“ကျားမြီးဆွဲ ဘာနီဆန်းဒါးနဲ့ တဇောက်ကန်း ဒေါ်နယ်ထရန့်” (သို့မဟုတ်) “အမေရိကန် အနာဂတ်နေ့သစ်ဆီသို့ လမ်းသစ်ထွင်ကြမယ့် လူနှစ်ဦး”


ဆောင်းပါးရှင် မောင်ရဲဝင်း (တောင်ကြီး)
635837616810006486-576738601_kennysucks
မနေ့က နယူးဟမ်ရှားပြည်နယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီတွင်း ကိုယ်စားလှယ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီဘက်က “ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒီ” ဘာနီဆန်းဒါး နဲ့ ရီပတ်ပလစ်ကန် ပါတီဘက်က “အရင်းရှင်ဝါဒီ” ဒေါ်နယ်ထရန့်တို့ အသီးသီး အနိုင်ရခဲ့တယ်။ သူတို့နှစ်ဦးဟာ သက်ဆိုင်ရာပါတီတွေကို ကိုယ်စားပြုပြီး သမ္မတလောင်းတွေအဖြစ် စင်မြင့်ပေါ် ရောက်လာနိုင်ဖွယ်ရှိသူတွေပါ။
ထူးခြားချက်ကတော့ သူတို့နှစ်ဦးလုံးက အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးရေစီးကြောင်းကို ဆန့်ကျင်နေတဲ့ အယူဝါဒတွေကို ဟောပြောပြီး လူတွေရဲ့ ထောက်ခံမှုကို ရယူလာခဲ့ကြတာဖြစ်ပါတယ်။
ဘာနီဆန်းဒါးက သူ့ရဲ့နိုင်ငံရေး အသက်မွေးဝမ်းကြောင်းတလျောက်မှာ အခြေခံလူတန်းစားဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့သူပါ။ လူချမ်းသာတွေရဲ့ ကြီးစိုးနေမှုတွေကို ရှေ့တန်းက ဝေဖန်တိုက်ခိုက်လာခဲ့သူပါ။ အရင်းရှင်ဝါဒကို အခြေခံတဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံရေး စင်မြင့်ထက်ကို ဆိုရှယ်လစ် အရောင်သန်းသူတွေ တိုးမပေါက်နိုင်ပေမယ့် ဘာနီကတော့ ထူးထူးဆန်းဆန်း ထိပ်ဆုံးထိပ်ကို ရောက်ရှိ လာနေပြီဖြစ်ပါတယ်။
ဘာနီဟာ နိုင်ငံရေးသမားတွေ အားကိုးနေရတဲ့ လူချမ်းသာတွေကို ကျောခိုင်းပြီး အခြေခံလူတန်းစားတွေဘက်က ဆက်လက် ရပ်တည်သွားမယ်ဆိုတဲ့ ကြွေးကြော်ချက်တွေနဲ့ ရှေ့ရောက်လာခဲ့တာပါ။ အမေရိကန်နိုင်ငံဟာ ချမ်းသာတယ်ဆိုပေမယ့် နိုင်ငံတဝှမ်းက ဓနဥစ္စာပေါင်း ၃ပုံ ၁ပုံဟာ အမေရိကန် လူဦးရေရဲ့ အချမ်းသာဆုံး ၁ ရာခိုင်နှုန်းသော လူချမ်းသာတွေရဲ့ လက်ထဲမှရှိနေတာပါ။ လူများစုဖြစ်တဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းက နိုင်ငံတဝှမ်းက ဓနဥစ္စာစုစုပေါင်းရဲ့ ၁၅% ကိုသာပိုင်ဆိုင်ကြပါတယ်။ ဓနဥစ္စာမဲ့ပြည်သူတွေ၊ ရရစားစား ဘဝနဲ့ ရုန်းကန်နေရသူတွေက ပိုများပါတယ်။ ပိုင်ဆိုင်မှုတွေက လူတစုလက်ထဲမှာသာရှိပြီး အများပြည်သူရဲ့ ရေရှည် တိုးတက်ဖို့အတွက် လုပ်ဆောင်ရာမှာ အားနည်းလာနေတဲ့ အမေရိကန်ပြည်ထောင်စုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအကြားမှာ တဖြေးဖြေး နောက်ကျလာနေပါတယ်။ လူချမ်းသာတွေကလည်း ချမ်းသာ သထက်ချမ်းသာအောင် နိုင်ငံရေးသမားတွေရဲ့နောက်ကွယ်မှာ ကြိုးကိုင်ကြပါတယ်။ ဒီလို ထိန်းချုပ် မနိုင်ဖြစ်နေတဲ့ အရင်းရှင်ဝါဒအောက်က လူချမ်းသာတွေရဲ့ ချယ်လှယ်မှုကို စိန်ခေါ်တဲ့ ဘာနီဟာ အမေရိကန်ပြည်သူတွေအကြား သူရဲကောင်းကြီးဖြစ်လာပါတော့တယ်။
ဘာနီနဲ့အပြိုင် ရီပတ်ပလစ်ကန်ပါတီဘက်က ပြည်သူတွေရဲ့ သူရဲကောင်းကြီးအဖြစ် တက်လာနေတာ ကတော့ မြေရှင် သူဌေးကြီး ဒေါ်နယ်ထရန့်ပါပဲ။ အမေရိကန်တွေရဲ့အခြေခံ ခံယူချက်မူဝါဒတွေဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု ဆိုတာတွေကို ကျောခိုင်းထားပေမယ့်
“အမေရိကန်နိုင်ငံကို အောင်မြင်ကျော်ကြားအောင် ပြန်လုပ်မယ်”ဆိုတဲ့ ဒေါ်နယ် ရဲ့ ကျွေးကြော်သံဟာ အမေရိကန်တွေနားထဲ နာဝင်ချိုလှပါတယ်။ ဟောပြောရာမှာ ကျိုးကြောင်းဆီလျော်မှုမရှိ၊ ရှေ့နှောက်မညီနဲ့ ပါးစပ်ထဲတွေ့ရာ ဇွတ်ပြောတတ်တဲ့ ဒေါ်နယ်ထရန့်ရဲ့ သမ္မတဖြစ်ရေး အိမ်မက်ဟာ အချိန်တိုအတွင်း နိဂုံးချုပ်သွားမယ်လို့ ထင်ကြေးပေးသူတွေလည်း အခုအခါမှာတော့ အတော် အံအားသင့်နေရပါပြီ။ သူဟာ သမရိုးကျနိုင်ငံရေး လုပ်ထုံးလုပ်နည်းတွေ၊ နည်းဗြူဟာတွေ၊ သံတမန်ရေးတွေကို အရေးမပေးဘဲ အမေရိကန်နိုင်ငံကြီး ဦးမော့ရင်ကောနိုင်ဖို့ အရေး တားသင့်တာတား၊ ပိတ်သင့်တာပိတ်၊ ခွဲခြားသင့်တာ ခွဲခြားမယ်လို့ ရဲရဲရင့်ရင့်ကြီး ဖွင့်ဟခဲ့ပါတယ်။
နိုင်ငံရေးသမားတွေ ကိုယ့်သိက္ခာ ကိုယ်ငှဲ့လို့ပဲဖြစ်ဖြစ်၊ မပြောသင့် မပြောထိုက်လို့ပဲဖြစ်ဖြစ် ဒဲ့မပြောတဲ့ စကားတွေကိုလည်း သူက စကား အလှဆင်မနေပဲ ဒဲ့ဒိုး ပြောဆိုတက်လို့ လူအများက သဘောကျကြပါတယ်။ သူ့အနေနဲ့ လူတယောက်ကို သေနတ်နဲ့ ပစ်သတ်လိုက်ရင်တောင်မှ သူ့ကိုထောက်ခံသူတွေလျော့သွားမှာ မဟုတ်ဘူးလို့ ကိုယ့်ကို ကိုယ်ယုံကြည့်မှု အပြည့်နဲ့ ကျွေးကြော်ခဲ့ပါသေးတယ်။ အမေရိကန်နိုင်ငံ ဖယိုဖရဲဖြစ်လာနေလို့ လက်ညိုးထိုး အပြစ်ပုံချမယ့် သူရှာနေတဲ့ ပြည်သူတွေကို ဒေါ်နယ်ထရန့်က “အိမ်နီးချင်းနိုင်ငံက ခိုးဝင်လာတဲ့ သူခိုးဂျပိုး၊ လူဆိုးလူပေ မုဒိန်းကောင်ပေါတဲ့ မက္ကဆီကန် လူမျိုးတွေကြောင့်၊ ဘာသာရေးဘန်းပြပြီး အကြမ်းဖက်နေတဲ့ မွတ်စလင်တွေကြောင့်၊ စီးပွားရေးအရဝါးမျိုးနေတဲ့ တရုတ်တွေကြောင့်” လို့ လက်ညိုးထိုး အပြစ်တင်ဖို့ အမုန်းတရားတွေဆော်သြရင်း လူကြိုက်များလာခဲ့တာပါ။
စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေ အပါအဝင် နိုင်ငံရဲ့အခန်းကဏ္ဍတိုင်းလိုလိုမှာ နောက်ကျနေတဲ့ အမေရိကန်နိုင်ငံကို ကယ်တင်ကြဖို့ ကယ်တင်ရှင် ရှာရင်း ဘာနီဆန်းဒါးနဲ့ ဒေါ်နယ်ထရန့် တို့ကို အမေရိကန်ပြည်သူတွေက မျက်စေ့ကျနေကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးထဲက တစ်ဦးဦးဟာ အမေရိကန်သမ္မတကြီးဖြစ်လာမယ်ဆိုရင် အမေရိကန်နိုင်ငံကြီးဟာ တမူထူးခြားတဲ့ လမ်းခရီးသစ်ပေါ် လျောက်လှမ်းရမှာတော့ သေချာပါတယ်။ ဒါပေမယ့် သူတို့ပြိုင်ဘက်တွေဖြစ်တဲ့ ဟီလာရီ ကလင်တန်၊ တဒ်ခရူး၊ မာကိုရူဘီယို၊ ဂျောန်ကာဆလ်နဲ့ ဂျက်ဘွတ်ရှ် တို့ကလည်း သူတို့နည်းသူတို့ဟန်နဲ့ ပြောင်းလဲမှုတွေ ဖော်ဆောင်မယ်လို့ မဲဆွယ်စည်းရုံးရင်း အမှီလိုက်နေပါသေးတယ်။
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆


EmoticonEmoticon

Comments system

Flag Counter