ပြောင်းလဲချိန်တန်ပြီ ဆိုသော်ငြားလည်း - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)




ပြောင်းလဲချိန်တန်ပြီ ဆိုသော်ငြားလည်း - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)

“အစိုးရသစ်သာ တက်လာတယ် ဘာမှ ထိထိရောက်ရောက် မပြောင်းလဲသွားပါဘူး” ဆိုတဲ့ စကားရပ်ကို ယနေ့ကာလမှာ ဘေးထိုင်ဘုပြော နိုင်ငံရေးသမားလိုလို၊ ဝေဖန်ရေးသမားလိုလို၊ မီဒီယာသမားလိုလို ပုဂိ္ဂုလ်တွေက လူမှုကွန်ရက်ပေါ်တွေမှာ သတင်းစာမျက်နှာပေါ်တွေမှာ ရေးသားပြောဆိုနေတာကို တွေ့မြင်နေရပါတယ်။


ဖြတ်သန်းလာခဲ့ရတဲ့ ခေတ်သမိုင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့က စတင်ခဲ့ကြတဲ့ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီလူထု အုံကြွမှုကြီးမှတစ်ဆင့် ရာစုနှစ်ပေါင်းများစွာ ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့ရဲ့ အသက်သွေးချွေးပေါင်းများစွာ ရင်းနှီးပေးဆပ်ခဲ့ကြပြီး ယနေ့ကာလမှာ ပြည်သူက ရွေးချယ်တင်မြှောက်သော ပြည်သူ့ဒီမိုကရေစီ အစိုးရသစ်လက်ထက်သို့ ရောက်ရှိလာခဲ့ချိန် ဖြစ်ပါတယ်။

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ပြည်သူ့ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ထွန်းလာဖို့ အချိန်တွေ၊ ဘ၀တွေ၊ ဘယ်လောက်ပေးဆပ်ခဲ့ကြရတယ်၊ ရင်းနှီးခဲ့ကြရတယ်ဆိုတာ ဒီနေ့ လူမှုကွန်ရက်ပေါ်မှာ၊ သတင်း စာမျက်နှာတွေပေါ်မှာ ဝေဖန်ရေး၊ လေကန်ရေး ရေးသားနေကြသူတွေ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ ကြုံတွေ့မသိနိုင်ခဲ့ကြတဲ့ ဖြစ်ရပ်တွေပါ။

ပြည်သူက တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရလက်ထက် ရောက်နေတာတောင် နောက်ပြန်ဆွဲ အတွေးအခေါ်များနဲ့ တွေ့မြင်သမျှ မကောင်းပြော၊ အပြစ်ရှာ ဝေဖန်ရေးလုပ်ကြမယ် ဆိုတဲ့သူတွေကို လေ့လာကြည့်လိုက်ပြန်ရင်လည်း ၁၉၈၈ ခုနှစ်ကာလမှာ တချို့က လူ့လောကထဲတောင် မရောက်ကြသေးသလို၊ တချို့ကလည်း အဲဒီအချိန်က နို့နံ့တောင် မစင်သေးတဲ့ ကလေးအရွယ်ဘ၀ တွေဖြစ်နေကြပြီး သူတို့ကိုယ်တိုင် မပါဝင်ခဲ့ကြတဲ့ခေတ်ကို နားမလည်နိုင်ဘဲ ဝေဖန်ရေး လုပ်နေကြပြန်တာ တွေ့ရပါတယ်။ တကယ်တော့ ခေတ်စနစ်တွေ ပြောင်းလဲဖို့ဆိုတာ အဲဒီခေတ်စနစ်ထဲက လူတွေရဲ့ အကျင့်စရိုက်တွေ အဓိက ပြောင်းလဲနိုင်ကြဖို့ လိုအပ်တာပါ။ စနစ်တွေ ဘယ်လောက်ကောင်း ကောင်း လူတွေရဲ့လိုက်နာကျင့်သုံးပြောင်းလဲနိုင်မှု မရှိဘူးဆိုရင် ဘယ်လိုမှ ပြောင်းလဲချိန်တန်လာမှာ မဟုတ်ပါဘူး။ လမ်းတွေ ဘယ်လိုပင် ကောင်းမွန်အောင် ဖောက်ထားပါစေ အဲဒီလမ်းပေါ်မှာ မှန်မှန်ကန်ကန် စည်းကမ်းတကျ မလျှောက်လှမ်းနိုင်ဘူး ဆိုပါက အောင်မြင်မှုမရနိုင်ပါ။

 လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့ဒီမိုကရေစီအစိုးရသစ် တာဝန်ယူခဲ့တာဟာ အချိန်ကာလ ၇လကျော် ခန့်ရှိလာနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ အကျင့်ပျက်မှု၊ စည်းကမ်းမဲ့မှုနဲ့၊ အဂတိလိုက်စားမှု စရိုက်လက္ခဏာတွေက ယနေ့တိုင် မပြောင်းလဲနိုင်ကြသေးပါ။ ကွမ်းတံတွေးမထွေးရ ဆိုင်းဘုတ်တွေမှာ ကွမ်းတံတွေး ထွေးနေကြတုန်းဖြစ်ပြီး၊ အမှိုက်မပစ်ရဆိုတဲ့ နေရာမှာ အမှိုက်ပုံနေကြတုန်းပဲ ဖြစ်ပါတယ်။ အစိုးရသစ်အနေနဲ့ ပြောင်းလဲချိန် တန်ပါပြီဆိုတဲ့ ကြွေးကြော်မှုဟာ မြန်မာ့လူ့အဖွဲ့အစည်း တစ်ခုလုံး အတွေးအခေါ် အယူအဆ၊ အလေ့အကျင့် စရိုက်လက္ခဏာ၊ စည်းကမ်းလိုက်နာ စောင့်ထိန်းမှု၊ တရားဥပဒေ လေးစားရိုသေမှု၊ ကိုယ်ချင်းစာနာစိတ် ထားမှုဆိုတာတွေကို တစ်ဦးတစ်ယောက်ချင်းကစပြီး မိမိပတ်ဝန်းကျင်၊ မိမိမိသားစု အသိုင်းအ၀ိုင်းမှာ ပြောင်းလဲသွားကြဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် ယနေ့အထိ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက ပြောင်းလဲမှုများ နှေးကွေးလျက် ရှိနေတုန်းပါပဲ။ ဒါကြောင့် အစိုးရသစ်လက်ထက်မှာ ဘာတွေမှ ထူးထူးခြားခြား မပြောင်းလဲပါဘူးဆိုတဲ့ ဝေဖန် ပြစ်တင်မှုများအပေါ် မြန်မာ့အရေး လေ့လာသူ ဥရောပနိုင်ငံရေးပညာရှင် Dr.David Bouhelirer က သူ့အမြင်ကို ပြောကြားရာမှာ “အစိုးရသစ်လက်ထက်မှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုက ယခင်အစိုးရ အဆက်ဆက် နိုင်ငံရေးသမားတွေကို ဖိနှိပ်ချုပ်ချယ်ဖမ်းဆီးခဲ့တဲ့ ပုဒ်မ ၅(ည)လို မတရားတဲ့ ဥပဒေတွေကို ချက်ချင်း ပယ်ဖျက်နိုင်ခဲ့တယ်။

လွတ်လပ်စွာ ပြောဆိုဝေဖန်မှု၊ လွတ်လပ်စွာ ရေးသားဖော်ပြမှုတွေ ရရှိလာခဲ့တဲ့အပြင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုဆိုင်ရာ ဥပဒေကိုလည်း ပြင်ဆင်နိုင်ခဲ့တာတွေ တွေ့ရပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကို ကြည့်မယ်ဆိုရင်လည်း အရေးကြီးလှတဲ့ အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ အထူးကုန်သွယ်မှုဆိုင်ရာ အခွင့်အရေးတွေ ပြန်လည်ရရှိလာနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

အရေးကြီးဆုံးအချက်က နိုင်ငံတစ်ခုရဲ့ စနစ်တစ်ခုမှ စနစ်သစ်တစ်ခုဆီသို့ အသွင်ကူးပြောင်းရေး ကာလဆိုတာ အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်အထိ အချိန်ယူရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေအနေနဲ့ ဖိနှိပ်မှုနဲ့ ဆင်းရဲမွဲတေမှု ခံစားရတာ ရှည်ကြာခဲ့တဲ့အတွက် အစိုးရသစ် အပြောင်းအလဲမှာ ချက်ချင်းလက်ငင်း တိုးတက်ပြောင်းလဲသွားမယ်လို့ မျှော်လင့်နေခဲ့ကြတာကို တွေ့ရပါတယ်။

အသွင်ကူးပြောင်းရေး ကာလတစ်ခုကို ဖြတ်သန်းရမယ်ဆိုတာ လက်မခံနိုင်ကြသူ အတော်များများရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်လည်း ပြောင်းလဲမှု သိပ်မရှိဘူး၊ အရင်အတိုင်း သိပ်မထူးပါဘူး ဆိုတာမျိုးတွေ အားမလိုအားမရ ဝေဖန်လာခဲ့ကြတာဖြစ်ပါတယ်” လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

အဲဒီအခြေအနေမှာ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း အစိုးရသစ်ရဲ့ အပြောင်းအလဲနဲ့အတူ ဟန်ချက်ညီ ပူးပေါင်းပါဝင်နိုင်ရေးနဲ့ စပ်လျဉ်းပြီး ရန်ကုန်တက္ကသိုလ် အငြိမ်းစား ဘောဂဗေဒ ပါမောက္ခကြီးတစ်ဦးက ဝေဖန်အကြံပြုပြောကြားရာမှာ “အစိုးရက စနစ်ပြောင်းဖို့လိုတယ်။

အစိုးရကိုချည်း အပြစ်တင်နေမယ့်အစား ကိုယ်တွေကရော
ဘယ်လောက် ပြောင်းလဲလာပြီလဲဆိုတာ ပြန်ပြီးဆန်းစစ်ကြည့်ဖို့လိုတယ်။ ဒီနေ့အထိ လမ်းပေါ်မှာ ကွမ်းတံတွေးထွေးတယ်၊ ကားပေါ်ကနေလမ်းမပေါ်ကို ထွေးချတယ်၊ တွေ့ကရာနေရာ အမှိုက်ပစ်တယ်၊ မနေ့တစ်နေ့က ရန်ကုန်မှာ ညဈေးတန်းအသစ် ဆိုပြီး အစိုးရက စည်းကမ်းတကျ ဖွင့်ပေးလိုက်တယ်။

ဖွင့်ပြီးနောက် တစ်ရက်မှာ အဲ့ဒီညဈေးတန်းနောက်က ရေမြောင်းထဲကို အမှိုက် တွေပစ်ချထားတာ လူမှုကွန်ရက်ပေါ်မှာ တွေ့လာရတယ်။ အရေးကြီးဆုံးက တစ်ဦးတစ်ယောက်ချင်းစီ စည်းကမ်းမရှိရင် အစိုးရက ဘယ်လိုပဲ စနစ်ကောင်းတွေ၊ အပြောင်းအလဲကောင်းတွေ ချမှတ်ပါစေ မအောင်မြင်နိုင်ဘူးဆိုတာ အရှိတရားပါ။ နေ့စဉ်သွားလာနေကြတဲ့ ခရီးသွားပြည်သူတွေကို ကြည့်ရင်လည်း မှတ်တိုင်မှာ ဘတ်စ်ကား မစီးကြဘဲ မီးပွိုင့်မှာပဲ တားဆီးတက်ကြတဲ့ အကျင့်တွေ၊ တွေ့ကရာနေရာကနေ Taxi ငှားစီးတတ်ကြတဲ့ အကျင့်တွေ၊ လမ်းမကူးစေချင်လို့ တုံးတွေပိတ်ထားရင်တောင် ကျော်တက်ပြီး ကူးတတ်တဲ့အကျင့်တွေ ပြင်ဆင်နိုင်ကြဖို့လိုတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကလည်း အဲဒီလို ပြည်သူတွေကို နိုင်ငံကြီးသားပီသစွာ စည်းကမ်းတကျ သွားလာနေထိုင်နိုင်ကြအောင် ပညာပေးတိုက်တွန်း လမ်းညွှန်ပေးဖို့ လိုအပ်ပါတယ်။

 နောက်ဆုံး ဘယ်နေရာမဆို ရှေ့က ရောက်နေသူကို နောက်က ရောက်လာသူက (တန်းစီ)ပြီး စနစ်တကျ စောင့်ဆိုင်းပေးခြင်းဆိုတာတဲ့ အလွန်သေးငယ်တဲ့ စရိုက် လက္ခဏာ အလေ့အကျင့်တောင် ပြည်သူတွေမှာ အားနည်းနေသေးတာ ၀မ်းနည်းစရာတွေ့နေရဆဲ ဖြစ်ပါတယ်။

ဘယ်နေရာကြည့်ကြည့် တစ်ခုခုဆို ရှေ့ကိုရောက်ဖို့ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာ အရင်လုပ်ရဖို့ ဘယ်သူ့ကိုမှ အားမနာ မရှက်မကြောက်ဘဲ ကြားဖြတ်ဝင်တာ၊ ကိုယ်ရရင်ပြီးရော ဆိုတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဓာတ်တွေကို အရင်ဆုံးပြင်ကြဖို့လိုပါတယ်။ သေသေချာချာ ပြန်ပြီး ဆန်းစစ်ကြည့်မယ်ဆိုရင်လည်း နိုင်ငံသားတွေ အခုလို စည်းကမ်းမဲ့ခဲ့တာတွေ၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဓာတ်တွေ များလာခဲ့တာတွေဟာ စနစ်ဟောင်းက အမှောင်ခေတ်ကြီးထဲမှာ အရာရာကို ကြောက်ရွံ့နေခဲ့ကြ ရပြီး သက်ဦးဆံပိုင် ဘုရင်စနစ်လို အာဏာအမိန့်နဲ့ အုပ်ချုပ်ခံခဲ့ရတာကြောင့် ဆိုရင်လည်း မမှားပါဘူး။

 ပြည်သူတွေကို စည်းကမ်းရှိလာဖို့ထက် ပြည်သူတွေကို ကြောက်ရွံ့နေဖို့ တစ်ခုတည်းကိုသာ လုပ်ခဲ့ကြတဲ့အတွက် လူ့သဘောသဘာဝအရ တစ်ဖက်မှာ ကြောက်ရွံ့မှုကို တစ်ဖက်မှာ စည်းကမ်းမဲ့မှုနဲ့ ထွက်ပေါက် ပေးခဲ့ကြမှုတွေလို့ သုံးသပ်မိပါတယ်။ ကိုယ်ကျင့်တရား အပိုင်းမှာလည်း တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေ အုပ်ချုပ်မှုအောက်မှာ နိုင်ငံသားတွေ တစ်ကိုယ်ကောင်း ဆန်လာခဲ့ကြပါတယ်။ ငါရရင်၊ ငါဖြစ်ရင်၊ ငါအကျိုးအမြတ်ရရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ရလာခဲ့ကြပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေဘက်ကို ကြည့်မယ်ဆိုရင်လည်း ကိုယ်က ဘယ်လောက်ပဲ ကြိုးစားကြိုးစား အထက်အပေါ်က လူက ငါမသိရင် ငါမခိုင်းရင် ဘာမှမလုပ်ရ၊ လုပ်မိရင် အလုပ်ပြုတ်မယ်၊ အရေးယူ နယ်ပြောင်းခံရမယ်ဆိုတဲ့ စနစ်အောက်မှာ နေခဲ့ရပြန်တော့ ၀န်ထမ်းလောကမှာ ကိုယ်ပိုင် အရည်အချင်းများနဲ့ တိုင်းပြည် တည်ဆောက်ရေးဆိုတာ ပျောက်ကွယ်ခဲ့ရပြန်တယ်။ အပေါ်ဆုံးကလူက ပါးစပ်အမိန့်နဲ့ခိုင်းတာကို လိုက်လုပ်ကြရရင်း နောက်ဆုံး မိမိတို့ ကိုယ်ပိုင်အရည်အချင်းတွေ မရှိတော့ဘဲ ပြန်မပြောနားမထောင်၊ ခိုင်းတာသာ ဖြစ်အောင်လုပ်ဆိုတဲ့ အခြေအနေဖြစ်ခဲ့ရတာ ရာစုနှစ်ပေါင်းများစွာပါပဲ။ ပိုဆိုးခဲ့တာက အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုကို အထက်အဆင့်ဆင့်ကစပြီး အောက်ခြေ၀န်ထမ်းများအထိ အကျင့်ပျက်သွားခဲ့အောင် အဲဒီအချိန်က စနစ်က ပုံသွင်းသွားခဲ့ပါတယ်။

ဒါကြောင့် ယခုလို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်းကာလမှာ နိုင်ငံသား ပြည်သူတွေဘက်ကလည်း ပြိုင်တူပါဝင် တွန်းရွှေ့ကြဖို့ အလွန်အရေးကြီးပါတယ်။ နေရာတကာ အစိုးရ လုပ်မပေးလို့၊ အစိုးရက တာဝန်မကျေလို့ဆိုတာထက် မိမိတို့နိုင်ငံသားတွေ ပြည်သူတွေဘက်ကလည်း စည်းကမ်း လိုက်နာမှုကစလို့ ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် လုပ်နိုင်ကြမယ်ဆိုရင် အချိန်တိုကာလအတွင်း တိုင်းပြည်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းစနစ်ကျတဲ့ နိုင်ငံတော်ဖြစ်လာမယ်” လို့ အကြံပြု ပြောဆိုသွားခဲ့ပါတယ်။

နိဂုံးချုပ်အားဖြင့် ယနေ့တိုင်းပြည်ရဲ့ ပြည်သူ့ဒီမိုကရေစီ အစိုးရသစ်လက်ထက် အသွင်ကူးပြောင်းရေးကာလမှာ ဘေးထိုင်ဘုပြော ဝေဖန်ရေးနဲ့ လေကန်ရေးတွေ ပြောနေကြမယ့်အစား အစိုးရနဲ့ပြည်သူ အတူလက်တွဲပြီး ပြိုင်တူတွန်းရွေ့ကြရမယ့် အချိန်သာဖြစ်ပါကြောင်း၊ နိုင်ငံသားပြည်သူတွေ အနေနဲ့ အစိုးရသစ်နဲ့အတူ တစ်ဦးချင်းစီက စလို့ မြန်မာ့လူ့အဖွဲ့ အစည်းကြီးတစ်ခုလုံး စည်းကမ်းပြည့်ဝစွာဖြင့် တရားဥပဒေစိုးမိုးရေးများကို လိုက်နာကျင့်သုံးကြလျက် ချီတက်ကြပါစို့လို့ တင်ပြရေးသားလိုက်ရပါတယ်။


ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)
Category:
Articles


http://www.tomorrow.com.mm/?q=articles%2F3098



ရခိုင်အရေး ကုလ လူ့အခွင့်အရေးကော်မရှင် ပြောဆိုမှုအပေါ် မြန်မာအစိုးရရဲ့ တုံ့ပြန်ချက်




ရခိုင်အရေး ကုလ လူ့အခွင့်အရေးကော်မရှင် ပြောဆိုမှုအပေါ် မြန်မာအစိုးရရဲ့ တုံ့ပြန်ချက်

ရခိုင်ပြည်နယ်က ပဋိပက္ခတွေအပေါ် ကုလသမဂ္ဂရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး မြန်မာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို - ကိုဇော်ဝင်းလှိုင် က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး - သူက ပြောသွားတာကတော့ဗျာ ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်လည်း ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီးတော့ ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာဟာ တော်တော် ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတယ်ပေါ့နော် မောင်တောကိစ္စ ဘာညာ၊ နယ်မြေရှင်းလင်းရေးလုပ်တဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲပြောဆိုတဲ့အပေါ်မှာရောခင်ဗျ။

ဖြေ - “အဲဒါနဲ့ ပတ်သက်လို့ ကျနော်တို့ မူလကတည်းကအတိုင်း ဒီစစ်ဆင်ရေးကို စပြီး ဆောင်ရွက်ပြီဆိုကတည်းက ကျနော်တို့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာနိုင်တယ်၊ နောက် အဲ့လို စွပ်စွဲချက်တွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ အနေအထားကြောင့် ကျနော်တို့က သေသေချာချာကို ညွှန်ကြားချက်တွေ ထွက်ပြီးမှ လုပ်ခဲ့တာဖြစ်တယ်။ နံပါတ်တစ် ကျနော်တို့ ဒီလို ဆောင်ရွက်တဲ့နေရာမှာ လက်လွတ်စလွယ်မလုပ်ဘဲ သတိကြီးကြီးထားဖို့ နံပါတ်နှစ်အချက်က လုပ်သမျှ ဆောင်ရွက်သမျှသည် ဥပဒေနဲ့ညီဖို့၊ နံပါတ်သုံးအချက်က အဲ့လိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်မလာစေဖို့ ဒါမျိုး ညွှန်ကြားပြီးတော့ကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဆောင်ရွက်တဲ့အခါမှာလည်း အထူးသဖြင့်ပေါ့နော် အောက်တိုဘာလ ၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်ပေါ့ ဒါကို ကျနော်တို့က ပြန်ပြီးတော့ သတိပြုဖို့ လိုတယ်။

ဘာကြောင့်လဲဆိုတော့ ဒီကိစ္စတွေ အခု စစ်ဆင်ရေး ဆောင်ရွက်နေတဲ့ အခြေအနေတွေ ဖြစ်လာရခြင်း အကြောင်းရင်းကတော့ ကျနော်တို့နိုင်ငံမှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၃ နေရာကို တချိန်တည်း တပြိုင်တည်း ၀င်ရောက် တိုက်ခိုက်ပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်ပြီးတော့ လက်နက်တွေ ယူဆောင်သွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တယ်။ ဒီရဲ့အစက အဲဒါဖြစ်တယ်ဆိုတာကို ကျနော်တို့က ပြောချင်တယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ပေါ့နော် ဒီလိုမျိုးဖြစ်ရပ်က ဘယ်နိုင်ငံကမှလည်း လက်ခံမှာ မဟုတ်တဲ့ အခြေအနေပေါ့။ နောက်တချက်က အဲဒီနိုင်ငံရဲ့ ပြည်သူအတွက်ရော၊ နိုင်ငံအတွက်ရော၊ စိုးရိမ်ဖွယ်ရာရှိတဲ့ အနေအထားတရပ်လို့ ကျနော်တို့က ပြောနိုင်တယ်။

ဟိုတလောကပဲ အိန္ဒိယနိုင်ငံမှာ ဒီလိုပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အဲ့လိုမျိုး ၀င်ရောက် တိုက်ခိုက်ပြီးတော့ သတ်ဖြတ်သွားတဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါမှာ ကျနော်တို့ နိုင်ငံတကာကပါ ၀ိုင်းဝန်းရှုတ်ချတဲ့ သဘောရှိတယ်ပေါ့။ အဲတော့ ဒီဖြစ်စဉ်တွေ စပြီး ဖြစ်ပွားလာရတဲ့ အကြောင်းရင်းသည် မည်သည့်အကြောင်းရင်း မယ်မယ်ရရမှ မရှိဘဲနဲ့ ရုတ်ချည်းပေါ့လေ အဲ့လိုမျိုး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်လာတဲ့ အခြေအနေကနေ စတင်လာတယ်ဆိုတာကို ကျနော်တို့က သတိပြုဖို့ လိုပါတယ်။ နောက် ခုနက ကျနော်ပြောတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျနော်တို့လည်း ညွှန်ကြားထားတယ်။

ဖြစ်လာရင် အဆင့်ဆင့်သော တာဝန်ခံမှုနဲ့ ကျနော်တို့က အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အောက်မှာ ကျနော်တို့ လက်တွေ့ ဆောင်ရွက်နေရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း အင်မတန်ကို သတိထားပြီးတော့ အင်မတန် ခက်ခဲတဲ့ အနေအထားမှာ ဆောင်ရွက်နေတာဖြစ်တယ်လို့ ကျနော်တို့က ပြောချင်ပါတယ်။”

မေး - နောက်တခုက ဦးဇော်ဌေးရယ် သူတို့ပြောတာက မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ လုပ်ဆောင်ခြင်းမရှိရင်တော့ နိုင်ငံတကာရဲ့ ဝေဖန်ပြောဆိုမှုတွေကို အကြီးအကျယ် ခံရနိုင်တယ်ဆိုပြီး သူက အဲ့လိုမျိုး ထောက်ပြသွားတယ် ဂျနီဗာမှာလေ။ အဲဒါနဲ့ ပတ်သက်လို့ရောဗျ နိုင်ငံတကာ စံချိန်စံညွှန်းဆိုတဲ့နေရာမှာ အဲဒီဟာကိုရော ဦးဇော်ဌေးတို့ နယ်မြေဒေသ ရှင်းလင်းရေးလုပ်တဲ့ ၀န်ထမ်းတွေကို အဲဒါမျိုး ကိစ္စတွေနဲ့ ပတ်သက်ပြီး အသိပေးတာ၊ လမ်းညွှန်ချက်တွေ ပေးတာမျိုးတွေများ ရှိလားခင်ဗျ။

ဖြေ - “နိုင်ငံတကာ စံချိန်စံညွှန်းဆိုတာကတော့ ကျနော်တို့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဖြေရှင်း ဆောင်ရွက်တဲ့အခါမှာ လိုက်နာဆောင်ရွက်ရမှာတွေ ရှိပါတယ်။ နောက် နိုင်ငံတကာကလည်း လိုက်နာ ဆောင်ရွက်နေတဲ့ အနေအထားတွေ ရှိပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ အထူးတလည် သတိထားပြီး ဆောင်ရွက်နေတယ်ဆိုတာ ကျနော်တို့က ပြောချင်တယ်။

 နောက်တချက်က နိုင်ငံတကာ စံချိန်စံညွှန်းဆိုတဲ့အပေါ်မှာလည်း ဘယ်နိုင်ငံမဆိုပေါ့နော် သက်ဆိုင်ရာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာနိုင်ငံရဲ့ တည်ဆဲဥပဒေ၊ တည်ဆဲဥပဒေဆိုတာမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေလိုဟာမျိုး နောက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်နဲ့ ပတ်သက်တဲ့ ဥပဒေတွေလို ဟာမျိုး၊ ဒါမျိုးတွေလည်း ကျနော်တို့ အညီ ဆောင်ရွက်ရပါတယ်။ နောက်တချက်ကတော့ ကျနော်တို့နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ သဘောတူညီချက်တွေ နိုင်ငံတကာ ခုနပြောတဲ့ လိုက်နာရမယ့် သဘောတူညီချက်တွေ ဒါမျိုးတွေကို ကျနော်တို့ လိုက်နာရတဲ့ အနေအထားဖြစ်ပါတယ်။”

မေး - ဂျနီဗာမှာ အခုလို သတင်းစာ ရှင်းလင်းပွဲ လုပ်သွားတဲ့အပြင်ကို (နယူးယောက်) ကုလသမဂ္ဂရုံးမှာရှိတဲ့ အတွင်းရေးမှူးချုပ်ရဲ့ Genocide Special Advisor (လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်) Adama Dieng ကလည်း ကြေညာချက် တစောင်ထုတ်တယ်။ ဆိုလိုချင်တာကတော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တယ်၊ လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ကနေပြီးတော့ အခုလို ကြေညာချက် ထုတ်တယ်ဆိုတာဟာ - လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်နေတယ်လို့ သူက ပြောတာ မဟုတ်ပေမယ့် အဲဒီတာဝန်ယူထားတဲ့သူက ရခိုင်ပြည်မှာဖြစ်နေတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေအပေါ် စိုးရိမ် ပူပန်မှုရှိတယ်လို့ ပြောတာနဲ့ ပတ်သက်လို့ရောဗျ။

ဦးဇော်ဌေး - “ကုလသမဂ္ဂအနေနဲ့ တကယ့် သတင်းအချက်အလက် အမှန်တွေ ရရှိဖို့ လိုတယ်။ နောက် ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ကိုယ်တိုင်သည် ဒီဒေသကို သွားရောက်ပြီးဖြစ်တယ်။ ကျန်တဲ့ သံတမန်တွေနဲ့အတူ သွားရောက်ခဲ့တယ်။

 သွားရောက်ခဲ့တဲ့ အပေါ်မှာလည်း အစီရင်ခံချက်တွေကလည်း လက်တွေ့ အခြေအနေမှန်ကို ထင်ဟပ်နိုင်မယ်လို့ ကျနော်တို့က မျှော်လင့်တယ်။ နောက်တချက်က ကျနော်တို့ ဒီဟာနဲ့ ပတ်သက်လို့ စွပ်စွဲ ပြောကြားချက်တွေကို အခြေပြုပြီးတော့ UNHCR ၀န်ထမ်း တဦးပေါ့၊ ကုလသမဂ္ဂ ၀န်ထမ်းတဦးနဲ့ မညီညွတ်တဲ့၊ ဂုဏ်သိက္ခာမရှိတဲ့၊ ကျင့်ဝတ်မရှိတဲ့ စွပ်စွဲ ပြောကြားချက်၊ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး ပြောကြားချက်တွေက နိုင်ငံတကာမီဒီယာမှာ တာသွားပါတယ်။

အထူးသဖြင့် Cox’s Bazaar မှာရှိတဲ့ UNHCR ၀န်ထမ်းရဲ့ အဆင်ခြင်မဲ့ ပြောကြားချက်က ကျနော်တို့ နိုင်ငံအပေါ်ကို အထူးတလည် ထိခိုက်စေတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း အစိုးရအနေနဲ့ သက်ဆိုင်ရာတွေကို ကျနော်တို့ ရှင်းလင်း ပြောကြားပြီး၊ Complaint လုပ်ပြီး ဖြစ်ပါတယ်။ အဲဒီအပေါ်မှာလည်း ကုလသမဂ္ဂအနေနဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲ ပြောကြားချက်တွေကို နားယောင်နေမယ့်အစားပေါ့လေ၊ လက်တွေ့ အခြေအနေမှန်ကို ထင်ဟပ်တဲ့၊ အချက်အလက်ကို အခြေပြုတဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေ၊ သတင်းတွေကိုပဲ အလေးထားသင့်တယ်။

နောက်တချက်ကတော့ ကျနော်တို့အနေနဲ့ အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲမှာ အခုလို အကြောင်းမဲ့ပေါ့နော်၊ အကြောင်းပြချက်မဲ့ ဖြစ်လာတဲ့ မောင်တော အကြမ်းဖက် တိုက်ခိုက်ခံရမှုကို ကျနော်တို့ အစိုးရအနေနဲ့ ဥပဒေနဲ့အညီ ခုနကပြောတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိအောင် အတတ်နိုင်ဆုံး သတိထားပြီး ဆောင်ရွက်နေတာ ဖြစ်တယ်။ သို့ပေမယ်လို့ ကျနော်တို့ မီဒီယာမှာ၊ နိုင်ငံတကာ မျက်နှာစာမှာ ဒီ ဘာသာရေးကို အကြောင်းပြုပြီးတော့ အုံနဲ့ ကျင်းနဲ့ စည်းရုံး လှုံ့ဆော်နေတယ်။ တချို့လည်း သူတို့နိုင်ငံတွေမှာ ပြည်တွင်းနိုင်ငံရေးအခြေအနေ လူထု ထောက်ခံမှု ရယူဖို့ အခြေအနေ အကြောင်းရပ်ပေါ် မူတည်ပြီးတော့ ဘာသာရေးကို အကြောင်းပြုပြီးတော့ ဆောင်ရွက်နေတာတွေလည်း တွေ့ရတယ်။

အဲဒီအပေါ်မှာလည်း ကျနော်တို့ နိုင်ငံအနေနဲ့ ပြန်ပြီးတော့ သတင်းအချက်အလက်အမှန်တွေနဲ့ ချေပဖို့ လုပ်ပေမယ့်လို့လည်း ဒီ အုံနဲ့ ကျင်းနဲ့ပေါ့နော်၊ ငွေကြေးအင်အားရော များစွာ သုံးပြီးတော့ ဆောင်ရွက်နေတဲ့ ဒီ Lobby အုပ်စုတွေကို ကျနော်တို့ကတော့ တော်တော်လေး ခက်ခက်ခဲခဲ ဖြေရှင်းနေရတဲ့ အနေအထားဖြစ်တယ်။

ဒီအပေါ်မှာ ကုလသမဂ္ဂလို အဖွဲ့အစည်းအနေနဲ့ နားယောင်သွားနိုင်တယ်။ သတင်းအချက်အလက် အမှားတွေကို အမှန်လို့ ယူဆသွားနိုင်တာ ကျနော်တို့ သဘောပေါက်တယ်။ အဲဒါကိုလည်း ကျနော်တို့ဘက်ကတော့ တတ်နိုင်သမျှ အမှန်တရားနဲ့ ဖြေရှင်း တုန့်ပြန်သွားမှာ ဖြစ်သလို၊ ကုလသမဂ္ဂနဲ့လည်း ဆက်လက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်သွားမယ်။

သို့သော် ကျနော်တို့နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ အထူးသဖြင့် ဒီလိုမျိုး ပြောကြားတဲ့အခါမှာ စိတ်မကောင်းဖွယ်ရာဖြစ်တဲ့ ကျနော်တို့ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အကြောင်းမဲ့ အကြမ်းဖက်တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့အပေါ်မှာ စာနာ နားလည်မှု ပေးဖို့လိုတယ်။ အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်စဉ်မှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုကို ပြန်ပြီးတော့ သတိပြုဖို့လိုတယ်။ အဲဒီ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ခက်ခဲတဲ့အနေအထားပေါ့နော်၊ အဲဒါတွေကိုလည်း သိမြင် နားလည်ဖို့လိုတယ်လို့ ကျနော်တို့က ပြောချင်ပါတယ်။”




http://burmese.voanews.com/a/un-burma-rohingya/3616984.html…




မြန်မာ့နိုင်ငံရေးကို အခြားသောတံခါးပေါက်တစ်ခုမှ ကြည့်မိခြင်း







မြန်မာ့နိုင်ငံရေးကို အခြားသောတံခါးပေါက်တစ်ခုမှ ကြည့်မိခြင်း



(၁)
”အရှင်မင်းကြီး၊ အကျွန်ုပ်တို့ သွန်းလောင်းသော ရေစက်ကို ခံယူတော်မူ၍၊ အကျွန်ုပ်တို့ဆိုသော စကားအတိုင်းကျင့်ဆောင်တော် မူ၍၊ ပြည်သူ့လုပ်ခွန် ဆယ်ဖို့တစ်ဖို့ ခံယူစားသုံးတော်မူ၍၊ မင်း၏စည်း စိမ်ကိုခံစံပြီးသော် ပြည်သူကို တရားသဖြင့် စောင့်ရှောက်တော်မူပါလော့။ အရှင်မင်းကြီး အကျွန်ုပ်တို့ဆိုသော စကားအတိုင်း ကျင့်တော်မူပါသော် ကား ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာသော အကျိုးတက်တိုးလေလျက်၊ တက် သစ်သောနေ၊ ဆန်းသစ်သောလ ကဲ့သို့၊ တစ်နေ့တစ်ပါး ကျက်သရေ တော်ပွင့်လင်း၍၊ ပြည်ထောင်မင်း ပေါင်း၊ ဦးခေါင်းညွှတ်လာ၊ သဒ္ဓါ ပြည့်ဖြိုး၊ သူခိုးဓားပြ၊ ငြိမ်းချမ်းသာယာ၊ သာသနာတော် တည်ထွန်း၊ ရေစာမရှား၊ မင်းအား ပြည်သူ၊ ဆုယူနေ့တိုင်း ကောင်းချီးပေးလျက်၊ သက်တော်ရာကျော် စံတော်မူရသည်ဖြစ်စေသောဝ်။
ယင်းသို့မဟုတ် ကျွန်ုပ်တို့ စကားအတိုင်းမတည်၊ မင်းကောင်း မင်းမြတ်တို့ ဝန်ခံသော ဘိသိက် သစ္စာပျက်ပချေသော်၊ ကမ္ဘာဆူ ဝေ၊ လေမုန်တိုင်းဆင်၊ ငလျင်တော် လည်း၊ မြေကြီးကွဲ၍၊ ငရဲမီးလျံ၊ ဝင်းဝင်းပြောင်ပြောင်၊ တောက် လောင်ကြေညက်၊ သူပျက်သူ လောင်၊ ထောင်ထောင်ထားထား၊ ခိုးသားတန္တ၊ စသည် ထွေထွေ၊ နေလတံခွန်၊ ငှက်ပျံငှက်ယုတ်၊ စုန်းဘုတ်တစ္ဆေ၊ နန်းထက်နေ၍၊ မွှေမွှေလှန့်ခြောက်၊ြေ>ွမဟောက် ငန်းကျား၊ တက်၍စားသည် ဖြစ် စေသောဝ်” ဟူသည့် ကတိပဋိ ညာဉ် စကားကို ရှေးမြန်မာမင်းတို့ ဘိသိက်မြှောက်သည့် အခမ်းအ နားတွင် တိုင်းသူပြည်သားထဲမှ နိုင်ငံ့မျက်နှာဖုံးဖြစ်သည့် သြူ<ွကယ် ကြီးများက ဘုရင်အားတင်လျှောက် ကြရသည်။ ယင်းသည် မဟာဝန် ကျမ်းလာ မဟာသမ္မတတင်မြှောက် ပုံမှ ဆင်းသက်လာသည့် ရှေးမြန် မာပဒေသရာဇ်စနစ်၏ မင်းနှင့် ပြည်သူ အညမညကတိကဝတ်ပဋိ ညာဉ်ပင်ဖြစ်ပြီး ထိုစနစ်နှင့်ထိုခေတ် ၏ လူ့အဖွဲ့အစည်းဆိုင်ရာ နိုင်ငံရေးအတွေးအခေါ်လည်းဖြစ်သည်။
မြန်မာပဒေသရာဇ်တို့က တိုင်းသူပြည်သားတို့အား သက်ဦးဆံပိုင်ဟူသည့် စိုးမိုးခွင့်ရခြင်းမှာ ယင်းကတိကဝတ် ပဋိညာဉ်အရ ပင်ဖြစ်သည်။ ”ရှင်ဘုရင်တို့အား အသက်ဦးဆံပိုင် ဟူသောအခွင့်အရေးကို ထာဝရဘုရားသခင်(သို့)ဒေဝတာများက အပ်နှင်းထားပြီး ဖြစ်သည်”ဟူသည့် Divine Right of Kings ဆိုသည့် အနောက်တိုင်း ပဒေသရာဇ်သက်ဦးဆံပိုင်အတွေးအခေါ်နှင့်မတူချေ။
မြန်မာနိုင်ငံဝယ် သက်တမ်းကြာရှည်စွာ တည်ရှိခဲ့သော ပဒေသရာဇ်စနစ်သည် အဆိုပါ အတွေးအခေါ်ကို အခြေခံထားသည်ဆိုလင့်ကစား အချို့သောမင်းဘုရင် တို့သည် မိမိတို့ကိုယ်မိမိ စန္ဒာလမင်း၏ အဆက်အနွယ်(စန္ဒြဝံသ)၊ သူရိန်နေမင်း၏ အဆက်အနွယ် (အာဒိစ္စဝံသ)စသည်ဖြင့် ခံယူလာကြပြီး ပညာဥာဏ်အရာဝယ် အတု မရှိသော ဗောဓိသတ် ဟူသည့် ဘွဲ့ အမည်နာမကိုပင် ခံယူကြကာ အနောက်တိုင်း ပဒေသရာဇ်သက်ဦး ဆံပိုင်အယူအဆနှင့် မနီးယိုးစွဲ ဖြစ်လာသည့်နှယ်ပင် ပြည်သူတို့ထံမှ အချုပ်အခြာအာဏာကို တစ်ချက်လွှတ် သိမ်းယူကြသည်တို့ လည်းရှိခဲ့ပါသည်။
မည်သို့ပင်ဆိုစေကာမူ ပဒေသရာဇ်စနစ်သည် မြန်မာနိုင်ငံဝယ် ၁၉ရာစု ကုန်ခါနီးကာလအထိပင် သက်တမ်းရှည်ကြာခဲ့ပါသည်။ မင်းဆိုးမင်းညစ်များ ရှိခဲ့သည့်တိုင် အောင်မင်းနှင့်ပြည်သူ အညမည ပဋိညာဉ်ကတိကဝတ်ကို အလေး ထားစောင့်ထိန်းကြသည့် အနော်ရ ထာ၊ ကျန်စစ်သား၊ အလောင်းစည် သူ၊ နရပတိစည်သူ၊ ဘုရင့်နောင်၊ သာလွန်မင်း၊ အလောင်းဘုရား ဦးအောင်ဇေယျ၊ ဘိုးတော်ဘုရား၊ မင်းတုန်းမင်း အစရှိသည်ဖြင့် ပုဂံခေတ်၊ အင်းဝ-ဟံသာဝတီ ခေတ်၊ တောင်ငူ- ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်အထိ နိုင်ငံနှင့် ပြည်သူအကျိုးသယ်ပိုးသော မင်း များအုပ်ချုပ်ခဲ့ကြပါသည်။ အဆိုး နှင့်အကောင်း ချိန်ဆကြည့်ပါက အကောင်းဘက်မှ အလေးသာသော မင်းများ ပေါ်ထွန်းခဲ့ကြခြင်းက ပို များပါသည်။
မြန်မာနိုင်ငံသမိုင်းကို လူတန်းစားအမြင်ဖြင့်သုံးသပ်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံပဒေသရာဇ် ခေတ်ကာလများဝယ် အနောက်နိုင်ငံများတွင်ကဲ့သို့ အရင်းရှင်စနစ် ပေါ်ထွန်းမလာခဲ့။ ရှိခဲ့သော အ ရင်းရှင် သြူ<ွကယ်ကြီးများကလည်း ပဒေသရာဇ်စနစ်ကို တော်လှန်ခြင်း ဖျက်ဆီးခြင်းများ မပြုလုပ်ခဲ့။ ”ဓန ရှင်လူတန်းစားသည် ပဒေသရာဇ် ဆန်သော၊ အဖကြီးစိုးသော၊ ကျေး လက်ဆန်သော ဆက်ဆံရေးအား လုံးကို အဆုံးသတ်ပစ်လိုက်သည်။ ‘ဘုန်းရှင်ကံရှင်များ’ က တုပ်နှောင် ထားသည့် ပဒေသရာဇ် နှောင်ကြိုးများကိုလည်း အကြင်နာကင်းစွာ ပင် ဖြတ်တောက်လိုက်ကြသည်။ ‘လက်ငင်းငွေချေစနစ်’မှတစ်ပါး အ ခြားမည်သည့်အရာကိုမျှ ချန်မ ထားခဲ့” ဆိုသည့်ဖြစ်ရပ်မျိုး ရှေး မြန်မာသမိုင်းတွင်မရှိခဲ့။ ကိုလိုနီ ခေတ်ဦးပိုင်း တော်လှန်ရေးများသည်ပင် ပဒေသရာဇ်စနစ်ကို ပြန် လည်အသက်သွင်းလိုသောတော် လှန်ရေးများသာပင်ဖြစ်ခဲ့ကြသည်။
(၂)
သို့ရာတွင် အနောက်တိုင်းမှ အရင်းရှင်စနစ်သည် မြန်မာနိုင်ငံ သို့ သင်္ဘောစီး၍ ရောက်လာခဲ့လေသည်။ ”အမေရိကတိုက်ကို ရှာဖွေ တွေ့ရှိခြင်းနှင့် အာဖရိကတိုက်အား ကွေ့ပတ်သည့် ပင်လယ်လမ်းခရီး ကို ရှာဖွေတွေ့ရှိခြင်းတို့သည် ထွန်းသစ်စ ဓနရှင်လူတန်းစားအတွက် စားကျက်သစ် ဖွင့်လှစ်ပေးလိုက် သည်။ အရှေ့အိန္ဒိယနှင့် တရုတ် ပြည်ဈေးကွက်များ၊ အမေရိက တိုက်အား ကိုလိုနီအဖြစ်သွတ်သွင်းမှု၊ ကိုလိုနီများနှင့် ကုန်သွယ်မှု၊ ဖလှယ်ရေးနည်းလမ်းနှင့် ကုန်စည် အရေအတွက် ယေဘုယျတိုးများ လာမှုတို့က ကူးသန်းရောင်းဝယ်ရေး၊ ပင်လယ်ခရီးသွားလာရေးနှင့် စက်မှုလုပ်ငန်းတို့ကို မကြုံစဖူး တွန်းအားပေးလိုက်သည်” ဟူ၍ ဆိုကြသည့်အတိုင်းပင်လျှင် မြန်မာ နိုင်ငံအပါအဝင် အာရှတိုက်ကုန်းမြေနှင့် အိန္ဒိယသမုဒ္ဒရာရေပြင် များသို့ ဥရောပတိုက်သားများသည် ၁၃ ရာစုခန့်ကတည်းကပင်လျှင် ရောက်ရှိလာခဲ့ကြသည်။
”မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ် ရောက်လာသူများလည်း ရှိသေး၏။ တစ်ဆယ့်သုံး ရာစုကုန်ခါနီးက မာကိုပိုလိုသည် မြန်မာနိုင်ငံတွင်းသို့ ကိုယ်တိုင်မ ရောက်သော်လည်း ယူနန်ကနေ၍ သတင်းစကားမေးကာ ပုဂံမြို့တော် အကြောင်းကို မှတ်တမ်းရေးခဲ့၏။ တရုတ်နှင့် မြန်မာတို့ နယ်စပ်၌ ၁၂၇၇ ခုနှစ်တင် တိုက်ခိုက်ကြပုံ (ငဆောင်ချမ်းစစ်ပွဲမဟုတ်) ကို အသေးစိတ်ဖော်ပြခဲ့၏။ နီကိုလိုဒီ ကွန်တီခေါ် ဗဲနစ်မြို့သားသည် မြန်မာနိုင်ငံသို့ ၁၄၃၅ ခုနှစ်၌ ရောက်လာ၏။ ရခိုင်၊ တနင်္သာရီ၊ အဝ၊ သထုံနှင့် ပဲခူး စသောမြို့များ သို့ ရောက်ခဲ့သည်။ ဂျီနီဝါမြို့သား ဟာရိုနီမိုဒေစန်တို စတီဖင်နိုသည် မြန်မာနိုင်ငံသို့ ၁၄၉၆ ခုနှစ်က ရောက်လာ၏။ ပဲခူးမင်းကို အလွန် ချီးမွမ်း၍ရေးသည်။ အဝသို့သွား နေသော်လည်း ပဲခူး၊ အဝ စစ်ဖြစ် နေ၍ မရောက်နိုင်ခဲ့ချေ။ ဗိုလုံးနား မြို့သား လုဒိုဗိကိုဒိဗာသေမသည် ၁၅ဝ၅ -၁၅ဝ၆ ခုနှစ်များ၌ မြန်မာ နိုင်ငံသို့ရောက်လာကာ တနင်္သာရီ နှင့် ပဲခူးသို့ဝင်သွားသည်။ စည်ပင် သာယာဝပြောသည်ကို မြင်တွေ့ သွားရ၏။ အင်္ဂလိပ်အမျိုးသားထဲမှ မြန်မာနိုင်ငံသို့ ပထမဦးဆုံးရောက် လာသူကား ရက်ဖ်ဖိုက်ခ်ျ ဖြစ်ပါသည်။ နန္ဒာဘုရင်လက် ၁၅၈၆ ခုနှစ်၌ရောက်လာသည်။ ပုသိမ်၊ မြောင်းမြ၊ ဒလ၊ သန်လျင်၊ ဒဂုံ၊ ပဲခူး စသည့်အရပ်များသို့ရောက်၍ အရောင်းအဝယ်များကို မှတ်သား ရေးသားခဲ့သည်။ သြဂတ်စတင် ရဟန်းဂိုဏ်းမှ ပေါ်တူဂီ ရဟန်း တော် ဆီဗက်စတီယန် မင်နရစ် သည် ရခိုင်သို့ ၁၆၃ဝ ပြည့်တွင် ရောက်လာ၍ ထိုနိုင်ငံ၌ ငါးနှစ်ခန့် နေခဲ့သည်။ ရခိုင်၌ သီရိသုဓမ္မ (၁၆၂၂-၃၈) အုပ်စိုး၍ မြန်မာဘက်၌ သာလွန်(၁၆၂၉- ၄၈) အုပ် စိုးသောခေတ်ဖြစ်သည်။ မြို့ ဟောင်းအကြောင်းကို သိကောင်း စရာများစွာရေးခဲ့သည်။ မြန်မာ နိုင်ငံရောက် အခြား ဥရောပတိုက် သားတို့ကား ၁၄၇ဝ ပြည့်နှစ်က ရောက်သော နီတီကင်၊ ၁၅၆၈ ခုနှစ်ကရောက်လာသော ဆီဇာဖ ရက်ဒရစ်နှင့် ၁၅၈၃ ခုနှစ်ရောက် ဂက်စပါရိုဗာလဗ် တို့ဖြစ်သည်” ဟူ၍ မြန်မာနိုင်ငံသို့ရောက်ခဲ့ကြ ဖူးသော ဥရောပသားတို့အကြောင်း ကို ဒေါက်တာသန်းထွန်းက သူ၏ ‘ခေတ်သစ်ရာဇဝင်’ တွင် ရေးသား ခဲ့သည်။
သို့ရာတွင် အရင်းရှင်စနစ် သည် ဥရောပတိုက်တွင် ၁၅ ရာစု အကုန်ပိုင်းခန့်မှသာလျှင် တိုးတက် ဖြစ်ထွန်းသော အခြေသို့ ရောက် သဖြင့် ကုန်ထုတ်လုပ်ငန်း ဖြစ်ပေါ် တိုးတက်မှုအရ ဓနရှင်လူတန်းစား သည် ကုန်ထုတ်ကိရိယာများကို အဆက်မပြတ် အသစ်ရှာဖွေပြောင်း လဲမှု၊ ကုန်လုပ်ဆက်ဆံရေးကို အ ဆက်မပြတ် အသစ်ရှာဖွေပြောင်း လဲမှုမလုပ်ဘဲ မတည်တံ့နိုင်လေရ ကား ပင်လယ်ရပ်ခြား တိုင်းတစ်ပါး တို့နှင့် ကုန်သွယ်ရောင်းဝယ်မှုပြု ရန်အတွက် ရှေးက လှည့်လည်ခဲ့သူ တို့၏ မှတ်တမ်းမှတ်ရာများကိုအမှီ သဟဲပြု၍ သမုဒ္ဒရာအသီးသီးကို သင်္ဘောအစီးစီးတို့ဖြင့် စွန့်စားဖြတ် သန်းကာ ဈေးကွက်သစ် နယ်မြေ သစ်များကို သည်းသည်းမည်းမည်း ရှာဖွေကြလေတော့သည်။ ဥရောပတိုက်သားတို့ အာရှ နိုင်ငံများသို့ ကနဦးရောက်ရှိလာ ကြခြင်းမှာ အာရှထွက်ကုန်များကို မက်မောစွာလိုချင်ကြခြင်းကြောင့် ဖြစ်သော်လည်း နောက်ပိုင်းတွင်မူ အာရှနိုင်ငံများ၏ ရာသီဥတုနှင့် သယံဇာတြ<ွကယ်ဝမှုများကို တွေ့ လာ မြင်လာ သိလာကြသည်တွင်မူ ကိုလိုနီပြုရန်အတွက်ကို ပိုမိုအ လေးထားလာခဲ့ကြသည်။
ထိုနည်းတူစွာပင်လျှင် ၁၇ ရာ စုတစ်ဝက်နီးပါးအထိ မြန်မာနိုင်ငံ ကို စိတ်ဝင်စားမှုမရှိခဲ့သော ဗြိတိ သျှတို့သည်လည်း ထိုနှစ်များ နောက်ပိုင်းဝယ် မြန်မာနိုင်ငံအပေါ် အထူး စိတ်ဝင်စားလာခဲ့တော့ သည်။ ကုန်းဘောင်ခေတ်ဦးပိုင်းမှ စတင်၍ မြန်မာနိုင်ငံသို့ နည်းအ မျိုးမျိုးဖြင့် ဝင်ရောက်လာကာ၊ နည်းအမျိုးမျိုးဖြင့်လည်း ဝင် ရောက် ခြယ်လှယ်စွက်ဖက်လာကြ သော ဗြိတိသျှတို့သည် ကုန်း ဘောင်ခေတ် နှောင်းပိုင်းသို့ရောက် သည်တွင် မြန်မာနိုင်ငံကို စည်း မျဉ်းခံဘုရင်စနစ်သို့ ပြောင်းစေပြီး အရင်းရှင်နိုင်ငံ ထူထောင်စေရန် ဖိအားအမျိုးမျိုးပေးလာခဲ့သည်။
(၃)
ထိုအချိန်တွင် မြန်မာနိုင်ငံ တွင်လည်း တိုင်းပြည်ကို ခေတ်မီ တိုးတက်စေလိုသော အနောက် တိုင်းခေတ်ပညာတတ် လူငယ် လူ ကြီးများ ပေါ်ပေါက်နေလေပြီဖြစ် ရကား လက်ရှိ ပဒေသရာဇ်စနစ် ကို စည်းမျဉ်းခံဘုရင်စနစ်သို့ ပြောင်းမှသာလျှင် မိမိတို့ မြန်မာ နိုင်ငံသည်လည်း ခေတ်နှင့်အမီ ရင်ပေါင်တန်း တိုးတက်နိုင်မည် ဖြစ်ကာ နယ်ချဲ့ဝင်ရောက်ထား သော ဗြိတိသျှတို့ကိုလည်း ပြန် လည်မောင်းထုတ်နိုင်မည်ဟု ယုံ ကြည် ယူဆခဲ့ကြသူများ ရှိခဲ့ကြ သည်။ ထိုပုဂ္ဂိုလ်များအနက် ကင်း ဝန်မင်းကြီး ဦးကောင်း၊ ယောမင်း ကြီးဦးဘိုးလှိုင်တို့မှာ အထူးထင်ရှား ခဲ့ပြီး ဦးဘိုးလှိုင်သည် သီပေါမင်း လက်ထက်တွင် ၁၄ ဌာန အုပ်ချုပ် ရေးကိုအစပြုခဲ့ကာ စည်းမျဉ်းခံ ဘုရင်စနစ် လက်စွဲကျမ်းဟု ဆိုနိုင် သော ‘ရာဇဓမ္မသင်္ဂဟကျမ်း’ကို ပြုစုခဲ့သည်။ ဦးဘိုးလှိုင်၏ ၁၄ ဌာနအုပ် ချုပ်ရေးဆိုသည်မှာ လစ္ဆဝီမင်းသား တို့ကို အကြောင်းပြု၍ မြတ်စွာ ဘုရားဟောကြားတော်မူသော သုတ်မဟာဝါ ပါဠိတော်၊ မဟာပရိ နိဗ္ဗာန သုတ်လာ အပရိဟာနိယ တရားခုနစ်ပါးကို အခြေခံ၏။
အပရိဟာနိယတရား ၇ ပါး တို့မှာ –
၁။ စည်းဝေးတိုင်ပင်ခြင်း
၂။ အညီအညွတ်ဆောင်ရွက်ခြင်း
၃။ ဥပဒေအတိုင်းကျင့်ခြင်း
၎။ လူကြီးသူမတို့၏ အဆုံးအမ ၌တည်ခြင်း
၅။ အမျိုးသမီးအား မနှိပ်စက်ခြင်း
၆။ မြို့စောင့် ရွာစောင့်နတ်တို့အား ပူဇော်ခြင်း
၇။ ရဟန္တာတို့အား စောင့်ရှောက် ခြင်း ဟူ၍ဖြစ်လေသည်။
ထိုတရားတို့ကို အခြေခံ၍ မင်းတုန်းမင်းလက်ထက်က လေး ဌာနအုပ်ချုပ်ရေးကို ၁၄ ဌာနအုပ် ချုပ်ရေးဖြင့် အစားထိုးလိုက်သည်။ မှတ်တမ်းများအရ ၁၂၄ဝ ပြည့်နှစ် သီတင်းကျွတ်နှင့် တန်ဆောင်မုန်း လများတွင် တောင်ဥယျာဉ်အစည်း အဝေးဆုံးဖြတ်ချက်အရ ဝေပုံကျ ၁၄ရပ်ကို ပိုင်းခြားသတ်မှတ်ခဲ့ ကြောင်းသိရသည်။ ဝေပုံကျဆို သည်မှာ ယခုခေတ်အခေါ်ဝန်ကြီး ဌာနများပင်ဖြစ်ပြီး ဝေပုံကျ ၁၄ ဌာနမှာ –
၁။ လယ်ယာဌာန
၂။ လက်အလုပ်ဌာန
၃။ ကုန်းကြောင်းစစ်ဌာန
၎။ အကောက်ခွန်ဌာန
၅။ သာသနာပညာဌာန
၆။ ပူရိသမေဓဌာန
၇။ သဿမေဓဌာန
၈။ ရာဇဝတ်ဌာန
၉။ တရားဌာန
၁ဝ။ ရေကြောင်းစစ်ဌာန
၁၁။ နိုင်ငံခြားဌာန
၁၂။ တွဲဖက်ရုံးဌာန
၁၃။ မြို့ရေးရွာမှုဌာန
၁၄။ စက်အလုပ်ဌာန ဟူ၍ဖြစ် ကြလေ၏။
အနောက်တိုင်းပါလီမန်တွင် လွှတ်တော်နှစ်ရပ်ဖြင့်စည်းဝေးဆုံး ဖြတ်ကြခြင်းကိုလည်း ”နိုင်ငံတွင်း မြို့ကျေးရွာလူတို့က သဘောတူပေးသည့် လူကြီးစုတစ်သင်း ( House of Commons )၊ အရိုးအစဉ်အတိုင်းလာသော မှူးမတ်စုတစ်သင်း (House of Lords)… ဤမှူး မတ်နှစ်သင်းတို့သည် တိုင်းရေး ပြည်မှုကို လုပ်ဆောင်မည်ဟု ညှိ နှိုင်းကြသည်ကာလ၊ သတင်းစာ ဆရာတို့ကိုလည်း ညှိနှိုင်းရာသို့ ဝင်၍ နားထောင်စေပြီးလျှင်၊ ညှိ နှိုင်းပြောဆိုသမျှစကားကို သတင်းစာ၊ ကြော်ငြာစာရိုက်၍ နေ့စဉ် နိုင်ငံကိုထုတ်သည်” စသည်ဖြင့် ဦးဘိုးလှိုင်က ထည့်သွင်းရေးသားထားသည်။
မဆုတ်မယုတ် မပျက်စီးနိုင် ခြင်းဟု အဓိပ္ပာယ်ရသော အပရိဟာနိယ တရားခုနစ်ပါးကိုအခြေခံ ၍ ”တိုင်းပြည်နိုင်ငံကို တစ်ယောက် နှစ်ယောက်၏ သြဇာနှင့်သာ အုပ် စိုးလျှင် ပုထုဇဉ်ဖြစ်၍ အမှားအ ယွင်းများရန်ရှိသောကြောင့် တစ် ယောက်နှစ်ယောက်၏ သြဇာနှင့် မပြုလုပ်၊ မင်းမှူးမတ်တို့ စည်းဝေး ပြုလုပ်လျှင် အမှားအယွင်းရှိရန် မရှိ”ဟူသည့် သဘောတရားဖြင့် ယောမင်းကြီး ဦးဘိုးလှိုင်သည် ရာဇဓမ္မသင်္ဂဟကျမ်းကို ပြည့်စုံစွာ ပြုစုခဲ့ခြင်းဖြစ်ပြီး ၁၂၄ဝ ပြည့်နှစ် နတ်တော်လဆန်း ၇ရက်(၁၈၇၈ နိုဝင်ဘာ ၃ဝ)တွင် ကျမ်းပြု၍ ပြီး စီးခဲ့ကာ သီပေါမင်းထံ ဆက်သခဲ့သည်။ သို့ရာတွင် ရာဇဓမ္မသင်္ဂဟ ကျမ်းကို သီပေါမင်းကလက်မခံခဲ့ ချေ။ ကျမ်းတွင် တင်ပြထားသည့် ငွေတိုက်စနစ်အရ ရွှေပြည်ဝန်ကြီး က ရှင်ဘုရင်၊ မိဖုရား၊ သားတော်၊ သမီးတော်တို့ကို လခနှင့်ထားရန်၊ ငွေကို ငွေတိုက်မှသာလျှင် ထုတ် ယူသုံးစွဲရန် အစရှိသည်တို့ကိုလည်း အတွင်းတော်က ရွှေနားတော်ကြား သောအခါ ”ခက်ကုန်ပြီ၊ ငါတို့ပိုင် တဲ့ ငွေကို ငါတို့သဘောအတိုင်းမှ မသုံးရ၊ သုံးလိုလျှင် ရွှေပြည်မင်းကြီး ထံ အမိန့်ခံ၍ သုံးရတော့မည်။ သည်အတိုင်းမှန်လျှင် ငါတို့ကို ရှင်ဘုရင်အဖြစ်မှ ချတာပဲ”ဟူ၍ အ မျက်ထွက်လေသည်။
ထို့ကြောင့် ရာဇဓမ္မသင်္ဂဟကျမ်းကို သီပေါမင်းထံ တင်ဆက် ပြီး ရက်ပေါင်း ၅ဝ မျှကြာသော် ဦးဘိုးလှိုင်သည် ရွှေပြည်ဝန်ရာထူး မှ ပြုတ်လေတော့သည်။ နောက် ၃ လခန့်ကြာလေသော် သူတီထွင် စီစဉ်ခဲ့သည့် လွှတ်တော်အစည်း အဝေးကိုလည်း ကျင်းပခြင်းမပြု တော့။ ဤတွင် ဘုရင်ကို ဂုဏ်ထူး ဆောင်အဖြစ် ထိုက်သင့်သော အခွင့်အာဏာများပေးပြီး နိုင်ငံ ရေး အာဏာအဝဝကို ပါလီမန်က ချုပ်ကိုင်မည့် စည်းမျဉ်းခံ ဘုရင် စနစ်သည်လည်း မြန်မာနိုင်ငံတွင် ဖြစ်ထွန်းမလာတော့။ ထိုစဉ်က မြန်မာဘုရင်နှင့် အတွင်းတော် အသိုင်းအဝိုင်းသည် ပဒေသရာဇ် စနစ်ကို ဆက်လက်ထိန်းသိမ်းထား လိုသော ကွန်ဆာဗေးတစ်များ ဖြစ် ကြသည်။ အာဏာကို အထိပါး မခံ။ ထို့ကြောင့် ဗြိတိသျှတို့ဖြစ်စေ ချင်သည့် အရင်းရှင်ပါလီမန်ပုံစံဖြင့် အုပ်ချုပ်သော စနစ်ကိုထူထောင် ရန် မအောင်မြင်ခဲ့။ ထို့ကြောင့်ပင် လျှင် မြန်မာနိုင်ငံကို ပဒေသရာဇ် နိုင်ငံမှ အရင်းရှင်နိုင်ငံအဖြစ် ပြောင်းလဲလိုသော ဗြိတိသျှတို့ သည် စစ်သည်လက်နက်အင်အား ဖြင့် ဘုရင်ကို နန်းချကာ နိုင်ငံကိုပါ သိမ်းလိုက်လေတော့သတည်း။ မြန်မာနိုင်ငံ၏ ပဒေသရာဇ် စနစ်သည် ထိုအခါတွင် နိဌိတံခဲ့ပြီး အရင်းရှင်စနစ်ကို ဗြိတိသျှတို့က စတင်ထူထောင်လေတော့သည်။
ဆက်လက်ဖော်ပြပါမည်
ဖိုးနိုင်လင်း
ကိုးကား –
၁။ ခေတ်ဟောင်းရာဇဝင်၊ ခေတ် သစ်ရာဇဝင် – ဒေါက်တာသန်းထွန်း
၂။ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း – ဒေါက်တာ ကျော်သက်
၃။ မြန်မာနိုင်ငံတော်သမိုင်း – ဗန်း မော်တင်အောင်
၎။ ယောမင်းကြီး ဦးဘိုးလှိုင် အထ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း – မောင်ထင်
၅။ ရှေးမြန်မာတို့၏ ရာဇဝင်တွင် ခဲ့သည့် ဆုံးဖြတ်ချက်များ – တင်နိုင်တိုး
၆။ ကွန်မြူနစ်ဋီကာ – ဆက်နိုင်မင်း
၇။ The History of Democracy: A Marxist Interpretation – Brian S. Roper




 http://www.popularmyanmar.com/popularnews/archives/26612




ကချင်နဲ့ ရှမ်းမှာ အစိုးရလေကြောင်း တိုက်ခိုက်မှု ပြုလုပ်





ကချင်နဲ့ ရှမ်းမှာ အစိုးရလေကြောင်း တိုက်ခိုက်မှု ပြုလုပ်

ကချင်ပြည်နယ် နယ်စပ်နဲ့ ရှမ်းပြည်မြောက်ပိုင်း ထိစပ်နေတဲ့ဒေသမှာ အစိုးရတပ်နဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ် တွေကြား ဒီရက်ပိုင်းထဲ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ကချင်ပြည်နယ် မန်ဝိန်းကြီးဒေသနဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်တ၀ိုက်က သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ပိတ်မိနေ တယ်လို့ ဒေသခံကပြောပါတယ်။ အစိုးရတပ်က လက်နက်ကြီးတွေနဲ့ရော၊ လေကြောင်းကူထိုးစစ်ပါ ဆင်နွှဲနေ တာကြောင့် အဲဒီဒေသက ကျောင်းတွေ၊ ဈေးနဲ့ ဘဏ်လုပ်ငန်းတွေ ယာယီ ပိတ်ထားရပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ် မူဆယ်မြို့နဲ့တ၀ိုက် အစိုးရတပ်နဲ့ မြောက်ပိုင်း မဟာမိတ် တပ်တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ တချိန်ထဲမှာပဲ ကချင်ပြည်နယ် မန်စီမြို့နယ်ထဲက မန်ဝိန်းကြီးဒေသနဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းဒေသ တဝိုက်မှာ ဒီရက်ပိုင်းထဲ တိုက်ပွဲ ပြင်းထန်နေ တာပါ။ အဲဒီဒေသတွေဟာ တရုတ်-မြန်မာနယ်စပ် နားမှာဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် သောင်းနဲ့ ချီတဲ့ဒေသခံတွေ ဘယ်ကိုမှ မသွားနိုင်ပဲ ပိတ်မိ နေတယ်လို့ မန်စီမြို့နယ်က SNLD ရှမ်းကျားဖြူပါတီဝင် စိုင်းဇင်မင်းအေးက VOAကို ပြောပါတယ်။

“မန်စီမြို့နယ် မန်ဝိန်းကြီးဒေသပေါ့ ။ အဲဒီထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ တပ်စွဲတဲ့နေရာ မှာပဲ ဖြစ်နေတုန်းပဲ ရှိသေးတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်၊ လေကြောင်းကလည်း ပစ်တယ်။ သူကနမ့်ခမ်းနဲ့ နီးတဲ့ဒေသဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီနမ့်ခမ်းနဲ့ ရွှေလီမြစ်ကြားမှာပေါ့၊ တံတားကတော့ ပိတ်သွားပြီ။ ပြီးရင်နဂိုကတည်းက ဗန်းမော်နဲ့ မန်ဝိန်းကြီးဒေသမှာ လမ်းက ပိတ်ထားပြီးသားဖြစ် တဲ့အတွက်ကြောင့်မို့လို့ အခုဟာက ဒီမန်ဝိန်းကြီးဒေသမှာ ရှိတဲ့လူတွေအားလုံးက ပိတ်မိနေဆဲ ဖြစ်နေတယ်။ ဘယ်မှသွားလို့မရဘူးဖြစ်နေတယ်။ လူသောင်းနဲ့ချီက မန်စီမြို့ပေါ်ကိုလည်း သွားလို့မရဘူး၊ နမ့်ခမ်းမြို့ထဲကိုလည်း သွားလို့မရဘူး။ အဲလို အခြေအနေဖြစ်နေတယ်။ ဒါကတော့ စစ်ရဲ့ဆိုးကျိုးကို ပြည်သူလူထုက ခံနေရတယ် လို့ပဲ ပြောရမှာပဲ။”

မန်စီမြို့နယ် မန်ဝိန်းကြီးဒေသဟာ ကချင် KIA တပ်တွေ အဓိက လှုပ်ရှားနေတဲ့နေ ရာ ဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်း အစိုးရတပ်က လက်နက် ကြီးနဲ့ရော၊ လေကြောင်းကူ ထိုးစစ်ပါဆင်နွှဲနေပြီး ဒါဟာNCA အပစ်ရပ်စာချုပ်မှာ မြောက်ပိုင်း မဟာမိတ်တပ်တွေ လက်မှတ်ထိုးလာဖို့ ဖိအားပေး လိုတဲ့ သဘောလို့မြင်မိကြောင်း KIA တပ်မှူးတဦးဖြစ်တဲ့ ဗိုလ်မှူးဇော်ဂေါင်က သုံးသပ် ပါတယ်။
“အခုက လေကြောင်းနဲ့လည်းတိုက်တယ်။ လူအင်အားရယ်၊ လေကြောင်းနဲ့ရယ် ၂ မျိုးနဲ့ တိုက်တာပေါ့။ သူတို့က ဖိအားပေးတဲ့သဘောဖြစ်မယ်ထင်တယ်။ ဘာလဲ ဆိုတော့ NCA ကိုလက်မှတ်ထိုးခိုင်းချင်တဲ့သဘော ဖြစ်ရင်လည်းဖြစ်မှာပေါ့။”

မြောက်ပိုင်းမဟာမိတ်ထဲမှာပါတဲ့ ကချင်KIA တအာင်းပလောင်TNLA ရခိုင်AAနဲ့ ကိုးကန့်MNDAA စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ဟာ NCA နိုင်ငံလုံး ဆိုင်ရာ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေဖြစ်ပါတယ်။ တရုတ် နယ်စပ် ရှမ်းနဲ့ကချင်မှာ အခုဖြစ်နေတဲ့ စစ်ပွဲတွေဟာ ပြီးခဲ့တဲ့လအတွင်း တိုင်းရင်းသားဒေသထဲ အစိုးရတပ်ရဲ့ ထိုးစစ်တွေ ရပ်သွားစေဖို့ မြောက်ပိုင်း မဟာမိတ် တပ်တွေက တရုတ်မြန် မာနယ်စပ် ၁၀၅မိုင်ကုန်သွယ်ဂိတ်ကို တလောက ၀င်တိုက်ခဲ့ပြီးနောက် အစိုးရတပ်တွေက အရင်ထက်ပိုပြီး ထိုးစစ်ဆင်လာတာဖြစ် ပါတယ်။


တရုတ်နယ်စပ်နားက ဒီစစ်ပွဲတွေကြောင့် နမ့်ခမ်းနဲ့ မန်ဝိန်းကြီးဒေသတွေကေ ကျာင်းတွေ ဈေးနဲ့ ဘဏ်တွေ ယာယီ ပိတ်ထားရတယ်လို့ SNLD ပါတီက စိုင်းဇင်မင်းအေးက ပြောပါတယ်။
“နမ့်ခမ်းမြို့ပေါ်က ဒီနေ့ ဒီအချိန်အထိ တောင်မှ ကျောင်းနဲ့ ဘဏ်က မဖွင့်သေးဘူး။

မန်ဝိန်းကြီးဒေသမှာဆိုရင်တော့ သေချာတယ် ဘယ်သူမှ သွားလို့မရဘူး ဖြစ်နေ တယ်။ နမ့်ခမ်းမြို့ပေါ်က လူတွေကလည်း မန်ဝိန်းကြီးကို သွားလို့မရသလို၊ မန်ဝိန်း ကြီးဒေသကလည်း နမ့်ခမ်းကို လာလို့မရဘူး။ အဲဒီမှာရှိတဲ့ ဈေးနဲ့ ကျောင်းတွေ အားလုံးကလည်း အခုအချိန်အထိ ပိတ်ထားတုန်းပဲ။”
ဒီစစ်ပွဲတွေတာ ပြသနာရဲ့အဖြေမဟုတ်ပဲ နောက်ဆုံး ပြည်သူလူထုသာ နစ်နာရ တယ်လို့ စိုင်းဇင်မင်းအေးက သုံးသပ်ပါတယ်။

“ဒီစစ်ပွဲတွေဖြစ်လာတာက နှစ်ပေါင်း ၆၀ ကျော်ပြီ ၊ ဒါပေမယ့် ဖြစ်လာတိုင်းလည်း လူထုကိုပဲ ထိခိုက်တာများတယ်။ ကျနော့်အနေနဲ့ပြောရမှာက စစ်ပွဲကအဖြေ မဟုတ် ဘူးလို့ပဲ ပြောချင်တယ်။ ပါတီ အနေနဲ့ကတော့ တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ တိုက်တွန်း လာတာကတော့ ကြာလာပါပြီ။ ဒါပေမယ့် အခုအထိကတော့ ပြည့်ပြည့်၀၀ နိုင်ငံေ ရးဆွေးနွေးပွဲ လုပ်နေတာတော့ မရှိသေးဘူးလို့ပြောရမှာပါပဲ။”
ကချင်နဲ့ ရှမ်းပြည်နယ်တွင်း စစ်ပွဲတွေကြောင့် အခုချိန်ထိ ကချင်စစ်ဘေးရှောင် ဒုက္ခသည် ၁ သိန်း ၃သောင်းကျော်ရှိသလို၊ ရှမ်း စစ်ဘေးရှောင် ဒုက္ခသည် သောင်း ဂဏန်းထိ ရှိလာနေပြီလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောကြပါတယ်။





http://burmese.voanews.com/a/kachin-state-civi…/3615057.html





ကာလုံ အစည်းဝေးခေါ်ဖို့ နိုင်ငံရေးပါတီတချို့ တောင်းဆို





ကာလုံ အစည်းဝေးခေါ်ဖို့ နိုင်ငံရေးပါတီတချို့ တောင်းဆို

အရပ်သား အစိုးရရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံတွေကြောင့် နိုင်ငံရေး အကြပ်အတည်း ပိုပြီး ကြီးမားသွားနိုင်တာကြောင့် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး အမြန်ဆုံး ခေါ်ဖို့ နိုင်ငံရေး ပါတီ တချို့က တောင်းဆိုပါတယ်။ နိုင်ငံ အနောက်ပိုင်းက အကြမ်းဖက်မှုတွေ၊ အရှေ့ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ အပါအ၀င် နိုင်ငံတွင်း အကြပ်အတည်းတွေကတော့ ကာလုံ အစည်းအဝေး ခေါ်ပြီး ဖြေရှင်းနိုင်မယ့် အလားအလာ ရှိပါသလား ဆိုတာကို မသိင်္ဂီထိုက် စုစည်းတင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ၊ နောက် ရန်ကုန်မြို့က ဖောက်ခွဲမှုတွေ၊ ဆင်းရဲမွဲတေမှုတွေဟာ နိုင်ငံတော်ရဲ့ အထွေထွေ အကြပ်အတည်းတွေ ဖြစ်လာပြီမို့ ဒီအရေးကို ကိုင်တွယ်ဖို့ အတွက် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို အမြန်ဆုံး ခေါ်ယူပါလို့ နိုင်ငံရေး ပါတီ ၁၃ ခုက ပူးတွဲ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။ တောင်းဆိုချက်ကို ပူးတွဲ ထုတ်ပြန်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ ပါတီသစ်ပါတီရဲ့ ဥက္ကဌ ဦးသိန်းညွန့်ကတော့ အခုလို ပြောပါတယ်။

“တိုင်းပြည်က အထွေထွေအကြပ်အတည်း ဖြစ်နေပြီ။ ရခိုင်မှာ ကျနော်တို့နယ်မြေ စိုးမိုးနိုင်တဲ့အထိ အချုပ်အခြာအာဏာကို ထိပါးတော့မယ်။ အဲဒီလိုပဲ အရှေ့မြောက်မှာလည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထိပါးနေပြီ။ ရန်ကုန်မြို့တော်ကြီးမှာလည်း ပေါက်ကွဲမှုတွေဖြစ်နေပြီ။ ဒီလို အထွေထွေအကြပ်အတည်းအချိန်မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၀၁ မှာ ပြဌာန်းထားတယ်။

၂၀၀ မှာ အစိုးရအဖွဲ့အစည်းဖွဲ့စည်းရေးကို ပြဌာန်းထားတယ်။ အဲဒီတော့ တိုင်းပြည်ရဲ့ အထွေထွေအကြပ်အတည်းကာလမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ သူ့တာဝန်ကို ထမ်းရမှာဖြစ်တဲ့အတွက် ဒါ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ပေးဖို့ ကျနော်တို့ တောင်းဆိုတာပါ။”

ရခိုင်ပြည်နယ် မောင်တော ဒေသ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ ရှမ်းပြည်နယ်တွင်းက တိုက်ပွဲတွေမှာ မြန်မာ့ တပ်မတော်က ထဲထဲဝင်ဝင် ပါဝင်တိုက်ခိုက်နေသလို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးကိစ္စကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ လုံခြုံရေး ဆိုင်ရာ ဆောင်ရွက်ချက်တွေဟာ ကာလုံ အစည်းအဝေး မခေါ်တာကြောင့် အကန့်အသတ်နဲ့ ဖြစ်နေရတယ်လို့လည်း အမျိုးသား ဒီမိုကရေစီ ပါတီသစ်ပါတီရဲ့ ဥက္ကဌ ဦးသိန်းညွန့်က ပြောပါတယ်။

“တပ်မတော်ကလူတွေဟာ အခြေခံဥပဒေနဲ့ ပတ်သက်ရင် သူတို့ဟာ ကာကွယ်ရမယ့်တာဝန်ရှိတဲ့အတွက် သူတို့တွေဟာ အင်မတန်လေးစားလိုက်နာတယ်။ အခုအချိန်တပ်မတော် က ရခိုင်ကိစ္စနဲ့ ရှမ်းပြည်ကိစ္စတွေမှာ သူတို့က အကန့်အသတ်နဲ့ လုပ်နေရတယ်ဆိုတာ ပြောတဲ့ဟာက သူတို့ဘက်က လုပ်သင့်လုပ်ထိုက်တဲ့အရာကို ကာလုံအစည်းအဝေးမခေါ်သေးတဲ့ အတွက် သူတို့ လုပ်လို့မရတာ ဖြစ်နေတယ်။”

နိုင်ငံအရေးကို ကိုင်တွယ်ဖို့ ကာလုံ အစည်းအဝေး ခေါ်ယူဖို့ ဆိုတာကိုတော့ နိုင်ငံရေး သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကတော့ အခုလို တုံ့ပြန်ပါတယ်။
“အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေ ကြားမှာ တွေ့ဆုံဆွေးနွေးဖို့က ပိုပြီးတော့ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုမျိုးဖြစ်တယ်လို့ ကျနော်က သုံးသပ်ပါတယ်။ နောက်တချက်ကတော့ နိုင်ငံရေး ပါတီတွေအနေနဲ့ အကြံ ဉာဏ်ပေးတာ ၊ သဘောထားပေးတာ ၊ ဝေဖန်တာ ၊ ထောက်ပြတယ်ဆိုတာ ကျနော့်အမြင်အားဖြင့် ဒီမိုကရေစီနိုင်ငံရေးမှာ ကောင်းတဲ့လက္ခဏာလို့ ကျနော်ကတော့ မြင်ပါတယ်။

ဒါပေမယ့် အဲလို လုပ်ဆောင်ချက်တွေဟာ ၊ အဲဒီလို သုံးသပ်ချက်တွေဟာ ကြောင်းကျိုးဆီလျော်မှုရှိဖို့တော့ လိုအပ်တယ်လို့ မြင်ပါတယ်။ အဲဒီလိုမဟုတ်ပဲနဲ့ နိုင်ငံရေး အကျိုးစီးပွား၊ ကိုယ်ကျိုးစီးပွား အပါအ၀င်ပေါ့လေ အကျိုးစီးပွားအရပ်ရပ်နဲ့ စပ်ဆက်ပြီးတော့ နိုင်ငံရေးအရ ပွဲလန့်တုန်း ဖျာခင်းချင်တဲ့ ပုံစံမျိုးဖြစ်မယ်ဆိုရင်တော့ ဒါဟာ နိုင်ငံရေးအရ အင်မတန်မှ မလုပ်သင့်မလုပ်ထိုက်တဲ့ ခြေလှမ်းတခုလို့ ကျနော်သုံးသပ်ပါတယ်။”
ကာလုံ အစည်းအဝေး ခေါ်ယူဖို့ တောင်းဆိုတဲ့ နိုင်ငံရေး ပါတီတွေ ဘက်ကတော့ ကာလုံအစည်းအဝေး အမြန်ဆုံးခေါ်ယူပြီး ဘယ်လို ဆောင်ရွက်ချက်တွေ ဆောင်ရွက်စေချင်သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မပြောပါဘူး။

 ဒီကိစ္စကို ကာလုံမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေက ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ကာလုံ အစည်းအဝေး ခေါ်ယူဖို့ လက်မှတ်ထိုး တောင်းဆိုထားတဲ့ နိုင်ငံရေး ပါတီတွေထဲမှာတော့ အရင် စစ်အစိုးရအဖွဲ့ဝင်တွေ အများစု ပါဝင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ စစ်အစိုးရ မတိုင်မီက အုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ အပြင် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကာလ၊ နောက် ၂၀၁၅ ရွေးကောက်ပွဲ ကာလတို့မှာ အသစ်ဖွဲ့စည်းခဲ့ကြတဲ့ နိုင်ငံရေး ပါတီတွေလည်း ပါဝင်ကြပါတယ်။




http://burmese.voanews.com/a/political-parties…/3615486.html


လူသိနည်းသော အိမ်ဖြူတော်နှင့် ပတ်သက်သည့် အချက် ၁၀ ချက်


































လူသိနည်းသော အိမ်ဖြူတော်နှင့် ပတ်သက်သည့် အချက် ၁၀ ချက်

၁။ ပထမဆုံး နေထိုင်သူများ
အမေရိကန်နိုင်ငံ၏ ပထမဆုံးသော သမ္မတကြီး ဂျော့ခ်ျဝါရှင်တန်သည် အိမ်ဖြူတော်၌ ပထမဆုံး စတင်နေထိုင်သူ မဟုတ်ပေ။ ပထမဆုံး စတင်နေထိုင်ခဲ့သူမှာ သမ္မတ ဂျွန်အက်ဒမ်နှင့် သူ၏ဇနီး အက်ဘီဂေးလ် အက်ဒမ်တို့ ဖြစ်သည်။ သမ္မတကြီး ၀ါရှင်တန်က အိမ်ဖြူတော်၏ ဒီဇိုင်းပုံကို တွေ့မြင်ခဲ့သော်လည်း အိမ်ဖြူတော်က သေးငယ်လွန်းသည်ဟု ဆိုကာ မကြိုက်ပေ။ ၁၈၁၄ ခုနှစ်တွင် အင်္ဂလိပ်တပ်များက မူလ အိမ် ဖြူတော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ၁၈၁၇ ခုနှစ်တွင်မူ အသစ်ပြန်လည် ဆောက်လုပ်ခဲ့ရပြီး သမ္မတမွန်ရိုးက အိမ်ဖြူတော်အသစ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။

၂။ လင်ကွန်းသရဲ
ဗြိတိန်ဝန်ကြီးချုပ် ၀င်စတန်ချာချီ အိမ်ဖြူတော်သို့ ရောက်ရှိစဉ်က အမေရိကန် သမ္မတ အေဘရာဟမ်လင်ကွန်း၏ အိပ်ခန်းဟောင်း၌ တည်းခိုခဲ့သည်။ သို့သော် တည်းခိုသည့်နေ့၌ပင် ချာချီသည် အိမ်ဖြူ တော်၌ ညပင်မအိပ်တော့ဘဲ အလောတကြီး ထွက်ခွာခဲ့သည်။ ချာချီနှင့် နီးစပ်သူများထံမှ ပြောပြချက်အရ ချာချီသည် ရေချိုးခန်းအတွင်း၌ ရေချိုးနေစဉ် လင်ကွန်းကို သရဲအဖြစ် မြင်တွေ့လိုက်သောကြောင့် အိမ်ဖြူတော်မှ ကတိုက်ကရိုက် ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ချာချီ နောက်တစ်ကြိမ် အလည်လာသည့်အခါတွင်မူ လင်ကွန်း အခန်း၌ အနားယူအိပ်စက်ရန် အပြင်းအထန် ငြင်းဆန်ခဲ့သည်။ လင်ကွန်း သရဲကို ချာချီတစ်ဦးတည်းသာ တွေ့ဖူးသည်မဟုတ် သမ္မတကတော် ဂရေ့စ်ခူးလက်ခ်ျနှင့် ရို့စဗက်၏အတွင်းရေးမှူး မယ်ရီအက်ဘန်တို့လည်း တွေ့ဖူးသည်။ မယ်ရီအက်ဘန်က ၄င်းအိပ်ပျော်နေစဉ် ခုတင်အနီး၌ လင်ကွန်းကို ရပ်လျက်အနေအထားဖြင့် တွေ့မြင်ခဲ့ဖူးသည်။

၃။ အိမ်ဖြူတော်တန်ဖိုး
အိမ်ဖြူတော်ကို ၁၇၉၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး သမ္မတ ဂျွန်အက်ဒမ်နှင့်ဇနီး အက်ဘီဂေးလ်တို့က ၁၈၀၀ ခုနှစ်တွင် အိမ်ဖြူတော်သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုအချိန်အခါက အိမ်ဖြူတော်၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၃၂၃၇၂ ရှိသည်။ ယနေ့အချိန်တွင်မူ အိမ်ဖြူ တော်ကို ရောင်းချပါက အိမ်ဖြူတော်၏ ပေါက်ဈေးမှာ အမေရိကန် ဒေါ်လာ ၃၂၀,၀၀၀,၀၀၀ ရှိသည်။ အိမ်ဖြူတော်တွင် ရုပ်ရှင်ရုံ၊ သွားဆေးခန်း၊ ဘိုးလင်း (Booling) ခန်းမ၊ ရေကူးကန်၊ တင်းနစ်ကွင်း၊ အိပ်ခန်း ၁၆ ခန်းနှင့် ရေချိုးခန်း ၃၅ ခန်းတို့ ပါဝင်သည်။

၎။ အတင်းကျပ်ဆုံး လုံခြုံရေး
အိမ်ဖြူတော်၌ တပ်ဆင်အသုံးပြုနေသော လုံခြုံရေးစနစ်များကို အထူးလျှို့ဝှက်ထားရှိသောကြောင့် ယနေ့တိုင် မည်သူမျှ အတိအကျ တပ်အပ်မပြောနိုင်ပေ။ လေ့လာသုံးသပ်သူများကမူ အိမ်ဖြူတော်အရှေ့ဘက် အဆောက်အအုံ၏ မြေအောက်တွင် ခြောက်ထပ်ရှိ မြေအောက်ဘန်ကာကြီး ရှိကြောင်း၊ အိမ်တော်၌ တပ်ဆင်ထားသော ပြတင်းပေါက်အားလုံး၌ ကျည်ကာမှန်များတပ်ဆင် အသုံးပြုထားကြောင်း သိရသည်။ ထို့အပြင် အိမ်ဖြူတော်တွင် နောက်ဆုံးပေါ် လေကြောင်းရန် ကာကွယ်ရေး စနစ်ကိုလည်း တပ်ဆင်ထားပြီး ခေါင်မိုးပေါ်တွင်လည်း လက်ဖြောင့်တပ်သားများသည် ၂၄ နာရီ လုံခြုံရေးယူထားသည်။ သမ္မတသွားရာနောက်သို့ လိုက်ပါစောင့် ကြပ်ရန်အတွက်လည်း အထူးလုံခြုံရေးတပ်ဖွဲ့ အများအပြားလည်း ရှိသည်။

၅။ လျှပ်စစ်ဓာတ်အားသုံး စနစ်တပ်ဆင်ခြင်း
၁၈၉၁ ခုနှစ်တွင် အိမ်ဖြူတော်၌ လျှပ်စစ်ဓာတ်အားသုံးစနစ်ကို စတင်တပ်ဆင်ခဲ့သည်။ သမ္မတဘန်ဂျမင်ဟယ်ရီဆင်နှင့် သူ၏ဇနီး ကာရိုလိုင်းတို့သည် လျှပ်စစ်အန္တရယ်ကို လွန်စွာကြောက်ရွံ့သောကြောင့် လျှပ်စစ်ပစ္စည်းများကို ၄င်းတို့ကိုယ်တိုင် အဖွင့်အပိတ်မလုပ်ဘဲ ၀န်ထမ်းများသာ ခိုင်းလေ့ရှိသည်။ သမ္မတလိုင်ဒန်ဘီဂျက်ဆင်ကမူ ၄င်းလက်ထက်တွင် ပြည်သူ့ဘဏ္ဍာကို မဖြုန်းတီးလိုဟုဆိုကာ အိမ်ဖြူတော်၌ လျှပ်စစ်ဓာတ်အား အသုံးမပြုပေ။

၆။ ၀ါယာရှော့မှ မီးလောင်ခြင်း
၁၉၂၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် အိမ်ဖြူတော်အနောက်ဘက် အဆောက်အအုံ၌ ၀ါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ အဆောက်အအုံထပ်ခိုးမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ထို အချိန်တွင် အောက်ထပ်၌ ခရစ်စမတ်ပါတီပွဲ ကျင်းပနေချိန် ဖြစ်သည်။ မီးလောင်နေမှုကို ၀န်ထမ်းတစ်ဦးက တွေ့ရှိခဲ့ပြီး သမ္မတနှင့် အခြားဝန်ထမ်းများကို အချိန်မီသတိပေးသောကြောင့် အရေးကြီးစာရွက်စာတမ်းများ၊ သမ္မတအသုံးအဆောင်များကို ဘေးလွတ်ရာသို့ ရွှေ့ထုတ်နိုင်ခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အိမ်ဖြူတော်၏ သတင်းမီဒီယာ အခန်းတစ်ခုသာလျှင် အလုံးစုံပျက်စီးဆုံးရှုံးခဲ့ပြီး အခြားအခန်းများမှာ မီးခိုးနှင့် ရေများကြောင့် အနည်းငယ် ထိခိုက်ပျက်စီးခဲ့သည်။

၇။ လျှို့ဝှက်လိုဏ်ခေါင်းများ
အိမ်ဖြူတော် အရှေ့ဘက် အဆောက်အအုံအောက်တွင် ခြောက်ထပ်ရှိ ဘန်ကာကြီးရှိသည့်အပြင် အိမ်ဖြူတော်အောက်တွင်လည်း လျှို့ ၀ှက် ဥမင်လိုဏ်ခေါင်းများရှိသည်။ သမ္မတရုံးခန်းမှတစ်ဆင့် လုံခြုံစိတ်ချ ရသော မြေအောက်ဘန်ကာအတွင်းသို့ ဆင်းသည့် လျှို့ဝှက်တံခါးပေါက်များလည်း ရှိသည်ဟု အချို့သူများက သုံးသပ်ထားသည်။ တိကျခိုင်မာသော အချက်တစ်ခုမှာမူ ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရပြီးနောက် အမေရိကန်သမ္မတ ဖရန့်ကလင်ဒီရို့စဗက်အတွက် ဗုံးဒဏ်ခံနိုင်သော မြေအောက် ဘန်ကာတစ်လုံး ဆောက်လုပ်ခဲ့ခြင်းပင် ဖြစ်သည်။ ထို့အပြင် သမ္မတအိမ်တော်မှ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တိုက်ရိုက် ဆက်သွယ်ထားသော မြေအောက်လမ်းလည်း ရှိသည်။

၈။ အိမ်ဖြူတော် ဆောက်လုပ်ရေး ဒီဇိုင်းပြဿနာ
ဗိသုကာပညာရှင် ချားစ်အယ်လ်အန်းဖန့်သည် အိမ်ဖြူတော်ဒီဇိုင်းကို ပြင်သစ်နန်းတော်ကို အခြေခံ၍ ရေးဆွဲခဲ့သည်။ သို့သော် သမ္မတကြီး ဂျော့ခ်ျဝါရှင်တန်က အန်းဖန့်၏ ဒီဇိုင်းကို ပယ်ချခဲ့ပြီး ၄င်း၏နေရာတွင် ဂျိမ်းစ်ဟိုပန်ကို ခန့်အပ်ကာ ဟိုပန်၏ ဒီဇိုင်းအတိုင်းဆောက်လုပ်ခဲ့သည်။ ဟိုပန်၏ဒီဇိုင်းမှာ အန်းဖန့်၏ဒီဇိုင်းထက် ငါးဆပိုမိုသေးငယ်သော်လည်း ထိုခေတ်ထိုအခါက အမေရိကန်၌ အကြီးဆုံးဖြစ်ခဲ့သည်။

၉။ ဂျွန်ဆင်၏ ရေချိုးခန်းဒီဇိုင်း
သမ္မတ လိုင်ဒန်ဘီဂျွန်ဆင်သည် ၄င်းလက်ထက်တွင် အိမ်ဖြူတော်ရှိ ရေချိုးခန်းကို ၄င်းစိတ်တိုင်းကျသည်အထိ ဗိသုကာပညာရှင်တစ်ဦးအား ပြင်ဆင်စေခဲ့သည်။ ဗိသုကာပညာရှင်မှာ ဂျွန်ဆင်သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ဒီဇိုင်းရရန် အချိန် ငါးနှစ်ကြာအောင် ဆောက်လုပ်ခဲ့ရပြီး ဆောက်လုပ်စဉ်ကာလအတွင်း၌လည်း ဖိအားများလွန်းသောကြောင့် စိတ်ကျန်းမာရေးဆေးရုံသို့ တက်ရောက်ကုသခဲ့ရသည်။

၁၀။ အမြွှာအိမ်တော်
လန်စတာအိမ်ကို ၁၇၄၅-၁၇၄၇ ခုနှစ် ကြား၌ အိုင်ယာလန်နိုင်ငံတွင် ဆောက်လုပ်ခဲ့သည်။ အဆိုပါအိမ်ကို အိမ်ဖြူတော်ငယ်ဟုလည်း ခေါ်ဆိုကြသည်။ သမိုင်းသုတေသီများက အမေရိကန်အိမ်ဖြူတော်ဒီဇိုင်း ရေးဆွဲခဲ့ သော ဂျိမ်းစ်ဟိုပန်သည် လန်စတာအိမ်ကို တွေ့မြင်ခဲ့ပြီး အဆိုပါအိမ်ကိုအခြေခံ၍ အိမ်ဖြူတော်ဒီဇိုင်း ရေးဆွဲခဲ့ဖွယ် ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ ဂျိမ်းစ်ဟိုပန်သည် အိုင်ယာလန်နိုင်ငံသား ဖြစ်သည်။

Category:
World

http://www.tomorrow.com.mm/?q=articles%2F3090




ဇာဂနာ မရယ်ရတော့ဘူး (၈) - ဇာဂနာ





ဇာဂနာ မရယ်ရတော့ဘူး (၈) - ဇာဂနာ

တကယ်မရယ်ရတော့ပါဘူး။ တကယ့်ကို မရယ်ရတော့ပါဘူး။ ငါက ဗိုလ်အောင်ဒင်ဆိုပြီး ထပဲ ကရမလား။ အလှူခံပါဗျို့ ဆိုပြီးတော့ပဲ ထအော်ရမလား မသိတော့ပါဘူး။ အလုပ်ဖြောင့်ဖြောင့် မလုပ်နိုင်အောင်ပါပဲလေ။ ထောင်က ထွက်ပြီးကတည်းက ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ခဲ့ရပါဘူး။ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထဲ ပါလိုက်၊ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ထဲ ပါလိုက်နဲ့ ပိုက်ဆံမရတဲ့အလုပ်တွေချည်း ဆက်တိုက်လုပ်ခဲ့ရပါတယ်။ ရုပ်ရှင်လေးဘာလေး တစ်ကားတလေ ရိုက်ချင်လို့ ဆိုပြန်တော့လည်း ရုံတင်ရက် သုံးနှစ် လောက်စောင့်ရမယ် ဆိုပြန်တော့ ဘယ်ကိုက်ပါတော့မလဲလေ။ ဒီကြားထဲမှာမှ ဆရာဖေမြင့်က ရုပ်ရှင်ဆင်ဆာ အဖွဲ့ထဲပါပေးပါဦးလို့ ဆိုပြန်လာတော့ သူ့ကြောက်တာနဲ့ ၀င်ပါရတော့တာပေါ့။ အဲဒီမှာ အကုသိုလ် အတုံးလိုက် အတစ်လိုက် ၀င်တော့တာပါပဲ။

အရင်က ဆင်ဆာနဲ့ဇာဂနာ ဆိုတာ တဇောင်းစေးနဲ့ မျက်ချေး။ ဇာဂနာပါတဲ့ ကားမှန်ရင် ပိတ်တာနဲ့ ဖြတ်တာနဲ့ ဇာတ်ကား နာမည်ပြောင်းတာနဲ့ တစ်ခါမှ ရှောရှောရှူရှူ မဖြစ်ခဲ့ပါဘူးလေ။ နည်းနည်းပြန် နှူးရရင် ဇာဂနာ/၈၉ရယ်၊ ဇာဂနာ /၉၀ ရယ်ဆိုတာ ဆက်တိုက် ပိတ်ခံရတာခင်ဗျ။

ဇာဂနာ /၈၉ ကတော့ ထွက်ပြီးမှ ပြန်ပိတ်ခံရတာပါ။ သူတို့လိမ်နေကြသည်ဆိုတဲ့ ဇာတ်ကားလည်း အပိတ်ခံရတယ်ခင်ဗျာ။ မီးခြစ်မျက်မှန် အနမ်းလည်း ပိတ်ခံရတာပါပဲ။ ဆရာမင်းလူရဲ့ နေပူမိုးရွာဆိုတဲ့ ဇာတ်ကားလည်း အပိတ်ခံရတယ်ခင်ဗျာ။

ဒါနဲ့ပဲ ကိုင်း ဆင်ဆာ မပိတ်ရအောင် တစ်ခန်းမှ မဖြတ်ခံရမယ့်ကား ရိုက်မယ်ဆိုပြီး စိန်ခေါ်လို့ အမျိုးကို ချစ်ပါဆိုတဲ့ကား ရိုက်ခဲ့ပါလေရော။ ကိုယ့်အမျိုး ကိုယ်ချစ်ကြတဲ့ ဟာသကားလေး ရိုးရိုးပါ။ ယောက်ျားသည်ကလည်း သူ့အမျိုးကို ချစ်တယ်၊ ဇနီးသည်ကလည်း သူ့အမျိုးကို သူချစ်တယ်။

 ဒီတော့ အဆွေအမျိုးတွေရဲ့ ပြဿနာ မှန်သမျှ သူတို့ဝင်ပါကြတော့တာပါပဲ။ နောက်ဆုံးတော့ အမျိုးတွေ ပေးတဲ့ဒုက္ခက ကြီးကြီးလာတော့ သူတို့လင်မယားနှစ်ယောက် ဆွေမျိုးနဲ့ဝေးတဲ့ဆီ ပြေးကြတော့တာပါပဲ။ ဇာတ်လမ်း ကလေးကတော့ ဒါပဲခင်ဗျ။ ဒါပေမဲ့ ဆင်ဆာက ဇာတ်ကားနာမည် ပြောင်းခိုင်းပါတော့တယ်။ ဟင် ဘာလို့လဲ ဘာကြောင့်လဲ။ ဇာဂနာ တော်တော် ကြောင်သွားတယ် ခင်ဗျာ။ တစ်ဇာတ်ကားလုံး ဘယ်အခန်းကိုမှ မဖြတ်ခဲ့တဲ့ဟာ ဇာတ်ကားနာမည်ကျမှ ပြင်ခိုင်းရအောင် ဘာဖြစ်နေလို့လဲ။


ဆင်ဆာ တာဝန်ရှိသူတွေနဲ့ တွေ့လိုက်တော့မှ ပက်လက်ကို လန်သွားတော့တာပါ။ သူတို့မြင်တာက အမျိုးကို ချစ်ပါဆိုတာ အမြစ်ကို ချိုးပါလို့သဘော သက်ရောက်တယ်တဲ့။ ကိုင်း ကိုယ်တွေတောင် မတွေးမိပါဘူးခင်ဗျာ။ ဒီလိုပါပဲ။ စာရေးဆရာ တာရာမင်းဝေနဲ့ ဇာဂနာနဲ့ပေါင်းပြီး မြန်မာ့အသည်းဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ် ရိုက်လိုက်တယ်ခင်ဗျာ။ ဇာတ်ညွှန်းက စာရေးဆရာ သစ္စာနီကြီးပေါ့။ တိုင်းရင်းသား အစားအစာတွေကို တစ်လမ်းဝင် တစ်လမ်းထွက် လိုက်ရောင်းကြတဲ့ ဇာတ်ကားပါ။

 သေသေချာချာ ပြင်ဆင်ပြီးမှ ရိုက်တဲ့ ကားခင်ဗျာ။ တိုင်းရင်းသား တေးသီချင်းတွေကို ဂီတမှူးကို ခင်မောင်ကြီးနဲ့ ခင်စံပယ်ဦး စတူဒီယိုမှာကြိုပြီး အသံ သွင်းတာပါ။ ပြီးတော့ သင်္ကြန်အလှပြ ကားကြီးလို မြန်မာ့အသည်းဆိုတဲ့ ကားကြီးတစ်စင်း သေသေချာချာ ပြင်ဆင်ပြီး တစ်လမ်းဝင် တစ်လမ်းထွက် ဈေးလိုက်ရောင်းကြတာပါ။ ဖြစ်ချင်တော့ စမ်းချောင်းထဲ ရောက်တဲ့အခါမှာ သခင်ကြည်ရှိန် အိမ်ရှေ့ရောက်ပြီး သီချင်းဆိုကြ၊ ကကြ၊ ဈေးရောင်းကြတာပေါ့။ ရပ်ကွက်သူ ရပ်ကွက်သားတွေလည်း တကယ်ဝယ်ပြီး အားပေးကြပါတယ်။ ဒါပေမဲ့ ဆင်ဆာကို ရောက်သွားတော့ တစ်ခါတည်း ဒီအခန်းကို ပိတ်လိုက်ပါတော့တယ်။ ဘာလို့လဲဆိုတော့ အိမ်ဆိုင်းဘုတ်မှာ သခင်ကြည်ရှိန် ဆိုတာ ပါနေလို့တဲ့။ သခင်ကြီးက နိုင်ငံရေးအကျဉ်းသားဆိုတော့ ခွင့်ပြုလို့မရဘူးတဲ့။

ကိုင်း ပြန်ရိုက်ဖို့ကလည်း တော်တော်ကုန်မယ်။ အခုခေတ်လို ကွန်ပျူတာကလည်း မထွန်းကားသေးတော့ သခင်ကြည်ရှိန် နာမည်ကို ဘယ်လိုမှ ပိတ်လို့မရဘူးပေါ့ဗျာ။

ဒီလိုနဲ့ပဲ ဇာဂနာတို့ ပိုက်ဆံတွေ ကုန်တာပဲအဖတ်တင်တယ်။ ဘာမှအရာ မထင်ဘူးပေါ့ခင်ဗျာ။ ဒီကြားထဲ ထုတ်လုပ်သူတွေက ဇာဂနာ့ကိုအပ်ထားတဲ့ ရုပ်ရှင်တွေကို မရိုက်တော့ဘူးတဲ့။ စရံပြန်ပေးပါဆိုလို့ ရှိတဲ့ ကားရောင်းပြီး ပိုက်ဆံတွေ ပြန်ပေးလိုက်ရတာ မွဲပါရောလား။

ဟောအခုဖြင့် ပြောင်းလဲချိန်တန်ပြီဆိုတော့ ဇာဂနာ ဆင်ဆာလူကြီး အခန့်ခံရပါတော့တယ်။ အကုသိုလ်က အတုံးလိုက် အတစ်လိုက် ၀င်တာပါဗျာ။ ဇာဂနာဆိုတာက တောက်လျှောက် ဆင်ဆာပိတ်ခံခဲ့ရသူ မဟုတ်လား။ ကိုယ်တာဝန်ယူတော့မှ သူများ ကားတွေကို လိုက်ဖြတ်၊ လိုက်ပိတ်ရပြန်ရင် ဘယ်ကောင်းပါတော့မလဲ။ ဒါပေမဲ့လည်း မြန်မာပေါကားများ ရပ်ဆိုပြီး သူများတကာတွေ ရေးကြ၊ ဝေဖန်ကြတာ နည်းမှတ်လို့ဗျာ။ ခုတော့ဖြင့် အဲသလို ဝေဖန်ရေးတဲ့သူတွေ နည်းတောင်နည်းသေးတယ်လို့ ပြောရမလိုပါပဲ။ ဇာဂနာ မရယ်နိုင်တော့ပါဘူးခင်ဗျာ။
ဘယ်လိုလူမျိုး၊ ဘယ်လိုအ၀တ်အစား၊ ဘာစကားတွေမှန်းမသိ ရိုက်နေကြတဲ့မြန်မာ ဗီဒီယိုကားတွေ တစ်ပတ်ကားနှစ်ဆယ်လောက် ကြည့်နေရတော့တာပါ။ တစ်လ ကားရှစ်ဆယ်လောက် ထွက်နိုင်တာလည်း အံ့အားသင့်စရာပေါ့။ ရုပ်ရှင်တွေ ဆိုတာကလည်း ရုံကမရှိ၊ ငွေဝင်တာ မကောင်းဘူးလို့သာ ပြောနေကြတာပါ။ တစ်ပတ် တစ်ပတ် ဇာတ်လမ်းတင်တာက ဆယ်ကားလောက်ရှိပါတယ်။ တရုတ်ကား၊ ကုလားအားလုံးကိုလည်း မြန်မာ ဇာတ်လမ်းတွေ ဖြစ် ကုန်ပါတော့တယ်။

ဇာဂနာ အရေးတကြီး ပြောချင်တာလေး ရှိပါတယ်ခမျာ။ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ဘယ်သူ တစ်ဦးတစ်ယောက်ကမှ သေချာဂဏ မစစ်ဆေးကြသေးပါဘူး။ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက တစ်နှစ်ဆယ့်ငါးကားပဲ ရိုက်နေရာကနေ ခုတော့ ချက်ချင်းတစ်နှစ်ကို ကားခုနစ်ဆယ်လောက် ရိုက်လာတာကိုတော့ ဆန်းစစ်ဖို့လိုပါလိမ့်မယ်။ ပြီးတော့ အစဉ်အလာ ရုပ်ရှင် ထုတ်လုပ်သူတွေ မဟုတ်ကြဘဲ တစ်ခါမှနာမည်တောင် မကြားဖူးသေးတဲ့သူတွေက ရုပ်ရှင်ကို ငွေထုတ်လို့ ရိုက်လာကြတာပါပဲ။ ဒါဟာ အကောင်းဆုံးငွေကြေး ခ၀ါချနိုင်တဲ့ နည်းဆိုတာ မမေ့သင့်ပါဘူး။

အခွန်ဆောင်ပြီးတဲ့ ငွေဖြူကို တရားဝင်ပြနိုင်တဲ့ လမ်းပေါက်ကြီးပါ။ ဇာတ်ကား တစ်ကား ငွေဘယ်လောက် ကုန်တယ်၊ ငွေဘယ်လောက် ပြန်ရတယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မသိနိုင်တဲ့ အပေါက်ကြီးပါ။ ထုတ်လုပ်ရေးတစ်ခုတည်းက ငါးကား တန်းစီရိုက်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ရုပ်ရှင်လောကရဲ့ တကယ် ထုတ်လုပ်သူတွေဟာ တစ်ကားပြီးမှ တစ်ကား ရိုက်နိုင်ကြတာပါ။ ခုရုံတင် ပြသနေတဲ့ ဘန်ကောက်ကနေ မန္တလေးသို့ဆိုတဲ့ ဇာတ်ကားရဲ့ ကုန်ကျစရိတ်က သိန်းလေးထောင် လောက်ရှိပါတယ်။ ထုတ်လုပ်သူ ကိုစူဝမ်းဟာ မြန်မာပြည်မှာတော့ ရုပ်ရှင်လုပ်ငန်း လုပ်ခဲ့တာ နှစ်သုံးဆယ်ကျော်နေပါပြီ။ သူလိုလူတောင် သုံးနှစ်မှတစ်ကားလောက်ပဲ ရိုက်နိုင်တာပါ။ ဒါကို သေသေချာချာ စဉ်းစားသုံးသပ်ကြဖို့ ကောင်းပါပြီ။

ဇာဂနာကတော့ ထိုင်စဉ်းစားရင်း မရယ်နိုင်တော့ပါဘူး။ ဇာဂနာမရယ်ရတာလည်း ဘာမှမဆန်းတော့ပါဘူး။ အော် ပိုက်ဆံ များသာရှိလို့ကတော့လေ (တို့ တာဝန်အရေးသုံးပါး) ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်လေး တစ်ကား လောက်တော့ ရိုက်ချင်ပါသေး။ ရယ်တော့ မရယ်နိုင်ပါဘူးလေ။

ဇာဂနာ

Category:

Articles

http://www.tomorrow.com.mm/?q=articles%2F3092





ဥပဒေတွေရှိပေမယ့်လည်း ပြစ်ဒဏ်တွေက နည်းနည်း လျော့နေတယ်




ဥပဒေတွေရှိပေမယ့်လည်း ပြစ်ဒဏ်တွေက နည်းနည်း လျော့နေတယ်

|| ထက်ခေါင်လင်း၊ ဖြိုးသီဟချို/Myanmar Now ||

ပုသိမ် (Myanmar Now) – စိုက်ပျိုးရေးဌာန ပညာပေးရေး လုပ်ငန်းအတွက် ဝန်ထမ်း အင်အား နည်းပါးနေပြီး ဓာတ်မြေသြဇာလိုမျိုး ဓာတုဆေးတွေ အသုံးပြုမှုနဲ့ ပတ်သက်လို့ အပြစ်ပေး အရေးယူမှုတွေ အားနည်းနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌာန ဝန်ကြီး ဦးဘဟိန်း က ပြောပါတယ်။ မကြာသေးခင်က Myanmar Now နဲ့ တွေ့ဆုံရာမှာ ဝန်ကြီးက လယ်လုပ်သား ရှားပါးမှု၊ ကောင်းမွန်သော မျိုးစပါး၊ စိုက်ပျိုးရေး လုပ်ငန်းတွင် လုပ်ငန်းရှင်တချို့၏ လက်ဝါးကြီးအုပ်မှု၊ စိုက်ပျိုးရေးဆိုင်ရာ ဥပဒေ ပြင်ဆင်ရေး၊ အရည်အသွေးမီ ဓာတ်မြေသြဇာ တို့အကြောင်း ပြောပြ ထားပါတယ်။

မေး - ဧရာဝတီတိုင်းဒေသကြီးမှာ ဒေသခံတွေ အများအပြား ရွှေ့ပြောင်း လုပ်သားတွေ အဖြစ် တခြားဒေသကို ထွက်ခွာနေကြတာ ဘာကြောင့်လဲ။

ဖြေ - ကျွန်တော့်ရဲ့ ဧရာဝတီတိုင်းမှာနေတဲ့ အတွေ့အကြုံအရ ပြောရ မယ်ဆိုရင် တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ရေသယံဇာတ၊ မြေသယံဇာတ၊ ငါးသယံဇာတတွေကို အသုံးပြုတဲ့အခါမှာ မျှမျှတတ ခွဲဝေ အသုံးမပြုနိုင်တဲ့ အကြောင်းဟာ အဓိက အကြောင်းအရင်းပဲ။ ကျေးရွာတစ်ရွာမှာ လယ်သမား မိသားစုတွေ၊ မြေမဲ့ ယာမဲ့ ရာသီချိန်လုပ်သားတွေ၊ ရေလုပ် သားမိသားစု အဖွဲ့အစည်း ရှိမယ်။ သုံးမျိုးရှိတာပေါ့ဗျာ။ ပန်းတနော် ဆိုရင် တချို့ရွာတွေက ရေလုပ်သားတွေချည်းပဲ နေတာဗျ။ ပြီးတော့ ပန်းတနော်ဟာ ဧရာဝတီတိုင်းအတွင်းမှာ အင်း ချောင်း အများဆုံးရှိတဲ့ မြို့နယ်ဗျ။

အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ရေလုပ်သားချည်းပဲရှိတဲ့ ရွာတစ်ရွာမှာ အိမ်ခြေသုံးရာ ရှိတယ်ဆိုပါစို့ အိမ်ခြေ နှစ်ရာလောက်မှာ ရှိတဲ့လူငယ်၊ လူရွယ်တွေ က ရွာမှာ မရှိတော့ဘူး။ ပြောင်းရွှေ့လုပ်သားတွေ အနေနဲ့ လှိုင်သာယာတို့လို၊ ယိုးဒယားတို့လို မလေးရှားတို့လို ဒီလိုတွေ သူတို့ ထွက်ကုန်ကြရတယ်ဗျ။ ဒါဟာ ဘာလဲဆိုတော့ ရေလုပ်သားတွေရဲ့ ဘဝက နှစ်ပေါင်းနှစ် ဆယ်ကျော်လောက်ကို ငါးဖမ်းလုပ်ကွက်တွေနားကို မကပ်နိုင်တော့ဘူး။ ငါးလုပ်ငန်းက လက်ဝါကြီးအုပ် လေလံစနစ်ဖြစ်သွားတယ်။ ပိုက်ဆံချမ်းသာတဲ့သူတွေက အကုန်လုံး အင်းတွေလိုက်ဆွဲတယ်။ လေ လံအောင် တဲ့ အင်းသားကြီးက ဒုတိယလူကို ရောင်းလိုက်တယ်။ ဒုတိယလူက တတိယလူဖြစ်တဲ့ ရေလုပ်သားငယ်တွေကို ရောင်းတယ်။

 အဲဒီတော့ ရေလုပ်သားငယ်တွေက မတန်တဆနဲ့ အင်းလုပ်ငန်းတွေ ကို ပေးဝယ်ပြီးတော့မှ သူတို့ခမျာမှာ ငါးဖမ်းခွင့်တွေ ရကြတယ်။ ဒီလိုမျိုး ဖြစ်လာတာက နှစ်ပေါင်း နှစ်ဆယ်ကျော်ပြီ။ ဒီရေလုပ်သားစုတွေ ဘယ်လိုလုပ် ခံနိုင်မှာလည်းဗျ။ ဘဝကို ဘယ်လိုလုပ်မှ မရပ်တည်နိုင်တော့ ဘူး။ ဒါက ရေလုပ်သားနဲ့ ဥပမာ။
နောက် လယ်ယာလုပ်ငန်းနဲ့ ဥပမာ တစ်ခုပေးမယ်။ ဧရာဝတီတိုင်းမှာ လယ်သမား ၃ဝ ရာခိုင်နှုန်းလောက်က သုံး ဧက လောက်ပဲ လုပ်နိုင်တယ်။ လယ်သမား ၂ဝ ရာခိုင်နှုန်း ကျော်လောက်က သုံး ဧက အောက်မှာပဲ လုပ်နိုင်တယ်။ အဲဒီတော့ ၅ဝ ရာခိုင်နှုန်းသော လယ်သမားတွေက အသေးစားတွေဆိုတော့ စဉ်းစားကြည့် မြေသယံဇာတ ခွဲဝေအသုံးပြုမှုမှာ မျှတမှုမရှိဘူးလို့ ပြောရမှာပေါ့။ ဆိုလိုတာက ဆင်လည်း ဆင်စာ၊ ဆိတ်လည်း ဆိတ်စာ ဖန်တီးပေးရမှာကို။ အခုဟာက အဲဒီလို ဖန်တီးမပေးနိုင်ဘူးလေ။

မေး - ဘယ်သူတွေက လက်ဝါးကြီး အုပ်နေတာလဲ ။

ဖြေ - လက်ဝါးကြီးအုပ်တယ် ဆိုတာက ရနိုင်သမျှ ယူနိုင်တဲ့သူတွေက လက်ဝါးကြီး အုပ်တာပေါ့ဗျာ။ ဥပမာ အင်းဆိုရင်လည်း အင်းသားကြီးတွေက လက်ဝါးကြီးအုပ်တာပေါ့ဗျာ။ မြေဆိုရင် လည်း မြေကို ရောင်းကုန်ပစ္စည်းလို သဘောထားပြီးတော့ ဝယ်ယူနိုင်တဲ့သူတွေက လက်ဝါးကြီးအုပ်တာပေါ့ဗျာ။ ဆင်းရဲတဲ့သူက ပိုပိုပြီး ဆင်းရဲ လာတာပေါ့ဗျာ။ သယံဇာတတွေကို မျှမျှတတ အသုံးမပြုနိုင်တဲ့အခါကျတော့ ဧရာဝတီတိုင်းမှာ ဆင်းရဲတဲ့သူက အရမ်းဆင်းရဲပြီးတော့၊ ချမ်းသာတဲ့သူက အရမ်းချမ်းသာတဲ့ အနေအထား ဖြစ်သွားတာ။ အဲဒီမှာ အင်မတန် သယံဇာတ ပေါကြွယ်တဲ့ တိုင်းကြီးထဲမှာ ရွှေ့ပြောင်းလုပ်သား အများဆုံးတွေ ပေါ်လာတော့တာ။

မေး - အလုပ်သမားရှားပါးမှုက လယ်ယာမြေအခန်း ကဏ္ဍမှာ ဘယ်လောက်ထိခိုက်လဲ။

ဖြေ - အလုပ်သမား ရှားသွားတဲ့အခါကျတော့ စပါးစိုက်ကျတဲ့အခါမှာ ပျိုးထောင် ကောက်စိုက်နဲ့ မစိုက်နိုင်ကျတော့ဘူး၊ ကြဲပက် ပြီးတော့ စိုက်ရတော့တာပေါ့။ ကြဲပက်ပြီး စိုက်ရတော့ မျိုးစေ့နှုန်းတွေက ပိုကုန်တာပေါ့ဗျာ။ တစ်ဧကကို တစ်တင်းလောက် ကုန်တယ်ဆိုရင် ဆယ်ဧက စိုက်တဲ့သူက ဆယ်တင်းလောက် ကုန်တာပေါ့ဗျာ။ မျိုးတစ်တင်းကို ၆,ဝဝဝ နှုန်းနဲ့တွက်ဦး အလဟသ၁ဖြစ်သွားတဲ့ငွေက ၆ဝ,ဝဝဝ လောက် ဖြစ်သွားတာဗျ။ ၆ဝ,ဝဝဝ လောက်ဆိုတာက ဓာတ်မြေသြဇာ သုံးအိတ်ဖိုးလောက် ဖြစ်သွားတာ၊ အဲဒါက အရှင်းဆုံး ဥပမာ တစ်ခုပေါ့ဗျာ။

ရိတ်သိမ်းချိန်မှာလည်း ဒီလိုပဲ မိုးနဲ့ လေနဲ့ လုရိတ်ရတဲ့အခါမှာ လုပ်သားရှားတဲ့ အခါကျတော့ စပါးတွေ မိုးမိသွားပြီဆိုရင် လယ်ယာ လုပ်သားရှားပါးတဲ့ အခါကျတော့ စပါးတွေ ထိခိုက်တာမျိုး ကြုံရတာပေါ့ဗျာ။ ဒီနေရာမှာ စက်တွေက အစားဝင်တာပေါ့ဗျာ။ အစားဝင်လည်း ဒီစက်တွေကို ဝယ်ယူနိုင်တဲ့ လယ်သမားဆိုတာက သိပ်မရှိဘူးဗျ။ ပြီးတော့ ငှားရမ်းတဲ့ ကုမ္ပဏီတွေက အင်မတန်နည်းနေတဲ့ အခါကျတော့ လယ်သမားရဲ့ လိုအပ်ချက်နဲ့ စက်အရေအတွက်နဲ့က မမျှတဘူး။ အချိန်မီ မရိတ်နိုင်ဘူး။ စိုက်ရေးပျိုးရေး ဆိုတာက ရာသီဥတုနဲ့ အချိန်ကာလနဲ့ ဒီလိုလုပ်ရတာ။ စက်ရုံတွေလို နားလိုက်ဦးမယ်ဆိုပြီး နားလို့ရတာ မဟုတ်ဘူးဗျ။ ဒါတွေက ထင်သာမြင်သာတဲ့ ဥပမာတွေပေါ့ဗျာ။

မေး - လုပ်သားရှားပါးလို့ ဒုက္ခရောက်တာတွေကို ဌာနဆိုင်ရာတွေကရော ဘယ်လိုကူညီလဲ။

ဖြေ - လုပ်ကြပါတယ်။ ဥပမာ Hire Purchase Systum ဆိုတာ ရှိတယ်။ အဲဒါက စက်ပစ္စည်းတစ်ခုကို သူ့ကို ငှားလိုက်တယ်၊ ငှားလိုက်ပြီးတော့ ဘယ်နှနှစ်ကို ဘယ်လောက်နှုန်းနဲ့ ငွေချေပေါ့ဗျာ။ နှစ်လည်း စေ့သွားရော အဲဒါကို သူပိုင်သွားတာပေါ့။ အရစ်ကျနဲ့ ချေရတာပေါ့။ ငှားရောင်းစနစ်ပေါ့ ဗျာ။ အဲဒါကို စက်မှုလယ်ယာတို့၊ သမ တို့က လုပ်ပေးပါတယ်။

မေး - ဘယ်ဒေသတွေကကော အဲဒီ ဝန်ဆောင်မှုကို ရကြလဲဗျ။

ဖြေ - ရကြပါတယ်။ ကန့်သတ်ချက် မရှိပါဘူးဗျာ။ များများလုပ်ပါစေ လို့ တောင်ဆုတောင်းနေရတာ။ လယ်သမား မတတ်နိုင်လို့ မဝယ်တာတော့ မတတ်နိုင်ဘူးပေါ့ဗျာ။ ကျွန်တော်တို့ အနေနဲ့ကတော့ ငှားဝယ်စနစ်တွေ များများလုပ်ပါစေလို့တောင် ဆုတောင်းနေရတာ။

မေး - အစိုးရဘက်က ဝန်ဆောင်မှု တိုးမြှင့်ပေးတာရှိလား။

ဖြေ - တိုးမြှင့်ပေးဖို့ဆိုတာက နိုင်ငံတော်ရဲ့ စွမ်းရည်အပေါ်မှာ အများကြီးမူတည်တယ်။ နိုင်ငံတော်မှာ ငွေကြေး ဘယ်လောက်ရှိသလဲ ဆိုတာ အရေးကြီးတယ်။ ကျုပ်တို့ တိုင်းပြည်က မွဲတဲ့တိုင်းပြည်ဗျ။ ကိုယ်မှ မပြည့်တာ မပြည့်တဲ့သူတွေကို ဖြည့်ပေးလို့ ရမလားဗျ။


မေး - နောက် ဓာတ်မြေသြဇာ တွေက အခုတံဆိပ်တွေ မျိုးစုံနဲ့ ဝင်လာကြတယ်။
အခုက ဈေးကွက်စီးပွားရေး စနစ်ဆိုတော့ ဒီဟာတွေက အရမ်း တွင်ကျယ်ကြတယ်။ မသမာမှုတွေကော ရှိလား။
ဖြေ - အနည်းနဲ့အများတော့ ရှိတာပေါ့ဗျာ။ ဒီမှာကတော့ များများစစ်၊ စစ်ပြီးတွေ့ရင် အရေးယူဆိုပြီးတော့ စိုက်ပျိုးရေး (ဌာန) ကိုတော့ ကျွန်တော် လမ်းညွှန်ထားပါတယ်။ ကျွန်တော်တို့မှာ ဓာတ်မြေသြဇာ ဥပဒေတွေရှိတယ်။ ပိုးသတ်ဆေး ဥပဒေတွေ ရှိတယ်။ မျိုးစေ့ဥပဒေတွေ ရှိတယ်။ အဲဒီဥပဒေတွေနဲ့ တိတိကျကျလိုက်နာပြီး ဆောင်ရွက်ကြဖို့် ပြောထားပါ တယ်။ ရှိပါတယ်။ မရှိဘူးလို့တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ အိမ်နီးနားချင်း နိုင်ငံတွေကလည်း ကျုပ်တို့နိုင်ငံကို အချဉ်လို့ သဘောထားတာဗျ။ ကျုပ်တို့ ဆီက ကုန်သည် ပွဲစားတွေကလည်း လယ်သမားအပေါ် မတရားလုပ်ဖို့ စဉ်းစားတာဗျ။ အဲဒီလို ကုန်သည် ပွဲစားတွေကလည်း ရှိတယ်ဗျ။ လယ်သမားဆိုတာကတော့ သိတဲ့အတိုင်းပဲဗျာ။ လိမ်ရင်တော့ ခံကြရတာပဲဗျ။ အမှန်အကန် သမားတွေရှိသလို လိမ်တဲ့သူတွေလည်း ရှိတာကိုးဗျ။

မေး - အဲ့ဒါကို မခံရအောင် မြေသြဇာကို ဓာတ်ခွဲတာတွေ ဘာတွေကော လုပ်လား။

ဖြေ - လုပ်တယ်ဗျ။ ကျွန်တော် ဝန်ထမ်းဘဝတုန်းက ဆိုရင်လည်း ဒီဟာကို လုပ်တယ်။ လုပ်ပေမယ့် ခက်တာက ဆိုင်တွေမှာ နမူနာတင်ထားတဲ့ ဟာတွေကို သွားပြီးတော့ စစ်တဲ့အခါမှာ သူတို့က ဘယ်လို သတင်းရလဲ မသိဘူး အစစ်တွေကို တင်ထားရော။ အတုပေါ်ဖို့ဆိုတာ က တော်တော်လေး ခဲယဉ်တဲ့သဘော။ ကျွန်တော်တို့က တချို့ဟာတွေကို တားမြစ်ထားလို့ မသုံးရဘူးလို့ ပြောပေမယ့်လည်း ဒီဆေးတွေရဲ့ အာနိသင်တွေက ကောင်းတဲ့အခါကျတော့ လယ်သမားတွေက ပြောလည်း နားမထောင်တာတွေ ရှိတာပေါ့။ သူတို့က ဆေးဖြန်းလိုက်ပြီဆိုရင် ချက်ချင်း (ပိုး) သေသွားတာကို သဘောကျတာကိုဗျ။

မေး - အဲ့ဒါနဲ့ပတ်သက်ပြီး ပညာပေးတာတွေ လုပ်ပါသလား။

ဖြေ - ဒါတွေက စိုက်ပျိုးရေးကလုပ်တာဗျ။ လုပ်ကြတယ် ဆိုပေမယ့်လည်း အချိုးချကြည့်လိုက်ရင် စိုက်ပျိုး ပညာပေးရေးဝန်ထမ်းတစ်ယောက်က လယ်သမား ၃,ဝဝဝ ကျော်လောက် ကိုင်နေရတာဗျ။ လယ်သမားအချိုးနဲ့ စိုက်ပျိုးပညာပေး ဝန်ထမ်းအချိုးက တော်တော့်ကို ကွာဟ လွန်းနေတာပေါ့ဗျာ။
ခက်တယ်ဗျ။ ဥပဒေတွေရှိပေမဲ့လည်း ပြစ်ဒဏ်တွေက နည်းနည်း လျော့နေတယ် ထင်တယ်ဗျ။ ဥပမာ ဆေးဝါးအတု၊ နောက် အစားအသောက်တွေထဲမှာ ဆိုးဆေးတွေပေါ့ဗျာ။ ပြီးတော့ ဖော်မလင်လို ဓာတုပစ္စည်းတွေ ပေါ့ဗျာ။ ငပိရည်ထဲမှာ ယူရီးယား ထည့်တာမျိုးတွေ။ ဆိုးဆေးတွေ ထည့်တာမျိုးတွေပေါ့ဗျာ။ ဥပမာ အစားအသောက်တွေထဲမှာ ဓာတုဆေးတွေ ဆိုးဆေးတွေ ဒါတွေက မိသားစုလိုက် အဆိပ်ကြွေး သတ်တဲ့ သဘောပဲဗျ။ လူသတ်မှုပဲဗျ။ ဒါပေမဲ့ ပြစ်ဒဏ်ကျတော့ ပေါ့လွန်း တယ်။

ထိုက်သင့်တဲ့ ပြစ်ဒဏ်မျိုးကိုတော့ ဥပဒေ ပြဋ္ဌာန်းသင့်တယ် လို့တော့ မြင်တာပေါ့ဗျာ။ လုပ်သားရှားပါးတဲ့ ကိစ္စကို အကြံပြုလို့ မရဘူးဗျ။ အကောင်းဆုံး ဖြေရှင်းချက်က ကျေးရွာတွေမှာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝင်ငွေရအောင် လုပ်ပေးတဲ့ နည်းလမ်းပဲဗျ။ ဒီနည်းလမ်းမှ ချမှတ်မပေးရင်တော့ ရွာတွေကနေပြီးတော့ ခွာနေကြဦးမှာပဲဗျ။ ဘယ်သူမှ ကိုယ့်ရွာကို ပစ်မသွားချင်ဘူးဗျ။

မေး - နှစ်စဉ်နှစ်တိုင်း စပါးဈေးက ကျနေတယ်။ စပါး ဈေးကောင်းရအောင် ဘယ်လိုတွေ လုပ်ဆောင်သင့်တယ်လို့ လယ်သမားတွေကို အကြံပေးချင်ပါသလဲ။

ဖြေ - ဈေးကောင်းရချင်ရင်တော့ နိုင်ငံခြားကို များများ တင်ပို့နိုင်အောင် လုပ်ရမှာပဲဗျ။ နိုင်ငံခြားတင်ပို့ဖို့ ဆိုတာာက ထုတ်လုပ်မှု စွမ်းအားအရ၊ အရည်အသွေးအရ၊ ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း ရှိရမယ်။ ယှဉ်ပြိုင်နိုင်စွမ်း သုံးခုပေါ့ဗျာ။ အခု ကျွန်တော်တို့ဆီက လယ်သမားက အရင်းအနှီး မတတ်နိုင်တော့ ပါးပါးလေးရင်းပြီးတော့ နည်းနည်းလေး ထုတ်လုပ်တဲ့ ထုတ်လုပ်မှု နည်းလမ်းကို သွားတာပေါ့ဗျာ။ အဲဒီတော့ ထုတ်လုပ်မှု စွမ်းအားလည်း မရှိဘူး။ အရည်အသွေးညံ့တဲ့ စပါးကို ကြိတ်ခွဲလိုက်တဲ့ အခါကျတော့ အရည်သွေးညံ့တဲ့ ဆန်ပဲထွက်လာမှာပေါ့။ အရည်အသွေးညံ့တဲ့ ဆန်ကို နိုင်ငံခြားပို့လို့ ဘယ်လိုလုပ် ဈေး ကွက်ကရတော့မလဲဗျ။

မေး - လယ်သမားတွေက မျိုးကောင်းမျိုးစေ့တွေ ဘာလို့မရတာလဲ။

ဖြေ - မျိုးကောင်းမျိုးသန့်ရှိလည်း လယ်သမားရဲ့ ထုတ်လုပ်မှုအပေါ်မှာ မူတည်တယ်လေ။ ထုတ်လုပ်မှုက အရင်းအနှီးလည်း သုံးရမယ်။ နည်ပညာလည်း သုံးရမယ်။ ဒါမှ စပါးကောင်း ရတာကိုဗျ။ မျိုးကောင်းမျိုးသန့်ကို ကျွန်တော်တို့ ဝယ်လိုက်ပြီဆိုပါတော့ လယ်သမားက မျိုးကောင်းမျိုးသန့်ကို မတတ်နိုင်ဘူးဗျ။ ပြီးတော့ မျိုးကောင်းမျိုးသန့်လည်း များများစားစား မရှိဘူးဗျ။ လယ်သမားကို ကာဗာ ဖြစ်အောင် ထုတ်မပေးနိုင်ဘူးဗျ။ အရင်တုန်းက လယ်သမားက စပါးရိတ်တော့မယ် ဆိုရင် စပါးတွေ ရင့်မှည့်နေပြီဆိုရင် လယ်သမားကြီးတွေက တစ်ခါတည်း ပြောင်းဖူးဖက် ဆေးလိပ်ကြီးတွေနဲ့ ခံတွင်းကို သပြီးတော့ ခေါင်လံတွေ ရွေးနေတာဗျ။ ရိတ်တော့လည်း ခေါင်လံတွေ ရွေး ရိတ်တာဗျ။

 ခြွေလှေ့တော့လည်း သီးခြားခြွေလှေ့တာဗျ။ သိမ်းတော့လည်း သီးခြားသိမ်းတာဗျ။ နောက်နှစ်မှာမှ အဲဒီခေါင်လံရွေးထားတဲ့ မျိုးကိုစိုက်တာဗျ။ ဒါရှေးတုန်းက ကျုပ်တို့ မိဘဘိုးဘွားတွေ။ အခုဟာက လယ်သမားက စိုက်ချိန်ရောက်မှ ဆန်စက်ပိုင်ရှင်ဆီ၊ ဆန်ကုန်သည် ပွဲစားဆီ သွားဝယ်တာဗျ။ ဝယ်တော့ သူ့ဆန်တွေထဲမှာ ဂိုထောင်ထဲမှာ အရောရော အနှောအနှောတွေဗျ။ ထွက်လာတဲ့ စပါးက ဘယ်လို လုပ် ကောင်းတော့မလဲဗျ။ ဒါတွေက လယ်သမားရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့လည်း ဆိုင်တယ်။ နိုင်ငံတော်ရဲ့ ပံ့ပိုးပေးမှုနဲ့လည်း ဆိုင်တယ်။ နိုင်ငံတော်ကလည်း မျိုးကောင်းမျိုးသန့်တွေ အများကြီး ထုတ်လုပ်ပေးရမယ်။

 ပြီးတော့ လယ်သမားတွေလည်း မျိုးကောင်းမျိုးသန့်တွေ သုံးချင်တဲ့ စိတ်မျိုးဖြစ်ပေါ်အောင် ပညာပေးရမှာပေါ့။ ရှေးတုန်းက ကျုပ်တို့ မိဘဘိုးဘွားတွေက မျိုးကောင်းမျိုးသန့် သုံးရမယ် ဆိုတာ သိတယ်ဗျ။ ဒီနေ့လယ်သမားတွေက သိတော့သိတယ် မလိုက်နာနိုင်ကြတော့ဘူး။ ဘာလို့လဲဆိုတော့ မရင်းနှီးနိုင်ကြဘူးလေ။ စပါးဈေးက မကောင်းဘူး။ နဂိုတုန်းက စပါးဈေးကောင်းတယ် ဆိုတာက တရုတ် ကို မှောင်ခိုပို့ရတာကိုးဗျ။ အခု ပြည်ပထွက်မယ့် ဆန်တွေက ပုံနေရောဗျာ။ ဆန်တွေပုံနေရင် ဘယ်စက်ပိုင် ဘယ်ဆန်ကုန်သည်ပွဲစားက စပါးသွားဝယ်တော့မလဲဗျ။ အဲဒီမှာ စပါးဈေး ထိုးကျတာပဲဗျာ။
မေး - မျိုးကောင်းမျိုးသန့်ရအောင် ကူညီနေတာ မရှိဘူးလား။

ဖြေ - စိုက်ပျိုးရေးဌာနက လုပ်တာပေါ့ဗျာ။ ကျွန်တော်ဆိုရင် ဒီနှစ် နှစ်စမှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အကူအညီနဲ့ ကန်ထရိုက် လယ်ယာစနစ်တွေ လုပ်ဖို့ပေါ့။ မျိုးကောင်းမျိုးသန့် ထုတ်လုပ်တဲ့ဇုန် လုပ်မယ်။ ထွက်လာတဲ့ မျိုးသန့်စပါးတွေကို Export ဇုန်မှာ စိုက်မယ်။ ဇုန်နှစ်ဇုန်ခွဲပြီးတော့ အဲဒီလို လုပ်ဖို့ပဲ။ ဒါပေမဲ့ ခက်တာက မစွန့်စားချင်ကြဘူးဗျ။ ဆန်ကုန်သည်၊ ဆန်ပွဲစားတွေ၊ စက်ပိုင်တွေဗျ။ သူတို့ စွန့်စားနိုင်အောင် ဆိုတာက Union Lavel (ဗဟိုအစိုးရအဆင့်) က ဥပဒေ အထောက်အပံ့တွေ၊ မူဝါဒတွေနဲ့ အထောက်အပံ့ လုပ်ထားမှ သူတို့ကလည်း စွန့်စားရဲမှာပေါ့ဗျ။ နိုင်ငံတော်ရဲ့ လိုအပ်ချက်နဲ့ ဆိုင်သွားတယ်။ နိုင်ငံတော်နဲ့ ချီပြီးတော့ ဖြေရှင်းမှရမယ့် အလုပ်ဗျ။ ပိုက်ဆံကလည်း မတတ်နိုင်ဘူး။ မျိုးကောင်းမျိုးသန့်တွေကို တစ်မြို့နယ်ကို ဧက တစ်ရာလောက်၊ တစ်မြို့နယ်ကို ဧက တစ်ရာလောက်ပေါ့၊ အဲဒီလောက်ပဲ တတ်နိုင်တယ်။ ထွက်လာတဲ့ မျိုးကောင်းမျိုးသန့်ကို ကျွန်တော်တို့ ခြောက်သိန်းဈေးနဲ့ ပေးဝယ်တယ်။ အပြင်မှာ သုံးသိန်းဈေး လောက် ပေါက်နေတာ။ အဲဒီလိုမျိုး တစ်တိုင်းလုံးကို လုပ်နိုင်ရင် လယ်သမား သက်သာတာပေါ့ဗျ။ အခုက အဲဒီလိုမလုပ်နိုင်ဘူး။ လုပ်နိုင်တဲ့ နည်းတစ်ခုရှိတယ်။ အပ်ကုန် အာမခံကြွေးစနစ် ဆိုတာရှိတယ်။ အဲဒီစနစ်ကို ကျင့်သုံးမယ် ဆိုရင်လည်း လယ်သမားတွေ ဒီိလောက်အထိ အောက်ဈေး မကျဘူးပေါ့ဗျာ။ ဈေးကောင်းကို စောင့်နိုင်တဲ့ အနေအထားမျိုး ဖြစ်သွားမယ်။
ထက်ခေါင်လင်း၊ ဖြိုးသီဟချို / Myanmar Now

The Ladies News


http://www.theladiesnewsjournal.com/…/tue-2016-11-29-1…/4342





ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှုနှင့် စစ်၏ အခြေခံသဘောတရားများ





ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှုနှင့် စစ်၏ အခြေခံသဘောတရားများ

|| ခင်မမမျိုး ||

စစ်ရဲ့ အခြေခံ သဘောတရားများ (principles of war) ဟာ အသုံးပြုသူတွေရဲ့ အရည်အချင်းပေါ် မူတည်ပြီး စစ်ပွဲတွေရဲ့ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးနိုင်တဲ့ rules of thumb တွေပဲ ဖြစ်ပါတယ်။ ဒီအခြေခံ သဘောတရားတွေကို စစ်ပွဲတွေသာမက နိုင်ငံရေး၊ စီးပွားရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကဏ္ဍတွေမှာပါ နည်းမျိုးစုံနဲ့ ဆန်းသစ်တီထွင်ပြီး အသုံးပြုလေ့ရှိကြပါတယ်။

ခေါင်းဆောင်တွေအနေနဲ့ ဘယ်အချိန်မှာ နောက်လိုက်တွေကို အမိန့်ပေး ညွှန်ကြားပြီး၊ ဘယ်လိုအချိန်မှာ နောက်လိုက်တွေရဲ့ စွန့်ဦးလုပ်ဆောင်မှုကို ခွင့်ပြုပေးရမလဲ ဆိုတာကို ခွဲခြားသိမြင်တတ်ဖို့ လိုအပ်ပါတယ်။ ကွဲပြားခြားနားတဲ့ အမြင်တွေ၊ ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေတဲ့ သဘောတရားတွေကို တစ်သမတ်တည်း မထားဘဲ အခြေအနေရဲ့ တောင်း ဆိုမှုနဲ့အညီ ဆုံးဖြတ်ချက်ချမှတ် အကောင်အထည် ဖော်နိုင်ခြင်း ဟာ အောင်ပွဲရအောင် ဦးဆောင်နိုင်မယ့် ခေါင်းဆောင်တွေရဲ့ အရည်အချင်း တစ်ရပ်ပဲ ဖြစ်ပါတယ်။

**** ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိခြင်း (Paradoxical Reasoning)

လောကမှာ ဆန့်ကျင်ဘက် ဖြစ်ပေမယ့် ဒဂါင်္းပြားတစ်စေ့ရဲ့ ခေါင်းနဲ့ပန်းလို ဒွန်တွဲတည်ရှိနေတဲ့ အရာတွေ အများအပြား ရှိပါတယ်။ အကောင်းအဆိုး၊ သုခဒုက္ခ၊ အရှုံးအနိုင် စတာတွေဟာ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှု (Paradoxical Reasoning) ရဲ့ အခြေခံတွေပါပဲ။ စစ်နဲ့ပတ်သက်ပြီး ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေတာကတော့ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ စစ်ပွဲမှာ အဆုံးသတ်ဆိုတာ မရှိပါဘူး။ စစ်ပွဲရဲ့ အဆုံးသတ် ပန်းတိုင်ဟာ ငြိမ်းချမ်းရေးပါပဲ။ နောက်ထပ် ထင်ရှားတဲ့ အဆိုအမိန့် တစ်ခုကတော့ "အကောင်းဆုံးခံစစ်ဟာ တိုက်စစ်ဖြစ်တယ်" ဆိုတဲ့ အယူအဆပါ။

ခေါင်းဆောင် တစ်ယောက်ဟာ ဒီလိုဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေတဲ့ သဘောတရားတွေကို နားလည်ပြီး၊ လိုက်လျောညီထွေ တွေးခေါ်ခြင်း (adaptive thinking) ရှိဖို့ လိုအပ်ပါတယ်။ နောက်လိုက်တွေရဲ့ ထကြွလုံ့လရှိမှု၊ မိမိကိုယ်ကို ယုံကြည်မှု၊ ဦးဆောင်လိုစိတ် ထက်သန်မှုတွေကို အားပေးတဲ့ အနေနဲ့ စွန့်ဦးလုပ်ဆောင်မှု (Initiative) ကို ခွင့်ပြုပေးရင်း၊ တစ်ပြိုင်နက်တည်းမှာပဲ strategic big picture တစ်ခုလုံးကို ထိခိုက်စေတဲ့ ပြုမူဆောင်ရွက်မှုတွေ ပေါ်ထွက်လာခြင်း မရှိအောင် ကွပ်ကဲမှုနဲ့ ထိန်းကျောင်းမှု (Command and Control) ပြုလုပ်နိုင်ရပါမယ်။

ခုခံစစ်၊ တိုက်စစ်၊ တော်လှန်စစ်စတဲ့ စစ်ပွဲတွေ အပါအ၀င် တစ်ဖက်ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ နိုင်ငံရေး စစ်မျက်နှာတွေ အားလုံးမှာ ကွပ်ကဲမှု တစုတစည်း တည်းရှိခြင်း (unity of command) ဟာ အောင်ပွဲ ရဲ့ သော့ချက်ပါပဲ။ ဘယ်လို အခြေအနေနဲ့ အချိန်အခါတွေမှာ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေတဲ့ Initiative နဲ့ Command and Control ကို ဦးစားပေးမလဲဆိုတာကို ခေါင်းဆောင်တွေက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေမှုကတော့ Internal Focus (မိမိအင်အား၊ စိတ်ဓာတ်ခိုင်မာမှု၊ ကျွမ်းကျင်မှု စသည်များ) နဲ့ External Focus (ရန်သူ့အင်အား၊ နိုင်ငံတကာနှင့် အန်ဂျီအို အဖွဲ့များ၏ ဘက်လိုက်မှု အခြေအနေ၊ ရာသီဥတု၊ ပထ၀ီဝင် နိုင်ငံရေး စသည် များ) ဖြစ်ပါတယ်။ ဒီအခြေအနေ နှစ်မျိုးစလုံးကို အာရုံစိုက်ပြီး မှန်မှန် ကန်ကန် အကဲဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ စစ်ပွဲနဲ့ နိုင်ငံရေး ထိပ်တိုက် ရင်ဆိုင်မှုတွေမှာ ခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကို ကြည့်ပြီး အရှုံးအနိုင်ကို တွက်ချက်လို့ရပါတယ်။ External Focus ကိုပဲ အာရုံစိုက်တဲ့ဘက်က မလွဲမသွေ ရှုံးပါလိမ့်မယ်။

**** coup d'oeil

လိုက်လျောညီထွေရှိမှုနဲ့ ကွပ်ကဲ ထိန်းကျောင်းမှုတွေကို တန်ဖိုးထားရင်း အခြေအနေတွေကို အတွင်းမှ အပြင်သို့ကြည့်ခြင်း၊ အပြင်မှ အတွင်းသို့ ကြည့်ခြင်းတွေ တစ်ပြိုင်နက်တည်း ပြုလုပ်ခြင်းကို စစ်ပညာရှင် ကလော့ဝစ်က coup d'oeil လို့ ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ coup d'oeil နဲ့ ဆက်နွှယ်တဲ့ အကြောင်းအရာ လေးမျိုး ရှိပါတယ်။ ပထမတစ်မျိုးက human implications တွေနဲ့ သက်ဆိုင်ပါတယ်။

တူညီတဲ့ ယုံကြည်ချက်၊ ခံယူချက်၊ တန်ဖိုးထားမှု၊ စိတ်ဓာတ်ခိုင်မာမှုနဲ့ အပြန်အလှန် ယုံကြည်မှုတွေရှိတဲ့ အဖွဲ့အစည်း ယဉ်ကျေးမှုရှိလာစေဖို့ ခေါင်းဆောင်တွေက လေ့ကျင့် ပျိုးထောင်ပေး ဖို့ လိုအပ်ပါတယ်။
ဒုတိယတစ်မျိုးကတော့ လေ့လာသင်ယူမှု (learning implications) နဲ့ သက်ဆိုင်ပါတယ်။ တင်းမာတဲ့ အခြေအနေ တစ်ခုမှာ အရှုံး အနိုင် ခေါင်းဆောင်က ဘယ်လောက်သိတယ်၊ ဘယ်လောက်တော်တယ် ဆိုတာနဲ့ မဆုံးဖြတ်နိုင်ပါဘူး။ ခေါင်းဆောင်နဲ့ သူ့အဖွဲ့အစည်းရဲ့ မြန်မြန် ဆန်ဆန် တွေးခေါ် ဆုံးဖြတ်ချက်ချမှတ် ဆောင်ရွက်တတ်မှုပေါ်မှာ မူတည်ပါတယ်။ နောက်လိုက်တွေရဲ့ စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှု၊ လုပ်ရည်ကိုင်ရည်ရှိမှု၊ ကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုတွေကို ခေါင်းဆောင်က အကဲဖြတ် ဆန်းစစ်နေဖို့ လိုအပ်ပါတယ်။

တတိယအချက်ကတော့ စီမံချက်ချမှတ်ခြင်း (Planning implications) နဲ့ သက်ဆိုင်ပါတယ်။ အောင်ပွဲကို ဦးတည်စေတဲ့ စီမံချက်တွေ ချမှတ်နိုင်ဖို့ တိကျတဲ့ ဆန်းစစ်ချက်တွေ ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ မဟာဗျူဟာ၊ နည်းဗျူဟာတွေရဲ့ ပြင်ပ၀န်းကျင်အပေါ် သက်ရောက်နိုင်တဲ့ အကျိုးဆက်တွေကို လေ့လာသုံးသပ်ပြီး၊ အောင်ပွဲ ရစေနိုင်မယ့် လှုပ်ရှားမှုတွေဖြစ်လာအောင် စီမံချက်တွေနဲ့ ထိန်းကွပ်ရပါတယ်။

နောက်ဆုံး အချက်ကတော့ structural implications တွေပဲ ဖြစ်ပါတယ်။ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ အခြေခံ သဘောတရား စတာတွေကို တိတိကျကျ စေ့စပ်သေချာစွာ သိရှိဖို့ လိုပါတယ်။ တိုက်စစ်၊ ခံစစ်မှာ တိကျစွာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ လုပ်ထုံးလုပ်နည်းတွေ ရောထွေးပြီး institutional inertia ကို မဖော်ထုတ်နိုင်ရင် အောင်မြင်ဖို့ မလွယ်ပါဘူး။ ဒီ coup d'oeil ဆိုင်ရာ အချက်တွေကို စွန့်ဦးတီထွင် လုပ်ဆောင်စေမှု၊ ကွပ်ကဲထိန်းချုပ်မှု၊ ပြင်ပ အာရုံထားမှု၊ အတွင်းအရုံစိုက်မှု စတဲ့ ဆန့်ကျင်ဘက် ဒွန်တွဲ တည်ရှိနေ မှုတွေအကြားမှာ အခြေအနေ၊ အချိန်အခါနဲ့ အညီ ဆောင်ရွက်တတ်ဖို့ လိုအပ်လှပါတယ်။

**** စစ်၏ အခြေခံ သဘောတရားများနှင့် ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှု

**** (က) တိုက်စစ်နှင့် ခံစစ် (Offensive-Defensive)

တိုက်စစ်က ရန်သူကို ကိုယ်က ဦးအောင်တိုက်ခိုက်တာဖြစ်ပြီး၊ ခံစစ်က ရန်သူက ကိုယ့်ကို ကနဦး တိုက်ခိုက်လာတာကို ခုခံကာကွယ် စစ် ဖြစ်ပါတယ်။ သဘောတရားအရ ဆန့်ကျင်နေပေမယ့် အတူတကွ ဒွန်တွဲ တည်ရှိနေပါတယ်။ ဘယ်စစ်က အောင်ပွဲရစေမယ်လို့ တရားသေ ယူဆချက် မပြုလုပ်နိုင်ပါဘူး။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပါတယ်။ တိုက်စစ် ဆင်နွှဲရမယ့်အချိန်မှာ ခံစစ်ဆင်နွှဲမှုနဲ့ ခံစစ်ဆင်နွှဲရမယ့် အချိန်မှာ တိုက်စစ်ဆင်ရင်တော့ သေချာပေါက်ရှုံးပါတယ်။

ဒုတိယကမ္ဘာစစ် အတွင်းတုန်းက ဆိုဗီယက်တပ်တွေရဲ့ space-for-time ခံစစ်ဗျုဟာက တိုက်စစ် အော်ပရေးရှင်းတွေ အတွက် အကောင်းဆုံး စစ်မြေပြင်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ၁၉၈၀ ကာလတွေမှာ အမေရိကန်ကျင့်သုံးခဲ့တဲ့ Strategic Defence Initiative က စစ်အေးတိုက်ပွဲကို အဆုံးသတ်စေခဲ့ပါတယ်။ အခြေအနေအရ ခံစစ်နဲ့ တိုက်စစ် နှစ်မျိုးစလုံးကို ပေါင်းစပ် တိုက်ပွဲဝင်ရတာလည်း ရှိပါတယ်။ နေတိုးအဖွဲ့ကြီးက ဒီလို ခံစစ်နဲ့ တိုက်စစ် နှစ်မျိုးပေါင်းစပ်ထားတဲ့ active defence လို့ခေါ်တဲ့ strategic doctrine ကို ကျင့်သုံးခဲ့ပါတယ်။

**** (ခ) ရည်မှန်းချက်- ရုတ်ခြည်းဖြစ်ပေါ်မှု (Objective- Surprise)

ရည်မှန်းချက်ဆိုတာမှာ ကြိုတင်စီမံမှု ပါဝင်ပါတယ်။ ကြောင်းကျိုး ဆက်နွှယ်မှုကို ကြိုတင် သုံးသပ်ချက်တွေ ရှိပါတယ်။ ရုတ်ခြည်းဖြစ်ပေါ်မှုမှာ ကျတော့ ကြိုတင်စီမံ သုံးသပ်ချက်တွေ မပါဝင်ပါဘူး။ မထင်မှတ်ထားတဲ့ အခြေအနေတွေဟာ မထင်မှတ်ထားတဲ့ အချိန်တွေမှာ ဖြစ်ပေါ်လာ တတ်ပါတယ်။ စစ်မြေပြင်မှာတော့ ရန်သူ မထင်မှတ်ထားတဲ့ အချိန်မှာ လက်ဦးမှုယူပြီး တိုက်ခိုက်တာကို surprise attack လို့ သုံးနှုန်းကြ ပါတယ်။ နိုင်ငံရေးကစားပွဲမှာ ၀ှက်ဖဲ အသုံးပြုပြီး surprise attack လုပ်ကြတာတွေလည်း ရှိပါတယ်။ တစ်ခါတစ်ရံမှာ စစ်ဆင်ရေး စီမံချက်ထဲမှာ တံတားကူးပြီး တစ်ဖက်ကမ်းရောက်ရင် အဲဒီတံတားကို ဖောက်ခွဲဖျက်ဆီးဖို့ ညွှန်ကြားချက်ပါပြီး၊ ပကတိမြေပြင်မှာ တံတားရှာလို့ မရတာတွေလည်း ရှိတတ်ပါတယ်။ အထူးသဖြင့် အခြားနိုင်ငံတွေကို ကျူးကျော် တိုက်ခိုက်ရတဲ့ စစ်ပွဲတွေမှာ ဒီလို အခြေအနေမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကို တပ်မှူးတွေက unwanted surprise လို့ ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။

စစ်ဆင်ရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေး ထိပ်တိုက်ရင်ဆိုင်မှုတွေမှာပဲ ဖြစ်ဖြစ် စီမံချက်အတိုင်း လက်တွေ့မှ ဖြစ်ချင်မှ ဖြစ်လာမှာပါ။ ရည်မှန်းချက် ကို ပြည့်မီချင်မှ မီမှာပါ။ ရည်မှန်းချက်- ရုတ်ခြည်းဖြစ်ပေါ်မှု ဆန့်ကျင်ဘက် ဒွန်တွဲနေတာကို အကောင်းဆုံး တုံ့ပြန်နည်းကတော့ concurrent deductive reasoning ကို အခြေခံပြီး လက်ရှိရှိနေပြီးသား စီမံချက်ကို အကောင်အထည်ဖော်ခြင်းနဲ့ inductive reasoning ကို အခြေခံပြီး၊ ရုတ်ခြည်းဖြစ်ပေါ်လာမှုတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေခြင်းပဲ ဖြစ်ပါတယ်။

**** (ဂ) လှုပ်ရှားမှု- လုံခြုံရေး (Maneuver- Security)

ဒီအခြေခံ သဘောတရားနှစ်ခုကလည်း ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေပါတယ်။ စခန်းထိုင်နေရင် လုံခြုံရေးအတွက် စိတ်ချရပေမယ့် တိုက်ကင်းလှည့်လည်စဉ်မှာ ရန်သူနဲ့ထိတွေ့မှုဖြစ်ပြီး ကျဆုံး ထိခိုက်မှုတွေ ရှိတတ်ပါတယ်။ သို့ပေမယ့် လုံခြုံရေးကို ပထမဦးစားပေးပြီး၊ လှုပ်ရှားမှု မရှိပြန်ရင်လည်း တိုက်ပွဲက ရေရှည်မှာ အီလာပြီး၊ တစ်ဖက်ရန်သူက ရင်ဆိုင်ထိန်းချုပ်မှု လုပ်လာမယ့် အန္တရာယ် ရှိတတ်ပါတယ်။

စစ်ရဲ့ သဘော သဘာဝအရ စခန်းသိမ်းပိုက်ခံရမှ ရှုံးတာ မဟုတ်ပါဘူး။ ရင်ဆိုင်ထိန်းချုပ်ပြီး containment လုပ်ခံထားရတာကလည်း ရှုံးတာပါပဲ။ လုံခြုံရေးကို အားစိုက်လွန်းရင် လှုပ်ရှားမှုအားနည်းပြီး၊ လှုပ်ရှားမှုကို အားစိုက်လွန်းရင် လုံခြုံရေးကို ထိခိုက်ပါတယ်။ သက်ဆိုင်ရာ strategic doctrine ပေါ်မှာ အခြေခံပြီး၊ ဦးစားပေးသင့်တဲ့ အရာကို ရွေးချယ် ဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။

**** (ဃ) ရိုးရှင်းမှု - ရှုပ်ထွေးမှု (Simplicity- Complexity)

တချို့မဟာဗျူဟာ စဉ်းစားတွေးခေါ် ချက်တွေက ရှုပ်ထွေးပါတယ်။
ရှုပ်ထွေးနက်နဲတဲ့ အော်ပရေးရှင်းတွေလည်း အများအပြား ရှိနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းက command and staff college တွေမှာ သင်တန်းပို့ချသူတွေ ကြုံတွေ့လေ့ရှိတာက သင်တန်းသားတွေရဲ့ ရိုးးရှင်းမှု၊ ရှုပ်ထွေးမှုတွေကို တုံ့ပြန်လက်ခံပုံ မတူညီမှုပဲ ဖြစ်ပါတယ်။ တချို့က တိုက်ခိုက်ရေးမှာ တော်ပေမယ့် တပ်ရေး၊ တပ်ထောက် အပိုင်းတွေမှာ အားနည်းတာလည်း ရှိပါတယ်။

အရေးကြီးတာကတော့ လူမှန်၊ နေရာမှန် ဖြစ်ဖို့ပါပဲ။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာစတဲ့ ကဏ္ဍတွေ အားလုံးမှာ back office အတွက် သင့်တော်မယ့်သူတွေနဲ့ field work အတွက် သင့်တော်မယ့် သူတွေ သီးခြားစီ ရှိပါတယ်။ ခေါင်းဆောင်တွေက တာဝန်ခွဲဝေ ပေးတဲ့ အခါ မှန်မှန်ကန်ကန် အကဲဖြတ်တတ်ဖို့ လိုပါတယ်။ တစ်ခါတစ်ရံမှာလည်း ရိုးရှင်းစွာ အမိန့်အတိုင်း အကောင်အထည်ဖော်ရမယ့် field work ကိုမှ လူရာသွင်းမှုတွေကြောင့်၊ ရှုပ်ထွေးနက်နဲတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်မယ့် လူတွေက field work ထဲ လိုက်ဆင်းပြီး၊ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရမှုတွေ ဖြစ်တတ်ပါတယ်။

ရိုးရှင်းမှု- ရှုပ်ထွေးမှုနဲ့ ပတ်သက်တဲ့ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ ရှင်းလင်းပြတ်သားတဲ့ အမိန့် ဖြစ်ပါတယ်။ စစ်ဘုရင် နပိုလီယံရဲ့ adjutant technique လို့ လူသိများတဲ့ ရှင်းလင်းပြတ်သားသော အမိန့်ဟာ တိုက်ပွဲရဲ့ အရှုံးအနိုင်အတွက် အရေးကြီးပါတယ်။ စစ်မြေပြင် (သို့မဟုတ်) စစ်မြေပြင်သဏ္ဍာန် နိုင်ငံရေး အခင်းအကျင်း အခြေအနေ တစ်ခုမှာ တိုက်ရင် ကောင်းမလားဆိုပြီး လူထုဆန္ဒခံယူပွဲ လုပ်နေလို့မရ ပါဘူး။ တိုက်ချင်သူ တိုက်ကြဆိုပြီး စွန့်ဦး လုပ်ဆောင်စေမှုလည်း လုပ်လို့ မရပါဘူး။

ကွပ်ကဲမှု တစုတစည်းတည်း (unity of command) ရှိရပါမယ်။ ခေါင်းဆောင်တွေက တက်မိန့်၊ ဆုတ်မိန့် ပေးရပါမယ်။ တိုက်ပွဲအီနေရင် ကျားထိုးတက်ရင်လည်းတက်၊ အကျအဆုံး အနည်းဆုံးနဲ့ ဆုတ်ခွာပြီး တိုက်စစ် အတွက် ပြန်လည်အားယူမှု လုပ်ရင်လည်း လုပ်ရပါမယ်။ ဒီလို ရှင်းလင်းပြတ်သားတဲ့ အမိန့်ကို မပေးဘဲ တိုက်ပွဲအီနေ တာကို အချိန်ဆွဲထားရင် ဒုတိယအတွေး (second thought) တွေ ၀င်လာပြီး၊ မိမိတပ်တွေ ဖရိုဖရဲ ဖြစ်တတ်ပါတယ်။ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို ဆန့်ကျင်ဘက်ဖြစ်တဲ့ ရိုးးရှင်းမှုနဲ့ ရင်ဆိုင်ဖြေရှင်း နည်းက အရေးပေါ် အခြေအနေမှာ သင့်လျော်ပါတယ်။

**** (င) Mission- People

စစ်ဆင်ရေးတွေမှာ မိမိဘက်က ထိခိုက်ကျဆုံးမှု အနည်းဆုံးနဲ့ ရည်မှန်းချက် တာဝန်ကို ပြည့်မီအောင် ထမ်းဆောင်ဖို့ ညွှန်ကြားလေ့ ရှိကြပါတယ်။ ဒီအချက်နှစ်ခုကလည်း ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေ ပါတယ်။ အထူးသဖြင့် သူသေကိုယ်သေ ရင်ဆိုင်ကြရတဲ့ အခြေအနေတွေမှာပါ။ ရည်မှန်းချက်တာဝန်ကို ပြည့်မီဖို့ ရဲဘော်အချို့ရဲ့ အသက်တွေကို စတေးဖို့ လိုအပ်လာတာတွေ ရှိတတ်ပါတယ်။ စစ်မှာ ဒီအချက်ကို မလွဲမသွေ လက်ခံနိုင်ဖို့ လိုပါတယ်။

မိမိဘက်က ထိခိုက်ကျဆုံးမှု ဖြစ်နိုင်ခြေကို risks မယူရဲရင် ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်လို့ မရပါ။ တစ်ဖက်နဲ့ တစ်ဖက် လက်နက်ကိုင်စွဲတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ်၊ လက်နက်ကိုင်စွဲထားတဲ့ ဘက်တစ်ဖက်ကို ရင်ဆိုင်ရတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ် ဒီကိစ္စဟာ ခေါင်းဆောင်တွေ အတွက် အောင်ပွဲနဲ့ စတေးရမှုအကြားမှာ ချိန်ခွင်လျှာညှိရမယ့် အချက် ဖြစ်ပါတယ်။

**** နိဂုံး

နိဂုံးချုပ်ဆိုရရင် စစ်ရဲ့ အခြေခံ သဘောတရားတွေဟာ တစ်ခုချင်း သီးခြားဖြစ်တည် နေတာတွေ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက် ဒွန်တွဲ တည်ရှိမှုတွေ အများအပြား ရှိပါတယ်။ စစ်ဘုရင် ကလော့ဝစ်က ကွဲပြားခြားနားတဲ့ အကြောင်းအရာ နှစ်ခုကို ဆက်စပ်အသုံးပြုရတဲ့ အခါ၊ ဒီအကြောင်းအရာနှစ်ခုမှာ ဘုံဆက်နွှယ်မှု ရှိနေမယ်ဆိုရင် polarity ဟာ အကြောင်းအရာတွေဆီမှာ မဟုတ်ဘဲ ဆက်နွှယ်မှုပေါ်မှာ မူတည်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် တစ်ခုနဲ့ တစ်ခု ဆက်နွှယ်နေပြီး၊ အပြန်အလှန် တည်မှီနေသလို၊ ဆန့်ကျင်ဘက်ဒွန်တွဲ ဖြစ်တည်မှုလည်း ရှိနေတဲ့ စစ်ရဲ့ အခြေခံ သဘောတရားတွေကို အခြေအနေ၊ အချိန်အခါနဲ့အညီ အသုံးပြုနိုင်သူတွေ အနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေ မှာ အောင်ပွဲရနိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။



ခင်မမမျိုး



The Ladies News









http://www.theladiesnewsjournal.com/…/tue-2016-11-29-1…/4341






အလုပ်သမားနဲ့ နိုင်ငံရေး






အလုပ်သမားနဲ့ နိုင်ငံရေး

မောင်စွမ်းရည် / ၉ ဖေဖော်ဝါရီ ၂၀၀၉
ကျနော်တို့တတွေ ကျောင်းသားဘ၀က ဖတ်ရှုခဲ့ဖူးတဲ့ စာအုပ်တအုပ်ထဲမှာ “အလုပ်သမားဆိုတာ အရင်းရှင်စနစ်ရဲ့ ၀မ်းကြောတိုက်ကို ဖောက်ထွက်မွေဖွားလာသူများဖြစ်သည်” တဲ့ ။ အရင်းရှင်စီးပွားရေး စနစ်ကို ရှင်းပြသူ မြန်မာနိုင်ငံရေး ဘောဂဗေဒပညာရှင်များကလည်း “မြွေပွေးများဟာ သားပေါက်ရင် မိခင်ရဲ့ ၀မ်းဗိုက်ကို ဖောက်ခွဲ မွေးဖွားလာကြသလို အလုပ်သမားတွေဟာ အရင်းရှင်စနစ် မိခင်ရဲ့ ၀မ်းကြောတိုက်ကို ဖောက်ထွက်လာကြသည်” လို့လည်း ဥပဒေပေးပြီး ရှင်းပြခဲ့ကြပါတယ်။ တကယ်တော့ အရင်းရှင်နဲ့ အလုပ်သမားတို့ဟာ စနစ်တခုတည်းမှာ အမြွှာမွေးလာကြတာပါပဲ။ တဦးနဲ့တဦး မှီခိုနေရတဲ့ “မရှိမဖြစ်ရန်သူ” များလည်း ဖြစ်ကြပါတယ်။

အရင်းရှင်က ငွေရင်းစိုက်ထုတ်တယ်။ အလုပ်သမားက လုပ်အားစိုက်ထုတ်တယ်။ တကယ်တော့ အလုပ်သမားကလည်း အရင်းအနှီး စိုက်ထုတ်ရတာပါပဲ။ သူရင်းနှီးရတာက “လုပ်အား”နဲ့ “အချိန်” ဖြစ်ပါတယ်။

ဒီအတွက် အမြတ်အခွန်ကို ခွဲဝေရာမှာ အရင်းရှင်က သူစိုက်ထုတ်ရတာကိုပဲ မြင်ပြီး သူကပဲ ကျေးဇူးရှင်လို့ မှတ်ယူတာမို့ အလုပ်သမားကို လုပ်ခဝေစုနည်းနည်းပဲ ပေးပါတယ်။ အမြတ်ကို ရနိုင်သမျှရအောင် လက်ကုန် နှိုက်ယူပါတယ်။

အချိန် တနေ့ (၈) နာရီခိုင်းရမယ်ဆိုရင် (၁၀) နာရီခိုင်းပါတယ်။ (၄) ရက်ကြာရင် (၄x၂) နာရီ၊ တနည်းပြောရင် (၈) နာရီ အမြတ်ထွက်သွားပါတယ်။ အလုပ်သမားတယောက်အတွက် လုပ်ခကို ခေါင်းပုံ ဖြတ်လိုက်တာပါပဲ။ ဒါက အချိန်အပေါ်က ခေါင်းပုံဖြတ်တာပါ။
လုပ်အားအပေါ်ကလည်း ခေါင်းပုံဖြတ်ပါသေး တယ်။ တနာရီ (၈) ကျပ်ပေးရမှာကို (၄) ကျပ်ပဲပေးတယ်။ (၂) ရက်လုပ်ရင် (၄x၂) ကျပ်၊ တနည်းပြောရင် (၈) ကျပ်ဆိုတဲ့ အလုပ်သမားတဦးရဲ့ လုပ်ခကို ခေါင်းပုံဖြတ်ယူလိုက်တာပါပဲ။

အလုပ်ရုံက ကုန်ချောပစ္စည်းကို ရောင်းချတဲ့အခါ လုပ်အားခကိုပါ အရင်းအနှီးအဖြစ်ထည့်ပြီး အမြတ်တွက်ယူပါတယ်။ ကုန်ကြမ်းက ကုန်ချော ဖြစ်သွားလို့ တန်ဖိုးတက်လာတဲ့အတွက် ဈေးမြှင့်ယူပြန်ပါသေးတယ်။ ဒါဟာ အလုပ်သမားကြောင့်လည်း ရတာ ဖြစ်ပေမယ့် အလုပ်ရှင်ကချည်း အမြတ်ယူလိုက်ပါတယ်။

အရင်းရှင်တွေဟာ တနေ့တခြား ချမ်းသာလာပေမယ့် အလုပ်သမားတွေက တနေ့တခြား ချွတ်ခြုံကျလာခဲ့ပါ တယ်။ ဒါကြောင့် လုပ်အားခပိုတောင်းပါတယ်။ မပေးရင် သပိတ်မှောက် ဆန္ဒပြပါတယ်။ ဒီလိုနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတို့ဟာ ကမ္ဘာရန်ဖြစ်ပြီး တခြိမ်းခြိမ်းနဲ့ဖြစ်ကြရတဲ့ ပဋိပက္ခတွေဟာ မဆုံးနိုင်တော့ပါဘူး။ ဒါက ဘ၀ကပေးတဲ့ နိုင်ငံရေးပါ။

ကျနော်တို့ နိုင်ငံက လယ်ယာနိုင်ငံပါ။ လယ်ယာကလည်း စက်မှုလယ်ယာစနစ်မဟုတ်သေးပါဘူး။ ရှိသမျှ စက်ရုံတွေဆိုတာကလည်း စက်မှုနိုင်ငံကြီးတွေက ၀ယ်ယူသုံးစွဲရတဲ့ စက်ရုံအငယ်စားတွေပါပဲ။ ဒါပေမယ့် စက်ရုံမရှိတဲ့ ကုန်တင်ကုန်ချ ဆိပ်ကမ်းလုပ်သားများလည်း ဗမာပြည်မှာ အင်းအားကောင်းလှပါတယ်။ ၀န်ချီ စက်တွေ လုံလောက်အောင် မသုံးနိုင်သေးလို့ပါ။ ရေနံမြေအလုပ်သမား၊ မီးရထားစက်ရုံအလုပ်သမားတွေနဲ့ သင်္ဘောကျင်းအလုပ်သမားတွေလည်း နာမည်ကြီးတဲ့ အလုပ်သမားထုတွေပါ။ ဒီစက်ရုံတွေဟာ ဒီနေ့ခေတ်မှာ အစိုးရ၀န်ထမ်းအလုပ်သမားတွေ ဖြစ်နေကြပါတယ်။ စက်ရုံအလုပ်ရုံတွေက အစိုးရပိုင်ဖြစ်နေကြလို့ပါ။

စစ်အစိုးရဟာ ပုဂ္ဂလိက အရင်းရှင်ထက် ဆိုးဝါးပါတယ်။ အစိုးရကိုယ်တိုင်က ခေါင်းပုံဖြတ်တာကို လုပ်နေတော့ အလုပ်သမားတွေဆန္ဒပြရင် အစိုးရအာဏာနဲ့ နှိမ်နင်းလေ့ရှိပါတယ်။ အလုပ်သမားတွေကိုလည်း သူတို့ရဲ့ အာဏာကို လုယူမယ့် သူပုန်တွေလို့ သဘောထားပြီး စစ်တပ်ကပါ ၀င်ရောက်နှိမ်နင်းလေ့ရှိပါတယ်။ သေနတ်နဲ့ ပစ်ခတ်တာဟာလည်း ခြိမ်းခြောက်ရုံမဟုတ်ပဲ ဗိုလ်နေ၀င်းပြုခဲ့သလို စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ပါဘူး။ ထိအောင်မှန်အောင်ပဲ ပစ်ကြပါတယ်။
ဒီအစိုးရက အလုပ်သမားတွေကို အကြမ်းဖက်နှိမ်နင်းလေ့ရှိတာဟာ အစိုးရက အလုပ်သမားကို ကြောက်ရွံ့ လို့ပါပဲ။ မတရားတာကို လုပ်တဲ့ လူတွေက ကြောက်တတ်ပါတယ်။ သူတို့ကိုယ်တိုင် သူတို့ဟာ မတရားတာ တွေကို လုပ်နေတယ်ဆိုတာ သိနေလို့ပိုပြီး ကြောက်တတ်တာပါ။ အလုပ်သမားတွေမှာ နိုင်ငံရေးအသိတိုးမှာ အလွန်ကြောက်ပါတယ်။

သဘာဝအရ စစ်သားဆိုတာ လူသတ်ဖို့လေ့ကျင့်ထားရတဲ့ ဟာတွေ။ အလုပ်သမားဆိုတာ ကုန်ထုတ်လုပ်ဖို့ လေ့ကျင့်ထားသူတွေ။ ဘာပဲဖြစ်ဖြစ် အလုပ်ဝင်ဖို့ရာအတွက် ပညာအခြေခံရှိဖို့နဲ့ သင်တန်းတက်ဖို့လိုတာ ချည်းပဲ။ ခေတ်သစ်စစ်သားဟာ ခေတ်မီလက်နက်တွေ အသုံးပြုဖို့ ပညာအခြေခံ လိုအပ်သလို ခေတ်သစ်အလုပ်သမား (စက်ရုံလုပ်သား) တွေကလည်း စက်တွေ မောင်းနှင်ဖို့ ပညာအခြေခံလိုတယ်။ ဒါတွေဟာ ခေတ်သစ်စက်မှုခေတ်ဖြစ်လာလို့ပါ။

ရှေးခေတ်ကတော့ စစ်သားဟာ မြင်းစီးခြင်း၊ ဓားခုတ် လှံထိုးခြင်းတို့ကို လေ့ကျင့်သင်ယူရတယ်။ ရှေးခေတ် အလုပ်သမားကတော့ ကာယလုပ်အားအသုံးပြုဖို့ သင်ယူရပါတယ်။ ခုခေတ်လောက် စာတွေပေတွေ တတ်ဖို့မလိုပါဘူး။

ရှေးက ခေါမ၊ ဥရောပ စတဲ့ နေရာတွေမှာ ကျွန်လုပ်သားတွေ ရှိခဲ့တယ်။ အမေရိကားမှာ လူမဲတွေကို ကျွန်အဖြစ်ရောင်းဝယ်တာတွေ၊ ၀ါခင်း၊ ဆေးခင်းတွေမှာ အစုလိုက် ခိုင်းစေတာတွေရှိခဲ့ပါတယ်။ ဗမာပြည်မှာ ကတော့ အိမ်ကျွန်၊ ကျောင်းကျွန် လောက်ပဲရှိခဲ့ပါပြီး “ရှေ့ဂန္ထ၀င်ကျွန်စနစ်” မျိုး ရှိခဲ့ပုံမရပါဘူး။ လယ်ကျွန်ယာကျွန်ဆိုတာမျိုးကလည်း လယ်ကွက်ယာကွက် အကျယ်ကြီးတွေ စိုက်ခဲ့ကြတာမဟုတ်လို့ ကျွန်တွေ အများကြီးနဲ့ မစိုက်ပျိုးခဲ့ရပါဘူး။ ကျောက်စာတွေထဲမှာ ကျွန်တွေစာရင်းနဲ့ပါရှိပေမယ့် မများလှပါဘူး။ ကျွန်ဆိုတာ အလုပ်သမားကိုပဲ ပြောတာပါ။ (ကျနော်တို့ ဘုရင်တွေကလည်း အသောကတို့၊ ရှိဟွန်တိတို့ လောက် မကြီးကျယ်ခဲ့ပါဘူး။)

ဗမာပြည်မှာ ကိုလိုနီခေတ်ကျမှ ရေနံမြေအလုပ်သမား ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမား၊ ဆန်စက် ဆီစက်အလုပ်သမား စသဖြင့် ပေါ်လာခဲ့ရာမှ ရေနံချက်စက်ရုံ အလုပ်သမားတွေကတော့ ပညာအခြေခံမြင့်ဖို့ လိုပါတယ်။ ဒါကြောင့်လဲ သန်လျင် ရေနံချက်စက်ရုံဘက်က သခင်စိုး၊ ဗိုလ်ရန်အောင်၊ သခင်ဘမောင် တို့လို နိုင်ငံရေးသမားတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အလုပ်သမားဆိုတာ ရူပဗေဒ၊ ဓာတုဗေဒ စတဲ့ သိပ္ပံပညာအခြေခံရှိရပါတယ်။ လုပ်ငန်းခွင်မှာ အစုလိုက် တနေရာတည်း လုပ်ကြရပြီး တယောက်နဲ့တယောက် ခွေးသွားဘီးတွေ ချိတ်ဆက်သလို၊ အချိန်ကိုက်ဆက်စပ် လုပ်ဆောင်နေကြရပါတယ်။ အလုပ်သမားတွေကိုယ်တိုင် စက်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေကြပါတယ်။ အလုပ်သမားတွေဟာ ယန္တရား သဘောအရ လူချင်းလည်း ချိတ်ဆက်ကျွမ်းဝင်နေကြရပါတယ်။ လယ်သမားတွေနဲ့ မတူတာက အဲဒါပါပဲ။ တစုတဝေးတည်း အစုလိုက်ဆက်စပ်ရင်းနှီးကျွမ်းဝင်နေကြလို့ အရင်းရှင်တွေက ကြောက်နေရပါတယ်။ အလုပ်သမားတွေ ဆန္ဒပြရင် အစုလိုက်ဖြစ်လို့ စက်ရုံလည်ပတ်မှုရပ်ဆိုင်းသွားရပြီး ကုန်ထုတ်လုပ်မှုလည်း တပါတည်း ရပ်ဆိုင်းသွားပါလိမ့်မယ်။ အလုပ်သမားတွေက သမဂ္ဂဆိုပြီး ဖွဲ့စည်းထူထောင်လိုက်ကြတဲ့ အခါ ပိုပြီးကြောက်စရာ ကောင်းလောက်အောင် အင်အားကြီးမားလာခဲ့ပါတယ်။

အလုပ်ရှင်က အလုပ်သမားတွေရဲ့ ကျေးဇူးရှင် အလုပ်သမားတွေဟာ အလုပ်ရှင်တွေရဲ့ ကျေးဇူးကျွန်လို့ ရှေးအစဉ်အလာမှတ်ယူစွဲလမ်းလာခဲ့တာရှိပါတယ်။ အလုပ်သမားတချို့ကလည်း အလုပ်ရှင်ကို ကျေးဇူးရှင်လို့ ထင်ယောင်ထင်မှား ဖြစ်နေကြတာမျိုး မြန်မာလူမျိုးတွေမှာ ရှိနေပါတယ်။

 ကျေးဇူးရှင်ကို ကျေးမစွပ်ကောင်းဘူး လို့ စွဲမှတ်နေကြပါတယ်။ ဒါဟာ မဟုတ်ဘူး။ အပြန်အလှန် အရောင်းအ၀ယ်သဘောပါပဲ။ “ဆီပေးလို့ ဆန်ရ” ဆိုတဲ့ သဘောတရားပါပဲ။
ဗမာအစိုးရကိုယ်တိုင်က ၀န်ထမ်းတွေကို သူတို့က ကျေးဇူးပြုထားတာ၊ သူတို့က လခပေးထားတာ၊ သူတို့ကို ကျေးဇူးတင်ရမှာလို့ ထင်မှတ်နေကြသလို ၀န်ထမ်းတွေကို သူတို့ရဲ့ ကျေးဇူးကျွန်တွေလို ဆက်ဆံလေ့ရှိပါတယ်။ ဒီအစွဲတွေ ဖျောက်ရပါမယ်။ ဒါဟာ နိုင်ငံရေးရဲ့ အခြေခံသဘောတရားတခုပါပဲ။
အလုပ်သမားဟာ အလုပ်ရှင်ရဲ့ ကျေးဇူးရှင်၊ အစိုးရရဲ့ ကျေးဇူးရှင်လို့လည်း မှတ်ယူပြီး အပြန်အလှန် ငြိမ်းချမ်းမျှတအောင် ဆက်ဆံနိုင်ရေးကို ရှေးရှုရမှာပဲ ဖြစ်ပါတယ်။ အလုပ်ရှင်ဟာ လောဘသမားဖြစ်လို့ အလျှော့ပေးရိုးမရှိပါဘူး။ အသာတကြည်ပြောလို့လည်း မရပါဘူး။ သူ့ဘက်က အုပ်ချုပ်ရေး ယန္တရား ပိုင်းဖြစ်တဲ့ အစိုးရကလည်း ဘက်လိုက်လေ့ရှိတော့ ပိုပြီးကမ်းတက်ပါတယ်။

စစ်အစိုးရကိုယ်တိုင် အလုပ်ရှင်ဖြစ်ရင်တော့ ပိုပြီးတော့ ဆိုးသည်ထက် ဆိုးပါမယ်။ စစ်အစိုးရဆိုရင်တော့ ဥပဒေမရှိဘဲ၊ သေနတ်ရှိနေလို့ ကမ်းကုန်အောင် မိုက်ရိုင်းပါလိမ့်မယ်။ ဘာသာရေးနဲ့ ငရဲကြီးမယ်ဆိုတာလည်း မရှိလို့ ဘုန်းကြီးတွေကိုတောင် သတ်ရဲသူ တွေဖြစ်နေပြီဆိုရင် အလုပ်သမားကိုလည်း ညှာမှာမဟုတ်ပါဘူး၊ အလုပ်သမားကလည်း ပြန်မညှာဖို့ပဲ လိုပါတယ်။
ကမ္ဘာ့သမိုင်းအစဉ်အလာအရ အလုပ်သမားတွေဟာ သဘာဝအရ တစုတည်း ရှိရုံသာမက စနစ်တကျ ဖွဲ့စည်းထားကြတဲ့ “အလုပ်သမားသမဂ္ဂ” ဆိုတာတွေလည်း ရှိခဲ့လို့ ခုခေတ်မှာ အလုပ်ချိန်သတ်မှတ်မှု၊ အချိန်ပိုလုပ်အားခ၊ လူမှုဖူလုံရေး စတာတွေ ရှိလာခဲ့ပါတယ်။

စစ်အစိုးရ လက်ထက်မှာ မဆလ လက်ထက်ကလို ဟန်ဆောင်ပန်ဆောင် အစည်းအရုံးလေးတောင် မရှိတော့ပါဘူး၊ ခွင့်လဲမပေးတော့ဘူး ဆိုတော့ လျှို့ဝှက်ဖွဲ့စည်းထားရမှာပါ။ ကျစ်လျစ်သိပ်သည်းစွာ လုပ်ဆောင်ရမှာပါ။ လောက်ကောင် ကြံ့ဖွံ့တွေကိုလည်း သတိထားရမှာပါ။
ခေတ်သစ်ဆိုရိုးရှိပါတယ်။

“အလုပ်သမားတွေမှာ နှောင်ကြိုးကလွဲပြီး ဘာမှ ဆုံးရှုံးစရာမရှိ” ဆိုတာပါပဲ။
အလုပ်သမားရဲ့ ဘ၀အသိ၊ နိုင်ငံရေးအသိ မရှိရင်တော့ အလုပ်ကျွန်ဘ၀က တက်မှာ မဟုတ်ပါဘူး။



မောင်စွမ်းရည် / ၉ ဖေဖော်ဝါရီ ၂၀၀၉





 People's Democracy



ရခိုင်ပြည် တပ်မတော် ရဲဘော် လက်ဖြောင့် သေနတ်ပစ်လေ့ကျင့်မှု


                      ရခိုင်ပြည် တပ်မတော် ရဲဘော် လက်ဖြောင့် သေနတ်ပစ်လေ့ကျင့်မှု




ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) ရခိုင်ပြည် တပ်မတော်(AA) ရခိုင်ပြည် ခရီးစဉ်









       ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) ရခိုင်ပြည် တပ်မတော်(AA) ရခိုင်ပြည် ခရီးစဉ်



ရခိုင်ပြည် တပ်မတော် (Arakan Army) စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်း










                      ရခိုင်ပြည် တပ်မတော် (Arakan Army) စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်း





ရခိုင်ပြည် တပ်မတော် (Arakan Army) စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်း






                           ရခိုင်ပြည် တပ်မတော် (Arakan Army) စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်း


ကျူဘားနိုင်ငံရဲ့ ကွန်မြူနစ်တော်လှန်ရေးခေါင်းဆောင် ဖီဒယ် ကက်စ်ထရို


















ကျူဘားနိုင်ငံရဲ့ ကွန်မြူနစ်တော်လှန်ရေးခေါင်းဆောင် ဖီဒယ် ကက်စ်ထရို




Comments system

Flag Counter