ရခိုင်အမျိုးသားပါတီတွင်း ပဋိပက္ခများရှိနေပြီး နှစ်ပိုင်းကွဲမည့် အခြေအနေနှင့် ကြုံတွေ့နေရဟု ဆို

28 - 2 - 2016
ရခိုင်ပြည်နယ် လွှတ်တော်အတွက် အမတ်နေရာ အများဆုံး အနိုင်ရရှိထားသဖြင့် ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့စည်းခွင့် တောင်းဆိုနေသည့် ရခိုင်အမျိုးသားပါတီ (ANP) သည် ပါတီတွင်း ပဋိပက္ခများရှိနေပြီး နှစ်ပိုင်းကွဲမည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ဆိုသည်။ ANP ပါတီဌာနချုပ်၌ ပြုလုပ်ခဲ့သည့် ၂ ရက်ကြာ တံခါးပိတ် အစည်းအဝေးအပြီးတွင် ပါတီသည် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ဆက်ဆံရေး ဖြတ်တောက်လိုက်ကြောင်း က ကြေညာခဲ့သည်။

UNA နှင့် ဆက်ဆံရေး ဖြတ်တောက်သည့် ပါတီ၏ ဆုံးဖြတ်ချက်ကို ပါတီဝင်အချို့က ကန့်ကွက်ခဲ့သော်လည်း ပြန်လည်သုံးသပ် ပြင်ဆင်မည်မဟုတ် သိရသည်။ ANP သည် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) နှင့် UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ လွန်ခဲ့သော ၂ နှစ်က ပူးပေါင်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြေငှာချက်တွင် UNA ၏ လေးစားမှုမရှိသော ဆက်ဆံပုံကြောင့် ဆက်ဆံရေး ဖြတ်တောက်ရခြင်း ဖြစ်သည်ဟု ကြေဌာချက်တွင် ဖော်ပြခဲ့သည်။ သို့သော် ANP ပါတီတွင်း လုပ်ပိုင်ခွင့်အာဏာနှင့် နေရာများကြောင့် ဖြစ်ဖွယ်ရှိသည်ဟု လေ့လာသူများက ယူဆကြသည်။ ANP ပါတီတွင်းတွင် RNDP ဟောင်းများက ပိုမိုလွှမ်းမိုးမှု ရှိသည်ဟု အများက ရှုမြင်ကြသည်။

ပါတီအတွင်း RNDP ဟောင်းများက လွှမ်းမိုးမှုရှိနေသည့် အခြေအနေကို စိန်ခေါ်မှု ဖြစ်စေသည့် အဖြစ်အပျက် ၂ ခု ဖြစ်ပေါ်ခဲ့သည်။ ပထမတစ်ခုမှာ ပါတီက ပြည်နယ်အတွင်း နေရာ အများအပြား အနိုင်ရခဲ့သော်လည်း ပါတီဥက္ကဋ္ဌဖြစ်သူ RNDP ခေါင်းဆောင်ဟောင်း ဒေါက်တာအေးမောင်မှာ ယင်း၏ မဲဆန္ဒနယ်တွင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယ အဖြစ်အပျက်မှာ NLD လွှမ်းမိုးထားသည့် အမျိုးသားလွှတ်တော်၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် ALD ခေါင်းဆောင်ဟောင်းဖြစ်သူ ANP မှ ဦးအေးသာအောင်ကို NLD က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ANP က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခွင့်မရပါက NLD နှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ဟု ကြေဌာချက်ထုတ်ပြန်ခဲ့သည်။

ထိုဖြစ်ရပ်နှစ်ခုက ANP ပါတီအတွင်း ALD ဟောင်းများ၏ အခန်းကဏ္ဍကို မြင့်မားလာစေပြီး အငြင်းပွားမှုအချို့ ဖြစ်ပေါ်စေခဲ့သည်။ လေ့လာသူအချို့၏ အဆိုအရ ANP က UNA နှင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့ခြင်းမှာ UNA နှင့် နီးစပ်ဆဲ ဖြစ်သည့် ဦးအေးသာအောင်၏ အခန်းကဏ္ဍအား လျှော့ချရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပါတီနှင့် နီးစပ်သူများက ဆိုသည်။ ဦးအေးသာအောင်အား အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ရာတွင် NLD က ANP ကို ကြိုတင်တိုင်ပင်ခြင်း မရှိဟု သိရသည်။

ANP ကို မတိုင်ပင်ဘဲ ယင်း၏ ပါတီဝင်တစ်ဦးကို NLD က အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌ ရွေးချယ်ခြင်းမှာ ကျူးကျော်ရာရောက်ပြီး ပါတီတွင် အငြင်းပွားမှု ဖြစ်ပေါ်စေကာ NLD နှင့် ဆက်ဆံရေးကို ထိခိုက်စေသည်ဟု ပါတီဥက္ကဌဖြစ်သူ ဦးအေးမောင်က ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ပြည်နယ်ဝန်ကြီးချုပ် နေရာနှင့် ဦးဆောင်ဖွဲ့စည်းခွင့်ကို ပြည်နယ်တွင်း အများဆုံး အနိုင်ရထားသူ ဖြစ်သဖြင့် ထိုက်တန်သည့် တောင်းဆိုမှုဟု ANP က ယုံကြည်ထားသည်။

ဦးအေးသာအောင်ကိုလည်း UNA နှင့် ကင်းကင်းရှင်းရှင်းနေရန် ANP ပါတီက သတိပေးထားသည်။ အကယ်၍ ဦးအေးသာအောင်သည် UNA နှင့် ဆက်ဆံမှု ဆက်လက်ပြုလုပ်နေပါက ပါတီက အရေးယူမည်ဟု ANP ပါတီ၏ ပြောခွင့်ရ ဗဟိုအမှုဆောင် ဦးထွန်းအောင်ကျော်က ပြောကြားခဲ့သည်။

သတင်း - ခိုင်စိုးနိုင်

The Ladies News

ပြည်သူချစ်မှ ပြည်သူ့သမ္မတဖြစ်မည်



February 26, 2016
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်တွင် လွတ်လပ်ရေးရပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံ ဖြစ်လာသည်။ လွတ်လပ်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးနိုင်ငံတော်သမ္မတမှာ စ၀်ရွှေသိုက်ဖြစ်သည်။ ၎င်းရာထူး သက်တမ်းပြည့်ပြီးနောက် ဒေါက်တာဦးဘဦး၊ မန်းဝင်းမောင်တို့ သမ္မတအဖြစ် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် စစ် တပ်မှ အာဏာမသိမ်းမီအထိ သမ္မတများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင် ဦးနေ၀င်း၊ ဦးစန်းယုတို့ နိုင်ငံတော်သမ္မတ ဖြစ်ခဲ့ကြသည်။ ၈၈ အရေးအခင်းကာလတွင် ဦးစိန် လွင်နှင့် ဒေါက်တာမောင်မောင်တို့ အချိန်တိုသမ္မတများ ဖြစ်ခဲ့ကြသည်။ ယင်း နောက် ၁၉၈၈ ခုနှစ် စက်တင်ဘာ တွင် စစ်တပ်ကအာဏာသိမ်းပြီး တိုင်းပြည်ကို နှစ်ပေါင်း ၂၀ ကျော် တင်းကျပ်စွာအုပ်ချုပ်ခဲ့သည်။
စစ်အစိုးရမှ ဦးဆောင်ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် ဦးဆောင် သည့်အစိုးရ တက်ရောက်လာ ခဲ့သည်။
၂၀၁၆ ခုနှစ် မတ်လကုန်တွင် သမ္မတဦးသိန်းစိန်အစိုးရ ငါးနှစ်သက်တမ်း ပြည့်တော့မည်ဖြစ်သည်။ ရာထူး သက်တမ်းကုန်ဆုံးချိန်တွင် ယခင်သမ္မတ များ မည်သို့မည်ပုံ သမ္မတအိမ်တော်မှ ဆင်းသွားကြကြောင်း မသိရ သော်လည်း သမ္မတဦးသိန်းစိန်အား ဂါရ၀ပြုအခမ်းအနားတရပ်ကို လာမည့်မတ်လ ပထမပတ်အတွင်း ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၄ တွင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ဖေ့စ်ဘွတ်ပေါ်တွင် ''နိုင်ငံတော် သမ္မတအား ဂါရ၀ပြုသူများ လိုက်နာရန်''ခေါင်းစဉ်ဖြင့် အချက် (၁၀)ချက်ပါ မေတ္တာရပ်ခံချက် ဖော်ပြထားသည် ကို တွေ့ရသည်။
ယင်းတို့မှာ နေ့ချင်းပြန်လာရောက်သူများ MICC-II သို့ သွားရောက်ပြီး ကွပ်ကဲမှုရုံးခန်းသို့ မတ် ၅ ရက် နံနက် ၁၁ နာရီထက် နောက်မကျဘဲ သတင်းပို့ရန်နှင့် လက်ဆောင်ပစ္စည်းများကို အပ်နှံရန်။ (တန်ဖိုးကြီးလက် ဆောင် ပစ္စည်းများကို လုံးဝလက်ခံမည်မဟုတ်ပါ။)၊ ညအိပ်လာရောက်သူ များ နေပြည်တော်စည်ပင် ဧည့်ရိပ်သာရှိ ကွပ်ကဲမှု ရုံးခန်းသို့ မတ် ၅ ရက် နံနက် ၁၁ နာရီထက် နောက်မကျဘဲ သတင်းပို့ရန်နှင့် လက်ဆောင်ပစ္စည်း များ ကို အပ်နှံရန်။ (တန်ဖိုးကြီးလက်ဆောင်ပစ္စည်းများကို လုံးဝလက်ခံမည် မဟုတ်ပါ။)၊ မတ် ၅ ရက် နံနက် ၁၀ နာရီ မှစတင်၍ အဖွဲ့ခေါင်းဆောင်များ ထံတွင် မှတ်ပုံတင်ကတ်(သို့မဟုတ်)နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် ဓာတ်ပုံ ပါရှိသော ကျောင်းသားကတ် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင်ဖြင့် လုံခြုံရေးတံဆိပ် ထုတ်ယူရန်၊ လုံခြုံရေး တံဆိပ် ပျောက်ဆုံးသူများ သမ္မတအိမ်တော်ဝင်းအတွင်းသို့ ၀င်ရောက်ခြင်း လုံးဝခွင့်ပြုမည်မဟုတ်ပါ။ နိုင်ငံတော် သမ္မတအား ဂါရ၀ပြုရန် သမ္မတအိမ်တော်သို့ လာရောက်ရာတွင် ဘောင်းဘီတို၊ စကတ်တိုများ ၀တ်ဆင်ခြင်း မပြုရန်၊ ၀တ်ဆင်သောဝတ်စုံ များတွင် ပါတီတရပ်ရပ်ကိုဖြစ်စေ၊ အကြောင်းကိစ္စတခုခုကိုဖြစ်စေ ကိုယ်စားပြု သော အမှတ်အသားများ၊ ကြွေးကြော်သံများ၊ ဆောင်ပုဒ်များ မပါဝင်စေရ။ အရက်သေစာ သောက်စားထား သူများ၊ မူးယစ်ဆေးဝါးသုံးစွဲ ထားသူများ လုံးဝ ၀င်ခွင့်မပြု၊ လုံခြုံရေး စစ်ဆေးပြီး သုံးစွဲထားကြောင်း တွေ့ရှိပါက ၀င်ခွင့်ပေးမည်မဟုတ်ပါ။ ဖုန်း၊ ကင်မရာနှင့် လက်ကိုင်အိတ် အသေးများသာ ယူဆောင်ခွင့်ပြုပြီး ကျောပိုးအိတ် များနှင့် လွယ်အိတ်များ ယူဆောင်ခွင့်မပြု၊ ဒေသအလိုက်ခေါင်းဆောင်များမှ မိမိအဖွဲ့အလိုက် တာဝန်ယူ၍ လူစစ်ခြင်း၊ နှိုးဆော်ခြင်းများ ဆောင်ရွက်ရန်ဖြစ်ပါသည်။ သတ်မှတ်ချိန်ရောက်လျှင် မော်တော်ယာဉ်များ ထွက် ခွာမည်ဖြစ်ပြီး ကျန်ခဲ့ခြင်းမဖြစ်စေရန် ကြပ်မတ်ကြပါရန်၊ နေပြည်တော်သို့ ရောက်ရှိပြီး နေထိုင်ချိန်ကာလ အတွင်း မိမိတို့အစုအဖွဲ့အလိုက် စည်းကမ်းတကျရှိစေ ရေး၊ မလိုလားအပ်သောပြဿနာများ မဖြစ်ပွားစေရေး ဂရုတစိုက်နေထိုင် ကြရန်ဖြစ်ပါသည်။
သမ္မတကြီးဦးသိန်းစိန်အား ဂါရ၀ပြုမည့်အစီအစဉ်ကို ဖတ်ရှုရပြီးနောက် ကမ္ဘာကျော်သမ္မတကြီးနှစ်ဦးဖြစ်ကြ သော အိန္ဒိယသမ္မတကြီး အဗ္ဗဒူကာလမ်နှင့် ဥရုဂွေးသမ္မတကြီး ဟိုဆေးမူဇီကာတို့နှစ်ဦး တာဝန်ထမ်းဆောင်မှု အပြီး သမ္မတအိမ်တော်မှ ထွက်ခွာသွားကြပုံကို ပြန်ပြောင်းသတိရမိသည်။
အဗ္ဗဒူကာလမ်သည် နာမည်ကျော် အိန္ဒိယသိပံ္ပပညာရှင်ဖြစ်သည်။ သမ္မတတာဝန် ပြီးဆုံးချိန်တွင် သေတ္တာ နှစ်လုံးဆွဲကာ နန်းတော်မှဆင်းခဲ့ သူဖြစ်သည်။ အဗ္ဗဒူကာလမ်က ယင်းသေတ္တာနှစ်လုံးတွင် မိမိသမ္မတ ထမ်းဆောင်စဉ်ကာလအတွင်း မိမိ၏ကိုယ်ပိုင်ငွေဖြင့် ၀ယ်ယူခဲ့သည့် စာအုပ်များသာပါရှိကြောင်း ပြောကြား သည်။ အဗ္ဗဒူကာလမ်၏ ရိုးသားမှု၊ အကျင့်ပျက်ခြစားမှုကင်းရှင်းမှု၊ သိပ္ပံပညာရှင်တဦးအဖြစ် နိုင်ငံ၏ ဒုံးပျံ အစီအစဉ်၌ တက်ကြွစွာဦးဆောင်ခဲ့မှုအတွက် အိန္ဒိယလူမျိုးများ၏ လေးစားချစ်ကြည်ခြင်းကိုခံရသူ ဖြစ်သည်။
ဥရုဂွေးသမ္မတ ဟိုဆေးမူဇီကာသည် 'ကမ္ဘာ့အဆင်းရဲဆုံးသမ္မတ' အဖြစ် ဂုဏ်သတင်းမွှေးသူဖြစ်သည်။ သမ္မတ သည် မြို့တော်ဆင်ခြေဖုံးတွင် သူပိုင်သည့် လယ်တော်အိမ်ကလေး၌သာနေသည်။ အလွန်အေးသည့် ဆောင်း ရက်များတွင် သမ္မတအိမ်တော်ထဲ၌ အိမ်ခြေယာခြေမရှိသူများကို နေခွင့်ပေးသည်။ သမ္မတသည် သူ့လစာ၏ ၉၀ ရာခိုင်နှုန်းကို ဆင်းရဲသား များအတွက် ပေးလှူပစ်သည်။ သမ္မတတာဝန် ပြီးဆုံးချိန်တွင် သူသည် လယ်တော ရှိရာသို့ ပြန်သွားခဲ့သည်။
သမ္မတမူဇီကာကို ကမ္ဘာ့နိဝါတအရှိဆုံးသမ္မတ၊ နိုင်ငံရေး၏ နောက်ဆုံး သူရဲကောင်း ဟူ၍လည်း တင်စားခေါ် ဝေါ်ကြသည်။ မူဇီကာ သမ္မတအဖြစ် မှအနားယူသော ၂၀၁၅ ခုနှစ် မတ်လ ၁ ရက်တွင် ဘီဘီစီသတင်းသမား Wyre Davies က မူဇီကာသည် ဘရာဇီး၊ အာဂျင်တီးနား စသော အိမ်နီးချင်း နိုင်ငံကြီး၏ အိပ်မက်ဖြစ်သော စီးပွားရေးဖွံ့ဖြိုးမှုနှင့်လူမှုဘ၀တည်ငြိမ်ရေးကို မျှမျှတတ ထားရစ်ခဲ့နိုင်သူအဖြစ် မှတ်ချက်ပြုခဲ့သည်။
သမ္မတအဗ္ဗဒူကာလမ်နှင့် သမ္မတဟိုဆေးမူဇီကာတို့နှစ်ဦးကား လာခြင်း ကောင်း၍ ပြန်ခြင်းကောင်းကြသူများ၊ ပြည်သူလူထုကို ချစ်ခြင်းမေတ္တာပေး ပြီး ပြည်သူလူထုထံမှ ချစ်ခြင်းမေတ္တာကို ရရှိခဲ့သူများဖြစ်ကြပါသည်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အနေဖြင့်ရော ပြည်သူလူထုအတွက် ဘာများထားရစ်ခဲ့ပြီး ပြည်သူလူထုထံမှ ဘာတွေပြန်ယူသွားမည်နည်း။


ချစ်မြိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရက္ခိုင့်တပ်မတော်''ရန်ကုန်''ကို ထိုးဖောက်နေ ပြီလား

ကျော်နေမင်း(မြို့ပြ)
မြန်မာနိုင်ငံရဲ့ မြို့တော်ရန်ကုန်ဟာ ၂ဝဝ၅ခုနှစ် နိုဝင်ဘာ၆ရက် တနင်္ဂနွေနေ့ နံနက်၆နာရီ ၃၇မိနစ်မှာ ဝန်ကြီးဌာနတွေရဲ့ ပထမဦးဆုံးသော ယာဉ်တန်းတွေ ''အောင်ပြီ''လို့ ကြွေးကြော်ပြီး ထွက်ခွာခြင်းနဲ့ အတူ နေပြည် တော်ကိုမြို့တော် အဖြစ်လွှဲပြောင်းပေးခဲ့ရပါတယ်။ အစိုးရ မင်းတွေ ရုံးစိုက်ရာမြို့ဖြစ်တဲ့နေပြည်တော်ဟာ မြို့တော်လို့ ခေါ်ဝေါ် သမုတ်ခဲ့ပေမယ့်လည်း နိုင်ငံတကာ သံရုံးတွေ အခြေစိုက်ရာမြို့၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်း ကြောင်းတည်ရှိရာမြို့ဖြစ်တဲ့ ရန်ကုန်ဟာမြန်မာ့စီးပွားရေးရဲ့ အသည်းနှလုံးပါပဲ၊ လူဦးရေ(၆)သန်းကျော်ရှိပြီး မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးဒေသတစ်ခုဖြစ်ပါတယ်။ Mega City ဖြစ်တဲ့ ရန်ကုန်မြို့ဟာ တစ်နိုင်ငံလုံးရဲ့ရွှေ့ပြောင်းလုပ်သား တွေအများဆုံး အခြေချနေထိုင်ရာမြို့တစ်မြို့ဖြစ်နေပါတယ်။ ရန်ကုန်မြို့လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၊ ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီ စသည်ဖြင့်ဝန်ကြီးဌာနကြီး တွေလိုလည်ပတ်နေတဲ့မြို့တော် ယန္တရားတွေကလည်း အစီအရီပါပဲ။


တစ်ဆက်တည်းမြို့ရဲ့ပတ်ဝန်းကျင်တွေမှာ တည်ရှိနေတဲ့စက်မှုဇုန်တွေ၊ စက်ရုံ၊ အလုပ်ရုံတွေဟာနိုင်ငံ ရဲ့အဓိကကျတဲ့အင်အားစုကြီးပါ။ နေ့တဓူဝ မြေယာ ပြဿနာတွေ၊ ကျူးကျော်အိမ်ရာတွေ၊ အလုပ်သမားဆန္ဒပြ ပွဲတွေ၊ ကျပ်တည်းပိတ်ဆို့နေတဲ့ မော်တော်ယာဉ်ပြဿနာ ပေါင်းသောင်းခြောက်ထောင်နဲ့ ''ရန်ကုန်''ဟာ လှုပ်ရှား သက်ဝင်နေပါတယ်။ တရုတ်၊ အိန္ဒိယ ရဲ့ ယဉ်ကျေးမှု အငွေ့အသက်တွေ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ရြော>ွပမ်းနေတဲ့ ''ရန်ကုန်''ဟာ မတူညီ တဲ့အလှတရားတွေနဲ့ ဆင်ယင်ထားပြန်တယ်။ ဒီမြို့''ရန်ကုန်'' ရဲ့အတိတ်သမိုင်းမှာတော့ သင်ခန်းစာယူစရာ အားကျစရာ တွေနဲ့ ပြည့်နှက်နေပါတယ်။

''ကရင်တွေကရန်ကုန်တက်သိမ်းတာမဟုတ်ဘူး။ ရန်ကုန်ကလူထုက လာကယ်ပါဦး ကွန်မြူနစ်တွေက ပြည်သူတွေကိုနှိပ်စက်နေတယ်ဆိုလို့ အမျိုးသားရေးအရ၊ ကွန်မြူနစ်ရန်က ဗမာပြည်သူတွေကို အကာအကွယ်ပေးခဲ့ရ သေးတယ်၊ ရန်ကုန်ရောက်ဖို့ (၇)မိုင်ပဲ လိုတော့တယ်၊ နောက်တော့ ကရင်တွေရန်ကုန်မှာမနေနိုင်လို့ ပြန်ကြတာ၊ တကယ် သိမ်းရင် အဲဒီကတည်းက သိမ်းပြီးပြီပေါ့။ မြန်မာပြည်သမိုင်း မှာကရင်တွေက ရန်ကုန်ကိုတက်သိမ်းတယ်၊ ကရင်သူပုန် တွေအရမ်းဆိုးတယ်လို့သာ သမိုင်းမှာဆိုးဆိုးရွားရွားဖုံးဖိ ထားကြတာ'' အထက်ပါ စကားတွေကို ပြောကြားခဲ့သူက တော့ KNU-KNLA (ထော့ကိုကိုး)က ဗိုလ်ချုပ်ကြီးထိန် မောင်ပါ။The Hot News ဂျာနယ် Vol-4 No.163 မှာ ပါ။ တကယ်တော့ သူပြောတာ သမိုင်းထဲက အမှန်တရား တွေမဟုတ်ပါဘူး။ ဒါပေမယ့် သေချာတာကတော့ တပ် မတော်ကပုန်ကန်သွားတဲ့ ကချင်တပ်ရင်း(၁)က ဗိုလ်နော် ဆိုင်းနဲ့ ကရင်တပ်တွေပေါင်းပြီး (၇)မိုင်လောက်သာဝေး တဲ့အင်းစိန်၊ ခဝဲခြံကိုရောက်နေပါပြီ။ မြောက်ဘက် စစ်မျက် နှာကို ဖွင့်တိုက်နေပါပြီ။ တောင်ဘက်မှာ ဒလ၊ ခနောင်တို၊ အနောက်ဘက်-အေးရွာ၊ အရှေ့ဘက်-တိုးကြောင် ကလေး၊ ဒါးပိန်၊ သင်္ဃန်းကျွန်း၊ သံလျင်ကိုသိမ်းပြီးဝိုင်းလာလိုက်တာ ထိုစဉ်က ဦးနုအစိုးရကို ''ရန်ကုန်အစိုးရ''လို့ ခေါ်ဝေါ်တဲ့ အထိဖြစ်သွားခဲ့ပါတယ်။ နိုင်ငံခြားက အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အင်ဒိုနီးရှားတို့က လက်နက်၊ ငွေကြေးအကူအညီနဲ့ ဗမာ့တပ်မတော်ဟာ၊ ရဟန်း၊ ရှင်၊ လူကျောင်းသားတွေ ဝိုင်းရံပြီး ပြန်တိုက်ခဲ့ပါတယ်။ ရန်ကုန်- အင်းစိန်တိုက်ပွဲဟာ မြန်မာ့သမိုင်းရဲ့တစ်ဆစ်ချိုး အဆုံးအဖြတ် တိုက်ပွဲပါ။ ပြည်သူလူထုကြီးကလည်း စားသောက်စရာ၊ ရိက္ခာ၊ ထမင်းထုပ်၊ ရေ စသည်ဖြင့် ကူညီပေးကြပါတယ်။ ရန်ကုန်မြို့တော်ကြီးဆီက ပြည်သူတွေဟာလူမျိုး၊ ဘာသာ တွေခွဲခြားမှုမရှိဘဲ အသက်သွေးချွေးတွေကိုပေးဆပ်ရင်း၊ ရင်ကိုမြေကတုတ်ခံစစ်ပြုလို့ လှေခွက်ချည်းကျန် အလံမလဲ စတမ်းတိုက်ခိုက်ခဲ့ကြတာပါ။ ဒီသူရဲကောင်းစိတ်ဓာတ်ကို မကျော်လွှားနိုင်လို့၊ စစ်ကျွံနေတဲ့ကရင်တပ်ဦး ဆုတ်ခွာ သွားရတာပါ။ မည်သို့ပင်ဖြစ်စေကာမူ ကရင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဟာ ရန်ကုန်တိုင်အောင်ထိုးဖောက်နိုင် ခဲ့ပြီး ရန်ကုန်မြို့တော်က ပြည်သူလူထုဟာလည်း အရှုံး မပေးခဲ့ဘူးဆိုတာ သမိုင်းတင်တဲ့သမိုင်းဝင်ရလဒ်တစ်ခုပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ရက်နေ့မှာ တာမွေမြို့နယ် နတ်မောက်ရပ်ကွက်ဦးထွန်းမြတ်လမ်း Vitoria International School ရဲ့အရှေ့ဘက်မှာရပ်ထားတဲ့ မော်တော်ယာဉ်ကို အမှတ်မထင်ဘဲ ဝင်ရောက်စစ်ဆေးခဲ့ရာ မှ ရက္ခိုင်တပ်မတော်(AA) ရဲ့ ဒုတိယဗိုလ်မှူးကြီး အဆင့် ရှိတယ်ဆိုတဲ့ အောင်မြတ်ကျော်(ခ)ညီညီစိုးကိုလက်နက်ခဲ ယမ်းမီးကျောက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ကွင်း ဆက်ဖော်ထုတ်ချက်အရ ဆက်နွယ်သူ ဦးဝေသာထွန်း(ခ) မျိုးဇော်နေထိုင်သည့် ဒဂုံမြို့သစ်မြောက်ပိုင်း(၄၂)ရပ်ကွက်၊ ကင်းဝန်(၄) လမ်းရှိ၊ နေအိမ်ကိုဖေဖော်ဝါရီ၉ရက် မွန်းလွဲ ၁နာရီခွဲမှာ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ၊ ပြောက်ကျားယူနီဖောင်းများ၊ စစ်အသုံးအဆောင်ပစ္စည်း များ၊ ဆက်သွယ်ရေးသုံး ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့ပါတယ်။ 
ဆက်လက်ပြီး မြောက်ဥက္ကလာပမြို့နယ်(ဈ)ရပ်ကွက် ဘုမ္မာ(၂)လမ်းရှိနေအိမ် တစ်လုံးကို ဖေဖော်ဝါရီ ၁ဝရက်နေ့ နံနက်၉နာရီမှာ ဝင်ရောက်ရှာဖွေခဲ့ရာ ကျပ်သိန်း(၁၆၅၄ဝ)ဖိုး ရှိ Wy နှင့် R စာတန်းပါ စိတ်ကြွဆေးဝါး(၃၃ဝ၈ဝဝ) ကို သိမ်းဆည်း ရမိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးကပြောကြားခဲ့ပါတယ်။ အဲဒီနေ့မွန်းလွဲ ၁နာရီခွဲမှာလှိုင်သာယာမြို့နယ်အတွင်း ၊ ပဒံကျေးရွာ ရွှေကမ်းသာယာ အိမ်ရာဝင်းရှိ ဦးဝေသာထွန်း(ခ)ဦးမျိုးဇော် ပိုင်ဆိုင်သည့် နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ ပီနံ အိတ်တစ်လုံးဖြင့် ထုပ်ပိုးထားသည့် လေ့ကျင့်ရေး ကျည်ဆန်၊ လက်နက်ကြီး ကျည်ဆန်နှင့် ယမ်းထုပ်များကို ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်။ ဖမ်းဆီးရမိသူတွေဟာ ရက္ခိုင်တပ် မတော်(AA) နဲ့ ဆက်နွယ်နေသူတွေဖြစ်ပြီး၊ ထပ်မံဖမ်းဆီး နိုင်ဖို့ စစ်ဆေးမှုများပြုလုပ်နေပြီး၊ အသေးစိတ်ကို ထုတ်ပြန်လို့ မရသေးကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားပါတယ်။

ဒီဖြစ်စဉ်တွေအရ ရန်ကုန်မြို့ထဲကို လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေ အကြီးအကျယ် ခိုးသွင်းနေတယ်ဆိုတာ ထင်ရှားနေပါတယ်။ မကြာသေးခင်က ဖမ်းဆိးရမိတဲ့ ကွန်တိန်နာ ကားအစီး လိုက်မိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာလည်း စစ်တွေအခြေစိုက် လူတချို့နဲ့ ပတ်သက်မှုရှိနေတာကို တွေ့ရှိရပါတယ်။

ယခုတိုင်အောင် ဖမ်းဆီးရမိခြင်းမရှိသေးတဲ့ တရားခံပြေး တွေအများကြီးရှိနေပါတယ်။ ဖမ်းမိခဲ့တဲ့ဖြစ်စဉ်တွေဟာ လည်းအမှတ်မထင် ဖမ်းမိတာမျိုးဖြစ်နေတော့ ပိုပြီးတော့ စိုးရိမ်စရာဖြစ်နေရပါတယ်။ ရန်ကုန်မြို့ကြီးထဲကို ကြိုတင် ရည်ရွယ်ချက်တွေနဲ့ အကွက်ကျကျခိုးဝင်၊ ခိုးသွင်းနေတာ တွေမရှိနိုင်ဘူးလို့ ပြောမရနိုင်ပါဘူး။

ရက္ခိုင်တပ်မတော် (ဗဗ) ရဲ့ ဆက်စပ်အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို ဝင်ရောက်ထိုးဖောက် နေတဲ့ကြံစည်မှုတွေကိုဖော်ထုတ်သင့်ပါပြီ။ ဒါဟာပေါ့ပေါ့ဆဆကိစ္စ တစ်ရပ်မဟုတ်ပါဘူး။

ပြီးခဲ့တဲ့လောက်ကိုင်ဒေသစစ်ပွဲမှာ ဖုန်ကြားရှင်ရဲ့ ကိုးကန့်အဖွဲ့နဲ့အတူ တအာင်းနဲ့ ဗဗ တို့ပါဝင်ဆင်နွှဲ ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်ကို အရှုံးကြီးရှုံး ခဲ့ပါတယ်။ 
ရခိုင်ဒေသကို ခြေကုတ်ယူဖို့ကြိုးစားနေတဲ့ ရက္ခိုင်တပ်မတော် (AA) ဟာ ပြီးခဲ့တဲ့ လထဲမှာ ကျောက်တော် နယ်တစ်ဝိုက်မှာ မြန်မာ့တပ်မတော်နဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ မြန်မာ့ တပ်မတော်ဟာ အရာရှိ တချို့အပါအဝင် စစ်သည်တွေ အများအပြားကျဆုံးခဲ့တယ် လို့ Arakan Army ကထုတ်ပြန်ခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကလည်း ''ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားသော်လည်း၊ နယ်မြေအချုပ်အခြာ ထိပါးမှုမှန်သမျှ ပြတ်သားစွာ ကာကွယ်သွားရမယ်''ဆိုတဲ့ မိန့်ခွန်းမျိုးပြောကြားခဲ့ပါတယ်။ တကယ်တော့ AA ဟာ အခြားသော အင်အားကြီးတဲ့ လက်နက်ကိုင်အဖွဲ့တွေလိုပဲ၊ငြိမ်းချမ်းရေးစားပွဲဝိုင်းမှတစ်ဆင့် ဂုဏ်သိက္ခာရှိတဲ့ အခွင့်အရေးတွေရဖို့၊ စစ်ရေးနည်းနဲ့ ဖိအားပေးနိုင်တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတချို့ရဲ့ သုံးသပ် ချက်တွေလည်း ရှိပါတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။
ဒါကြောင့် တခြားဗျူဟာတွေပြောင်းပြီး ထိုးနှက်လာလေသလားလို့ အတွေးဆန့်မိပါတယ်။ ရန်ကုန်ဟာ ဈေးကွက် အကြီးမားဆုံးမြို့တော်တစ်ခု၊ သန်းချီတဲ့လူဦးရေ၊ မြန်မာပြည်ရဲ့ အပြောင်းအလဲတိုင်းကို အစပြုရာမြို့၊ သံတမန်တွေ အခြေစိုက်ရာဒေသတစ်ခု၊ ကမ္ဘာကြီးထံ ထွက်ပေါက် တစ်ခုစသည်ဖြင့် ထင်ရှားကျော်ကြားလှတဲ့ ''ရန်ကုန်မြို့''ကို သိမ်းဖို့အတွက် ''ကရင်''တွေရဲ့ အိပ်မက် ပျက်ခဲ့ဖူးပါတယ်။ ယခုလည်း လက်နက်ကြီး ကျည်ဆန်တွေ ဖမ်းဆီးရမိခြင်းဟာ အလွန်စိုးရိမ်ဖွယ်ရာပါ။ လျှပ်စစ်ဓာတ် အားတွေပြတ်တောက်၊ ရေပေးဝေမှုဖြတ်တောက်ပစ်ရင် လူဦးရေ သန်းချီတဲ့မြို့ကြီး၊ တည်ငြိမ်မှုတွေပျက်ပြားသွားရင် အလွန်အန္တရာယ်ရှိလာနိုင်ပါတယ်။ တိုင်းပြည်ရဲ့ တည်ငြိမ် စွာလျှောက်လှမ်းနေတဲ့ ကံကြမ္မာဟာပြောင်းလဲသွား နိုင်ပါတယ်။

ဒါကြောင့်မပြေးသော်လည်း ကန်ရာရှိဆိုသလို၊ ဒီလိုမူးယစ်ဆေးဝါးတွေ၊ လက်နက်ခဲယမ်းမီးကျောက်တွေ အများအပြား ဖမ်းဆီးရမိခြင်းရဲ့ နောက်ကွယ်ကရည်ရွယ်ချက်တွေကို သိဖို့ဟာ အရေးကြီး ကိစ္စရပ်တစ်ခုအဖြစ် ၊ ဆောင်ရွက်စေချင်ပါတယ်။ လက်နက်နဲ့မူးယစ်ဆေးဟာ လူသားမျိုးနွယ်အတွက် အကြီးမားဆုံး အန္တရာယ်ပါပဲ။ မှတ်မိကြမယ်ထင်ပါတယ်။ ၂ဝ၁၃အောက်တိုဘာလမှာ ရန်ကုန်မြို့မှာဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုတွေမှာပါဝင်ခဲ့တဲ့ သူတွေ နဲ့ပတ်သက်ပြီးတော့ ကရင်အမျိုးသား အစည်းအရုံး ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဗဒိုမန်းငြိမ်းမောင်ရဲ့ ပြောစကား လေးကို အမှတ်ရနေမိပါတယ်။ E Net Web ရဲ့မေးခွန်းက ပြန်လည်ဖြေကြားရာမှာ''အခုကာလက ဘာသာရေး ပဋိပက္ခ၊ လူမှုရေးပဋိပက္ခတွေငြိမ်သက်မှုမရှိပါဘူး။

လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်ခုနဲ့ တစ်ခုအကြားမှာ၊ တစ်ဦးနဲ့တစ်ဦး အထင် လွဲမှားအောင်၊ ပြန်လည်ပြီး ပဋိပက္ခဖြစ်အောင်လုပ် တာလို့တော့ထင်ပါတယ်''။ တစ်ဆက်တည်း ပဲ့တင်သံဂျာ နယ်ရဲ့အမေးကို ဖြေကြားရာမှာ ''သာသနာ့ နယ်မြေတွေ ပုဂံတို့ အာနန္ဒာဘုရားတို့ကို ပစ်မှတ်ထားတာတို့ ရွှေတိဂုံ စေတီ တော်ကိုဖောက်ခွဲမှာတို့အထိ ပဋိပက္ခတွေဖြစ်အောင် အကွက်ကျကျ ဖန်တီးခဲ့တာပါ။ နောက်ကွယ်က ကြိုးကိုင်သူတွေကိုဖော်ထုတ်ရပါမယ်''လို့ တိုက်တွန်းတောင်းဆို ခဲ့ ပေမယ့်လည်း ဘာမှမထူးဘဲ၊ ဒီလောက်နဲ့ ရပ်တန့်သွားခဲ့ရပါတယ်။

ယခုကာလကဲ့သို့ အစိုးရ အပြောင်းအလဲကာလ တစ်ရပ်ကို ကျော်ဖြတ်နေတဲ့ အချိန်မျိုးမှာ တိုင်းပြည်တည် ငြိမ်မှုဟာ အလွန်အရေးကြီးလှပါတယ်။ဒီလိုအတိမ်း အစောင်းမခံတဲ့ အရွေ့တစ်ခုကိုဖြတ်သန်းနေခိုက်မှာ ကြီးမားတဲ့အဖျက်လုပ်ငန်းတွေကို ကြိုတင်တားဆီးကာ ကွယ်ရန်စီမံချက်တွေချမှတ်သင့်ပါတယ်။ ကမ္ဘာ့အဆင့်မီ လုံခြုံရေး နည်းစနစ်တွေကို လေ့ကျင့်အသုံးပြုသင့်ပါတယ်။ အဝေးကြီးကနေ ဝင်ရောက်လာမယ့် ISIS အကြမ်းဖက် သမားတစ်ဦးအတွက် နိုင်ငံနဲ့ချီပြီး Alert သတိပေးချက်တွေ လုပ်နေပေမယ့်လည်း တကယ့်လက်နက်ကြီးတွေနဲ့ ထိုးဖောက်ဝင်ရောက်လာတဲ့ AA တွေကို လစ်လျူရှုသလို ဖြစ်နေပါတယ်။ ဒါကြောင့် ''မလုံခြုံတော့သော မြို့ရန်ကုန် ရဲ့လုံခြုံရေး'' အတွက် ပြည်ထဲရေး သာမကဘဲ တပ်မတော်ပါ ပူးတွဲ ပါဝင်ဆောင်ရွက်သင့်လှပါတယ်။

နိဂုံးချုပ်အနေနဲ့ ''ရန်ကုန်''ဟာ မတူကွဲပြားတဲ့ အလှတရားတို့ပေါင်းဆုံရာမြို့တစ်ခုပါ။ ခေတ်သစ်မြန်မာ သမိုင်းရာဇဝင်ရဲ့အထင်ကရ ပြယုဂ်တစ်ခုပါ။ အများအားဖြင့် မြန်မာနိုင်ငံရဲ့ အရပ်ရပ်ဆီက နိုင်ငံသားတွေနဲ့ စုစည်း နေတဲ့ မြို့တစ်ခုပါ။ ဒါကြောင့် ဒေသစွဲ စိတ်နည်းပါးလှတဲ့ ရန်ကုန်ဟာနိုင်ငံချစ်စိတ် ပိုလို့တောင် ရှိနေပါတယ်။

တိုင်း ပြည်ရဲ့အန္တရာယ်ဒုက္ခတွေကျရောက်တိုင်း၊ ရန်ကုန်ဟာစု စည်းညီညွတ်ခဲ့ပါတယ်။ အင်တိုက် အားတိုက်ကူညီခဲ့ကြ ပါတယ်။ အကြီးမားဆုံးသော NGO ပရဟိတအဖွဲ့တွေရှိ နေတဲ့မြို့၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးတွေ အင်တိုက် အားတိုက်ကြိုးပမ်းနေတဲ့မြို့၊ နယ်ချဲ့အင်္ဂလိပ်၊ ဖက်ဆစ် ဂျပန်နဲ့မြို့တစ်ခုလုံးကို သိမ်းမယ့် ကရင်တပ်တွေကို ရွပ်ရွပ်ချွံချွံတွန်းလှန်ခဲ့တဲ့ ''သူရဲကောင်း''တို့ရဲ့ မြို့၊ ငြိမ်းချမ်း ခြင်းရဲ့ အလှအပတရားတွေပြည့်နှက်နေတဲ့ မြို့တစ်မြို့လို့ တင်စားလိုက်ပါရစေ။ ရှိရင်းစွဲနိုင်ငံသား စိတ်ဓာတ်တွေကို အခြေခံလို့ ရန်ကုန်မြို့သူမြို့သားတွေဟာ သတိဝီရိယ တွေနိုးကြားကြရပါတော့မယ်။ မြို့ကိုဖျက်ဆီးမည့် မည်သူကိုမဆို ''အကြမ်းဖက်သမား''စာရင်းသွင်းပြီး ရှာဖွေဖော် ထုတ်ကြရပါမယ်။ သက်ဆိုင်ရာကို သတင်းပေးပို့ရပါမယ်။
မသင်္ကာဖွယ်ရာတွေ့ရင်ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ အတ္တတွေ ဘေးဖယ်ပြီး၊ စောင့်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ အချင်းချင်း သွေးခွဲနေတဲ့လုပ်ရပ်တွေ၊ ပဋိပက္ခဖန်တီးမှုတွေကို ဝိုင်းဝန်း ဆန့်ကျင်ရပါလိမ့်မယ်။ 
ရန်ကုန်မြို့နေတွေရဲ့ဘဝကို ဖျက် ဆီးမယ့် မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းကိုမဆို၊ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးကာ ကွယ်စောင့်ရှောက်ကြရပါလိမ့်မယ်။ သမိုင်းအစဉ်အလာထဲက ညီညွတ်သောရန်ကုန်ရဲ့ ''ညီနောင်စိတ်ဓာတ်'' ကို ဆက်လက်ထိန်းသိမ်းကြပါစို့လို့ တိုက်တွန်း လိုက်ရပါတယ်။
Friday Times သတင်းဂျာနယ်၏ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ထုတ်၊ အတွဲ ၂ ပါ ဆောင်းပါးကို အယ်ဒီတာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြသည်။
 
 
 http://www.rootagency.info/2016/02/blog-post_23.html

ကရင့်တော်လှန်ရေးနောက်ကွယ်

February 25, 2016

မကြာသေးမီက ပြုလုပ်ခဲ့သော ကရင်တော်လှန်ရေးနေ့ အခန်းအနားတွင် ကရင်ခေါင်းဆောင်များပြောကြားခဲ့သည့် မိန့်ခွန်း များ အားလုံးထဲတွင် အဓိကပါဝင်သော အချက်မှာ ကရင်တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး ဖြစ်သည်။ ကရင်တော် လှန်ရေးနေ့ အခန်းအနားကို မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘာ့နေရာ အသီးသီးမှ ကရင်တိုင်းရင်းသား ၁၀၀၀၀ ကျော်လာ ရောက် ဆင်နွှဲခဲ့ကြသည်။
သို့သော်လည်း စိတ်ဝင်စားစရာ တွေ့ရှိမှုတခုမှာ ယခုအခါတွင် ထိုင်း – ကရင် ကပြားများ၊ ထိုင်းနိုင်ငံမှ ကရင်မျိုးနွယ် တောင်ပေါ်တိုင်းရင်းသားများ၏ ထောက်ခံမှုက ကရင်လက်နက်ကိုင်တော်လှန်မှု အတွက် အဓိက အားသစ်တခုဖြစ်လာပြီး ထောက်ခံမှုကလည်း တိုးတက်လာနေသည်။
ထိုင်းနိုင်ငံမှ ကရင်လူမျိုးများက ကရင်အမျိုးသားအစည်းအရုံး (KNU) အပေါ် သူတို့၏ ထောက်ခံမှုနှင့် စာနာမှုကို ပွင့်ပွင့် လင်းလင်း ပြသခဲ့ခြင်းကြောင့် ပိုပြီး မြင်သာလာသည်။ KNU သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် ဆယ်စုနှစ် ၆ ခုကျော် ကြာ တိုက်ပွဲဝင်ခဲ့သည့် အရှေ့တောင်အာရှတွင် သက်တမ်းအရင့်ဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။
ဇန်န၀ါရီလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ကရင်တော်လှန်ရေးနေ့ အခန်းအနားသို့ ချင်းမိုင်၊ မဲဟောင်ဆောင်နှင့် တာ့ခ်ခရိုင် အစရှိသည့် ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသများမှ ကရင်လူမျိုး အမြောက်အများတက်ရောက်ခဲ့ကြပြီး KNU ကို တတ်နိုင်သည့် နည်းလမ်းဖြင့် ထောက်ပံ့ကူညီကြရန် ကရင်တိုင်းရင်းသားများကို တိုက်တွန်းခဲ့ကြသည်။
ချင်းမိုင်ခရိုင်မှ ထိုင်း-ကရင် လူမျိုးတယောက်ဖြစ်သည့် သင်းအုပ်ဆရာ Lwe Paw က လူထုကို မိန့်ခွန်းပြောကြားရာတွင် “ကရင်အမျိုးသားရေးအတွက် ၆၇ နှစ်ကြာအောင် တိုက်ခိုက်ခဲ့ကြတဲ့ ကျနော့်ရဲ့ ကရင်ပြည်သူတွေအတွက် ကျနော် ၀မ်းနည်းကြောင်း ပြောဖို့ လိုအပ်ပါလိမ့်မယ်။ Line နဲ့ Facebook က သတင်းတွေ၊ post တွေကို မဖတ်ရခင်အထိ ကရင် ပြည်နယ်မှာ ဘယ်လို အခက်အခဲတွေရှိနေသလဲဆိုတာကို ကျနော်မသိခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။
ကရင်ပြည်နယ်မှ လူ့အခွင့်အရေးချိုးဖောက်မှုသတင်းများကို သိလိုက်ရပြီးနောက် သူ့ အနေဖြင့် ကရင်လက်နက်ကိုင် အဖွဲ့ အစည်းဖြစ်သည့် KNU ကို စတင်ကူညီရန် ဆုံးဖြတ်ခဲ့သည်ဟု ဆရာ Lwe Paw ကပြောသည်။
“သူတို့တိုက်ခိုက်ခံရရင် ခွေးတွေတောင်မှ အချင်းချင်း ကူညီကြတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ကရင်တိုင်းရင်းသားတွေ အတိုက်ခိုက် ခံနေရတဲ့ အချိန်မှာ ကျနော်တို့က ဘယ်လို ဥပေက္ခာပြုနိုင်မှာလဲ။ ဒါက သွေးချင်းတွေရဲ့ အရေးကိစ္စ ဖြစ်ပါတယ်” ဟု သူက စိတ်လှုပ်ရှားစွာ အော်ဟစ်ပြောဆိုခဲ့သည်။
“ကျနော်တို့ရဲ့ ရန်သူက ကျနော်တို့ အားလုံးကို မသတ်နိုင်ဘူး။ တကယ်လို့ ကော်သူးလေမှာ ရှိတဲ့ ကရင်လူမျိုးတွေ အသတ်ခံရရင် ထိုင်းနိုင်ငံက ကရင်လူမျိုးတွေကလည်း စတင်ပြီးတော့ ခုခံရမယ်။ တကယ်လို့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ကရင် လူမျိုးတွေ အသတ်ခံရရင် မြန်မာနိုင်ငံက ကရင်လူမျိုး တွေကလည်း စပြီး တိုက်ခိုက်လိမ့်မယ်။ တကယ်လို့ မြန်မာနိုင်ငံက ကရင် လူမျိုးတွေ အသတ်ခံရတယ်ဆိုရင် ကျန်တဲ့ ၄၇ နိုင်ငံ (ကမ္ဘာတလွှားတွင် နေထိုင်ကြသော ကရင်လူမျိုးများ) ကလည်း တုန့် ပြန်တိုက်ခိုက်လိမ့်မယ်” ဟု သူက ထပ်ပြောသည်။
ထိုင်းနိုင်ငံတလွှားတွင် နေထိုင်သည့် တောင်ပေါ်တိုင်းရင်းသားများ အပါအ၀င် ကရင်လူမျိုး ၁သန်း ခန့်ရှိသည်ဟု ခန့်မှန်းရ ပါသည်။ တောင်ပေါ်တိုင်းရင်းသားများမှာ အများအားဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် နေထိုင်ကြသည်။ အချို့မှ ကရင် ပြည်နယ်နှင့် ထိစပ်နေသည့် နယ်စပ် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး ပြည်တွင်းစစ်ကာလအတွင်းတွင် မြန်မာ နိုင်ငံမှ ထွက်ပြေးလာကြသူများ ဖြစ်သည်။
ကရင်တော်လှန်ရေးနေ့ အထိန်းအမှတ်ဖျော်ဖြေပွဲတွင် ချင်းမိုင်မှ ထိုင်း-ကရင် အဆိုတော်တဦးက “ကရင်နိုင်ငံလိုချင် ကြသလား” ဟု မေးလိုက်သည့်အခါ ပရိတ်သတ်က “လိုချင်တယ်။” ဟု တုန့်ပြန်ခဲ့ကြသည်။ ကရင်အရေးကိစ္စများကို ထောက်ပံ့ရန် အတွက် ကရင်ပြည်သူများကြားတွင် စည်းလုံး ညီညွတ်ကြရန်လည်း အဆိုပါ အဆိုတော်က တိုက်တွန်းခဲ့ သည်။
KNU ကို ငွေကြေး၊ နည်းပညာ၊ ပညာရေးနှင့် အခြားထောက်ပံ့မှုများ ပြုလုပ်ရန်လည်း သူက ကရင်လူမျိုးများကို တောင်းဆိုလိုက်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် KNU ၏ လက်နက်ကိုင်တိုက်ခိုက်မှုက မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီး တနှစ်အကြာ ၁၉၄၉ ခုနှစ်ကထဲက စတင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ကရင်တို့၏ တော်လှန်ရေးက အမြဲတမ်းချောမွေ့မှုမရှိခဲ့ပါ။ ကရင် ခေါင်း ဆောင်များကြားမှ ကွဲပြားမှု သည် ၁၉ ရာစုနှစ်ကထဲက ရှိနေခဲ့သည်။ ကရင်လူငယ်အဖွဲ့ (Karen Youth Organization)၊ ကရင်အမျိုးသား အစည်းအရုံး (Karen National Association) နှင့် ကရင်ဗဟိုအဖွဲ့ (Karen Central Organization) စသည်တို့ကို ဦးဆောင်ခဲ့သော သူတို့ ၏ ဘိုးဘေးများကလည်း ၁၉၄၇ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် သင့်မသင့် အပေါ် သဘောထားအမြင်များ ကွဲပြားခဲ့ကြသည်။
လူငယ်မျိုးဆက် လက်ထက်တွင် အဓိက ကွဲထွက်မှုတခုကြောင့် ပိုမိုဆိုးရွားသွားခဲ့ရသည်။ ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးများက “ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA)” အမည်ဖြင့် KNU မှ ခွဲထွက်သွားပြီး မြန်မာ တပ်မတော်၏ အကူအညီဖြင့် မိခင်အဖွဲ့ အစည်းကို ပြန်လည်ဆန့်ကျင်တိုက်ခိုက်ခဲ့သောကြောင့် ၁၉၉၅ ခုနှစ်တွင် KNU ၏ အဓိက အခြေကုပ်စခန်းဖြစ်သော မာနယ်ပလော ကျဆုံးခဲ့ရသည်။
၂၀၀၇ ခုနှစ်တွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဟုခေါ်သည့် လက်နက်ကိုင် အဖွဲ့ငယ်တခု KNU မှ ထပ်မံခွဲထွက် သွားခဲ့သည်။ နောက်ပိုင်းတွင် KNU ၏ အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာလည်း ၂၀၀၈ ခုနှစ်တွင် လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ယခင်က ကရင်အဖွဲ့အစည်းများသည် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့ပြဒေသများတွင် အထိ လှုပ်ရှားနိုင်ခဲ့ သော်လည်း ယခုအခါ KNU သည် ၎င်း၏ ထိန်းချုပ်နယ်မြေ အားလုံးနီးပါးကို ဆုံးရှုံးခဲ့ရပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းအနီး နယ်စပ်တွင်သာ စခန်းချနိုင်တော့သည်။ သို့သော်လည်း ယခုအခါတွင် KNU အနေဖြင့် အိမ်နီးချင်းနိုင်ငံမှ သွေးချင်း မိတ်ဆွေသစ်များ ရရှိခဲ့ပြီ ဖြစ်သည်။
ပြီးခဲ့သည့် နှစ်များအတွင်းတွင် ထိုင်းနိုင်ငံရှိ ကရင်အသိုင်းအ၀ိုင်းက လက်နက်ကိုင်တော်လှန်မှုကို တက်တက်ကြွကြွ စတင် ထောက်ခံလာကြသည်။ လူမှုအသိုင်းအ၀ိုင်း ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ စီးပွားရေးသမားများနှင့် အနုပညာရှင်များ အပါအ၀င်ဖြစ်သည်။ သူတို့က ကရင်လက်နက်ကိုင် အဖွဲ့သို့ ငွေကြေး၊ အစားအစာ၊ အ၀တ်အထည်၊ ဆေးဝါးနှင့် အခြားထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြသည်။ ထိုင်းနိုင်ငံ နယ်စပ်တွင် အခြေစိုက်သည့် KNU ကို အလွယ်တကူ ကူညီထောက်ပံ့မှုများ ပြုလုပ်နိုင်မည် ဖြစ်သောကြောင့် KNU အတွက်လည်း ဆက်လက်ရပ်တည်နိုင်ရန် ခွန်အားဖြစ်လာ နိုင်ပါသည်။
သို့သော်လည်း လက်တွေ့ကျသည့် တော်လှန်ရေးအတွက် ကရင်တိုင်းရင်းသားများကြားတွင် စည်းလုံးညီညွတ်မှုရရှိရေးက သူတို့တွေ ဖြတ်သန်းခဲ့ရသည့် စိတ်မကောင်းစရာ ဇာတ်ကြောင်းများပေါ်တွင် ဆက်လက်မူတည်နေဆဲဖြစ်ပါသည်။



 http://mobile.irrawaddy.com/article/2016/02/25/108438.html

ရခိုင်တောင်ပိုင်း အခြေပြု ပါတီသစ်တရပ် ဖွဲ့စည်းမည်

ကျောက်ဖြူ/RiA ၊ ဖေဖေါ်ဝါရီ ၂၅ ရက်
 
ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ မြို့နယ်များကို အခြေပြုထားတဲ့ ပါတီသစ်တရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်မှုမှာ ၇၀ ရာခိုင်နှုန်းထိ ပြီးစီးနေပြီး ဖြစ်ကြောင်း ပါတီသစ်ရဲ့ အမည်မဖော်လိုသေးတဲ့ တာဝန်ခံက RiA ကို အတည်ပြု ပြောကြားပါတယ်။

“ကျနော်တို့ အစည်းအဝေး ၄ ကြိမ်ထက်မနည်း ပြုလုပ်ပြီးပါပြီ။ ရခိုင်တောင်ပိုင်းဒေသဘက်ကို လက်ရှိ ရခိုင်ပါတီကြီးတွေက နေရာပေးမှု အားနည်းတယ်။ ကျနော်တို့ ပါတီတရပ်လိုအပ်နေပါတယ်။ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ရောက် အရွေးခံနိုင်ဖို့ထိ မျှော်မှန်းထားပါတယ်။”
 
အဆိုပါ ပါတီသစ်ကို ယာယီအားဖြင့် အမည် ၂ ခု လျာထားပြီး ၎င်းတို့မှာ “သရီးဝတီပါတီ” နှင့် “ရခိုင်တောင်ပိုင်းပါတီ” တို့ ဖြစ်ကြောင်း သိရပါတယ်။
 
ရခိုင်ပြည်နယ်တွင် အင်အားအကြီးဆုံး ပါတီ ၂ ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD တို့ကို ပေါင်းစည်းကာ ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက်မှာ ပါတီတွင်း နေရာခွဲဝေမှု မမျှတမှုတို့ကြောင့် ပါတီဝင်တချို့ နုတ်ထွက်ခဲ့ကာ ရခိုင်မျိုးချစ်ပါတီ APP ကို ထူထောင်ခဲ့ကြပါတယ်။
 
ဒါ့အပြင် ရွေးကောက်ပွဲအလွန် ဦးအေးသာအောင် ဦးဆောင်တဲ့ ALD အင်အားစုများရဲ့ သဘောထားများကို ရယူခြင်း မပြုဘဲ ကြေညာချက်များ ထုတ်ပြန်ခြင်း၊ UNA နှင့် မဟာမိတ် ဆက်ဆံရေး ရပ်စဲကြောင်း ကြေညာမှုများနှင့် ပတ်သက်ပြီးလည်း ရန်ကုန်မြို့တွင် ALD အင်အားစုများနှင့် ရခိုင်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှုတွေကို ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ကနေ စတင်ပြုလုပ်လျှက်ရှိပါတယ်။
 
“ဒီပါတီ ၂ ခုက ပေါင်းစည်းထားတာပါ။ တစ်ဘက်နဲ့ တစ်ဘက် သဘောထားကို အပြန်အလှန် ရယူသင့်ပါတယ်။ ဒီမိုကရေစီကို အနိုင်ကျင့်ပြီး အများစုက အနည်းစုရဲ့ သဘောထားကို ရယူခြင်းမပြုဘဲ ဆုံးဖြတ်ချက်တွေ ချမှတ်တာဟာ ကျနော်တို့ ဘယ်လောက်ထိ သည်းခံနိုင်မလဲ။ သည်းခံနိုင်သလောက် သည်းခံတာပဲ။ ခု ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်။ ဒါပေမယ့် သတင်းတွေ ထွက်ပေါ်နေသလို ကျနော်တို့ ပါတီသစ် ထပ်ဖွဲ့မလား၊ ဒီတိုင်းပဲ ဆက်နေမလား ဆိုတာက ကျနော်တို့ကတော့ ANP ကို ဒီတိုင်းပဲ ရှိနေချင်ပါတယ်။ သို့ပေမယ့် တဘက်က လွန်ကဲလာမယ်ဆိုရင် အဖြေက တမျိုး ပြောင်းသွားပါလိမ့်မယ်။ ကျနော်တို့ အစည်းအဝေး မပြီးသေးပါဘူး။ အများကြီး ဆွေးနွေးနေပါတယ်။ ရခိုင်အဖွဲ့အစည်းတွေနဲ့ပေါ့။ ကျနော်တို့ ဘာဆက်လုပ်ရမလဲဆိုတာ။” လို့ အစည်းအဝေးတက်ရောက်နေတဲ့ ALD အင်အားစုရဲ့ ဗဟိုအလုပ်အမှုအဖွဲ့ဝင် (အမည်မဖော်လိုသူ) က RiA ကို ပြောကြားခဲ့ပါတယ်။


 http://www.rootagency.info/2016/02/blog-post_85.html

အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးအေးသာအောင်အားဂုဏ်ပြုကြိုဆိုပွဲပြုလုပ်

ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၂၃
  ကျော်ဝင်း
ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးအေးသာအောင် အား အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌ ခန့်အပ်ခံရ၍ ၀မ်းမြောက် ဂုဏ်ပြုကြိုဆို ပွဲတစ်ခုကို ကျောက်ဖြူမြို့နယ် ကျွဲသီပြင်ကျေးရွာ တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
၎င်းအခမ်းအနားကို ကျောက်ဖြူမြို့နယ်၊ ကလန့်တဲကျေးရွာအုပ်စု၊ ကျွဲသီပြင်ကျေးရွာတွင် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နံနက် ၉ နာရီခန့်က ပြုလုပ်ခဲ့သည်။
ဦးအေးသာအောင်အားဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားတွင် ဂုဏ်ပြု ဆိုင်းဘုတ်စိုက်ထူခဲ့ကြသည့် အပြင် ဦးအေးသာအောင်၏ အမျိုးသား ရေးနှင့်ပတ်သက်ပြီး အနစ်နာခံခဲ့ပုံ တို့ကိုလည်း ဆွေးနွေး ခဲ့ကြသည်ဟု ပွဲစီစဉ်ကျင်းပသူတစ်ဦးးဖြစ်သူ ဦးလှစံ ကပြောသည်။
“ ခေတ်အဆက်ဆက်ကပင် ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး တို့ကို တောင်းဆိုလာတဲ့သူဖြစ်တယ်။ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ခန့်အပ်ခံရတဲ့အတွက်ကြောင့် ၀မ်းသာပီတိဖြစ်ပြီးတော့ ဂုဏ်ပြု ကြိုဆိုကြတာ ဖြစ်ပါတယ်” ဟု ဦးလှစံ ကပြောသည်။
၎င်းအခမ်းအနားတွင် တက်ရောက်လာသူများကို ထမင်းကျွေးမွေးခြင်း၊ လဘ္ဘရည်တိုက်ကျွေးခြင်း၊ စုပေါင်းဓာတ်ပုံ ရိုက်ကူခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ဒုဥက္ကဌ ဦးအေးသာအောင်အား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား ပြုလုပ် ခဲ့သော်လည်း အခမ်းအနားသို့ ဦးအေးသာအောင် ကိုယ်တိုင်တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ လူပေါင်းတစ်ရာကျော်ခန့်တက်ရောက်ခဲ့ကြပြီး အလားတူအခမ်းအနားမျိုးကို ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင်လည်း ကလန့်တဲကျေးရွာတွင် ထပ်မံပြုလုပ်သွားမည်ဟုသိရသည်။



 Arakan State

KNU နှင့် RCSS/SSA အပစ်အခတ် ရပ်စဲရေး စာချုပ်နှင့် မကိုက်ညီသည့် လုပ်ရပ်ရှိဟု ဆို




အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့အနက် ၂ ဖွဲ့သည် NCA ပါ အချက်များနှင့် မကိုက်ညီသည့် လုပ်ရပ်တချို့ကို လုပ်ဆောင်မှုရှိကြောင်း သတင်းရရှိသည်။
ယင်း တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့သည် ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင် စီ (RCSS/SSA) တို့ ဖြစ်သည်ဟု သိရသည်။
အဆိုပါ သတင်း အချက်အလက်ကို ဖေဖော်ဝါရီလ ၂၂ ရက်၌ ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူ ထောင်ရေး လုပ်ငန်း ဗဟိုဌာန၌ ပြုလုပ်သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ စတုတ္ထအကြိမ် အစည်းအဝေး ပထမ ရက်တွင် JMC-U ၏ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုခြင်း ဖြစ်သည်။
ဒု ဗိုလ်ချုပ်ကြီး ရာပြည့်က“ဇန်န၀ါရီလ အတွင်းမှာ၊ တပ်မဟာ(၃) နယ်မြေအတွင်းမှာ ရွာသူ ရွာသားတွေကို KNU အဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင်သွားတာ ရှိတယ်။ တပ်မဟာ (၅) နဲ့ (၂) မှာလည်း ဒါမျိုးတွေ တွေ့ရပါတယ်”ဟု ပြောသည်။
RCSS/SSA သည်လည်း ဖေဖော်ဝါရီလ ၉ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် တိုက်ပွဲဖြစ်ပွားရာတွင် နယ်မြေကျော်လွန်ခဲ့ကြောင်း၊ လောနော်ရွာအတွင်းသို့ ၀င်ရောက်ခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေးခဲ့ရကြောင်းလည်း ဒု ဗိုလ်ချုပ်ကြီး ရာပြည့် က ပြောဆိုသည်။
ထွက်ပြေးရသည့် ဒေသခံများတွင် အတန်းတင်စာမေးပွဲဖြေမည့် ကျောင်းသူ ကျောင်းသားများ ပါဝင်နေခြင်းကြောင့် အခက်အခဲ များ ကြုံခဲ့ရသည်ဟု သိရသည်။
“ဒါတွေက ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးပြီးတော့ အဖြေရှာ ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်”ဟု ဒု ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုသည်။
NCA ထိုးပြီးနောက် ၂၀၁၅ ခုနှစ်အတွင်းကလည်း KNU တပ်မဟာ (၅) တွင် တပ်သားသစ်များ စုဆောင်းမည်ဟု အသံကြားသဖြင့် ဒေသခံများ ထွက်ပြေးခဲ့ခြင်းများ ရှိခဲ့ပြီး RCSS ကလည်း တပ်စခန်းတချို့ တိုးချဲ့ဆောက်လုပ်ရန် စီစဉ်ခဲ့သဖြင့် တပ်မတော်နှင့် ပစ်ခတ် မှု တချို့ ဖြစ်ပွားမှု ရှိခဲ့သည်။
ဒု ဗိုလ်ချုပ်ကြီး ရာပြည့် ၏ ပြောဆိုချက်များနှင့်ပတ်သက်၍ JMC-Uမှ တိုင်းရင်းသားများ၏ ကိုယ်စားလှယ် ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး က အဆိုပါ ကိစ္စရပ်များမှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) များ လုပ် ငန်း အဆင့်ဆင့် အပြည့်အ၀ မလည်ပတ်နိုင်သေးသဖြင့် အောက်ခြေတွင် ဖြစ်ပွားနေသည့် အသေးစားများသာ ဖြစ်သည်ဟု ဧရာဝတီ ကို ပြောသည်။
ဆက်လက်၍ ၎င်းက “အဲ့ဒါတွေနဲ့ ပတ်သက်ပြီး အထူးတလည် ဆွေးနွေးချက် မရှိပါဘူး။ အစဆိုတော့ အောက်ခြေမှာ ခက်ခဲတာ တွေ ရှိသေးတယ်။ စိုးရိမ်မှုတွေ ယုံကြည်မှု နည်းနေသေးတာတွေကြောင့်လည်း ဖြစ်တယ်။ တခါတလေကျတော့ ချပြလို့ မရသေးတာ တွေ တိုင်းရင်းသားဘက်မှာ ရှိတယ်”ဟုလည်း ပြောဆိုသည်။
တပ်မတော်က RCSS နှင့် သီးသန့်တွေ့ဆုံဆွေးနွေး အဖြေရှာရန် စီစဉ်မှုများ ရှိသည်ဟု ပြောဆိုထားသော်လည်း ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက တွေ့ဆုံမှုသည် သာမန်အဆင့်သာ ဖြစ်နိုင်လိမ့်မည်ဟု ပြောသည်။
NCA အခန်း(၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပါ အချက်များအရ NCA ထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်၏ တပ်ဖွဲ့ဝင်များသည် တပ်စခန်း တိုးချဲ့ခြင်းများ၊ နယ်မြေ တိုးချဲ့ခြင်းများ၊ တပ်သားသစ် စုဆောင်းခြင်းများ၊ အရပ် သား များကို အကြမ်းဖက်ခြင်းများ မပြုလုပ်ရဟု ပါရှိသည်။
NCA ပါ အချက်အလက်များကို လိုက်နာကြရန်လည်း ပြည်ထောင်စုအဆင့်၊ ပြည်နယ် အဆင့်၊ ဒေသန္တရ အဆင့်ဟူ၍ ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) များ အဆင့်ဆင့် ဖွဲ့စည်းပြီး စောင့်ကြည့် ထိန်းကျောင်း သွားရန် လုပ်ဆောင် ကြမည်ဖြစ်ကြောင်း သိရသည်။
ဇန်န၀ါရီလအတွင်းက ရှမ်းပြည်နယ် ခိုလမ်မြို့တွင် တပ်မတော်နှင့် RCSS အကြား JMC-S (ပြည်နယ် အဆင့်) ကို ဖွဲ့စည်းခဲ့ပြီး ဖြစ် သည်။
ယခု အစည်းအဝေးအပြီးတွင်လည်း တနင်္သာရီတိုင်းတွင် တပ်မတော်နှင့် KNU အကြား JMC-S ဖွဲ့စည်းသွားမည်ဟု သိရသည်။
အစည်းအဝေးသို့ JMC-U ကော်မတီဝင်များဖြစ်သည့် အစိုးရဘက်မှ တာဝန်ရှိသူများ၊ တပ်မတော် အရာရှိများ၊ NCA လက်မှတ် ထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဆက်လက် ပြုလုပ်မည်ဟု သိရသည်။



 http://burma.irrawaddy.com/news/2016/02/22/108148.html

လိပ်ကျွန်းလူသတ်မှု ဘာသာပြန်ပေးသူ ကွယ်လွန်


23 February 2016

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်းခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတွေကို မြန်မာဘာသာပြန်ဆိုပေးခဲ့တဲ့ ကိုရဲ ခေါ် ကိုမြင့်နိုင်ဟာ ဖေဖော်ဝါရီ ၂၂ ရက် ညနေက ကွယ်လွန်သွားပါတယ်။
ကိုရဲဟာ အသက်ရှုကြပ်တဲ့ရောဂါနဲ့  ဖေဖော်ဝါရီ ၂၁ ရက်က ဆူရတ်ဌာနီခရိုင်ဆေးရုံကြီးမှာ တက်ရောက်ကုသခဲ့ပြီး  နောက်တနေ့ ညနေ ၃ နာရီမှာ ဆုံးပါးသွားတာလို့ လိပ်ကျွန်းအမှု ကူညီဆောင်ရွက်ရေး  မြန်မာသံရုံးအထူးအဖွဲ့ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ညနေ ၃ နာရီလောက်ကဘဲ ဆေးရုံမှာဆုံးသွားပါတယ်။ သွေးရိုးသားရိုး ရောဂါနဲ့ဘဲ ဆုံးတာပါ။ သူ့အလောင်းက ခုလောလောဆယ် ဆေးရုံမှာဘဲရှိသေးတယ်။ ထိုင်းမှာ ပြာသို လပြည့်အခါကြီးရက်ကြီးမို့ ဘုန်းကြီးကျောင်းမှာ အသုဘအခမ်းအနား လုပ်လို့မရသေးဘူး။”
လိပ်ကျွန်းအမှုမှာ ဘာသာပြန်ဆိုပေးသူ ကိုရဲဟာ အမှုမပြီးပြတ်ခင် ခုလိုဆုံးပါးသွားပေမယ့် လည်း  သူ့ရဲဘာသာပြန်ပေးတဲ့ အခန်းကဏ္ဍက ပြီးသွားပြီမို့ အမှုပေါ်မှာ ဘာမှသက်ရောက်မှု မရှိတော့ဘူးလို့ ရှေ့နေဖြစ်သူကပြောပါတယ်။
သူဟာ မြန်မာဘာသာနဲ့ ထိုင်းဘာသာကို အတော်အသင့်ပြန်ဆိုနိုင်သူဖြစ်ပေမယ့် လိပ်ကျွန်း အမှုမှာတော့ ထိုင်းရဲတွေရဲ့လွှမ်းမိုးမှုအောက်မှာ အလိုက်သင့်ပြန်ဆိုပေးခဲ့ရတယ်လို့ ဦးအောင်မျိုး သန့်က ပြောပါတယ်။
အခုလို နိုင်ငံခြားသားတွေပါ ပါဝင်ပတ်သက်နေတဲ့ အရေးကြီးအမှုမှာ တရားဝင် ကျွမ်းကျင်တဲ့ ဘာသာပြန်တွေကို မခေါ်ဘဲ နီးစပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားကို ရွေးပြီး ဘာသာပြန်ခိုင်းခဲ့တဲ့ အတွက်  ထိုင်းရဲတပ်ဖွဲ့ဟာ ထိုင်းမီဒီယာတွေရဲ့ ဝေဖန်ခံခဲ့ရပါတယ်။
ဘာသာပြန်တွေကြောင့် လက်ရှိသေဒဏ်ကျခံထားရတဲ့ မြန်မာလူငယ် ၂ ဦး နှိပ်စက်ခံခဲ့ရ တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
တနသာင်္ရီတိုင်း မြိတ်မြို့ဇာတိဖြစ်တဲ့ ကိုရဲဟာ ကွယ်လွန်ချိန်မှာ အသက် ၄၂ နှစ်ရှိပြီး ဇနီး နဲ့ ၈ နှစ်ရွယ်သမီးတို့ ကျန်ရစ်ပါတယ်။
အမှုဖြစ်ပွားချိန်က ဘာသာပြန်ကိုရဲနဲ့ ဒီဗွီဘီ ဆက်သွယ်မေးမြန်းချက်ကို  ပြန်လည် ဖတ်ရှုနိုင်ပါ တယ်။



 http://burmese.dvb.no/archives/136508

ရခိုင်လက်နက်ကိုင် တပ်မတော် ၃ ခု ပေါင်းစည်းရန် ပြင်ဆင်

ရန်ကုန်/RiA ၊ ဖေဖေါ်ဝါရီ ၂၂ ရက်
ရခိုင်လက်နက်ကိုင်တပ်မတော်များ ဖြစ်ကြတဲ့ ကရင်ပြည်နယ် အခြေစိုက် ရခိုင်ပြည်တပ်မတော် (AA/ANC) ၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA/ALP)၊ ကချင်ပြည်နယ်အခြေစိုက် ရက္ခိုင့်တပ်မတော် (AA/ULA) တို့ကို ပေါင်းစည်းရန် ညှိနှိုင်းကော်မတီများ အသီးသီး ဖွဲ့ထားပြီး ဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၆ ရက်နေ့မှာ ရခိုင်ပြည်တပ်မတော် AA/ANC နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA/ALP ပေါင်းစည်းရေး ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့ပြီး ယခုတစ်ဖန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့တဲ့ UNFC အစည်းအဝေးအပြီးတွင် ရခိုင်ပြည်တပ်မတော် AA/ANC နှင့် ရက္ခိုင့်တပ်မတော် AA/ULA တို့ ပေါင်းစည်းရေး ညှိနှိုင်းအဖွဲ့ကို ဖေဖေါ်ဝါရီ ၂၁ ရက်နေ့မှာ ထပ်မံ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
 
"အခုက UNFC အဖွဲ့ဝင်ထဲမှာ တရားဝင်ဖြစ်တဲ့ ANC အဖွဲ့တော့ရှိပြီးပြီလေ၊ ANC အဖွဲ့ကပြန်လျှောက်ထားတာရှိတယ်၊ သူတို့လျှောက်ထားတဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေရော၊ UNFC ရဲ့ပြဌာန်းထားတဲ့ပုဒ်မတွေနဲ့ ကိုက်ညီတာလေးတွေ တော့ရှိတယ်၊ ဒါပေမယ့် စည်းလုံးညီညွတ်ရေးနဲ့ အချင်းချင်းပိုပြီးတော့ ညီညွတ်ဖို့အတွက် အဲ့ဒါကို ဒီတိုင်းလက်ခံလို့တော့မဖြစ်ဘူး၊ ဒီနှစ်ဖွဲ့ကိုပေါင်းစည်း နိုင်ဖို့အတွက် UNFC အဖွဲ့ထဲမှာ ပါဝင်မယ်ဆိုရင်တော့ UNFC လည်းခိုင်မာ မယ်၊ ညီညွတ်မှုလည်းပိုရလာမယ်၊ ဒီနှစ်ဖွဲ့ ပေါင်းစည်းနိုင်ဖို့အတွက် ကိုယ်စားလှယ်တစ်ခုဖွဲ့လိုက်တာ" လို့ AA နှစ်ဖွဲ့ပေါင်းစည်းနိုင်ရေး ကြားဝင်ဆောင်ရွက်ပေးဖို့ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် PSLF ဥက္ကဌ ဗိုလ်ချူပ် တာအိုက်ဘုန်းက RFA သတင်းဌာနကတဆင့် ပြောကြားခဲ့ပါတယ်။
 
ကချင်ပြည်နယ်အခြေစိုက် ရက္ခိုင့်တပ်မတေ် AA အနေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချူပ် ULA /AA ကို UNFC မှာ အဖွဲ့ဝင် အဖြစ် အသိအမှတ်ပြုဖို့ လျှောက်ထားခဲ့ပေမယ့် UNFC က ANC/AA နှင့် ULA/AA ကို အဖွဲ့အစည်းတစ်ခုတည်းအဖြစ် ပါဝင်ဖို့ ဆန္ဒပြခဲ့ရာမှာ နှစ်ဖွဲ့စလုံးက လက်ခံခဲ့တာ ဖြစ်ပါတယ်။



RiA
တိုင်းရင်းသားတွေကို စစ်တပ်သွေး ခွဲနေတယ်လို့ UNFC ပြောဆို

တိုင်းရင်းသားတွေကို စစ်တပ်သွေး ခွဲနေတယ်လို့ UNFC ပြောဆို

unfc-meeting-620.jpg
 2016-02-21
လက်ရှိအစိုးရနဲ့ တပ်မတော်ဟာ အပစ်အခတ်ရပ်စဲရေး NCA သဘောတူစာချူပ်ကို လက်နက်သဖွယ် အသုံးချလာနေပြီး၊ သွေးခွဲအနိုင်ယူရေး မဟာဗျူဟာနဲ့ တိုင်းရင်းသား တွေကြား လူမျိုးရေးမုန်းတီးမှု ဖြစ်ပေါ်လာအောင် အစိုးရတပ်မတော်က လုပ်ဆောင် လာနေတဲ့ အတွက်၊ အပြင်းအထန် ရှုတ်ချကြောင်း ဒီနေ့ ပြီးဆုံးသွားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ကြေညာချက် ထုတ်ပြန် ခဲ့ပြီး၊ သတင်းစာရှင်းလင်းပွဲလည်း ကျင်းပ ခဲ့ပါတယ်။
လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ် က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။
"အခု RCSSနဲ့ ဖြစ်နေတဲ့တိုက်ပွဲက လက်နက်ကိုင်ပဋိပက္ခလို့ ရိုးရိုးလေးမြင်လို့ မရတော့ဘူး၊ တဖြေးဖြေးကျယ်ပြန့်လာပြီးတော့ ဒေသခံပြည်သူတွေကြား ထဲမှာလည်း ရှမ်း၊ ပလောင်ဆိုတာတွေဖြစ်ပေါ်လာတယ်၊ နောက်တစ်ခါ ဗမာတပ်မတော် ကနေပြီးတော့ တိုက်ခိုက်ဖို့ပြင်ဆင်နေတယ်၊ ဒါတွေက NCA ကိုအကြောင်းပြပြီး တစ်ဖက်က ကျနော်တို့ကို အမျိုးမျိုးနဲ့ ထိုးစစ်ဆင်တာတွေ၊ အချင်းချင်းကြားထဲမှာ မြှောက်ထိုးပင့်ကော်လုပ်နေတာတွေလို့ ကျနော်တို့က သုံးသက်မိတယ်လေ၊ အထူးသဖြင့် တစ်ဖက်ကငြိမ်းချမ်းရေးပြောပြီးတော့ တစ်ဖက်ကပြဿနာကိုဖော်နေ သလားပေါ့၊ ဒါတော့ တော်တော်ရုပ်ဆိုးတယ်လို့ ကျနော်တော့ထင်ပါတယ်"
UNFC အရေးပေါ်ကောင်စီရဲ့လေးရက်ကြာ အစည်းအဝေးမှာ လက်ရှိ နိုင်ငံရေး စစ်ရေးအခြေအနေတွေ၊ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စ၊ မူဝါဒရေးရာ ကိစ္စနဲ့ UNFC အဖွဲ့ရဲ့ ဌာနဆိုင်ရာ လုပ်ငန်းစဉ်တွေကို သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့ပြင် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ကို ခူးဦးရယ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၃ ဦးနဲ့ ပြင်ဆင် တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။
တဆက်တည်းမှာပဲ UNFC အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့တဲ့ AUL ခေါ် ရက္ခိုင့် အမျိုးသား အဖွဲ့ချူပ် / ရက္ခိုင့် တပ်မတော် AA အဖွဲ့ကို အဖွဲ့ဝင်အဖြစ် လက်မခံသေးဘဲ၊ ရခိုင်ပြည် အမျိုးသား ကောင်စီ ANC အဖွဲ့နဲ့ ရခိုင် အဖွဲ့အစည်းတစ်ဖွဲ့တည်းအဖြစ် ပူးပေါင်းသွားဖို့ ဆန္ဒပြုခဲ့ကြပါတယ်။ နှစ်ဖွဲ့ပေါင်းစည်းနိုင်ရေး ကြားဝင်ဆောင်ရွက်ပေးဖို့ ကိုယ်စားလှယ် အဖွဲ့ ဖွဲ့စည်းခဲ့တယ်လို့ အဲဒီအဖွဲကို ဦးဆောင်မယ့် PSLF ဥက္ကဌ ဗိုလ်ချူပ် တာအိုက်ဘုန်း က ပြောပါတယ်။
"အခုက UNFC အဖွဲ့ဝင်ထဲမှာ တရားဝင်ဖြစ်တဲ့ ANC အဖွဲ့တော့ရှိပြီးပြီလေ၊ ANC အဖွဲ့ကပြန်လျှောက်ထားတာရှိတယ်၊ သူတို့လျှောက်ထားတဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေရော၊ UNFC ရဲ့ပြဌာန်းထားတဲ့ပုဒ်မတွေနဲ့ ကိုက်ညီတာလေးတွေ တော့ရှိတယ်၊ ဒါပေမယ့် စည်းလုံးညီညွတ်ရေးနဲ့ အချင်းချင်းပိုပြီးတော့ ညီညွတ်ဖို့အတွက် အဲ့ဒါကို ဒီတိုင်းလက်ခံလို့တော့မဖြစ်ဘူး၊ ဒီနှစ်ဖွဲ့ကိုပေါင်းစည်း နိုင်ဖို့အတွက် UNFC အဖွဲ့ထဲမှာ ပါဝင်မယ်ဆိုရင်တော့ UNFC လည်းခိုင်မာ မယ်၊ ညီညွတ်မှုလည်းပိုရလာမယ်၊ ဒီနှစ်ဖွဲ့ ပေါင်းစည်းနိုင်ဖို့အတွက် ကိုယ်စားလှယ်တစ်ခုဖွဲ့လိုက်တာ"
အဲဒီ ကိုယ်စားလှယ်အဖွဲ့က ၃ လအတွင်း ကြားဝင်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပြီး ရရှိလာတဲ့ ရလဒ်အပေါ် UNFC က စဉ်းစား ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဒီအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိလာမယ့် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိသူတွေဟာ UNFC အဖွဲ့အနေနဲ့ မတွေ့ဆုံလိုပဲ တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ချင်းစီနဲ့သာ တွေ့ဆုံလိုကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ UNFC အဖွဲ့ဝင် ကိုယ်စားလှယ်တွေက UNFC အနေနဲ့သာ လက်ခံတွေ့ဆုံကြဖို့ သဘောတူထားတဲ့ အတွက် နှစ်ဖက်တွေ့ဆုံရေး မသေချာဘဲဖြစ်နေ တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ရပ်တန့်ရေးကိစ္စနဲ့ ပတ်သက်ပြီး UNFC တွဲဘက်အတွင်းရေးမှူး ဦးထွန်းဇော် ကို ဦးတင်အောင်ခိုင် ဆက်သွယ် မေးမြန်း ထားပါတယ်။

 http://www.rfa.org/burmese/news

ဘူးသီးတောင်မြို့နယ်မှ ထုထည်ကြီးမားဆုံး သုံးဆယ့်တစ်ဘုံ ဘုရားပွဲတော် မတ်လ ၃ ရက်နေ့ စတင် ကျင်းပမည်




နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ ထုထည် အကြီးမားဆုံး ဖြစ် သည့် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ သုံးဆယ့်တစ်ဘုံ ဘုရား ဗုဒ္ဓပူဇေနိယပွဲတော်ကို မတ်လ ၃ ရက်နေ့တွင် စတင် ကျင်းပမည်ဟု သတင်း ရရှိသည်။
ဘုရားပွဲတော် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစံထွန်းကျော်က “ ဒီပွဲတော်ကို တပို့တွဲလဆုတ် ၉ ရက်၊ မတ်လ ၃ ရက်နေ့ကနေ သုံးရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲတော်ကို ဘာသာရေးအရသာမက အမျိုးသားရေး အသိစိတ်ဓာတ်နဲ့ အနယ်နယ်အရပ်ရပ်မှ ရခိုင်သူ ရခိုင်သားများကို ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါရစေ” ဟု နိရဉ္စရာသို့ ပြောသည်။
သုံးဆယ့်တစ်ဘုံ စေတီတော်မှာ ရခိုင်ဘုရင်များ နောက်ပိုင်း ရခိုင်ပြည်တွင် တည်ထားခဲ့သော အကြီးမားဆုံး စေတီတော် တစ်ဆူ ဖြစ်ပြီး စစ်ဘေးဒဏ်၊ လူမျိုးခြားများ၏ ဖျက်ဆီးမှု ဒဏ်တို့ကို နှစ်ရှည်လများ ခံခဲ့ရသည့် စေတီတော် တစ်ဆူ ဖြစ်သည်။ ဒေသခံပြည်သူများ၏ စုပေါင်း ကာကွယ် ထိန်းသိမ်းထားသဖြင့် လက်ရှိ အချိန်ထိ တည်တံ့နေသော တစ်ခုတည်းသော ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မှ အကြီးမာဆုံး ဗုဒ္ဓသာသနိက အဆောက်အအုံ တစ်ခု ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း စေတီတော်၏ အစိတ်အပိုင်းအများအပြားမှာ ပျက်စီးယိုယွင်းနေပြီး စေတီတော်အနီးရှိ ရှစ်သောင်းဘုရားပုထိုးနှင့် ငရဲဇရပ်တို့မှာ လုံးဝပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
“ ဒီစေတီတော်က ထုထည်အလွန်ကြီးမားပြီး စေတီတွေကို ဘုံသုံးဆင့်နဲ့ စီစီရီရီ တည်ထားပြီး ရဟန်းတော် အပါးငါးရာနဲ့ဘုရားရှင် ဆွမ်းခံကြွနေတဲ့ ပုံတွေကိုပါ စေတီတော်ပတ်ပတ်လည်လည်မှာ တည်ထားပါတယ်။ ထုထည်ကြီးမားတဲ့ အတွက် ဒီစေတီတော် တည်တံ့ရေးကို ဒီနယ်သူ နယ်သားတွေရဲ့ အင်အားလောက်နဲ့ ထိန်းသိမ်းကာကွယ်ဖို့ မဖြစ်နိုင်ပါ။ ဒါကြောင့် အမျိုးသားရေး အသိနဲ့ ဒီစေတီတော်ကို ထိန်းသိမ်း ကာကွယ်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ဘာသာရေး အသိအပြင် အမျိုးသားရေး အသိနဲ့ပါ ကာကွယ်စောင့်ရှောက်ဖို့ လူတိုင်းကို ဖိတ်ခေါ်ပါတယ်” ဟု ဦးစံထွန်းကျော်က ပြောသည်။
သုံးဆယ့်တစ်ဘုံ စေတီမှ ဘူးသီးတောင်မြို့ အရှေ့တောင်ဘက် ၁၃ မိုင် အကွာ စံကိုးထောင် ကျေးရွာတွင် တည်ရှိသည်။
စေတီတော်အား ဘုရားဒကာကြီး ဦးကျော်ခိုင်နှင့် ဇနီး ဒေါ်လှဝန်းတို့က ၁၂၆၄ ခုနှစ် နတ်တော် လဆန်း (၅) ရက်နေ့တွင်စတင် အုတ်မြစ်ချ တည်ထားပြီး ၁၂၆၈ ခုနှစ် နတ်တော် လပြည့်နေ့တွင် ထီးတော်တင် အပြီးသတ် တည်ဆောက်နိုင်ခဲ့သည်ဟု စေတီတော် သမိုင်းမှတ်တမ်းအရ သိရသည်။
၁၉၄၂ ခုနှစ် ကုလား- ရခိုင် အဓိဂရုဏ်းတွင် စေတီတော် အထက်ပိုင်း အဆင့်ကိုးဆင့်ကို ဘာသာခြားများက ဖျက်ဆီးပစ် ခဲ့ပြီး နှောင်းလူများ ပြန်လည် တည်ဆောက်ခဲ့ရသည်ဟု ဆိုသည်။
ယခုအခါ စေတီတော်အား ရွာပေါင်း ၃၀ မှ ဘုရားဂေါပက အဖွဲ့ဖြင့် ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း ဂေါပက အဖွဲ့အတွင်းရေးမှူး သိန်းရွှေဦးက ပြောသည်။
ပွဲတော်သုံးရက်အတွင်း စိန်ရွှေရတနာ ဇာတ်အဖွဲ့မှ ကပြ ဖြေဖျော်မည်ဟု သိရသည်။
(ဓာတ်ပုံ- နိရဉ္စရာ)



Arakan State

တိုက်မိုင်းကြောင့် BGF တပ်ကြပ်တစ်ဦး ပြင်းထန်စွာဒဏ်ရာရ

ဖေဖော်ဝါရီ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း

နယ်ခြားစောင့်တပ် BGF ၁၀၁၉ တပ်ရင်းမှ တပ်ကြပ်တစ်ဦးသည် ကော့ကရိတ်မြို့နယ် ပျားပင်ရွာအနီးတွင် လုံခြုံရေးယူနေစဉ် ဖေဖော်ဝါရီလ ၂၀ရက်နေ့ နံနက် ၁၁နာရီကျော်အချိန်ခန့် က မိုင်းတစ်လုံး နင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း တပ်ရင်းမှူး က ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။
နယ်ခြားစောင့်တပ် BGF ၁၀၁၉မှ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးစောလိုက်သိမ့်က “တစ်ဖက်ကလူတွေက နင်းမိုင်းတွေ၊ တိုက်မိုင်း တွေ လိုက်ထောင်နေတယ် သိရတယ်။ ကျနော်တို့တပ်က ရဲဘော်လည်း လုံခြုံရေးယူရင်း တိုက်မိုင်းထိသွားတာဖြစ်ပါတယ်”ဟု ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသွားသူမှာ ပျားပင်ရွာအနီး ရော်ဘာခြံအတွင်း လုံခြုံရေးယူနေသော နယ်ခြားစောင့်တပ် (၁၀၁၉)တပ်ရင်းမှ အသက် ၄၀အရွယ် တပ်ကြပ်စောဖားလော်ဖြစ်ပြီး ခြေတစ်ဖက်၊ လက်တစ်ဖက် ဒဏ်ရာရရှိသွားကာ မဲဆောက်ဆေးရုံတွင် ကုသမှုခံယူ လျှက်ရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၁၉ရက်နေ့ကလည်း ပျားပင် ဆင်ကုန်းထိပ်တွင် ဗုံးသီးတစ်လုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ဒေသခံရွာ သားတစ်ဦးက “ခလေးတွေ မပေါက်သေးတဲ့ 40 ဗုံးသီးတစ်လုံး ပစ်ပေါက်ဆော့ရာကနေ ပေါက်တယ်။ ထိခိုက်တာတော့ မရှိ ဘူး။”ဟု ဆိုသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ ကောင်းမှုရွာ၊ ယခုဖြစ်စဉ်ဖြစ်ပွားသည့် ပျားပင်ရွာနှင့် အနီးတစ်ဝိုက်တို့တွင် အသစ်ပြန်လည်ဖွဲ့ စည်းလိုက်သည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်-DKBA နှင့် BGF တို့ အပြန်အလှန်ပစ်ခတ်မှုများ ကြောင့် ရွာသားတစ်ချို့မှာ ယနေ့အထိ နေရပ်ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ဇူလိုင်လဆန်းတွင် DKBA နှင့် အစိုးရတပ်မတော်၊ BGF ပူးပေါင်းတပ်တို့ အာရှလမ်းမကြီးပေါ်၌ တိုက်ပွဲ များ ဖြစ်ပွားပြီးနောက်ပိုင်း ပစ်ခတ်မှုနှင့် မိုင်းထိမှန်မှု မကြာခဏဖြစ်ပွားလေ့ရှိပြီး ယခုအကြိမ်မှာ ၂၀၁၆ခုနှစ်အတွင်း ပထမဆုံး ဖြစ်ပွားခြင်း ဖြစ်သည်။



 http://kicnews.org/2016/02/%E1%80%90%E1%80%AD%E1%80

UNFC ကောင်စီ (တိုးချဲ့) အစည်းအဝေး သဘောထားထုတ်ပြန်ချက်


၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်

၁။ UNFC ကောင်စီ (တိုးချဲ့)အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့ မှ (၂၁)ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေအရပ်ရပ်အား ဆွေးနွေးသုံးသပ်ခြင်း၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စ၊ လိုအပ်သော မူဝါဒရေးရာကိစ္စရပ်များ နှင့် ဌာနဆိုင်ရာ လုပ်ငန်း စဉ်များအား ပြန်လည်သုံးသပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။

၂။ နိုင်ငံရေးဆွေးနွေးပွဲများဖော်ဆောင်ရန်အတွက် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ Delegation for Political Negotiation (DPN) ကို ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခဲ့ပါသည်။ ဤကိုယ်စားလှယ်အ ဖွဲ့အနေဖြင့် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်ရေး၊ နိုင်ငံရေးဆွေးနွေးရေးဖြစ်စဉ်အဆင့်ဆင့်၌ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးပါဝင်ရေး နှင့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက် လာစေရေးတို့အတွက် ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

၃။ လက်ရှိဖြစ်ပွားနေသော ရှမ်းပြည်မြောက်ပိုင်းရှိ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF / TNLA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS / SSA) တို့အကြားတွင် ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ထောင်ချီသောစစ်ဘေးဒုက္ခသည်များမှာလည်း တနေ့တခြား ပိုမိုတိုးပွားလာလျှက် ရှိနေပါသည်။ နှစ်ဘက်မှတာဝန်ရှိသူများအနေဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းဖြင့် ဖြစ်ရှိနေ သောပဋိပက္ခများကို ငြိမ်းချမ်းစွာ အဖြေရှာကြရန်အတွက် လေးနက်စွာ တိုက်တွန်းပါသည်။ နှစ်ဘက်တွေ့ဆုံညှိနှိုင်း အဖြေရှာနိုင်ရေး အတွက် မိမိတို့ UNFC အနေဖြင့် ကြားဝင်ဖြန်ဖြေ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၎။ လက်ရှိအစိုးရနှင့် တပ်မတော်တို့အနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို စစ်ရေးနိုင်ငံရေး လက်နက်သဖွယ် အသုံးချလာနေကြောင်း တွေ့မြင်နေရပါသည်။ ဤသို့ သွေးခွဲအနိုင်ယူရေး၊ စစ်ရေးနိုင်ငံရေး မဟာဗျူဟာဖြင့် တိုင်းရင်းသား အချင်းချင်းကြား လူမျိုးရေးမုန်းတီးမှုကို ဖြစ်ပေါ်စေသည့် လက်ရှိ အစိုးရတပ်မတော်၏ လုပ်ရပ်များအပေါ် ပြင်းထန်စွာ ရှုံ့ချလိုက်သည်။

ဖက်ဒရယ်ကောင်စီ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)
ဆက်သွယ်ရန်
နိုင်ဟံသာ - ဒုတိယဥက္ကဋ္ဌ ဖုန်း - +66 (0) 80-503-0849
ခူဦးရယ် - အထွေထွေအတွင်းရေးမှူး ဖုန်း - +66 (0) 84-805-1344

Download PDF Link >>> https://www.docdroid.net/Yy29Rxb/unfc-council-mtgstmt-bur-21feb2016.pdf.html




 https://www.facebook.com/383764521772171/photos

RCSSနှင့် TNLA ပဋိပက္ခ “ညှိနှိုင်းဖြေရှင်းရေးအဖွဲ့” ဖွဲ့လိုက်ပြီ




ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့  ၂ ခု ဖြစ်သည့် RCSSနှင့် TNLA တို့၏ ပဋိပက္ခ ပြေလည်ရေးအတွက် “ညှိနှိုင်းဖြေရှင်းရေး အဖွဲ့”ကို ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်လျက်ရှိသော UNFC  အစည်းအဝေးက ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်ပြီး “ညှိနှိုင်းဖြေရှင်းရေးအဖွဲ့”တွင် UNFC ဒုတိယ ဥက္ကဌ နိုင်ဟံသာ(MNSP)၊ ဗိုလ်ချုပ် ဂွန်မော်(KIO)၊ ဗိုလ်ချုပ် ဘီထူး(KNPP)၊ ဗိုလ်မှူးချုပ် စဝ်စိုင်းထူး(SSPP/SSA)နှင့် ဦးထွန်းဇော်(ANC) တို့ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် စဝ်စိုင်းထူးက“နှစ်ဘက် သဘောတူပြီးတော့ စစ်ရပ်စဲရေး လုပ်ဖို့ ဒါက အဓိကပေါ့။ လူထုလည်း ထိခိုက်နစ်နာမှု မရှိအောင်ပေါ့ဗျာ။ RCSS ရော TNLA ရော နှစ်ဖွဲ့လုံးက တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိကြပါတယ်။ အမြန်ဆုံး တွေ့နိုင်အောင်တော့ ကြိုးစားမှာပါ”ဟု သတင်းထောက်များကို ပြောသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှုဖြင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က စတင်ပြီး ၂ လကျော် အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများကြောင့် ဒေသခံလူထု ၃၀၀၀ ကျော် အိုးအိမ်များ စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေး ခိုလှုံနေရသဖြင့် အဆိုပါ ပဋိပက္ခကို ပြည်တွင်း၊ ပြည် ပ စိုးရိမ်မှုများ ဖြစ်လာကြသည်။ ယခုလ ၁၇ ရက်နေ့ကလည်း ပြည်သူ့လွှတ်တော်တွင် တိုက်ပွဲများ ရပ်စဲရေးအတွက် အရေးပေါ် အဆိုတင်းသွင်းခဲ့ရသည်။
RCSS/SSA နှင့် PSLF/TNLA အကြား ပဋိပက္ခ အမြန်ဆုံး ပြေလည်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သော်လည်း ယင်းပဋိပက္ခသည် နက်နဲသည့် အခြေအနေများရှိသောကြောင့် အချိန်တိုအတွင်း ရပ်တန့်သွားလိမ့်မည်ဟု မျှော်လင့်မထားကြောင်း UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ် က ပြောသည်။
ခူဦးရယ်က“ပကတိ မြေပြင်က အခြေအနေတွေကို ကြည့်လိုက်ပါ။ ကျနော်တို့ အပေါ်ယံပဲ မြင်ပြီးတော့ သုံးသပ်လို့မရဘူး။ သတင်းတွေမှာ ရေးသလို အရမ်း ကြီးလွယ်မယ်လို့ မထင်ပါနဲ့။ ညှိနှိုင်း၊ ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ အရမ်းခက်ခဲတယ်။ ဘာကြောင့်လဲဆိုရင် အဖွဲ့အစည်းတိုင်းမှာ သူ့ဆိုင်ရာ ဆိုင်ရာ ကိုယ်စီ အကြောင်းပြချက်၊ အကြောင်းတရားတွေ အများကြီး ရှိကြတယ်။ ကျနော်တို့ မသိ၊ မမြင်တဲ့ အကြောင်းအရာတွေရှိတယ်။ လူသိရှင်ကြား ပြောလို့မရတဲ့ အခြေခံ အကြောင်း တရားတွေ ရှိနိုင်တယ်”ဟု သတင်းထောက်များကို ပြောသည်။
RCSS/SSA အဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုး ထားသည့် အဖွဲ့ဖြစ်ပြီး UNFC အဖွဲ့ဝင် ဖြစ်သည့် PSLF/TNLA အဖွဲ့သည် NCA ကိုလက်မှတ်မရေးထိုးရသေးသည့် အဖွဲ့ဖြစ်သည်။ PSLF/TNLA အဖွဲ့သည် RCSS/SSA နှင့် တိုက်ပွဲဖြစ်ပွား နေသကဲ့သို့ အစိုးရတပ်မတော်နှင့်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
ထို့အပြင် ယနေ့အစည်းအဝေးတွင် UNFC အနေဖြင့် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တွေ့ဆုံဆွေးနွေးမည့် ကိစ္စကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော UPWC က ယခုလ ၂၂ ရက်နေ့နောက်ပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့နှင့် တွေ့ဆုံရန်ရှိပြီး ထိုအထဲတွင် NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် RCSS/SSA တို့ကို တွေ့ဆုံရန်ရှိသကဲ့သို့ NCA လက်မှတ်မထိုးရသေးသော UNFC အဖွဲ့ထဲမှ KIO၊ SSPP နှင့် KNPP တို့ကို သီးခြားစီ တွေ့ဆုံရန် ရည်ရွယ်ထားကြောင်းသိရသည်။
UPWC တွေ့ဆုံဆွေးနွေးရာတွင် UNFC အဖွဲ့ဝင်များမဟုတ်သော အခြားအဖွဲ့များအနေဖြင့် သီးခြားစီတွေ့ဆုံခြင်းသည် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိသော်လည်း UNFC အဖွဲ့ဝင်များအနေဖြင့် သီးခြားစီ ခွဲ၍ တွေ့ဆုံမည်မဟုတ်ဘဲ UNFC အနေဖြင့်သာ တစု တစည်းတည်း တွေ့ဆုံရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။ ဆွေးနွေးမည့် အကြောင်းအရာများကိုတော့ နှစ်ဘက်ထုတ်ပြန် ပြောဆိုကြခြင်းမရှိကြသေးပေ။



 http://burma.irrawaddy.com/news/2016/02/21/108033.html

ရခိုင်ပြည်တပ်မတော်က ရဲဘော်တစ်ယောက် တော်လှန်ရေးသမားတစ်ယောက်လိုအပ်ရေအရည်အချင်းကို သူ့အမြင်သဘောထားကို ပြောပြပါရေ (စစ်ရေး + နိုင်ငံရေး = တော်လှန်ရေး)



ရခိုင်ပြည်တပ်မတော်က ရဲဘော်တစ်ယောက် တော်လှန်ရေးသမားတစ်ယောက်လိုအပ်ရေအရည်အချင်းကို သူ့အမြင်သဘောထားကို ပြောပြပါရေ (စစ်ရေး + နိုင်ငံရေး = တော်လှန်ရေး)
----------------------------------------------------------
ကျွန်တော်နန့်အတူတူ နားထောင်ကြည့်ကတ်မေ အားလုံးကိုဖိတ်ခေါ်ပါယင့်
-------------------------------------------------------------------------
ကျွန်တော်ရေ ရခိုင်ပြည်တပ်မတော်က ရဲဘော်တစ်ယောက်ဖြစ်ပါရေ ....ယင်းကြောင်းကျွန်တော် ၀မ်းသာပါရေ ဂုဏ်လည်းယူမိပါရေ ကျွန်တော်ရို့မာ ရခိုင်ပြည်အတွက် တော်လှန်ရေးလုပ်ကတ်ပါရေ ယင်းအထဲမာကျွန်တော် ခံယူထားရေ တော်လှန်ရေးသမားတစ်ယောက်ဖြစ်ဖို့ တော်လှန်ရေးသမားတစ်ယောက်ပီးသဖို့ ဆိုကေ စစ်တိုက်တတ်စွာနန့် မပြီးပါ။ စစ်တိုက်တတ်လို့ တော်လှန်ရေးသမားမဟုတ်ပါ တော်လှန်ရေးထဲကို ၀င်လို့ တော်လှန်ရေးရဲဘော်လုပ်လို့ တော်လှန်ရေးသမားမဟုတ်ပါ အင်းအားကြီးတိုင်းတော်လှန်ရေးတရပ်မဟုတ်ပါ အရေအတွက်များတိုင်းတော်လှန်ရေးတရပ်မဟုတ်ပါ အင်အားငယ်တိုင်းလည်းတော်လှန်ရေးတရပ်မဟုတ်ပါ ကျွန်တော်ခံယူထားရေ တော်လှန်ရေးနန့် တော်လှန်ရေးသမားဆိုစွာ(စစ်ရေး + နိုင်ငံရေး = တော်လှန်ရေး)လို့ ခံယူထားပါရေ ဇာကြောင်းလည်းဆိုကေ တော်လှန်ရေးသမားတစ်ယောက်ဖြစ်ဖို့ (စစ်ရေး)အတွိအကြုံ ဟိရဖို့ (နိုင်ငံရေး)အတွိအကြုံ ဟိရဖို့ ယင်းနှစ်ခုကို ပေါင်းပြီးမှ ရလာရေအဖြေရေ တော်လှန်ရေးသမားတစ်ယောက် လို့ ခံယူထားပါရေ (စစ်ရေး) အတွိအကြုံ ဟိစွာနန့်တော်လှန်ရေးသမားမဟုတ်ပါ။ (နိုင်ငံရေး)အတွိအကြုံ ဟိစွာနန့် တော်လှန်ရေးသမားတစ်ယောက်မဟုတ်ပါ။ တော်လှန်ရေးသည်ယင်းနှစ်ခုပေါင်းပြီးမှ ရလာရေ အဖြေသည်ပင် တော်လှန်ရေးသမားတစ်ယောက်ဖြစ်ပါရေ ယင်းကြောင်းကျွန်တော်သည်ပင် တော်လှန်ရေးသမားကောင်းတစ်ယောက်မပီသနိုင်ပါသိ့လို့ ကျွန်တော်ခံယူထားပါရေ။ ကျွန်တော်ခံယူချက်မှားချင်လည်းမှားနီပါဖို့ မှန်ချင်လည်းမှန်နီပါဖို့ ယင်းချင့်ရေ ကျွန်တော်ခံယူထားရေ တော်လှန်ရေးတရပ်ဖြစ်ပါရေ။ အမျိုးကိုချစ်ပါရေ တန်းဖိုးထားပါရေ ဆိုပြီးတော်လှန်ရေး ၀င်ပြီးတော်လှန်ရေးလုပ်ရုံနန့် တော်လှန်ရေးသမားလို့ ကိုယ့်ကိုကိုယ် ခံယူထားကေ မှားပါရေလို့ ကျွန်တော်မြင်ရေ အင်အားကြီးပြီးစစ်တိုက်တတ်ရုံနန့်တော်လှန်ရေးတရပ်လို့ခံယူထားကေ ရခိုင်လူမျိုးအတွက်ပီးဆပ်ရခြင်းရေ အရာမရောက်ဘဲ အမျိုးသားရေး ဂုဏ်သိက္ခာကို ထိခိုက်နိုင်ပါရေ။ ယင်းနည်းအတူ တော်လှန်ရေးလက်နက်ကိုင်မဟိဘဲ နိုင်ငံရေးလုပ်ခြင်းသည်ပင် လူများအားမနာပြောတိုင်းဖြစ် ပြောတိုင်းလုပ်အမျိုးသား သစ္စာဖောက်အဖြစ်သို့ရောက်တက်ပါရေ။ ယင်းကြောင်း တော်လှန်ရေးသည် (စစ်ရေး + နိုင်ငံရေး = တော်လှန်ရေး) ပင်ဖြစ်တေလို့ ကျွန်တော်ခံယူထားပါရေ
(ဟုတ်ပါယင့် ကျေးဇူးတင်ပါရေ )
ရခိုင်ပြည်တပ်မတော်က ရဲဘော်တစ်ယောက် သူ့သဘောထား သူ့ခံယူချက်ကို ဒေပိုင်ရင်ဖွင့် ရှင်းပြပါရေ 




                                                                   ရခိုင်ကြယ်စင်

Comments system

Flag Counter