူးတာပဲရှိတယ်။
အထူးသဖြင့် သူစိမ်းတွေ၊ မရင်းနှီးသူတွေနဲ့ တစ်ခါမှ ခရီးမသွားဖူးဘူး။
အိမ်နဲ့လည်းခွဲပြီး အကြာကြီးမသွားဖူးဘူး။ ဒါပေမဲ့ တစ်နေ့တော့ အားလုံးနဲ့
ကျောခိုင်းပြီး ထွက်သွားရမှာဆိုတော့ ၅ ရက်ခရီးလောက်ကတော့
ထွက်ဖြစ်အောင်ထွက်ခဲ့ရတယ်။
ပထမဆုံး ပတ်စပို့လုပ်ရတယ်။ ဒါလည်း မလုပ်ဖူးတော့
ပထမပတ်စပို့ရုံးကို အရင်သွား ဖောင်ဖြည့်ရတယ်။ ပြီးမှ ငွေသွင်းရတယ်။ ငွေ
၂၅၀၀၀ ပါပြီးမှ ချလန်နဲ့ ဓာတ်ပုံရိုက်ဖို့ ၁၀ ရက်ခွာပြီး ချိန်းလိုက်တယ်။
နောက်မှ ခရီးစဉ်အတွက် ငွေသွားသွင်းရတာပေါ့။ ဒေါ်လာ ၃၉၀ ကို မြန်မာ ငွေ ၁၃၅၀
နဲ့မြှောက်ပြီး ရှင်းပေးခဲ့ရတယ်။
ခရီးသွားရမယ့်ရက်က ဒီဇင်ဘာ ၁၀ ရက်
၂၀၁၆ ခုနှစ်ပေါ့။ ဒါနဲ့ ထည့်စရာအ၀တ်အစားနဲ့ ပစ္စည်းတွေကို ထည့်ပြီး ၁၀ ရက်
နေ့မနက် ၅ နာရီမှာ တောင်ငူက ထွက်ခဲ့တယ်။ ရန်ကုန်ကို မနက် ၈
နာရီခွဲမှာရောက်ခဲ့တယ်။ နည်းနည်းစောတာနဲ့ အောင်မင်္ဂလာက
တည်းခိုခန်းမှာခဏနားပြီး မနက် ၁၀ နာရီမှာတော့ လေယာဉ်ကွင်းကို ဆင်းခဲ့တယ်။
ဆယ့်တစ်နာရီမှာ လေယာဉ်ကွင်းရောက်ပြီး တန်ဂိုအဖွဲ့သားတွေနဲ့ တွေ့တယ်။
ကျွန်တော်နဲ့ နေရမယ့် အခန်းဖော်က လာနှုတ်ဆက်တယ်။ ဖော်ဖော်ရွေရွေပဲ။
ပထမတစ်ခုကတော့ တော်တော်အဆင်ပြေခဲ့တယ်။ အိတ်တွေကီလိုချိန်၊
အဆင့်ဆင့်စစ်ဆေးပြီး ဆယ့်နှစ်နာရီမှာ လေယာဉ် စောင့်ကြတာပေါ့။
လေယာဉ်က
သာမန်ချိန်ထက် မိနစ်ငါးဆယ် နောက်ကျမယ်တဲ့။ နှစ်နာရီခွဲမှာ ဗီယက်နမ်နိုင်ငံ
ဟိုချီမင်းမြို့ကို ပျံသန်းထွက်ခွာလာခဲ့ပါတယ်။ လေယာဉ်စီးချိန်
နှစ်နာရီကြာပြီး ညနေလေးနာရီခွဲ အချိန်မှာ ဗီယက်နမ် နိုင်ငံလေဆိပ်ကို
ကျွန်တော်တို့ ရောက်ရှိခဲ့ကြတယ်။ စစ်ဆေးပြီး လာကြိုတဲ့ကားပေါ် ညနေငါးနာရီမှာ
ရောက်ရှိပြီး ဗီယက်နမ်စံတော်ချိန်က မြန်မာထက် နာရီဝက် နောက်ကျတဲ့အတွက်
နာရီတိုက်ပြီး ငါးနာရီခွဲပေါ့။
လာကြိုတဲ့ ဗီယက်နမ်က Tour Leader
မစ္စတာထောင်ရဲ့ ဖော်ရွေတဲ့အပြုံး၊ မြန်မာစကား မပီကလာပီကလာနဲ့
သူ့ရဲ့ဆက်ဆံရေးပြေပြစ်မှုတွေ မြန်မာပြည်ရဲ့ Tour Leader ကိုရန်နိုင်ဦးရဲ့
ရှင်းပြမှုတွေနဲ့ တန်ဂိုရဲ့ ဧည့်ဝတ်ကျေပွန်မှုတွေကြောင့် ကျွန်တော့်
ပထမဆုံးနိုင်ငံခြား ခရီးစဉ်က အဆင်ပြေချောမွေ့ပြီး ပျော်စရာ၊ လေ့လာစရာတွေနဲ့
ဖြစ်ခဲ့တယ်။
Tour Leader မစ္စတာထောင် က ဆိုင်ဂုံမြို့အကြောင်း
ရှင်းပြခဲ့တယ်။ ဆိုင်ဂုံမြို့ဟာ လူဦးရေ ဆယ်သန်းရှိပြီး ဆိုင်ကယ်အစီး ရေ
ခုနစ်သန်းရှိတဲ့ လူဦးရေထူထပ်တဲ့ မြို့လေးပါ။ လူနေတိုက်ခန်းတွေကိုလည်း
မျက်နှာစာ ၁၃ ပေ၊ အလျား ပေလေးဆယ်သာ ဆောက်ခွင့်ပြုတယ်။ အပေါ်ကိုတော့
အထပ်တွေမြှင့်ခွင့်ပြုခဲ့တယ်။ အမြင့်ဆုံး အဆောက်အအုံက ၈၅ ထပ်။
ကားလမ်းကူးပုံကို ပြောပြခဲ့တယ်။
ကားလမ်းကူးရင် ရှေ့တည့်တည့်သာ လျှောက်၊
နောက် ပြန်မဆုတ်နဲ့၊ သူ့ဘာသာရှောင် သွားမယ့်အကြောင်း ရှင်းပြခဲ့တယ်။
တကယ်လည်း ကူးသွားတဲ့အချိန်မှာ သူ့ဘာသာ ရှောင်သွားကြတယ်။ ထူးခြားတာက
ဆိုင်ကယ်တွေ ဒီလောက်များတာ မော်တော်ပီကယ် မတွေ့ရဘူး။
တိုက်တာခိုက်တာမရှိဘူး။ ဆိုင်ကယ်ဦးထုပ် လူတိုင်းဆောင်းတယ်။ ကလေးက အစ
ဆောင်းတယ်။ ဆိုင်ကယ်သံ ဆူညံတာတွေ၊ စကားများရန်ဖြစ်တာ၊ ကြိမ်းဝါးတာ
မတွေ့ခဲ့ဘူး။ ရန်ကုန်လို ကားတစ်စီးနဲ့တစ်စီး အတင်းအဓမ္မကျော်တက်တာတွေ
ဆင်းရိုက်မယ်ဆိုတာတွေ မရှိဘူး။ ဒါကတော့ ဗီယက်နမ်နိုင်ငံ
ဆိုင်ဂုံမြို့တင်မဟုတ်ဘူး တစ်နိုင်ငံလုံးမှာ ဒီအတိုင်းပါပဲ။
သူတို့ဆီမှာ ဗီယက်နမ်ပိုက်ဆံ ဒေါင်ငွေကို သုံးရတယ်။ ဒေါ်လာ ၅၀ လဲတာ ဒေါင်ငွေ
၁၁ သိန်း ကျော်ရတယ်။ ဒေါင်တသိန်းကို မြန်မာငွေ ၅၀၀၀ ပဲ ကျတယ်။ ပထမဆုံး
ကျွန်တော်တို့ကို တောင်နဲ့မြောက် ဗီယက်နမ် ပေါင်းစည်းရေး
နန်းတော်လိုက်ပို့တယ်။ သူတို့ နိုင်ငံမှာ မြန်မြန်ဆန်ဆန် စီးပွားရေး
တိုးတက်တာ ပြည်တွင်းစစ် မရှိလို့ဘဲ။
တောင်မြောက် ဗီယက်နမ်
ပေါင်းစည်းရေးနန်းတော်မှာ အမှတ်တရ ဓာတ်ပုံရိုက်ကြပြီး ရှေးမူမပျက် ၁၉ ရာစုက
စာတိုက်ကြီး ချာ့ခ်ျကျောင်းဆီသွားပြီး အမှတ်တရ ဓာတ်ပုံရိုက်ပြီးမှ
ညစာသုံးဆောင်ဖို့အတွက် ဆိုင်ဂုံမြစ်အတွင်းက သင်္ဘောဆီကို သွားခဲ့တယ်။ လမ်းမှာ
သူတို့အပန်းဖြေတဲ့ ပန်းခြံက ရိုးရိုးရှင်းရှင်းနဲ့ ထူးခြားတာက သက်တမ်းရင့်
သစ်ပင်ကြီးတွေပဲ။
သစ်တောသစ်ပင်တွေ၊ ရှေးဟောင်း လက်ရာတွေကို
ထိန်းသိမ်းစောင့်ရှောက်ပြီး သစ်ကို ၂၀၀၅ ခုနှစ်ကတည်းက
ခုတ်ခွင့်ပိတ်ပင်ခဲ့တယ်။ ဒါကြောင့် ဗီယက်နမ်နိုင်ငံဟာ သစ်တောသစ်ပင်နဲ့
စိမ်းလန်းစိုပြည်တဲ့ နိုင်ငံလေးပါ။
ဗီယက်နမ်ရဲ့ အဓိကပို့ကုန်က
ကော်ဖီနဲ့ ပင်လယ်စာ အစားအစာတွေပဲဖြစ်တယ်။ ဗီယက်နမ်ကော်ဖီကလည်း ကမ္ဘာမှာ
နံပါတ် ၂ ချိတ်တယ်။
ဆိုင်ဂုံမြစ်တွင်းက သင်္ဘောပေါ်မှာ ညလေညင်းခံရင်း
ညစာစားသုံးခဲ့ကြတယ်။ ဆိုင်ဂုံမြစ်က ကျွန်တော်တို့ ဧရာဝတီမြစ်ရဲ့
ဆယ်ပုံတစ်ပုံတောင် မလှပါဘူး။ ဆိုင်ဂုံမှာထူးခြားတာက မြို့တွင်းမှာ
ကွန်ဒိုတွေ လုံးဝဆောက်ခွင့်မပြုဘဲ မြို့ပြင်မှာပဲဆောက်ခွင့် ပြုခဲ့တယ်။
ဒါကြောင့် မြို့တွင်းမြေ ဈေးနဲ့ မြို့ပြင်မြေဈေးက မြို့ပြင်မှာ
နှစ်ဆများနေတယ်။
ဆိုင်ဂုံမြို့လေးဟာ ရှေးမူမပျက်လှပပြီး မြို့ပြင်မှာတော့
ကွန်ဒိုအဆောက်အအုံတွေနဲ့ လှပသပ်ရပ်နေတယ်။ သူတို့ဆီမှာ လမ်းမပေါ်နဲ့
ပလက်ဖောင်းမှာ ကျူးကျော်ဈေးသည် မရှိဘူး။ ညဆယ်နာရီမှာ ဟိုတယ်ပြန်ရောက်မှ
ကျွန်တော့်အတွက် အရေးကြီးတဲ့ နှလုံးရောဂါအတွက် သောက်ဆေးပါမလာတာ သိရတယ်။
ဘယ်လိုမှလည်း ၀ယ်လို့မရဘူး။ ဒါပေမဲ့ ဖြစ်လာရင်သောက်ဖို့ ဆေးတစ်မျိုးရတာနဲ့
ဝယ်ခဲ့လိုက်တယ်။
မနက်ခင်းမှာ စစ်ရဲ့အနိဋ္ဌာရုံတွေကို ပြထားတဲ့ War
Museum ပြတိုက်ကို ရောက်ရှိခဲ့တယ်။ စစ်ပွဲမှာ အမေရိကန်က ဓာတုလက်နက်
သုံးတဲ့အတွက် မသန်စွမ်းတွေ၊ စစ်ပွဲမှာသုံးခဲ့တဲ့ လက်နက်တွေ၊ လေယာဉ်၊
အမြောက်နဲ့ ဓာတုလက်နက်တွေ၊ စစ်ရဲ့သားကောင်ဖြစ်ခဲ့ရတဲ့ ဗီယက်နမ်
ပြည်သူပြည်သားတွေရဲ့ပုံတွေ၊ ဓာတ်ပုံအထောက်အထားတွေကို တွေ့ခဲ့ရပါတယ်။
စစ်ဖြစ်လို့ ကိုယ်လုံးတီးနဲ့ ပြေးနေရတဲ့ ကလေးတွေပါတဲ့ ဓာတ်ပုံလေးတစ်ပုံ
ရင်နင့်စရာတွေ့ခဲ့တယ်။ ဒီပုံလေးကို တွေ့တော့ ကျွန်တော်ရထားပေါ်မှာ
လူတစ်ယောက်နဲ့ စကားပြောခဲ့တဲ့ အကြောင်းလေး သတိရသွားတယ်။ ကျွန်တော်
တောင်ငူကနေ ရန်ကုန်ကိုသွားဖို့ ရန်ကုန် အမြန်ရထားပေါ် တက်ခဲ့တယ်။
ကျွန်တော့်ဘေးမှာ အမျိုးသားတစ်ယောက်တွေ့ရပြီး တစ်လမ်းလုံး
တစ်ယောက်နဲ့တစ်ယောက် စကားမပြောခဲ့ဘူး။ သူကလည်း ဘာမှန်းမသိ ကျွန်တော့်ကို
အကဲခတ်ပြီး စကားမပြောခဲ့ကြဘူး။ ဒါပေမဲ့ ပဲခူးလည်းရောက်ရော သူက ရာသီဥတုတွေ
ပြောင်းလဲတဲ့အကြောင်း၊ စစ်ပွဲတွေရဲ့အကြောင်း ပြောဖြစ်ခဲ့တယ်။ သူပြောတဲ့စကား
မှတ်မိတာက ရာသီဥတုဆိုတာ လူတွေ စိတ်တွေကြောင့် ပြောင်းလဲတာတဲ့။ ကျွန်တော်
အိမ်ပြန်ရောက်တော့လည်း စဉ်းစားမိတယ်။ စိတ်ကြောင့် ရာသီဥတုက ဘယ်လို
ပြောင်းလဲတာလဲပေါ့။ နောက်မှ စဉ်းစားမိတယ်။
လူတွေရဲ့ဒေါသစိတ်၊ လောဘစိတ်၊
မောဟစိတ်တွေကြောင့် စစ်ပွဲတွေဖြစ်တယ်။ စစ်လက်နက် အနုမြူ လက်နက်တွေစမ်းလို့
ရာသီဥတုတွေ ကမောက်ကမဖြစ်၊ လောဘစိတ်တွေကြောင့် အမုန်းတရားတွေ၊
သစ်တောသစ်ပင်တွေ ရောင်းချနဲ့ သဘာဝပတ်ဝန်းကျင်တွေပျက်စီး၊ ရာသီဥတုတွေ
ပြောင်းလဲကုန်ကြတယ်။
အခုလည်း လူတွေရဲ့လောဘတွေကြောင့် အမုန်းတရားတွေ၊
ဒေါသတွေ၊ မောဟတွေ၊ မာန်မာနတွေကြောင့် စစ်ပွဲတွေ၊ ကျူးကျော်စစ်တွေဖြစ်ပြီး
ဗီယက်နမ် နိုင်ငံပြည်သူတွေ စစ်ရဲ့ဒုက္ခကို ယခုထက်တိုင် ခံစားခဲ့ရတယ်။
ဒါပေမဲ့ ဗီယက်နမ်နဲ့ အမေရိကန်စစ်ပွဲ တွေရပ်တဲ့အတွက် ဗီယက်နမ်က အစစအရာရာ
တိုးတက်ခဲ့တယ်။
ရန်သူလို တိုက်ခိုက်ခဲ့တဲ့သူတွေတောင် ချစ်ကြည်ရင်းနှီးပြီး
စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့တဲ့အတွက် တိုင်းပြည်တိုးတက်အောင်
လုပ်နိုင်ရင် ကျွန်တော်တို့ မြန်မာပြည်မှာ ညီအစ်ကိုတိုင်းရင်းသားတွေ လောဘ၊
ဒေါသ၊ မောဟ စိတ်ကြောင့် နှစ်ခြောက်ဆယ်ကျော် တိုက်ပွဲတွေဖြစ်တဲ့အတွက်
စစ်စရိတ်တွေထောင်းပြီး နယ်မြေမအေးချမ်းတာကြောင့် ဖွံ့ဖြိုးရေးတွေ
မလုပ်နိုင်ခဲ့ဘူး။ ပြည်သူတွေ စစ်ဘေးစစ်ဒဏ်ကို ခံခဲ့ကြရတယ်။ တကယ်ဆိုရင်
ကျွန်တော်တို့နိုင်ငံက ဗီယက်နမ်ထက် ရေမြေတောတောင်သဘာဝနဲ့ ရာသီဥတုတွေ
သာယာလှပတဲ့ နိုင်ငံတစ်နိုင်ငံပါ။
ဗီယက်နမ်ထက် ရေမြေသဘာဝတောတောင်
ရာသီဥတုတွေ သာယာလှပတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ဒီထက်မက တိုးတက်လာမှာပါ။
နိုင်ငံခြားသား ခရီးသွားတွေကလည်း ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့
မြန်မာပြည်က ပိုတိုးတက်လာမှာအမှန်ပါပဲ။ အခုတော့ ကျည်ဆန်အစား
ပန်းများပွင့်စေ မြန်မာပြည် မဖြစ်ဘဲ ကျည်ဆန်အစား ပန်းများပွင့်စေ
ဗီယက်နမ်မြေ ဖြစ်နေပြီ မဟုတ်ပါလားခင်ဗျာ။
အနီမှိုင်း (ကေတု)
http://www.tomorrow.com.mm/?q=articles%2F3169