ကွန်မြူနစ်ညီလာခံ(ပျဉ်းမနားကွန်ဂရက်) နှင့် မြန်မာ့အလင်း – မြေနီသစ္စာ


မြန်မာနိုင်ငံတော် လွတ်လပ်ရေး စတင်ရရှိသော ၄-၁-၁၉၄၈ နေ့တွင် မြန်မာ့အလင်း ဦးတင်သည် ပြည်ထောင် စု မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့သစ်တွင် ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီး ဖြစ်သည်။
ယင်းအစိုးရအဖွဲ့ထဲတွင် ဦးတင်နှင့် အရင်းနှီးဆုံးပုဂ္ဂိုလ်သည် ၀န်ကြီးချုပ် (နန်းရင်းဝန်) သခင်နုဖြစ်သည်။ သခင်နု လိုအပ်သမျှကို တော်လှန်ရေး ကာလတွင်လည်းကောင်း၊ ၁၉-၇-၁၉၄၇ နေ့ ဗိုလ်ချုပ်မကွယ်လွန်မီထိ လည်းကောင်း မြန်မာ့အလင်းဦးတင်က သခင်နုကို လိုလေသေးမရှိ ကူညီခဲ့သည်။ ကုန်ကုန်ပြောရလျှင် ဗိုလ်ချုပ်တို့ ကျဆုံးသွားသည့် သတင်းကိုပင် ဦးတင်လှမ်းအကြောင်းကြားမှ သခင်နုသိရှိခဲ့ခြင်းပင်။ ခြုံငုံပြောရလျှင် လွတ်လပ်ရေး အစိုးရအဖွဲ့တွင် ၀န်ကြီးအဖြစ် ဦးတင်ပါဝင်ခြင်းသည်လည်း သခင်နု၏ သြဇာတိက္ကမအများဆုံး ပါဝင်ခဲ့ခြင်းဖြစ်သည်။…
လွတ်လပ်ရေးရပြီး ၇၂ ရက်အကြာတွင် ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် ကြီးစွာသော အမှားတစ်ခုကို ကျူးလွန် လိုက်လေသည်။ ယင်းအမှားသည် ဦးကျော်ငြိမ်း၏ စေခိုင်းချက်အရ သတင်းစာတိုက် ၃ တိုက်ကို ရိုက်ချိုး ဖျက်ဆီး လိုက်ခြင်းဖြစ်သည်။ ယင်း ၃ တိုက်သည် အိုးဝေ၊ ဟစ်တိုင်နှင့် စီးပွားရေး သတင်းစာတိုက်တို့ ဖြစ်သည်။ ရန်ကုန်မြို့လယ်ရှိ ယင်းသတင်းစာတိုက် ၃ တိုက်ကို ဖျက်ဆီးကြခြင်းမှာ ဦးကျော်ငြိမ်း၏ ဆိုရှယ်လစ်ပါတီ လယ်သမားအဖွဲ့ ခေါင်းဆောင်ကြီး မုဒိမ်းမှု ကျူးလွန်သည်ဟု ယင်းသတင်းစာတို့က ဖော်ပြခဲ့သောကြောင့် ဖြစ်၏။ ၀န်ကြီးချုပ် သခင်နုသည် ဦးကျော်ငြိမ်းကို ခေါ်ပြီးသော် အလကားကောင်ဟု ပြောဆိုကြိမ်းမောင်း၏။ ကျူးလွန်သူ ခေါင်းဆောင်တို့ကိုလည်း အရေးယူရန် အမိန့်ပေး၏။ အဆိုးဆုံးကား သခင်နု၏ အစိုးရအပေါ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီက ဆက်ဆံရေး ဖြတ်တောက် သွားခြင်းပင်ဖြစ်၏။
ဗိုလ်ချုပ် မကွယ်လွန်မီ ၁၀-၁၀-၁၉၄၆ နေ့က ကွန်မြူနစ်ပါတီကို ဖဆပလ က ထုတ်ပယ်ခဲ့သည်။ သို့ရာတွင် ကွန်မြူနစ်ပါတီက ပြည်သူ့လွှတ်တော်အမတ် ဖြူးသခင်သန်းဖေသည် ဗိုလ်ချုပ်မကွယ်လွန်မီ ၂ လခန့်က ဗိုလ်ချုပ်နှင့်တွေ့ဆုံ၍ ၅ နာရီကြာမျှ ဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးမှုကစ၍ လွတ်လပ်သော မြန်မာအစိုးရ အဖွဲ့တွင် ကွန်မြူနစ်ပါတီက သခင်သန်းထွန်းနှင့် သခင်သန်းဖေ(ဖြူး) တို့ကို ထည့်သွင်းရန် ဗိုလ်ချုပ် သဘောတူခဲ့သည်။ ဗိုလ်ချုပ်မကွယ်လွန်မီ ၁၈-၇-၁၉၄၈ နေ့ညက ယင်းကိစ္စကို ဗိုလ်ချုပ်သည် သခင်နုကို ပြောကြားခဲ့သေးသည်။
ဗိုလ်ချုပ် ၁၉-၇-၁၉၄၇ နေ့တွင် ကွယ်လွန်ပြီးနောက် သခင်နုသည် သခင်သန်းထွန်းနှင့်အတူ ချစ်ကြည်ရေးခရီး လှည့်လည်ခဲ့သည်။ သခင်နုအစိုးရအဖွဲ့တွင် သခင်သန်းထွန်းနှင့် သခင်သန်းဖေ(ဖြူး) တို့ကို ထည့်သွင်းရန် မှာလည်း ဆိုရှယ်လစ်ပါတီ ခေါင်းဆောင် ဦးကျော်ငြိမ်းနှင့် အပေါင်းပါတို့က နှောင့်နှေးအောင် ပြုမူနေသည့်တိုင် ကွန်မြူနစ်ပါတီဘက်က ဘာမျှပြောမလာဘဲ ရေငုံနှုတ်ပိတ် နေခဲ့လေသည်။ ထင်မှန်းကြည့်ရသည်မှာ သခင်နု အစိုးရအဖွဲ့ထဲမှာ ၀န်ကြီးနှစ်နေရာယူရေးကိစ္စသည် ကွန်မြူနစ်ပါတီအဖို့ သိပ်အဓိကမကျသည့် သဘောဟု ထင်မြင်ယူဆရလေသည်။
၎-၁-၁၉၄၈ လွတ်လပ်ရေးနေ့ အခမ်းအနားကိုလည်း ကွန်မြူနစ်ခေါင်းဆောင် သခင်သန်းထွန်း တက်ရောက်လာ၍ သခင်နုကများစွာ ကျေနပ်၏။
သခင်သန်းထွန်းနှင့် (ဖြူး)သခင်သန်းဖေတို့ကို ၀န်ကြီးအဖွဲ့ထဲထည့်ဖို့ကိစ္စမှာ ဦးကျော်ငြိမ်း၏ အချိန်ဆွဲ ထားမှုကြောင့် အကောင်အထည် ပေါ်မလာသေးပေ။ ယင်းအချိန်မှာ ဦးကျော်ငြိမ်း အစီအစဉ်ဖြင့် သတင်း စာတိုက် ၃ တိုက်ကို ဖျက်ဆီးလိုက်သော အခါတွင်ကား ကွန်မြူနစ်ပါတီသည် ဆိုရှယ်လစ်တို့ ကြီးစိုးသော သခင်နုအစိုးရကို မယုံကြည်တော့ပေ။
ယင်းကာလမှာပင် ကွန်မြူနစ်ပါတီသည် လူတစ်သိန်းကျော် တက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ အစည်းအဝေးထက် သာလွန်ကြီးကျယ် ခမ်းနားသော၊ ဗိုလ်ချုပ် အစည်းအဝေးထက် လူ ၂ ဆ တက်မည်ဟု ခန့်မှန်းထားသော အစည်းအဝေးကို ပျဉ်းမနားတွင် ပြုလုပ်ရန် စီစဉ်လျက်ရှိ၏။ ၁၃-၃-၁၉၄၈ နေ့တွင် တောင်သူလယ်သမားသမဂ္ဂ ကွန်ဂရက်အဖြစ် သခင်သန်းထွန်းက စီစဉ်ဆောင်ရွက်နေခြင်းပင်။
အထူးသဖြင့် သခင်သန်းထွန်းသည် နိုင်ငံခြားက ကွန်မြူနစ်ပါတီတို့ကိုလည်း ဖိတ်ကြားထားရာ ယင်းကို အထူးစိုးရိမ်မကင်း သောကဖြစ်သူမှာ ၀န်ကြီးချုပ်သခင်နုပင်။
သခင်နုသည် သခင်သန်းထွန်း၏ လုံ့လ၀ီရိယဇွဲနှင့် တစ်ခုခုလုပ်သည်ဆိုလျှင် စနစ်တကျ အောင်မြင်အောင် လုပ်တတ်သည်ကို ကောင်းကောင်းသိ၏။ သခင်နု၊ သခင်သန်းထွန်းနှင့် သခင်စိုးတို့ နဂါးနီပုံနှိပ်လုပ်ငန်း လုပ်ကိုင်ခဲ့စဉ်က သခင်သန်းထွန်းသည် သူတာဝန်ယူသည့် အလုပ်ကိစ္စကို လုပ်ပါက ပြီးမှထိုင်ရာက ထတတ်သည်ကိုလည်း ကောင်းကောင်းသိ၏။ သခင်သန်းထွန်းသည် နိုင်ငံခြားက ကွန်မြူနစ် ခေါင်းဆောင် တို့ကို ဖိတ်ထားခြင်းက သူ့ကွန်မြူနစ်ပါတီသည် ဘယ်လောက် ကြီးကျယ်အောင် ဆောင်ရွက်နိုင်သည်ကို အင်အားပြလိမ့်မည်ဟု သခင်နုတွက်ထား၏။
ယင်းအတွက် သခင်နုသည် သခင်သန်းထွန်း၏ ပျဉ်းမနားကွန်ဂရက် သတင်းကို တိတိကျကျ သိလို၏။ တိတိကျကျသိနိုင်ရန် မိမိကို အကောင်းဆုံး အကူအညီပေးနိုင်သူမှာ မြန်မာ့အလင်း ဦးတင်ပင်ဖြစ်သည်။
ယင်းမှာ ၀န်ကြီးချုပ်သခင်နုသည် သူ၏၀န်ကြီး တစ်ဦးလည်းဖြစ်သော မြန်မာ့အလင်း ဦးတင်ကို နှစ်ကိုယ်ကြား ခေါ်ယူတိုင်ပင်၏။
သခင်သန်းထွန်းတို့၏ ပျဉ်းမနားကွန်ဂရက် သတင်းကို အတိအကျ ဖြစ်နိုင်သမျှ အပြည့်အစုံ သိရှိနိုင်ရန် လိုကြောင်း သခင်နုက မြန်မာ့အလင်းဦးတင်ကို ပြော၏။
မြန်မာ့အလင်းဦးတင်ကလည်း သခင်နုအကူအညီ မတောင်းလည်း မိမိဘက်က အကောင်းဆုံးနှင့် အပြည့်စုံဆုံး ပျဉ်းမနားကွန်ဂရက် သတင်းကို သခင်နုထံ တင်ပြရန် စီစဉ်ထားသည်သာမက မြန်မာ့အလင်း အထူးသတင်းထောက် ၂ ဦးလွှတ်၍ ပျဉ်းမနား ကွန်ဂရက်သတင်းကို ရယူရန် စီစဉ်ထားကြောင်း သခင်နုကိုပြောပြ၏။
သခင်နု သိပ်အားရသည်။ မြန်မာ့အလင်းအရိပ်ကို သူခိုခဲ့သော၊ ဦးတင်၏ သူလိုသမျှ မဆိုင်းမတွ ကူညီခဲ့သော ကျေးဇူးကို ယခုလည်း ရပြန်ပြီဟု မိမိဆန္ဒပြည့်ဝနိုင်ကြောင်း စိတ်ချသွား၏။
မြန်မာ့အလင်းဦးတင်သည် သူ့သတင်းထောက် ၂ ယောက်ကို ပျဉ်းမနားကွန်ဂရက်သို့ စေလွှတ်လျက် သခင်သန်းထွန်း ထံသို့လည်း သတင်းပြည့်ပြည့်စုံစုံ ရရှိလိုကြောင်း ဆန္ဒပြုလေရာ ဖဆပလ၀န်ကြီးတစ်ဦးက သူ့ကွန်ဂရက် သတင်းမှန် သိလိုခြင်းအတွက်လည်း သခင်သန်းထွန်းသည် တော်တော် ကျေနပ်သွား၏။
အမှန်ပင်။ သခင်သန်းထွန်းသည် သူ့ကွန်ဂရက်၏ ဗိသုကာပီသလျက် နိုင်ငံခြားသား ကိုယ်စားလှယ်များထဲတွင် အာရှ၊ ဥရောပက ပုဂ္ဂိုလ်များပါ၏။ ဗီယက်နမ်က မစ္စတာ ယောင်ပိုငုယင်ဒူတွေ၊ တရုတ် ကျောင်းသား ကိုယ်စားလှယ် ၄ ဦး ဆွန်ဖီမင်၊ ကူဆီဆူ၊ ဆန်ဂူဝါနှင့် တီအန်ဆန်ပေါင်၊ မလေးရှားက ဒီမိုကရက် ခေါင်းဆောင် လီဘွန်း၊ ကမ္ဘာ့ကျောင်းသား အဖွဲ့ချုပ်ခေါင်းဆောင် မစ္စတာဟယ်ဘရစ်ပင်၊ အိန္ဒိယတောင်သူ လယ်သမား သမဂ္ဂက ရဲဘော်ရာဆူနှင့် ဘရင်ဒေး၊ ယူဂိုစလားဗီးယားက စူဝန်တို့ဖြစ်၏။
ယင်းပျဉ်းမနားကွန်ဂရက်ကို အခန်း ၅၂၀၀ ရှိသော အဆောက်အအုံ ၃၅ လုံးကို ဧက ၁၃၀ ကျယ်သော မြေလွတ်မှာ ဆောက်ထားခြင်းဖြစ်သည်။ ယင်းအဆောက်အအုံတို့ကို သက်ကယ် ၈၀၀၀၀၊ ၀ါးကြီး ၇၀၀၀၊ ၀ါးငယ် ၄၂၀၀၊ နှီးဝါး ၁၀၀၀ တို့ကို အသုံးပြုလျက် ကွန်မြူနစ် လယ်သမားရဲဘော် ၅၀၀ က တစ်လအတွင်း တည်ဆောက်ခဲ့ခြင်း ဖြစ်၏။ ပျဉ်းမနား၊ လယ်ဝေး၊ ကျည်တောင် ကန်ဒေသတစ်ဝိုက်ရှိ ရဲဘော်အများအပြားက ကူညီပံ့ပိုးပေးသည့်အတွက် ကုန်ကျငွေ ၅၁၀၅၀ ကျပ်သာရှိသည်ဟု သိရ၏။
ယင်းကွန်ဂရက်သို့ ၂၆၃ ခရိုင်က ကိုယ်စားလှယ် ၃၅၀ ဦး၊ ဧည့်သည်တော် ၁၅၄ ဦးအပါအ၀င် လူထု ၂ သိန်းကျော် တက်ရောက်လာကြသည်။
ယင်း ပရိသတ် ၂ သိန်းကျော်တို့ ရေချိုးရန်၊ အထွေထွေသုံးရန်နှင့် ဆေးကြောသုတ်သင်ရန် တို့အတွက် ရေတိုင်ကီများ၊ ရေဂါလန် ၁၂၀၀ ဆံ့ ရေသယ်ကားကြီးများ၊ ရေစုပ်စက်များသာမက ရေလှောင်ရန်တိုင်ကီ ၃၅၀ အပြင် ရာဝင်အိုးကြီး ၁၅၀၀ တို့ပါ ထားရှိပေးထားလေသည်။
ဤ ပရိသတ် ၂ သိန်းကျော်ကို ည မနက် ၆ ရက်ကျွေးရန်နှင့် လက်ဖက်ရည်ကြမ်းနှင့် မြည်းရန် လက်ဖက် အကြော်အလှော် ထန်းလျက်တို့မှာ လယ်သမားရဲဘော် အလှူရှင်များနှင့် ပျဉ်းမနားမြို့နှင့် ပတ်ဝန်းကျင်က ကူညီပေးပို့ကြသည့်အတွက် ပိုလျှံရိက္ခာတို့ကို ပြန်လည်ဝေငှရသည်ထိ အဆင်ပြေသည်ကို တွေ့ရှိရသည်။
ထို့ပြင် ကွန်ဂရက်ဗဟိုရုံး၊ အစည်းအဝေးခန်းမ မဏ္ဍပ် ၊ အခန်းအသီးသီးတို့အတွက် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေး ဖုန်းများကိုလည်း နိုင်ငံခြားပါတီတွေက အကူအညီပေး ၍လိုလေသေး မရှိအောင် ဆောင်ရွက်ထား၏။
အချိန်ပြည့် ဆရာဝန်များ၊ ကွန်ပေါင်ဒါများ၊ သူနာပြုအမျိုးသား အမျိုးသမီးများသည် ကွန်ဂရက်က ဧည့်ပရိသတ် တို့ကို ကျန်းမာရေး အထွေထွေ လိုအပ်ချက်တို့ကို ဖြည့်ဆည်းကူညီပေး၏။ ထိုမျှမက ရောဂါဘယ မဖြစ်ပွားအောင် အန္တရာယ်ရှိနိုင်သော နေရာတို့ကို ထုံးအိတ်ပိဿာချိန် ၁၀၀၀ သုံးလျက် သုတ်လိမ်း ထားသည် မှာလည်း ကွန်ဂရက်အပေါ် အထူးဂရုစိုက်မှုကို တွေ့ရ၏။
ဤစာရေးသူသည် ပျဉ်းမနားဌာနေ ၀ါရင့်အကန်တော့ခံ သတင်းထောက်ကြီး ဦးသိန်းစီကို လူ ၂ သိန်းကျော် အတွက် အိမ်သာတွေ ဘယ်လို တည်ဆောက်ထားပါသလဲဟု မေးကြည့်ရာ ကျန်းမာရေး လုပ်အားပေး ရဲဘော် ၅၀၀ ကျော်က အိမ်သာ ၅၀၀ သန့်ရှင်းရေးကို မပြတ်ကြည့်ရှု စောင့်ရှောက်လျက် ရှိကြောင်းပြော၏။
ပျဉ်းမနားဒေသခံ စာရေးဆရာကြီး ဦးစိုးမြိုင်က လူ ၂ သိန်း ကျော်တက်အောင် လယ်ယာများ ရိတ်သိမ်းပြီး၍ လယ်သမားများ အားလပ်ချိန်ကို ရွေးလုပ်ခြင်းဖြစ်ကြောင်း မိမိဖခင်တည်ထောင်သော (King Edwand Private School) အက်ဒွပ်ဘုရင် အလွတ်ပညာသင်ကျောင်းတွင် သခင်သန်းထွန်းနှင့် ဦးကျော်ငြိမ်းတို့သည် စာသင်ဘက် သူငယ်ချင်းများဖြစ်၍ သခင်သန်းထွန်းသည် စာအလွန်ကြိုးစား ဉာဏ်ကောင်းသူဖြစ်၍ ၁၀ တန်းကို ၃ ဘာသာဂုဏ်ထူးနှင့် အောင်ခဲ့သည်ထိ အားထုတ်နိုင်သူဖြစ်ကြောင်း ပြောပြ၏။
ဝန်ကြီး မြန်မာ့အလင်းဦးတင်၏ ကျေးဇူးပြုမှုဖြင့် ပျဉ်းမနားကွန်ဂရက် အချက်အလက်တို့ကို ၀န်ကြီးချုပ် သခင်နု သိရှိရသောအခါ တော်တော်တုန်လှုပ်သွား၏။ သခင်သန်းထွန်းကတော့ ဦးကျော်ငြိမ်း၏ သတင်းစာတိုက် ရိုက်ချိုးမှုအပေါ်တွင်၊ မိမိ၏ဖဆပလ အစိုးရအပေါ်တွင် ခေါင်းခါသွားပြီဖြစ်ရာ ယင်းခါးသီးဖွယ်ဖြစ်စဉ်ကို အဆင်ပြေအောင် ကာကွယ်ရေးဝန်ကြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ ၁၉၃၉ ခုနှစ်တွင် ကွန်မြူနစ် ပါတီစဖွဲ့စဉ်က သခင်သန်းထွန်းထက်စော၍ ကွန်မြူနစ်ပါတီ တည်ထောင်သူထဲမှာပါသူကို တိုင်ပင်ရန်နှင့် ကွန်မြူနစ်ပါတီကို စက္ကန့် မလပ်စောင့်ကြည့် ရတော့မည်ဟု စိတ်ဒုန်းဒုန်း ချထားလိုက်တော့၏။
မြန်မာသံတော်ဆင့် သတင်းစာ

ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ ကြောက်ရင်လွဲ ရဲမင်းဖြစ် ရဲနိုင်မှဖြစ်မယ့်မြန်မာ့ဒီမိုကရေစီခေတ်ရောက်ပြီ – တက္ကသိုလ်စိန်တင်


( ၂၀၁၅ ရွေးကောက်ပွဲလွန် မြန်မာ့နိုင်ငံရေးအခြေအနေ သုံးသပ်လေ့လာချက်)
““ကျုပ်တို့ဟာ လူထုရဲ့ခေါင်းဆောင် လုပ်မယ်ဆိုရင် လူထုရဲ့အကျိုးကို တကယ် တမ်းဆောင်ရွက်နိုင်အောင် ကြိုးပမ်းကြရ ပေလိမ့်မယ်။ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်။ ချီတုံချတုံအဖြစ်မျိုးကို စွန့်ပစ်ကြရပေ လိမ့်မယ်။ နိုင်ငံရေးဆောင် ရွက်တယ်ဆိုတာ ကြောက်ရင်လွဲ ရဲမင်းဖြစ်ဆိုတဲ့ အတိုင်း ရဲနိုင်မှဖြစ်မယ်””
(၁၉၄၇-ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ ညနေ့ ၆နာရီ မြန်မာ့အသံရေဒီယိုမှ ဗိုလ် ချုပ်အောင်ဆန်းထုတ်လွှင့်ခဲ့သော မိန့်ခွန်း)
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)က ၈၀ ရာခိုင်နှုန်း အောင်ပွဲခံအနိုင်ရခဲ့သည်။ စစ်ဗိုလ်လူထွက်များ ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လက်ရှိအာဏာရအစိုးရ အဖွဲ့နိုင်ငံရေးပါတီဖြစ်ပါလျက်ရွေးကောက် ပွဲတွင် ခွက်ခွက်လန်ရှုံးသွားခဲ့သည်။ ထိုရွေးကောက်ပွဲ၌ အာဏာရနိုင်ငံရေးပါတီက ၈ ရာခိုင်နှုန်းမျှသာ အနိုင်ရခဲ့သည် ဟုဆိုသည်။…
ဤနိုင်ငံရေးအခြေအနေသည် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းမိန့်ကြားခဲ့သော ကြောက်ရင လွဲ ရဲမင်းဖြစ်ဆိုသည့် သဘောတရားနှင့်ကွက်တိဖြစ်နေပေသည်။
ဤသို့ဆိုလျှင် မေးခွန်းထုတ်ရန်ရှိလာပြီ။
ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့သော ““ကြောက်ရင်လွဲ ရဲမင်းဖြစ်”” ဆိုသည့် စကားသည် ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံ ရောက်ရှိကြုံတွေ့နေရသော နိုင်ငံ ရေး အခြေအနေနှင့် မည်သို့များ ကွက်တိ ဖြစ်နေပါသလဲ။
မှန်ပါ၏။ ထိုမေးခွန်းကို ဖြေဆိုပါမည်။ သို့သော် မေးခွန်းနှင့်အဖြေလွဲသွေခြင်း မရှိစေရန် အနည်းငယ်ဖြင့် စကားလက်တံရှည်ရပါအံ့။ သည်းခံ၍ဖတ်ရှုပါတော့ ချစ်သော စာရှုသူ။
ယခုလိုပြောချင်လှ၏။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သော ““ကြောက်ရင်လွဲ ရဲမင်းဖြစ်”” ဆိုသည့်စကားသည် ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးရည်ရွယ်လျက် ပြောဆိုမိန့် ကြားခဲ့ သည် လားဟုပင် မှတ်ထင်ရပေတော့သည်။
ဗိုလ်ချုပ်အောင်ဆန်းက ဤသို့ပြောခဲ့သည်။
““ကျုပ်တို့က လူထုရဲ့ခေါင်းဆောင်လုပ်မယ်ဆိုရင် လူထုရဲ့ အကျိုးကို တကယ်တမ်းဆောင်ရွက်နိုင်အောင် ကြိုး ပမ်းရပေလိမ့်မယ်။ ပြတ်ပြတ်သားသားလုပ်ရဲကြပေလိမ့်မည်။ ချီတုံချတုံ အဖြစ်မျိုးကို စွန့်ပစ်ကြရပေလိမ့်မယ်””
ဒီကနေ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်နေသူ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်၏နိုင်ငံရေးထဲသို့ တိုင်းပြည်ကြီး ကသောင်းကနင်းဖြစ်၊ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ လူထုတော်လှန်ရေးကြီး ဆင်နွှဲနေစဉ် ၀င်ရောက်လာသော ရှားပါးလှသည့် လူထုခေါင်းဆောင်ဖြစ်လေသည်။ ချီတုံချတုံမလုပ်၊ ရဲဝံ့စွန့်စားခဲ့သော တကယ့်နိုင်ငံရေး ခေါင်းဆောင်လည်းဖြစ်ပေသည်။
မှတ်မိသေး၏၊ လွန်ခဲ့သော ၂၈ နှစ်၊ မြန်မာနိုင်ငံ၏ ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးကြီးအတွင်း ပြည်သူ လူထုကို စနစ်တကျ ဦးဆောင်နိုင်မည့် နိုင်ငံ ရေးခေါင်းဆောင်ကောင်း တစ်ဦးလိုအပ်နေသည်။ ဒီမိုကရေစီရေး ဆန္ဒပြနေသော လူထုကြီးရှေ့တွင် ရှစ်လေးလုံးဒီိမိုကရေစီ အရေးတော်ပုံကြီးကို စတင်ခေါင်းဆောင် ခဲ့သော ရန်ကုန်တက္ကသိုလ်ကျောင်းသားခေါင်းဆောင် ““ကိုမင်းကိုနိုင်”” ရှိနေသည်။ နောက် ““ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးတို့ပါလာသည်။ ပြည်သူလူထုကြီးက ထိုပုဂ်္ဂိုလ်များကို စောင့် ကြည့်နေသည်။ မိမိတို့ကို စနစ်တကျ ခေါင်းဆောင်၍ ဒီမိုကရေစီပန်းတိုင်သို့ ခေါ်ဆောင်သွားနိုင်မည့် သူရဲ ကောင်းသည် ဘယ်သူလဲ။ ကိုမင်းကိုနိုင်လား၊ ဦးအောင်ကြီးလား၊ သူရဦးတင် ဦးလား။
ထိုအခြေအနေတွင် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်းနိုင်ငံရေးလောကမှ ထွက်ပါပြီဟု ကြေညာခဲ့ပြီး ပါတီဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးချုပ်ဟောင်း စိန်လွင်တက်လာသည်။ နိုင်ငံတော်သမ်္မတ ဖြစ်လာသည်။ မူလပထမ နိုင်ငံတော်သမ္မတ ဦးစန်းယုရာထူးမှ အနားယူသွားပြီ။
နိုင်ငံတော် သမ္မတသစ်ဦးစိန်လွင်သည် နိုင်ငံတကာ သတင်းစာဆရာများက ““သားသတ်သမားဘွဲ့”” ပေးထားသူဖြစ်သည်။ ဆန္ဒပြပြည်သူ၊ ကျောင်းသား၊ ရဟန်းရှင်လူတို့ သွေးမြေကျရပုံမှာ မြင် မကောင်းရှု မကောင်းဖြစ်၍ အာဏာရှင် ဦးနေ၀င်းက နိုင်ငံတော်သမ္မတနေရာတွင် လူလဲပြန်သည်။
လမ်းစဉ်ပါတီဥက္ကဋ္ဌသစ် ဒေါက်တာမောင်မောင်တက်လာသည်။ နိုင်ငံတော် သမ္မတရားထူးလက်ခံသည်။ ပြည်သူလူထုကို အပျော့ဆွဲဖြင့်စည်းရုံးရန် သမ္မတသစ်ဒေါက်တာမောင်မောင် ကြိုးပမ်းရှာသည်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က စစ်ဗိုလ်တွေ မစဉ်းမစားဖြိုချခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက် အအုံကြီးကို ပျော်ပျော်ပါးပါး ပြန်ဆောက်ရန် ရုပ်မြင်သံကြားက သမ္မတမိန့်ခွန်းပြော၏ ။
သို့သော် ဒီမိုကရေစီတောင်းဆိုနေသော ပြည်သူလူထုသည် နိုင်ငံတော်သမ်္မတ ဒေါက်တာမောင်မောင် ““ပျား ရည်နှင့်ဝမ်းချ”” သည်ကို လက်မခံတော့ပြီ။ ““ကြား ဖြတ်အစိုးရ””ဖွဲ့ပေးရန်သာ တောင်းဆို နေကြပြီ။
ဤအချိန်ဤကာလတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်လာမည့် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ အရေးတော်ပုံအတွင်းသို့ တမ်လှမ်းချင်း လျှောက်လှမ်း၍၀င်လာလေပြီ။ ဒီမိုကရေ စီတောင်းဆိုသော လူထုကြီး သည်တိုက်ပွဲ အတွင်း၌ ရဲရဲတောက်ခေါင်းဆောင်မည့် ဒီမိုကရေစီသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ကြည်ဖြူဖြူ အားတက်သရော ထောက်ခံကြိုဆိုကြလေတော့သည်။
၂၄-၈-၈၈ တွင် ရန်ကုန်ဆေးရုံ ကြီးဝင်းအတွင်း၌ ဗိုလ်ချုပ်အောင်ဆန်း သမီးဒေါ်အောင်ဆန်းစုကြည်သည် ဒီမို ကရေစီ တောင်းဆိုဆန္ဒပြနေသော လူထုကြီးအား မိနစ်အနည်းငယ်သာ မိန့်ခွန်းပြောခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်ပြောသွားသည့် စကားရပ်များ၌ အဓိက အကျဆုံးအချက်မှာ ““၂၆-၈-၁၉၈၈ တွင် ရွှေတိဂုံဘုရား အနောက် မုခ်ကွင်း၌ မိမိနှင့်ပြည်သူလူထုတို့ တွေ့ဆုံ ကြမည့် အကြောင်း သတင်းကောင်း ပါးခြင်းပင်””
၂၆-၈-၁၉၈၈ တွင် မြန်မာ့ဒီမိုက ရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သည် သိန်းသန်းချီ၍ စည်ကားလှ သော ဒီမိုကရေစီတောင်းဆိုသူ လူထုကြီးကို ရဲရဲ တောက် မိန့်ခွန်းပြောခြင်းဖြင့် မြန်မာပြည်၏ ဒီမိုကရေစီတော် လှန်ရေး အရေးတော်ပုံကို မိမိခေါင်းဆောင်မည့်သဘော တရားဝင်ကြေညာလိုက်လေပြီ။ ဒီမိုကရေစီအရေး တော်ပုံကြီးအတွင်းသို့ ဒေါ်အောင်ဆန်း စုကြည်ဝင်ရောက်လာပြီဆိုသော သတင်းမှာ မြန်မာတစ်ပြည်လုံးသို့ ပျံ့နှံ့သွားခဲ့ပြီ။
““ဗိုလ်ချုပ်သမီးလာပြီ၊ ဒေါ်အောင်ဆန်းစုကြည်လာပြီ၊ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးကြီးအတွင်းက တန်ဖိုးရှိ အားထားလောက်သော ရဲရဲတောက် ပညာတတ်ဒေါ်အောင်ဆန်းစုကြည်ပေါ် ထွက်လာပြီ””
၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်သော စစ်တပ်က ဒုတိယ အကြိမ် နိုင်ငံတော်အာဏာသိမ်းမှုကြီးဖြစ်ပေါ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးစောမောင်သည်ထောင် သောင်း၊ သိန်း၊ သန်း ကုဋေချီသော ဒီမိုကရေစီတောင်းဆိုသည့် လူထုကြီးကို မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်နှိမ်နင်းကာ အိမ်ပြန်ခိုင်း၏။ သွေးပွက်ပွက်လျှံသော လူသတ်ပွဲကြီးဆင်နွှဲခဲ့သည်။
၁၉၈၉ ခုနှစ် ဇူလိုင်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အေင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကြီး စောမောင်က နေအိမ်အကျယ်ချုပ်ချထားခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မချထားမီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးစည်းရုံး ရေးတရား ပွဲများကျင်းပရန် ဧရာဝတီတိုင်းသို့ သွားရောက်ခဲ့ရာ တပ်မတော်အရာရှိတစ်ဦးက ဒေါ်အောင်ဆန်း စုကြည်ကို ဓနုဖြူမြို့တွင် သေနတ်ဖြင့်ပစ်ခတ်ရန် ချိန်ရွယ်ထားဆီးခဲ့သည်။ သို့သော် တပ်မတော်အထက် အရာရှိတစ်ဦးက တားဆီးပိတ်ပင်၍ သေနတ်ထဲမှ ကျည်ဆန်များကို ထုတ်ပစ်ခိုင်းခဲ့သဖြင့် ဒေါ်အောင်ဆန်း စုကြည် သေဘေး အန္တရာယ်က လွတ်မြောက်ခဲ့ သည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ချထားခံရခိုက် ၁၉၉၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)သည် ပြည်သူလူထု၏ တစ်ခဲ နက်ထောက်ခံအားပေးမှုဖြင့် ၈၂ ရာခိုင်နှုန်းအသာဖြင့် ပြိုင်ဘက် တစညပါတီ(တိုင်းရင်းသားစည်း လုံးညီညွတ် ရေးပါတီ)အပေါ် အနိုင်ရခဲ့သည်။ သို့သော် ဗိုလ်ချုပ်ကြီးစောမောင် သည် ၁၉၉၀ရွေးကောက်ပွဲပြီးလျှင် တပ်စ ခန်းပြန်မည်ဟုပြောဆိုထားသော ကတိကို ချိုးဖောက်ခဲ့သည်။ NLD ပါတီအား နိုင်ငံတော်အာဏာလွှဲအပ်ခြင်း မပြုရုံတင်မ ကအရွေးချယ်ခံ NLD ပါတီကိုယ်စား လှယ်များကို အပြစ်ရှာဖမ်းဆီးပြီး အကျဉ်းချခဲ့သည်။
၁၉၉၁ ခုနှစ်၊ ကမ်္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကြီးကို ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခံရပြီးနောက်တွင်ကား န၀တ၊ နအဖ စစ်အစိုးရက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၁၀-၇-၁၉၉၅ တွင် နေအိမ် အကျယ်ချုပ်မှလွှတ်၏။ သို့သော် ဧရာဝတီတိုင်းခရီး ဗိုလ်မြတ်ထွန်းတံတားတွင်လည်းကောင်း၊ ဒလမြို့ပြင် တောတွင်း တစ်နေရာတွင် လည်းကောင်း အစာပြတ် ရေငတ်ရက် ပေါင်းများစွာ ဒေါ်အောင်ဆန်းစုကြည်အား ဒုက္ခကြီး စွာရောက်အောင် လုပ်ဆောင်ခဲ့သည်။ ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့သည် မုံရွာခရိုင်ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်လာသော ကားတန်းကြီးကို တာဝန်ရှိပုဂ်္ဂိုလ်များ စနစ် တကျ စီမံခန့်ခွဲထားသော ထောင်သောင်းချီသည့် လူအုပ်ကြီးက အကြမ်းဖက်ရိုက်နှက်၊ဓားနှင့်ခုတ် ၊၀ါးချွန်နှင့် ထိုးလုပ်ကြံခဲ့ရာ လူရာချီ၍ သေဆုံးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မျက်နှာတွင် ၀ါးချွန်ထိုးမိသော ဒဏ်ရာရခဲ့သည်။ ထို့နောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလအထိ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၇နှစ် အကျဉ်းချခဲ့သည်။
ယခုအခါ ၂၀၁၅၊ နိုဝင်ဘာလ ၈ရက် ရွေးကောက်ပွဲ၌ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ သေတွင်းက အကြိမ်ကြိမ် ထွက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD ပါတီသည် တောင်ပြိုကမ်းပြိုအောင်ပွဲခံ၍ ၂၀၁၆ ခုနှစ် အစိုးရအဖွဲ့သစ်ကိုဖွဲ့စည်းပေတော့မည်။
ဗိုလ်ချုပ်အောင်ဆန်းကပြောခဲ့၏။ ““နိုင်ငံရေးဆောင်ရွက်တယ်ဆိုတာ ကြောက်ရင်လွဲရဲမင်းဖြစ်ဆိုတဲ့အတိုင်း ရဲနိုင်မှဖြစ်မယ်””တဲ့။ ဗိုလ်ချုပ်သမီး သေရွာပြန် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကြောက်ရင် လွဲ ရဲမင်းဖြစ်ဆိုသည့်အတိုင်း ဒီမိုကရေစီခရီး ရဲရဲကြီးချီခဲ့ပြီ တည်း။
မြန်မာသံတော်ဆင့် သတင်းစာ

ဗိုလ်ချုပ်အောင်ဆန်း၏ စစ်အရေးမှ ခေတ်အရေးသို့ ပြောင်းလဲဖို့အချိန်တန်ပြီ အတွေးအမြင် – လှမြင့်


(ရန်ကုန်တက္ကသိုလ်)
ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲ၍အောင်မြင်ပြီးစ ၁၉၄၅ခုနှစ်ဝန်းကျင်ကာလတွင် မြန်မာ့သမိုင်းကြောင်း၌ တော် လှန်ရေးအရှိန်မပြေသေးဘဲ တော်လှန်ရေးကာလအတွင်း ဖြစ်ပျက်ကြုံတွေ့ခဲ့ရသည့် အရေးအခင်း ဂယက်များ ကို စာပေဖြင့်လည်းကောင်း၊ အတွေးအခေါ်လုပ်ဆောင်ချက်များဖြင့်လည်းကောင်း ဖော်ထုတ်မှတ်တမ်း တင် လျက်ရှိနေခဲ့ကြသည်။ ယင်းသို့ စစ်ဒဏ်ကို အလူးအလဲခံခဲ့ကြရာမှ နာလန်ထူစေဖို့ရန်နှင့် တိုင်းပြည်နှင့် လူမျိုး တိုးတက် ဖွံ့ဖြိုးရန်အတွက်လုပ်ဆောင်မှု စိုးမိုးနေချိန်ဝယ်၊ မှတ်တမ်းတင်နေချိန်ဝယ် ပြည်သူ့ရဲ ဘော်တပ်ဖွဲ့ ဥက္ကဋ္ဌ စစ်သေနာပတိနှင့် ဖဆပလအဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သော အမျိုးသား ခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် စစ်အရေးမှသည် ခေတ်အရေးသို့ ပြောင်းလဲဖို့အချိန် တန်ပြီဟူသော ခေတ်အမြင် သစ် ခေတ်ရှေ့ပြေးအတွေးအမြင်ကို ဖော်ထုတ်တင်ပြ၍ မြန်မာ့လွတ်လပ်ရေး၏ အရုဏ်ဦး ရောင်ခြည်ဦးကို ဤသို့ ထွန်းညှိပြလမ်းညွှန်ခဲ့သည်။…
ရှေးဦးစွာဗိုလ်ချုပ်အောင်ဆန်းက လူတို့၏ ခေတ်သမိုင်းသည် အမြဲတမ်း အသက်ဝင်နေပြီး ခေတ်အလိုက် တိုး တက်ပြောင်းလဲခြင်းရှိနေရမည်။ အဖျက်သဘော မပါဘဲ အဖြစ်သဘောနှင့် အပြုသဘောသာ ပါစေရမည်။ ရည် ရွယ်ချက်တစ်ခုကို အထမြောက်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင် အောင်အမြတ်အစွန်းပေါ်စေရမည်။ အကျိုး ဖြစ် ထွန်းစေရမည်။ စိတ်ကူးသက်သက်နှင့် ထင်ရာတွေး ဖြေဆိုရေးသားလုပ်ကိုင်ခြင်း ကင်းပြီး စ၊ လယ်၊ ဆုံး သုံးပါး လုံးကို နည်းစနစ်ကျန မှန်ကန်စွာနှင့် အဖွင့်အပိတ် စသည်တို့ အံကိုက်စေရမည်။ ရှိရင်းစွဲအရာ တစ်ခုကို ပျက်မ သွားစေဘဲ၊ ညံ့မသွားစေဘဲ ပို၍ကောင်းမွန်စေရမည်။ ၀ိုးတိုးဝါးတား မထင်မရှားနှင့် အသိခက် အမြင်ခက်မှုများ မပါဘဲ မျက်ဝါးထင်ထင်တွေ့မြင်နိုင်သော အရာမျိုးလုံးလုံးခဲခဲပါစေရမည်။ လေဖမ်း၍မရသကဲ့သို့ အဖတ်မပါ၊ ဗလာသက်သက် မဟုတ်ဘဲ အတုံးအတစ်၊ အစိုင်အခဲကိုင်စွဲ၍ ပြနိုင်သော အရာမျိုးဖြစ်စေရမည်။ ပြုပြင် ဖန်တီး စေသောသတိ္တပါရှိရမည်ဟူ၍ နိဒါန်းချီလျက် ပြုပြင်ဖန်တီးစေသော သတိ္တဟူသည် လူ့လောကလူမှု ပေါင်းသင်း ဆက်ဆံ ရေးရာဇ၀င်သမိုင်းအဆက်ဆက် တိုးတက်ရေး၊ လွတ်လပ်ရေး၊ တန်းတူရေးအစရှိသည်တို့ကို ပြုပြင်ဖန် တီးပေးစေရမည်။ လေထဲတိုက်အိမ်ဆောက်သော အယူအဆမျိုး၊ အိပ်မက်မျိုး၊ အတွေးအမြင်များ မပါစေရဘူး။ သို့သော် အကြောင်းနှင့် အကျိုး၊ နှလုံးရည်နှင့် ဉာဏ်ရည်၊ စာတွေ့နှင့် လက်တွေ့၊ ရှေးအဖြစ်နှင့် ယခု အဖြစ်၊ ယခုအဖြစ်နှင့် နောက်အဖြစ်၊ စိတ်ကူးနှင့် မျက်မြင်တို့သည် တစ်ခုနှင့် တစ်ခု အဆက် အစပ်စနစ်ကျရမည်။ နည်းမှန်ရမည်။ ခေတ်မီရမည်။ ဖြစ်ကတတ်ဆန်း အမှတ်တမဲ့နှင့် မဆီမဆိုင်သော အတွေးအဆများ၊ အကြောင်း အရာများကို အမြီးအမောက်မတည့်အောင် အရောရော အထွေးထွေးပြောဆို၊ ရေးသားပြုလုပ် ခြင်းများမပြုရ။ ကျွန်ုပ်တို့တစ်တွေသည် အမြဲတမ်း ခေတ်နှင့်လိုက်၍ ပြောင်းလဲ ပြုပြင်သွားရမည်။ အသက်ရှင်နေဖို့အသက် ရှင်နေမယ်ဟူ၍ ကိုယ့်ဟာကိုယ် ယုံကြည် စွဲလမ်းနေရမည်။ စိတ်သတိ္တ ပြင်းပြခြင်းရှိ ရမည်။ မရေမရာ မထင်ရှား သော အယူအဆများ၊ အတွေးအခေါ်များ အပေါ်တွင် အခြေမပြုဘဲ လူ၏လောက၊ လူ့ပေါင်းသင်းရေး၊ လူ့ ရာဇ၀င်၊ လူ့တိုးတက်ရေးစသည်တို့ကို ကောင်းမွန်အောင် ဖန်တီးဆောင်ရွက်ရမည်။
မည်သူမပြု မိမိမှုဆိုသော စကားအတိုင်းပင် ကိုယ့်ကံကိုယ်ဖန်တီးသူများ ဖြစ်ကြသည်။ ကိုယ့်အကြောင်းကိုယ် ပြု ပြင်သူများဖြစ်ကြသည်။ ကိုယ့်ရာဇ၀င် ကိုယ်ရေးသူများဖြစ်ကြသည်။ ကိုယ့်ကိုယ် ကိုယ် အထင်သေးစိတ်၊ အောက်ကျ နောက်ကျစိတ်၊ သေးနုပ်သောစိတ်ထား များကို ပယ်ဖျောက်၍ အနိုင်မခံ အရှုံးမပေးသော ဇွဲသတိ္တ ရှိရမည်။ အရှုံးဟူသော စိတ်မျိုး လုံးလုံးကင်းစေရမည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်၊ အားကိုး ချက်ရှိရမည်။ လူထုကိုလည်း ယုံကြည်ကိုးစားပြီး နောင်ရေးကိုလည်း အမြဲတမ်းကောင်းစားဖို့ စွဲလမ်းချက်ရှိရမည်။ လုပ် ငန်း တစ်ခုကို ထမ်းဆောင်ရာတွင် အခက်အခဲတစ်ခုကို တွေ့ကြုံရလျှင် ဘယ်အခက် အခဲမျိုးကြောင့်မှ နောက်တွန့် ကြောက်ရွံ့ ခြင်းမဖြစ်စေရ။ ရှေးအလား အလာအတွေးအခေါ်များသည်လည်း ရှင်းလင်းပြတ်သားနိုင်ရမည်။ သို့မှသာ ယုံကြည်ခြင်း တရားရှိလာမည်ဖြစ်သည်ဟူ၍ လမ်းညွှန်ခဲ့သည်။
ယင်းသဘောတရား၊ အတွေးအမြင်များကို အခြေခံလျက် ကျွန်တော်တို့၏ လွတ်လပ်ရေးတိုက်ပွဲကြီးကို ဆင်ခြင် တိုင်းထွာကြည့်လျှင် ကျွန်တော်တို့၏ ဗမာပြည်လွတ်လပ်ရေးလုပ်ငန်းကြီးသည် ကမ္ဘာ့လွတ်လပ်ရေး တိုက်ပွဲကြီး နှင့် ဆက်စပ်နေကြောင်း တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ယခု ဗမာပြည်၏ မရှေးမနှောင်း တိုတောင်းလှ သော နှစ်အပိုင်းအခြားအတွင်း ဖြစ်ပေါ်ခဲ့သော လွတ်လပ်ရေးတိုက်ပွဲသည် ပထမအင်္ဂလိပ်-ဗမာစစ်ပွဲက စတင် သည်ဟု ဆိုရပေမည်။ ယခုအခါ ကျွန်တော်တို့၏ လွတ်လပ်ရေးတိုက်ပွဲသည် ရှေးနှစ်ပေါင်းများစွာက တစ်ဆင့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီးနှင့် ဗမာ့တပ်မတော်၊ ဗမာလူမျိုးအားလုံး စုပေါင်းပြီး ဆိုင်ရာဆိုင်ရာ ကိုယ့်ဝန်ကိုယ်ထမ်း ကြိုးစားဆောင်ရွက်မှုများအခြေခံ၍ အဆုံးစွန်သော အဆင့်သို့ ရောက်ရှိနေ ပြီဖြစ်သည်။ ဤအဆင့် အခြေအနေသို့ ရောက်ရှိစေရန် လူတစ်ဦးတည်း တစ်ယောက်တည်းက လူစွမ်း ကောင်း လုပ်ပြီး ပြုပြင်ဖန်တီးခဲ့တာမဟုတ်ဘူး။ လူထုနှင့် လူထုအင်အားနှင့် စွမ်းဆောင်ဖန်တီးခဲ့ခြင်းသာဖြစ်သည်။
သူရသတိ္တနှင့် ပြည့်စုံသောဂုဏ်သည် စစ်သားမှသာ ရနိုင်သည်ဟုမဆိုလို။ အယုတ်အလတ်အမြတ်မရွေး လူတန်းစား တိုင်းသူရဲကောင်းဖြစ်နိုင်သည်ဟူ၍ စဉ်းစားကြည့်နိုင်သည်။ ကျွန်တော်တို့ ယခုဖက်ဆစ်နှင့် မဟာ မိတ်တွေကို တိုက်ခိုက်နေခြင်းသည် ငြိမ်းချမ်းရေးရရန်အတွက် တိုက်နေခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးဟူသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေသော သက်မဲ့ငြိမ်းချမ်းရေးမျိုး မဟုတ်၊ အသက်ရှိသော ငြိမ်း ချမ်းရေးမျိုး၊ ရှေ့ကိုအညွှန့်အတက်ရှိသော ငြိမ်းချမ်းရေးမျိုးကို ဆိုလိုသည်။ တိုးတက်ခြင်း၊ ကြီးပွားခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူခြင်းတို့ကို အားပေးသော ငြိမ်းချမ်းရေးကို ဆိုလိုသည်။ဤသို့မဟုတ်လျှင် တရားနည်း လမ်းလည်းမကျဘူး၊ မတည်မြဲဘူးဟူ၍ မိန့်ကြားခဲ့သည်။
သူရသတိ္တပြည့်စုံသော စစ်သည်တော်များ ကြိုးပမ်းတိုက်ခိုက်ကြသောသူများနှင့် မတရားကျူးကျော်စော်ကားမှု တော်လှန်မှုကို အကြောင်းပြု၍ စွန့်စားခြင်း၊ ရဲရင့်ခြင်းကို ထူးချွန်စွာပြသပြီး တိုက်ခိုက်ရဲသော သူမျိုးကိုသာ သူရဲ ကောင်းဟုခေါ်ဆိုနိုင်သည်။ ဖက်ဆစ်စစ်သားများကို သူရဲကောင်းဟူ၍ မခေါ်နိုင်ဘူး။ အဘယ်ကြောင့် ဆိုသော် သူတို့သည် အကျိုးဖြစ်ထွန်းအောင် ဖန်တီးပေးသော လူစားမျိုးမဟုတ်ဘူး။ သူတို့သည် ပျက်စီးရာပျက်စီး ကြောင်းကိုသာ လုပ်ဆောင်သည်။ ဗရုတ်သုတ်ခဖြစ် အောင်လုပ်သည်။ သူများအသက်တစ် ချောင်းကိုဓားတစ် လက်ဖြင့် မတရားသက် သက်သတ်ဖြတ်ကြသည်။ သူများပစ္စည်း အိုးအိမ်များကို မီးရှို့ဖျက်ဆီးသည်။ ထိုသို့ သော လူစားမျိုးသည်သူရဲကောင်းမဟုတ်။ သူယုတ်မာများသာဖြစ်ပြီး နောက်ဆုံးတွင် သူတစ်ပါးအပေါ် ပြု လေသမျှ သူတို့ပြန်ပြီး ခံရစမြဲပင်ဖြစ်သည်။ သူများကို ဖျက်သလို သူတို့လည်းပျက်ရသည်။ ယင်းသို့သော အကြောင်း အကျိုးအပြုအမူကိုထောက်ထား၍ ကျွန်တော်တို့သည် ရဲစွမ်းသတိ္တနှင့် ဇွဲဟူသောအရည်အချင်း နှစ်ရပ်ကို ချီးကျူးတတ်ရမည်ဖြစ်သည်။
ရဲစွမ်းသတိ္တဟူသည် လက်ရုံးရည်ချည်းမဟုတ်ဘဲ နှလုံးရည်၊ ဉာဏ်ရည်ပါ ကောင်းမွန်ခြင်းနှင့် ပြည့်စုံရမည်။ ရဲစွမ်းသတိ္တဟူသည် အသက်ရှင်လျက်နေရဲရ မည်။ တွေးရဲ၊ ကြုံရဲ၊ ထုတ်ဟပြောဆိုရေးသားရဲရမည်။ အပြော သာမက အလုပ်လည်းလုပ်ရဲရမည်။ ဖြစ်သမျှ အကောင်းချည်းဟူသော သဘောမျိုးနှင့်ဆိုးဆိုး ကောင်းကောင်း နဖူးတွေ့ ဒူးတွေ့တွေ့ဖို့ အသင့်ရှိရမည်။ အခြေအနေအဆိုးရွားဆုံး ကိုပင်တွေ့ဖို့ရှိလျှင် ရင်ဆိုင်တွေ့ရန်အ သင့်ပြင်ထားရမည်။ သို့သော်မိမိဘက်မှ သက်သက်ဆိုးရွားအောင် မလုပ်ရပေ။
ဇွဲဆန်္ဒသတိ္တကို မွေးမြူကျင့်သုံးရာတွင် ရာဇ၀င်၏အလို ရာဇ၀င်၏ လိုလားချက်များနှင့် တိုက်ဆိုင်စေရမည်။ တစ် နည်းဆိုသော် တစ်စုံတစ်ရာ အကျိုးဖြစ် ထွန်းဖွယ်အရေးတစ်ခုကို ဖြည့်စွမ်းလုပ် ဆောင်နေ့စဉ်တွေ့ကြုံရ တတ် သောအခက်အခဲအကြောင်းအရာတစ်ခုခု ပေါ်ပေါက်လာခဲ့လျှင် အကြောင်းအားလျော်စွာအခါ မရွေးထထကြွ ကြွနှင့် ဆောင်ရွက်နိုင်သည့် ဇွဲဆန္ဒမျိုးဖြစ်ရမည်။ အကျိုးမဲ့သက်သက် အသက်မသေလိုရဘူး။ အကျိုးရှိရှိနှင့် လူ့ပြည်၌ အသက်ရှင်နေဖို့ရာ စိတ်ဆန္ဒအား ပြင်းပြထက်သန်ရမည်။ အောင်စိတ်ရှိရမည်။ အောင်ရမည်ဟူသော ရဲဆန္ဒရှိရမည်။ ဦးနှောက်သုံး၍ ဉာဏ်ရှိသမျှ ကြံဆထားသောအရာကို စိတ်ထဲတွင်လည်း အားကြိုးမာန်တက် လုပ်ဆောင်နိုင်ရမည်။
လူထုသူရဲကောင်းနှင့် သူရဲကောင်း ပြည်သူလူထုတို့တွင် ကိုယ့်အမျိုး၊ ကိုယ့် တပ်မတော် ကိုယ့်ဂုဏ်ကိုယ် ရိုသေ လေးစားသော ဂုဏ်ရည်ရှိသည်။ ယင်းဂုဏ်ရည်သည် လူတို့၏ အဖိုးတန်ဆုံးဖြစ်သော တစ်ဦးကိုတစ်ဦး အပြန် အလှန် ချစ်ခင် ကြင်နာခြင်း၊ ရိုင်းပင်းကူညီလိုစိတ်ရှိခြင်း တို့ကိုတိုးပွားစေသည်။ ဆင်းရဲအတူချမ်း သာအမျှဟူ သော အနှစ်သာရနှင့် အညီ တစ်ဦးနှင့်တစ်ဦးသည် မည်သည့် အခြေ အနေသို့ ရောက်သည်ဖြစ်စေ မခွဲ မခွာ သစ္စာရှိသည်။ ဟန်ရေးပန်ရေးလုပ်ချင်စိတ်၊ တစ်ကိုယ်ကောင်း ငို့ဘစိတ်၊ (ငါ့ဖို့စိတ်) မနာလိုဝန်တိုစိတ်၊ ညာဝါး စိတ်များကို စွန့်ခွာသည်။
ယခုအခါတွင် တစ်ကမ္ဘာလုံး၌ ခေတ်ပြောင်းနေသော အချိန်အခါကြီးဖြစ်သည်။ ကျွန်တော်တို့လည်း ကမ္ဘာကြီး နှင့်အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့၊ ပြောင်းလဲကြစို့။ ကမ္ဘာ့ဇာတ်ခုံကြီးတွင် ကမ္ဘာ့တေးသံလိုက်၍ ကပြနိုင်သော ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက် ထွန်းကား သော တိုင်းပြည်ဖြစ်အောင်ကြံ ဆောင်ကြိုးပမ်းကြစို့။ ယခုလက်ဝယ်ရှိသော လုပ်ငန်းတာဝန်အလိုက် ကျွန်တော် တို့အလုပ်လုပ်ကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေး ဆရာရော၊ သတင်းစာ ဆရာရော၊ အလုပ်သမားရော၊ လယ်သမားရော၊ ပြည်သူ လူထုတစ်ရပ်လုံးရော ဗမာတစ်မျိုးသားလုံး စစ်အရေး မှ ခေတ်အရေးသို့ ပြောင်းလဲချိန်တန်ပြီဖြစ်သောကြောင့် ခေတ်ပြောင်းအလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြ ပါစ ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းသည် တိုက်တွန်းနှိုးဆော်မှုပြုခဲ့သည်။
၁၉၄၅ခုနှစ်ဝန်းကျင် ဖက်ဆစ်တော်လှန်ရေးကို အောင်မြင်စွာ ဆင်နွှဲ၍ ပြီးစီးစအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း သည် စစ်အရေးမှ ခေတ်အရေးသို့ ပြောင်းလဲဖို့ အချိန်တန်ပြီဖြစ်ကြောင်း ခေတ်အမြင်သစ်၊ ခေတ်ရှေ့ပြေး အတွေးအမြင်အဖြစ် ထုတ်ဖော်လမ်းညွှန်ခဲ့သော သမိုင်းဝင်အဆိုအ မိန့်တစ်ရပ်ကို ဗိုလ်ချုပ်အောင်ဆန်း၏ တက္ကသိုလ်ကျောင်းသားဘ၀၌ ဗိုလ်ချုပ်နှင့် တစ်ဆောင်တည်း ပဲခူးဆောင်၌ ရင်းနှီးခင်မင်စွာ အတူလက်တွဲ နေထိုင်ခဲ့ပြီး ဗမာ့တပ်မတော်စစ်ဝန်ရုံး စစ်ပညာဌာန၌ လည်း စစ်ရေးတာဝန်များကို အတူတကွ ထမ်းဆောင် ခဲ့သည့် ဒုတိယဗိုလ်မှူးကြီး မောင်ဘိုသည် ၁၉၄၉ခုနှစ် (မြန်မာနှစ် ၁၃၁၀ခုနှစ်)ထုတ် အိုးဝေမဂ္ဂဇင်းကြီးတွင် ဗိုလ်ချုပ်နှင့်စာပေဟူသော ဆောင်းပါးဖြင့် မြန်မာ့တော်လှန်ရေးနှင့် လွတ်လပ်ရေး သမိုင်းကြောင်း၏ သမိုင်း တန်ဖိုးမြင့်မားသော ဗိုလ်ချုပ်အောင်ဆန်း၏ ပြောင်းလဲဖို့အချိန်တန်ပြီဟူသော ခေတ်ရှေ့ပြေးအမြင်နှင့် အာသီ သကို ပြန်လည်ဆန်း သစ်ဖော်ထုတ်ကာ ဗိုလ်ချုပ်၏ အာသီသအတိုင်း နှောင်းလူတို့ ကျင့်သုံးလိုက်နာ ဆောင် ရွက်ကြစေရန် ဤသို့ဆန္ဒပြုခဲ့သည်။
အချိန်မှာ တော်လှန်ရေးအပြီး လူတိုင်း၏ စိတ်ထဲ၌ ကျားနာများကဲ့သို့ မည်းမည်းမြင်ရာခဲချင် အုပ်ချင်နှင့် အဖျက် သဘောများ ဖိစီးနေချိန်ဖြစ်၏။ စာပေလောက တစ်ခွင်တွင်လည်း ရေးသမျှ စာပေတို့သည် တော်လှန်ရေးအရှိန် မပြေသေးဘဲ ဂယက်ရိုက်ဆဲဖြစ်၏။ တော်လှန်ရေးအတွင်း ဖြစ်ပျက်ခဲ့သမျှ အရေးအခင်းတို့ကို စားမြုံပြန် ဆဲဖြစ် ၏။ အဖျက်သဘော ပင်လယ်ကြောတွင်သာ နှစ်မျောလျက်ရှိကြသေး၏။
စစ်ဒဏ်ကို အလူးအလိမ့်ခံခဲ့ရာမှ နာလန်ထူစေဖို့ရာတိုင်းပြည်အတွက် မတွေးမိကြသေးဘဲ အတိုက်အခံ၊ အဖျက်အဆီး အကြောင်းများသာ မိုးမွှန်နေချိန် တစ်နေ့သ၌၀ယ် တစ်သက်လုံး ဂွ(ခွ) လက်နက် သာသုံးလျက် စိတ်အတိုဆုံး ခေါင်းအမာဆုံးဖြစ်ခဲ့သောသူသည် စစ်အရေးမှ ခေတ်အရေးသို့ ပြောင်းလဲကာ သစ်လွင်သည့် အယူအဆများထွက်ပေါ်လာသည်ကိုတွေ့ရ၏။
ထိုသူကား အခြားသူမဟုတ်၊ ဗမာပြည်ကြီးအား သူ့ကျွန်တွင်းမှ လွတ်ကင်းအောင် ကယ်တင်ခဲ့သည့် ပဲခူး ကျောင်းဆောင်သား ဗိုလ်ချုပ်အောင်ဆန်းပင်ဖြစ်၏။ နာမည်နှင့်လိုက်အောင်ပင်အောင်မြင် ဆန်းသစ်သော အတွေးအခေါ်များကို ဗမာ့စာပေနှင့် ဗမာ့နိုင်ငံရေးအတွေးအမြင်အဖြစ် သွတ်သွင်းပေးခဲ့သည့်သူ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် ရေးသားခဲ့သော အာဘော်ကို ဖတ်ရှုခြင်းဖြင့် သိသာရုံသာမ က ဗိုလ်ချုပ်၏ စစ်အရေးမှ ခေတ်အရေးသို့ ပြောင်းလဲဖို့အချိန်တန်ပြီဟူသော ခေတ် အမြင်၊ ခေတ်အတွေး၊ ခေတ်ရှေ့ပြေးကို အခါအခွင့် သင့်သဖြင့် တက္ကသိုလ်သမဂ္ဂ မဂ္ဂဇင်းဖြစ်သော အိုးဝေမဂ္ဂဇင်း (၁၉၄၉ခု နှစ်)တွင် အမှတ်တရ ဂုဏ်ပြုပြန်လည် ထည့်သွင်းဖော်ပြပါသည်။ သူ(ဗိုလ်ချုပ်အောင်ဆန်း)၏ အာသီသတိုင်း လိုက်နာကျင့်သုံး ရွက်ဆောင်နိုင်ကြပါ စေသတည်း။
ကျမ်းကိုး
၁။ ဗိုလ်ချုပ်နှင့်စာပေ (ဒုတိယဗိုလ်မှူးကြီး-မောင်ဘို) (အိုးဝေနှစ်လည် မဂ္ဂဇင်း၁၉၄၉ခုနှစ်)
၂။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတိ္တ (သခင်ကိုယ်တော်မှိုင်းတည်းဖြတ်)
၃။ဗိုလ်ချုပ်၏ဗိုလ်ချုပ် (အောင်ဆန်း) (the key collection) 2013.
မြန်မာသံတော်ဆင့် သတင်းစာ

အရေးတော်ပုံ ရင်ခုန်သူများ (၁)


နိဒါန်း
အောင်ဝေး
အောက်တိုဘာ ၁ဝ၊ ၂ဝဝ၉
‘မီးတုတ် မီးတုတ် ရှို့ရှို့၊ သပိတ် သပိတ် မှောက်မှောက်၊ သခင်မျိုးဟေ့ တို့ဗမာ၊ အရေးတော်ပုံ အောင်ရမည်’
ကိုလိုနီ နယ်ချဲ့နဲ့ ဖက်ဆစ် သံဖနောင့်တွေအောက်က တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ဖို့ ရုန်းကန် ကြိုးစားခဲ့ကြတဲ့ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းစဉ်ကြီးထဲမှာ ကျွန်တော်တို့ ဘိုးဘွားတွေဟာ ‘အရေးတော်ပုံ အောင်ရမည်၊ အရေးတော်ပုံ အောင်ရမည်’ လို့ ယုံကြည်ချက်နဲ့ ရဲရဲ ဟစ်ကြွေးခဲ့ကြဖူးပါတယ်။
ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဆွေတို့ခေတ် အင်္ဂလိပ်အခက် ဗမာ့အချက် လို့ တိုက်ပွဲခေါ်ခဲ့ကြတဲ့ ၁၃၀၀ပြည့်နှစ် အရေးတော်ပုံအစမှသည် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်သန်းထွန်း၊ သခင်စိုးတို့ ဦးဆောင်တဲ့ ၁၉၄၅ ခု ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲတဲ့ အရေးတော်ပုံအလယ်၊ အောင်ဆန်း-အက်တလီစာချုပ်၊ နု-အက်တလီစာချုပ်တွေရဲ့ အဆုံး တစ်တိုင်းတစ်ပြည်လုံး တစ်မျိုးသားလုံးရဲ့ စည်းရုံးညီညွတ်မှုအားနဲ့ ၁၉၄၈ မှာ နှစ်ပေါင်း ၁၂ဝ ကျော်ကြာ ကိုလိုနီတစ်ဇာတ် သိမ်းပြီး မြန်မာတို့ လွတ်လပ်ရေး ရခဲ့ပါပြီ။ သို့သော် - - ။
လွတ်လပ်ရေး အရေးတော်ပုံရဲ့ အောင်တေး အောင်သံတွေကို လွတ်လွတ်လပ်လပ်မှ နားမဆင်ရသေးခင်မှာပဲ ပြည်တွင်းစစ် ဆိုတဲ့ မီးကြီးက တဟုန်းဟုန်းထ တောက်လောင်ပါရောလား။ လွတ်လပ်ရေးရဲ့ အရသာသစ်ကလေးဟာ ပြည်တွင်းစစ်မီး ကူးစက် လောင်ကျွမ်းလို့ ခါးတူးသွားရပါတော့တယ်။ မြန်မာပြည်သူတွေအဖို့ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ဆိုတဲ့ အရေးတော်ပုံကို ဆက်လက် ဆင်နွှဲရတဲ့ ကာလပါပဲ။
နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်းဆိုသလို မြန်မာ့နိုင်ငံရေး ကံကြမ္မာဟာ ပါလီမန် ဒီမိုကရေစီ စနစ်ကလေးမှ အသားမကျသေးခင် ၁၉၅၈ မှာ အရိုင်းအစိုင်းတွေ လက်ထဲ ကျရောက်သွားရပါတော့တယ်။ အဲဒါကတော့ ၁၉၅၈ ခုနှစ်မှာ ပါလီမန် ဒီမိုကရေစီ အစိုးရ တစ်နည်းအားဖြင့် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလက်ထဲကနေ စစ်တပ်က ပထမအကြိမ် အာဏာသိမ်းလိုက်တဲ့ ဖြစ်ရပ်ပါပဲ။
အဲဒီစစ်တပ်က ကြီးမှူးကျင်းပတဲ့ ၁၉၆ဝ အထွေထွေရွေးကောက်ပွဲအလွန် ၁၉၆၂ မှာတော့ စစ်တပ်ဟာ ရွေးချယ်ခံ လူထု အစိုးရသစ် လက်ထဲကနေ ဒုတိယအကြိမ် အာဏာကို အပြီးအပိုင် သိမ်းခဲ့တာဟာ ၁၉၈၈ အထိတိုင်ပါပဲ။
စစ်အာဏာရှင်ကြီးစိုးတဲ့ ခေတ်ကာလ တစ်လျှောက်လုံးမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ဖြုတ်ချရေး၊ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ရရှိရေး ကျောင်းသား အရေးတော်ပုံ၊ အလုပ်သမား အရေးတော်ပုံ၊ လူထု အရေးတော်ပုံတွေ ဆက်တိုက် ဆိုသလို ပေါ်ထွက်လာခဲ့တာပဲ မဟုတ်လား။ ၁၉၈၈ ကျောင်းသားတွေ ဦးဆောင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ မဆလ တစ်ပါတီ အာဏာရှင် စနစ်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အရေးတော်ပုံ အောင်ပွဲခံဖို့ လက်တစ်ကမ်းအလိုမှာတော့ မဆလ တစ်ပါတီ အာဏာရှင်စနစ်ရဲ့ အကြွင်းအကျန် စစ်တပ်က တိုင်းပြည်ရဲ့ အာဏာကို တတိယအကြိမ် မတရား သိမ်းပိုက်လိုက်ပြန်တာမို့ မြန်မာပြည်သူ လူထုဟာ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဇွဲနဲ့ ဆက်လက် ဆင်နွှဲနေရဆဲပါပဲ။
နဝတ စစ်တပ်က ကျင်းပပေးတဲ့ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အပေါ် နဝတ စစ်တပ်က မျက်ကွယ်ပြုခဲ့တာကနေ ဒီကနေ့ ၂ဝဝ၉ မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နအဖ စစ်တပ်က မတရား အမှုဆင် ဖမ်းဆီးပြီး အင်းစိန်အကျဉ်းထောင်ထဲ ထည့် ချုပ်နှောင်ထားတာတွေအထိ ကျောင်းသားတိုက်ပွဲတွေ၊ သံဃ တော်လှန်ရေးတွေမှာ အရေးတော်ပုံ အောင်ရမည် လို့ ရဲရဲရင့်ရင့် ယုံယုံကြည်ကြည် ကြွေးကြော်ခဲ့ကြတာပဲ မဟုတ်လား။
အဲဒီလို ကြွေးကြော်ခဲ့ကြတဲ့ လူထုထဲမှာ၊ ပြည်သူထဲမှာ စာပေနဲ့ အနုပညာရှင်တွေလည်း တစ်ခန်း တစ်ကဏ္ဍ အနေနဲ့ ပါဝင်ခဲ့ကြတယ် ဆိုတဲ့ အချက်ကလည်း ကျွန်တော်တို့ တိုင်းပြည်နဲ့ လူမျိုးအတွက် ဂုဏ်ယူ ဝင့်ကြွားစရာ တစ်ခုပဲ မဟုတ်လား။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း အမှူးပြုပြီး သခင်ဘသောင်း၊ သခင်နု၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဦးသိန်းဖေမြင့်၊ မဟာဆွေ၊ ဒေါ်ခင်မျိုးချစ်၊ လူထုဒေါ်အမာ၊ ကာတွန်းဦးဘဂျမ်း စတဲ့ ကိုလိုနီခေတ် လွတ်လပ်ရေး တိုက်ပွဲဝင် စာရေးဆရာ၊ သတင်းစာဆရာ၊ ကာတွန်းဆရာကြီးတွေရဲ့ ကျေးဇူးကို ကျွန်တော်တို့ မမေ့ကြသေးပါဘူး။
စစ်ပြီးခေတ် ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်တဲ့ ခေတ်မှာ လူထုကို လမ်းပြပေးခဲ့တဲ့ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ သခင်မြသန်း၊ မြသန်းတင့်၊ ခင်နှင်းယု၊ ခင်ဆွေဦး စတဲ့ စာရေးဆရာတွေရဲ့ ဂုဏ်ပုဒ်ကို ကျွန်တော်တို့ ဂုဏ်ယူလို့ မဆုံးသေးပါဘူး။
စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲတစ်လျှောက် ကိုယ်ကျိုးစွန့် အနစ်နာခံသွားခဲ့ကြတဲ့ စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာတွေ အားလုံးကို ကျွန်တော်တို့ အလေးပြုရမယ် မဟုတ်လား။
‘အရှေ့က နေဝန်းထွက်သည့်ပမာ၊ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ၊ တို့ဗမာ ဟေ့ တို့ဗမာ’ ဆိုတဲ့ ၁၉၅၃ ခုနှစ်မှာ ပေါ်ထွက်လာတဲ့ ဒို့ဗမာအစည်းအရုံးကြီးအတွက် ရေးစပ်ထားတဲ့ ‘တို့ဗမာ’ သီချင်းဟာ ဂီတပညာရှင် ၀ိုင်အမ်ဘီ ဆရာတင်ရဲ့ လက်ရာပါ။
နိုင်ငံရေးအစိုးရခေတ်တုန်းက ‘အောင်ပွဲအဆက်ဆက်ခံဦးမည်’ ဆိုတဲ့ ဗကသများ အဖွဲ့ချုပ် သီချင်းကို ရေးစပ်ပေးခဲ့သူတွေကရော ဘယ်သူတွေလဲ၊ ဆရာမြတ်လေး နဲ့ စန္ဒရားချစ်ဆွေတို့ပဲ မဟုတ်လား။ လူထုအရေးတော်ပုံ အဆက်ဆက် ဂီတအနုပညာရှင်တွေရဲ့ တိုက်ပွဲဝင် သီချင်းတွေဟာ လက်နက်သဖွယ် ထက်မြက်ခဲ့တာပဲ မဟုတ်လား။
ရှစ်လေးလုံး အရေးတော်ပုံကာလ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထု အစည်းအဝေးပွဲကြီးမှာ အခမ်းအနားမှူးအဖြစ် လူထုရှေ့မှောက် ရဲရဲ ထွက်ရပ်ခဲ့သူကလည်း ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေပဲ မဟုတ်ပါလား။
ရှစ်လေးလုံး အရေးတော်ပုံက စလို့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တောက်လျှောက် အရေးတော်ပုံ ပေါ်လာရင် လူထုနဲ့ လက်တွဲပြီး တိုက်ပွဲဝင်ခဲ့တဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ နယ်ပယ် အသီးသီးက ရဲဘော်တွေကို ကျွန်တော် ဂုဏ်ယူနေဆဲ၊ ဂုဏ်ပြုနေဆဲပါပဲ။
ကျွန်တော်တို့ ခေါင်းဆောင်၊ ကျွန်တော်တို့ လမ်းပြ ဒေါ်အောင်ဆန်းစုကြည် သည်ပင်လျှင် မြန်မာပြည်မှာ ပထမဆုံး လူထုကို မိန့်ခွန်းပြောခဲ့တာက ၁၉၈၈ သြဂုတ် ၂၄ ရန်ကုန်ဆေးရုံကြီး၊ နှလုံးရောဂါဆောင်ရှေ့က ကျွန်တော်တို့ စာပေ အနုပညာရှင်များရဲ့ စင်မြင့်ကပဲ မဟုတ်ပါလား။
အခု အစီအစဉ်ဟာ အရေးတော်ပုံအဆက်ဆက်၊ ယုံကြည်ချက်နဲ့ ရင်ခုန်ခဲ့ကြတဲ့ စာပေနဲ့ အနုပညာရှင်တွေ အကြောင်းကို လက်လှမ်းမီသလောက် မှတ်တမ်းတင်ဖို့ ကြိုးစားကြည့်တာပါပဲ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အောင်ဝေး၊ ၆-၂၂-၂၀၀၉
( မူရင်း - Radio Free Asia, Burmese Section, rfa.org/burmese )

ပျောက်ဆုံးနေဆဲ တပ်ပေါင်းစုနိုင်ငံရေး


ကိုလိုနီခေတ်ကလား၊ လွတ်လပ်ရေး ခေတ်ဦးကလား မသေချာ။ မြန်မာ့နိုင်ငံရေးကို အငေါ်တူးထားသော သီချင်းတစ်ပုဒ် ရှိခဲ့သည်ဟု ကြားဖူးသည်။ ‘ဗမာပြည် ပါတီတွေကများ’ ဆိုလားပင်။ သီချင်းထဲက အတိုင်းပင် ဗမာပြည်မှာလား နိုင်ငံရေးပါတီတွေက အတော်များသည်။ လွတ်လပ်ရေးရအပြီး ပထမဆုံးကျင်းပခဲ့သော ၁၉၅၁-၅၂ ရွေးကောက်ပွဲ မှာပင် ပါတီပေါင်း ၁၂ ခု ယှဉ်ပြိုင်ခဲ့ကြသည်။ အာဏာရပါတီ (ဖဆပလ) ကို အတိုက်အခံပါတီ ၁၁ ခုက ကြိုတင်ညှိနှိုင်း တိုင်ပင်ခြင်းမရှိဘဲ ပြိုင်ခဲ့ကြရာ
သဘာဝကျစွာပင် ဖဆပလသာ အနိုင်ရခဲ့သည်။ ဒုတိယအကြိမ် ရွေးကောက်ပွဲ (၁၉၅၆) တွင်တော့ တပ်ပေါင်းစု (ပမညတ) ဖြင့် ယှဉ်ခဲ့ရာ မြန်မာ့ပါလီမန်တွင် ပထမဆုံး အတိုက်အခံပေါ်လာသည်။ ပိုဘက်စုံ၊ ပိုရင့်ကျက်လာသည့် သဘောဟု ဆိုနိုင်သည်။ တတိယအကြိမ် ရွေးကောက်ပွဲ (၁၉၆၀) တွင်ကား အာဏာရပါတီ နှစ်ခြမ်း ကွဲသွားသည်။ ဒီမိုကရေစီလည်း ပြည်ဖုံးကား ကျသွားခဲ့ရသည်။
နှစ်ပေါင်း ၂၆ နှစ်ကျော်ကြာမှ ကျင်းပခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ တွင်ကား ပါတီပေါင်း ၂၀၀ ကျော် ပေါ်လာသည်။ ထိုသည်၏နောက် အနှစ် ၂၀ ကြာမှ ကျင်းပနိုင်ခဲ့သော ရွေးကောက်ပွဲ ၂၀၁၀ တွင်မူ NLD သပိတ်မှောက်သည့် ကြားကပင် ပါတီတွေ မနည်းမနော ယှဉ်ပြိုင်ခဲ့ကြသည်။ ဟော ယခုလာတော့မည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ပါတီပေါင်း ၉၀ ကျော် ယှဉ်ပြိုင်ကြမည်ဟု သိရသည်။ မြန်မာ့ရွေးကောက်ပွဲ သမိုင်းတစ်လျှောက် တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်သူဦးရေ အများဆုံး ဟုလည်း သိရသည်။ စုစုပေါင်း ၃၂၃ ဦးရှိသည်။ ဤတွင် မေးသင့်မေးထိုက်သော အမေး ပုစ္ဆာတစ်ရပ် ပေါ်လာရတော့သည်။ ‘ဘာ့ကြောင့် မြန်မာပြည်တွင် ပါတီတွေ ဤမျှပေါရပါသနည်း’ အကြောင်းရင်းခံ နှစ်ရပ်နှင့် ဆိုင်ပါလိမ့်မည်။ ‘ဒီမိုကရေစီ မရင့်ကျက်ခြင်း’ နှင့် ‘ဒီမိုကရေစီ အဆက်ပြတ်ခြင်း’။
မရင့်ကျက်သော ဒီမိုကရေစီတွင် စေ့စပ်ညှိနှိုင်းရေးဓလေ့ မထွန်းကား။ ဒါ့ကြောင့် ပါတီတွေ များရသည်။ ဤအခြေအနေကို ပိုဆိုးစေသည်မှာ ဒီမိုကရေစီ အဆက်ပြတ်ခြင်း။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာ့နိုင်ငံရေးတွင် ပါတီတွေ များနေသည်ကား အမှန်ပင်။ ဤအတိုင်း ဆိုလျှင် လူအများ မျှော်လင့်နေကြသော ပန်းတိုင်သို့ ဘယ်ပုံ ဦးတည်ကြမည်နည်း။
မြန်မာ့ခေတ်သစ်သမိုင်းက ပေးထားသောအဖြေ ရှိပြီး ဖြစ်ပါသည်။ ‘တပ်ပေါင်းစုနိုင်ငံရေး...’ ဖက်ဆစ်တော်လှန်ရေး အကြိုကာလ၊ နိုင်ငံရေးအင်အားစု အားလုံးလောက်ကို ဖဆပလ အလံတော်အောက် စုစည်းနိုင်ခဲ့ရာမှ လွတ်လပ်ရေးအထိ ဦးတည်နိုင်ခဲ့သည်။ (ပထမရွှေခေတ်)။ လွတ်လပ်ရေးခေတ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ရွေးကောက်ပွဲ ကြားတွင် ‘ပမညတ’ အဖွဲ့ကြီး တည်ဆောက်နိုင်ခဲ့ရာမှ တစ်စုံတစ်ရာ ရင့်ကျက်လာသော ဒီမိုကရေစီကာလငယ်။ (ဒုတိယရွှေခေတ်) ရှားရှားပါးပါး ဤနှစ်ကြိမ်သာ ရှိသည်။
စုဖွဲ့ပုံများ (ပါတီ၊ တပ်ဦး၊ တပ်ပေါင်းစု)
မြန်မာ့နိုင်ငံရေးတွင် ပါတီ၊ တပ်ဦး၊ တပ်ပေါင်းစု စသဖြင့် အမည်နာမ အမျိုးမျိုးဖြင့် အဖွဲ့အစည်းများ ရှိခဲ့ကြပါသည်။ အမှန်စင်စစ် အဆိုပါ အဖွဲ့အစည်းများမှာ အမည်နာမ မတူကြသလို စုဖွဲ့ပုံချင်းလည်း တူညီကြ သည်မဟုတ်ပါ။ အဖွဲ့အစည်းတစ်ရပ် အနေနှင့် ‘အနာဂတ်လားရာအမြင်’ (Vision) လည်း တူမည်၊ သတ်မှတ်ထားသော အချိန်ကာလတစ်ခုနှင့် ဆိုင်သည့် ‘မစ်ရှင်’ (Mission) လည်း တူမည်၊ အဆိုပါမစ်ရှင်ကို ဦးတည် အကောင်အထည်ဖော်ရမည့် ‘မဟာဗျူဟာ’ (Strategy) လည်း တူမည် ဆိုလျှင် ယင်းအဖွဲ့အစည်းကို ‘ပါတီ’ (Party) ဟု သတ်မှတ်သည်။ အနာဂတ် လားရာအမြင်၊ ဗစ်ရှင် မတူသည့်တိုင် မစ်ရှင်နှင့် မဟာဗျူဟာ တူလျှင် အဆိုပါ အဖွဲ့အစည်းများကို ‘တပ်ဦး’ (Fraternal Unity) ဟု သတ်မှတ်သည်။ (ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီတို့ကို တစ်ပါတီတည်း ပေါင်းစည်းရန် ပြင်ဆင်ခဲ့သော ‘တော်လှန်ရေး တပ်ဦး’ မှာ ဤသဘောပင် ဖြစ်သည်)။ ဗစ်ရှင်းမတူ၊ မစ်ရှင်ချင်း တူသည့်တိုင် အဆိုပါမစ်ရှင်ကို အကောင်အထည်ဖော်မည့် မဟာဗျူဟာချင်း မတူလျှင်မူ ‘တပ်ပေါင်းစု’ (Front) သာဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် သြဇာကြီးခဲ့သော ‘ဖဆပလ’ မှာ တပ်ပေါင်းစုသာ ဖြစ်သည်။
ဤနေရာတွင် စကားအလျဉ်းသင့်လာ၍ ဖဆပလထဲမှ ကွန်မြူနစ် ပါတီ ထုတ်ပစ်ရသည်ကို ပြန်ဆွေးနွေးလိုသည်။ ကွန်မြူနစ်များ အပါအဝင် ဖဆပလအမှုဆောင်အဖွဲ့က ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်၏ အမှုဆောင်ကောင်စီတွင် ပါဝင်ဖို့ ဆုံးဖြတ်လိုက်ရာ အိန္ဒိယ ကွန်မြူနစ်ပါတီက ‘ဤလုပ်ရပ်မှာ စက်တင်ဘာသပိတ်ကို သစ္စာဖောက်ရာ ရောက်သည်။ လွတ်လပ်ရေးကို ကျောခိုင်းရာရောက်သည်’ စသည်ဖြင့် ဝေဖန်သည်။ ဗမာပြည်ကွန်မြူနစ် ပါတီက ဤဝေဖန်ချက်ကို ကွန်မြူနစ် နေ့စဉ်သတင်းစာတွင် ဘာသာပြန်ပြီး ထည့်သည်။ ဤလုပ်ရပ်မှာ ဖဆပလ ဖွဲ့စည်းပုံဥပဒေပုဒ်မ (၆) ကို ချိုးဖောက်ရာရောက်သည် ဟုဆိုကာ ကွန်မြူနစ်ပါတီကို ဖဆပလမှ ထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။
အမှန်စင်စစ် အဆိုပါ ပုဒ်မ (၆) ဖြစ်ပေါ်လာရသည်မှာ ကွန်မြူနစ်ခေါင်းဆောင် သခင်စိုးကြောင့် ဖြစ်သည်။ ဖဆပလ ပထမ ညီလာခံအတွင်း ဦးဘဘေနှင့် ဒီးဒုတ်ဦးဘချိုတို့က ဒိုမီနီယံတောင်းခဲ့ရာ ဤအကြောင်းကို သခင်စိုးက ကွန်မြူနစ် နေ့စဉ်သတင်းစာမှ ‘ဒိုမီနီယံ ဦးဘဘေကို လိပ်ကျောက်မီးဖြင့် ဆော်ပြီ’ ဆိုပြီး ပယ်ပယ်နယ်နယ် ဝေဖန်သည်။ သို့အတွက် ‘နောင်တွင် ပါတီတွင်း အကွဲအပြဲကို ပြင်ပသတင်းစာမှ မဝေဖန်ရ’ ဆိုသော ပုဒ်မ(၆) ပေါ်လာခြင်းဖြစ်သည်။
စည်းမျဉ်းစည်းကမ်းအရ ကွန်မြူနစ်ပါတီ၏ ဝေဖန်ချက်မှာ မှားသည်ဟု ဆိုနိုင်သော်လည်း ဖော်ပြခဲ့ပြီးသော စုဖွဲ့ပုံအရမူ တပ်ပေါင်းစုသဘောကို ကျော်ပြီး တပ်ဦးသဘော ရောက်သွားသည်ဟု ထင်ပါသည်။ ဤသဘောကို ‘ညီညွတ်ရေးတပ်ပေါင်းစု အတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြဿနာ’ (Self-determination in the United Front) ဟု ခေါ်သည်။ သို့တစေ ရှစ်လေးလုံးနောက်ပိုင်း နိုင်ငံရေးတွင်မူ တပ်ပေါင်းစုအခန်းကဏ္ဍမှာ ပျောက်ခြင်းမလှ ပျောက်နေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး အကြံပေးအဖြစ် ဆောင်ရွက်ဖူးသူ ဦးထွေးမြင့် မကွယ်လွန်မီ 7Day နှင့် အင်တာဗျူးတွင်မူ NLD ကို မူလထူထောင်သူများ၏ ရည်ရွယ်ချက်မှာ ပါတီမဟုတ်၊ တပ်ပေါင်းစုသာ ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။
ရှစ်လေးလုံးအလွန် နိုင်ငံရေး
မှတ်မိကြဦးမည် ထင်ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက်က ဖြစ်သည်။ ထိုစဉ်က နိုင်ငံရေးပါတီများက အစိုးရနှင့် ဆွေးနွေးလိုကြောင်း ကမ်းလှမ်းခဲ့ရာ ဗိုလ်ချုပ်မှူးကြီးက ‘နိုင်ငံရေးပါတီက ၂၀၀ ကျော်၊ ကျွန်တော်က တစ်ယောက်တည်း ဘယ်လိုတွေ့မလဲဗျာ’ ဟု ညည်းညည်းညူညူ ပြောဆိုခဲ့ရာ ပါတီအများစုက ‘ဒေါ်အောင်ဆန်းစုကြည်’ ကို မိမိတို့ ကိုယ်စားလှယ်အဖြစ် သဘောထားကြောင်း၊ သူမနှင့် တွေ့လျှင်ပင် လုံလောက်ကြောင်း ပြန်လည် ပြောဆိုခဲ့ကြသည်။ ဤတွင် ပြောလိုသည်မှာ NLD ၏ မူလရည်မှန်းချက်မှာ တပ်ပေါင်းစုသဘော ဖြစ်ရုံမျှမက ပါတီအများစု ကိုယ်တိုင်ကလည်း NLD ဦးဆောင်မည့် တပ်ပေါင်းစုကို မျှော်လင့်ခဲ့ကြကြောင်း ထင်ရှားစေလို၍ ဖြစ်ပါသည်။ သို့နှင့်တိုင် တပ်ပေါင်းစု ဖြစ်မြောက်ရေး အတွက် ထိုစဉ်က NLD ၏ ခြေလှမ်းများမှာ (ပွင့်ပွင့်လင်းလင်း ဆိုရလျှင်) အားရစရာ မရှိပါချေ။ NLD နှင့် မဟာမိတ်ဖြစ်လိုလျှင် လျှောက်လွှာတင်ရမည် ဟူ၍ပင် ကြားသိရသည်။ သို့နှင့်အမျှ တူရာ လုပ်ငန်းများကို ပူးတွဲဆောင်ရွက်ကြမည့် Joint action လောက်နှင့်သာ ကျေနပ်ခဲ့ရပါသည်။
NLD ၏ ဒုတိယအကြိမ် လှုပ်ရှားခွင့် ရလာတာ လက်ရှိ ဦးသိန်းစိန် လက်ထက်တွင်မူ ဆိုခဲ့ပါ Joint action မျိုးကိုပင် ပီပီသသ မတွေ့ရပါချေ။ (အခြေခံဥပဒေ ပြင်ဆင်ရေးတွင်သာ လက်တွဲနိုင်ခဲ့သည်။) တပ်ပေါင်းစု သဘောထက် ပါတီအနေနှင့်သာ ဦးဆောင်လိုသည်ကို သတိပြုမိသည်။ ဤတွင် စဉ်းစားဖို့ရှိသည်မှာ NLD အနေနှင့် အဘယ့်ကြောင့် တပ်ပေါင်းစု နိုင်ငံရေးကို အားမသန်ပါသနည်း ဆိုသော ကိစ္စပင်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် သြဇာကြီးခဲ့သော ရယ်ဒီကယ်သြဇာများကို ဆဝါးမိ၍ ခပ်ကင်းကင်း နေလိုသလော... စဉ်းစားစရာ ရှိသည်။ ရှစ်ဆယ့်ရှစ်များနှင့် ပတ်သက်လျှင်လည်း သူတို့ လွတ်ခါစလောက်ကပင် နိုင်ငံရေးပါတီ ထူထောင်သင့်ကြောင်း စာရေးသူ ရေးခဲ့ဖူးသည်။ (သူတို့တစ်တွေ အိမ်အပြန် ဆောင်းပါး) သို့တစေ နိုင်ငံရေးနှင့် ပတ်သက်လျှင် သူတို့တစ်တွေမှာ NLD ၏ ဦးဆောင်မှုနှင့်သာ သွားလိုသည့်သဘော ရှိသည်။
ယခုလို ရွေးကောက်ပွဲနီးတော့မှ NLD အလံတော်အောက်မှ ရွေးကောက်ပွဲဝင်ဖို့ လုပ်လာရာ ထင်မထားတာတွေ ဖြစ်ကုန်သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး ဦးကိုကိုကြီး၏ 7 Day Interview ကို ဖတ်ရရာ ‘မဲကွဲမှာစိုး၍ ရွေးကောက်ပွဲ မဝင်’ ဆိုသည်ကို လေးစားသည်။ ‘ပါတီထောင်မည်’ ဆိုသည်ကို ကြိုဆိုသည်။ မှန်သည်။ ပါတီက စရပါလိမ့်မည်။ သို့သော် ပါတီမျှလောက်နှင့် ကိစ္စပြီးမည်မဟုတ်။ ပါတီကို အခြေခံပြီး ပျောက်ဆုံးနေသော တပ်ပေါင်းစု လမ်းကြောင်းကို အသက် သွင်းရပါလိမ့်မည်။ ဤသည်ပင် ရှစ်ဆယ့်ရှစ်မျိုးဆက်၏ သမိုင်းဆိုင်ရာ တာဝန်ဟု ယူဆသည်။
ကျော်ဝင်း

ဦးသန့် အရေးအခင်း နောက်ကွယ်မှ ဇာတ်လမ်းများ - ကိုရင်မောင်


Tomorrow
ဦးသန့် ကွယ်လွန်ခဲ့သည်မှာ ယခုအခါ နှစ် (၄၀)ရှိပြီ ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဦးသန့် အရေးခင်းသည် ပထမအကြိမ် ပြည်သူ့လွှတ်တော်မှ ရွေးချယ် တင်မြောက်ထားသော ဦးနေ၀င်း အစိုးရ အတွက် တတိယ အကြိမ်မြောက် အရေးခင်းကြီး ဖြစ်ပါသည်။ ၁၉၇၄ ခုနှစ်တွင် အလုပ်သမား အရေးခင်းနှင့် ဦးသန့် အရေးအခင်းတို့ ဖြစ်ကြပါသည်။ ဦးသန့်သည် မြန်မာနိုင်ငံ အတွက် ဂုဏ်ယူရမည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း အုပ်ချုပ်သူ အာဏာရှင် ဦးနေ၀င်း၏ ပုဂ္ဂိုလ်ရေး အာဃာတကြီးမားမှုကြောင့် နိုင်ငံတော် အတွက် မလိုလားအပ်သော အရေးခင်းကြီး ပေါ်ပေါက်ခဲ့ရပါသည်။ ထို့အပြင် ကျောင်းသားများ၊ ရဟန်းရှင် ပြည်သူများတို့သည်လည်း ကျောင်းထုတ်ခံရ၊ အရေးယူခံရ အစရှိသည်ဖြင့် ဘ၀ တ၀က်တပျက်တွင် လှေလှော်ရင်း တက်ကျိုးခဲ့ရပါသည်။ ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သည့် ဆလိုင်း တင်မောင်ဦးသည် ယင်းအရေးအခင်းများတွင် ပါဝင်ခဲ့သည့် အတွက် ပထမဆုံး ကြိုးပေး ကွပ်မျက်ခြင်း ခံရသော ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်ပါသည်။ ဆလိုင်း တင်မောင်ဦး ကြိုးပေးကွပ်မျက်ခြင်း ခံရသော (၃၆)နှစ်မြောက် အထိမ်းအမှတ်ပွဲကို တော်ဝင်နှင်းဆီ ခန်းမတွင် ကွယ်လွန်သူ ဆရာကြီး ဦးဝင်းတင် ဦးဆောင်၍ တ.က.သ အမှုဆောင်ဟောင်း ဦးလှရွှေ၊ ကိုမင်းကိုနိုင်၊ ကိုကျော်ကိုကို၊ ကိုတင်မောင်ဦး၏ ညီ အစရှိသည်တို့ဖြင့် ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ကြပါသည်။
ဦးသန့်ကို ဧရာဝတီတိုင်း၊ ပန်းတနော်မြို့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့မှ ၁၉၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၂) ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ မွေးချင်း ညီအကို (၄) ဦးရှိသည့်အနက် ဦးသန့်မှာ အကိုအကြီးဆုံး ဖြစ်ပြီး ၄င်း၏အောက်တွင် ဦးခန့်၊ ဦးသောင်းနှင့် ဦးတင်မောင် (၃)ဦးတို့ ရှိကြပါသည်။ အသက် (၂၆)နှစ်တွင် ဒေါ်သိန်းတင်နှင့် လက်ထပ်ခဲ့ရာ သမီးကြီး အေးအေးသန့်နှင့် သားငယ် တင်မောင်သန့်တို့ မွေးဖွားခဲ့ပါသည်။ သားငယ် တင်မောင်သန့်မှာ ၁၉၆၂ ခုနှစ်၊ မေလ (၂၁)ရက်နေ့တွင် ရွှေဂုံတိုင်မီးပ္ပိုင့် အနီးတွင် ဘတ်(စ်)ကားပေါ်မှ လိမ့်ကျသေဆုံးခဲ့ပါသည်။ ဦးသန့်သည် ၀န်ကြီးချုပ် ဦးနုနှင့် ကျောင်းဆရာ ဘ၀ကပင် အလွန်ရင်းနှီးကြသူများ ဖြစ်ကြ၍ နောက်ပိုင်း ၀န်ကြီးချုပ် ဦးနု လက်ထက်တွင် တာဝန်အမျိုးမျိုး ပေးခြင်းခံရပြီး ၁၉၅၇ ခုနှစ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရပါသည်။ ၁၉၆၀ ခုနှစ်တွင် ကုလသမဂ္ဂ ရန်ပုံငွေ တိုးပွားရေး ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်း ခံရပါသည်။ ဦးသန့်သည် စစ်အေး တိုင်ပွဲ ကာလအတွင်းတွင် အမေရိကန် အုပ်စုနှင့် ဆိုဗီယက် အုပ်စုတို့ကြားတွင် သင့်မြတ်စွာ နေထိုင်နိုင်သောကြောင့် (၂)ဖက်စလုံး၏ ရိုသေလေးစားခြင်းကို ခံရသူတစ်ဦး ဖြစ်ပါသည်။ ၄င်းအပြင် ဦးသန့်သည် အင်္ဂလိပ်လို ရေးသား ပြောဆိုရာတွင် အလွန်ကောင်းသူ တစ်ဦး ဖြစ်ပါသည်။ ဦးသန့်သည် သူများ ပြောသည်များကို စိတ်ရှည်စွာ နားထောင်တတ်ပြီး မိမိပြောသော အခါတွင် ရှင်းလင်းစွာဖြင့် တိုတိုတုတ်တုတ် ပြောတတ်ပါသည်။ ဦးသန့်သည် ကုလသမဂ္ဂ အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့်လည်း ရင်းနှီးကျွမ်းဝင်ပြီး အားလုံး၏ ချစ်ခင် လေးစားမှုကိုလည်း ခံယူရသူ တစ်ဦး ဖြစ်ပါသည်။ ဦးသန့်၏ ဥပဓိရုပ်ရည်မှာလည်း နှစ်လိုဖွယ်ကောင်းသည့် အတွက် လူချစ်လူခင် ပေါများခြင်း ဖြစ်ပါသည်။ ဤသည်မှာ ၄င်းအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးရရှိရန် အထောက်အကူ ပြုထားသော အချက် ဖြစ်ပါသည်။
၁၉၆၁ ကွန်ဂို အရေးအခင်းတွင် လေယာဉ်ပျက်ကျ၍ ရုတ်တရက် ကွယ်လွန်သွားသော ဒက်ဟမ္မားရှိုး၏ နေရာတွင် ယာယီ အတွင်းရေးမှူးချုပ် အဖြစ် ခေတ္တ၀င်ရောက် တာဝန်ထမ်းဆောင်ပြီး ၁၉၆၁၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ကုလသမဂ္ဂ၏ တရားဝင် အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို အများသဘောတူ ရွေးချယ် တင်မြောက်ခြင်း ခံရပါသည်။ ဦးသန့်သည် ၄င်းတာဝန် ထမ်းဆောင်သော ကာလတွင် ကမ္ဘာကြီးအား တတိယ ကမ္ဘာစစ်ဘေးမှလည်း ကယ်တင်နိုင်ခဲ့ပါသည်။ ၄င်းအရေးအခင်းမှာ ကျူးဘားဒုံးပျံ အရေးခင်း ဖြစ်ပါသည်။ အမေရိကန်နှင့် ရုရှားတို့ ထိပ်တိုက်တွေ့မည့် နျူကလီးယား စစ်ပွဲမှ ဦးသန့်၏ ကြားဝင်ဖြေဖြန်မှုကြောင့် ဆိုဗီယက် နိုင်ငံမှ ၀န်ကြီးချုပ် ကရူးရှက်သည် ၄င်း၏ ရေလမ်း သဘောင်္များဖြင့် ကျုးဘားမှ ဒုံးပျံများကို ပြန်လည် ရုတ်သိမ်းသွားခဲ့ပါသည်။ ထိုစဉ်က အမေရိကန် သမ္မတမှာ ဂျွန်အက်(ဖ်) ကနေဒီ ဖြစ်ပါသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ကို (၂) ကြိမ် ထမ်းဆောင်ပြီးနောက် ဦသန့်သည် အနားယူခဲ့ ပါသည်။ ဦးသန့်သည် ကမ္ဘာ့နိုင်ငံရေး ပြသာနာများကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သော ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် အကြီးအကဲများ ကမ္ဘာ့ပြည်သူများကပင် ချီးကျူးဂုဏ်ယူခြင်း ခံရပါသည်။ ကုလသမဂ္ဂ သမိုင်းတွင်လည်း မှတ်တမ်း၊ ကဗ္ဗည်းတင် ခံရသူဖြစ်ပါသည်။ ယခုလက်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်နေသော မစ္စတာ ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံသို့ လာစဉ် ဦးသန့်အား ချီးကျူး ဂုဏ်ပြုပြီး ဦးသန့်၏ ဂူဗိမာန်အားလည်း သွားရောက် ဂါရ၀ပြုခဲ့ပါသည်။
ဦးသန့်သည် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်ရင်း ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်သူ၏ ဆန္ဒအရ မြန်မာနိုင်ငံတွင် ၄င်း၏ ရုပ်ကလာပ်အား ရန်ကုန်မြို့တွင် သင်္ဂြိုဟ်ရန် အတွက် ပြန်လည် သယ်ဆောင်လာရာ ထိုစဉ်က သမ္မတ ဦးနေ၀င်းမှ ကြံတော သုဿာန်တွင်သာ မြေနေရာ ပေးသည်ကို ကျောင်းသားများနှင့် ပြည်သူများက မကျေနပ်သောကြောင့် ဦးသန့် အရေးခင်းကြီး ပေါ်ပေါက်ခဲ့ရပါသည်။ အတွင်း သတင်းများအရ ဦးနေ၀င်းသည် ဦးသန့် အပေါ်တွင် အာဃာတတရား ထားရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဦးသန့်သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန် ထမ်းဆောင်နေစဉ် ကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာတွင် ထိုစဉ်က တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌ ဖြစ်သော ဗိုလ်ချုပ်ကြီး နေ၀င်းမှ အလုံလမ်း သမ္မတ အိမ်တော်တွင် ကော်ဇောနီ ခင်းပြီး ညစာစားပွဲဖြင့် တစ်ခမ်းတစ်နား ကြိုဆိုဂုဏ်ပြု ဧည့်ခံခဲ့ပါသည်။ ၄င်းနောက် ဦးနု၏ ပြည်ပြေး အစိုးရ ပေါ်ပေါက်လာသော အခါတွင် ဦးသန့်သည် ဦးနုကို ကူညီသည်ဟုဆိုကာ မျက်မာန်တော် ရှခဲ့ပါသည်။ ဦးသန့် အလောင်းကို ရန်ကုန်သို့ သယ်လာသော ကာလတွင် ထိုစဉ်က ပြည်ထဲရေး ၀န်ကြီး ဖြစ်သော ဗိုလ်မှူးကြီး ကိုကိုမှ “ဗိုလ်ချုပ်-ဦးသန့် အတွက်ကို နေရာတစ်ခု ဖန်တီးပေးလိုက်ရင် ကောင်းမယ် မဟုတ်ရင် ဆူပူမှုဖြစ်လိမ့်မည်”ဟု တင်ပြသောအခါ ဦးနေ၀င်းမှ “ဆူလျှင် ချလိုက်မှာပေါ့ကွ”ဟု ပြောခဲ့ပါသည်။ ဤသည်မှာ အာဏာရှင်တို့၏ ၀သီအတိုင်း လက်နက်ဖြင့် အကြမ်းဖက်ရန် ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။ အတိုချုပ်အားဖြင့် ပြောရလျှင် ကျောင်းသားများသည် ဦးသန့်၏ ရုပ်ကလာပ်အား ကျိုက္ကဆံကွင်းတွင် ပြည်သူတို့ အလေးပြုရန် ထားရှိပြီး ၄င်းမှ ဘွဲ့နှင်းသဘင်သို့ သယ်ဆောင်ကာ ရန်ကုန်တက္ကသိုလ် ပရ၀ဏ်အတွင်း ဗိုလ်အောင်ကျော်ဂူ အနီးတွင် ဂူသွင်းခဲ့ပါသည်။
ဤသို့သော အခြေအနေတွင် ညသန်းခေါင်းယံ၌ စစ်ကြောင်းများသည် တက္ကသိုလ်အတွင်း ၀င်စီးပြီး ဦးသန့်၏ ရုပ်ကလာပ်အား ယခုလက်ရှိနေရာသို့ ပြောင်းရွှေ့ပြီး နေရာပေးခဲ့ပါသည်။ နိဂုံးချုပ်အားဖြင့် ပြောရလျှင် ဦးနေ၀င်းသည် ပြည်သူနှင့် ကျောင်းသားတို့၏ ဆန္ဒကို နောက်ဆုံးတွင် လိုက်လျောခဲ့ရပါသည်။ အမှန်မှာ မူလကပင် စီစဉ်ပေးလိုက်ပါက မည်သည့်ပြဿနာမှ မဖြစ်ပေါ်နိုင်ဘဲ အေးအေးချမ်းချမ်း ပြီးသွားမည် ဖြစ်ပါသည်။ သို့သော် အာဏာရှင်တို့၏ ဗီဇအတိုင်း မည်သည့် အရာကိုမျှ လူစုလူဝေးဖြင့် တောင်းဆိုသည်များကို လက်ခံရလျှင် ၄င်းတို့အတွက် သိက္ခာကျစရာဟု ထင်မြင်ယူဆပုံ ရပါသည်။ အထူးသဖြင့် ကျောင်းသားဆိုလျှင် ဦးနေ၀င်းသည် ပို၍အ မြင်မကြည်ပုံ ရပါသည်။ ၄င်းအာဏာသိမ်းပြီး ၁၉၆၂၊ ဇူလိုင်လ (၇) ရက်နေ့တွင် ကျောင်းသားများအား အကြမ်းဖက် နှိမ်နှင်းပြီးနောက် မြန်မာ့အသံမှနေ၍ ဓားဓားခြင်း၊ လှံလှံခြင်း ရင်ဆိုင်မည်ဟုဆိုသော အာဏာရှင်၏ အသံလွှင့်ချက်ကို မှတ်မိကြပါလိမ့်မည်။ ဦးနေ၀င်းသည် ဤအကြမ်းဖက် နှိမ်နှင်းမှုကို ၄င်းအာဏာ စွန့်သွားသည်အထိ အကောင်အထည် ဖော်ဆောင်ခဲ့သောကြောင့် သမိုင်းတွင် အမဲစက်ကြီးဖြင့် ကွယ်လွန်ခဲ့ရပါသည်။ ယခုလက်ရှိ အစိုးရသည် ပြည်သူ့လွှတ်တော်မှ ပြဌာန်းခဲ့သော အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ ကျောင်းသားများ၏ ကန့်ကွက် ဆန္ဒပြမှုကို ရင်ဆိုင်နေရပါသည်။ သမ္မတကြီး ကိုယ်တိုင်ကပင်လျှင် ကျောင်းသား သမဂ္ဂသည် မရှိမဖြစ်သော အဖွဲ့အစည်း တစ်ခုအနေဖြင့် လိုအပ်ကြောင်း ပြောဆိုသွားသည်ကို ကြားသိရပါသည်။ သို့ဖြစ်သောကြောင့် ဤကိစ္စကြီးကိုလည်း အားလုံးသော ပုဂ္ဂိုလ်များ ညှိညှိနှိုင်နှိုင်းဖြင့် ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ထို့အပြင် မ.ဆ.လ ပါတီ၏ နောက်ဆုံး သမ္မတဖြစ်သော ဒေါက်တာ မောင်မောင်၏ ပျော်ပျော်ပါးပါး သမဂ္ဂကြီးကို အုတ်မြစ်ချ၍ ပြန်လည် တည်ဆောက်ကြပါစို့ဟု ဆိုသောစကားကိုလည်း မမေ့ကြပါရန် မှာကြားအပ်ပါသည်။ ယခု ကျောင်းသားများ တောင်းဆိုနေသော ပညာရေး အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် နိုင်ငံတော်၏ ကိုင်တွယ်ပုံ၊ ကိုင်တွယ်နည်းကို များစွာ လေးစားပါသည်။
ကိုရင်မောင်



ရခိုင်တော်လှန်ရေးက ရခိုင်တစ်မျိုးသားလုံး လွတ်မြောက်ရေး ရခိုင်နိုင်ငံထူထောင်ရေးတဲ့လား?




ဒီမိုကရေစီ တော်လှန်ရေးဆိုတာ ပြတ်ပြတ်သားသား ခေါင်းဆောင်ပြီးမှ ဒီမိုကရေစီ တော်လှန်ရေးအောင်ပွဲအတွက် အချက်အလက်တွေ ဖန်တီးပေးနိုင်မယ်။ ကျွန်တော်တို့ ရခိုင်တွေဟာ ခေတ်စနစ် တစ်ခု ပြောင်းလဲပစ်ဖို့ တိုက်ပွဲ ၀င်နေကြတာဖြစ်တယ်၊ ထိုနည်း အတူ လက်ရှိ လက်နက်ကိုင် တိုင်းရင်းသား အများစုဟာလည်း ပြည်ထောင်စု စိတ်ဓာတ်၊ ဒီမိုကရေစီ နှင့် ဖယ်ဒရယ် တိုက်ပွဲတွေကို ဆင်နွှဲကြတာ ဖြစ်ပါတယ်။ နောင်လာမယ့် ရည်မှန်းချက် ပန်းတိုင်ကို ရှေ့ရှုပြီး၊ တိုက်ပွဲဝင် ကြိုးပမ်းနေကြတယ်လို့ ယူဆမိပါတယ်။
ဒီပန်းတိုင်ကို မျက်ခြယ်ပြုသွားရင် တော်လှန်ရေးသမားက တော်လှန်ရေး သမား မဟုတ်တော့ဘူး၊ ဒါပေမယ့် လက်ရှိကြိုးပမ်းမှုကို လက်ရှော့လိုက်ရင်လည်း တော်လှန်ရေးဟာ တော်လှန်ရေး မဟုတ်တော့ ပါဘူး။ လက်ရှိ လက်နက်ကိုင် တိုင်းရင်းတွေဟာ တော်လှန်ရေးကို လက်ကိုင်ထားရတာမို့ ဒီမိုကရေစီနှင့် ဖယ်ဒရယ်နိုင်ငံ ထူထောင်ရေးဆိုတဲ့ ကြွေးကြော်သံတွေ ထွန်းကြားလာမှာ သေချာပါတယ်။ ဒါပေမယ့် အသွင်ကူးပြောင်းရေး တိုက်ပွဲဆိုတာ ရေရှည်တိုက်ပွဲတွေ ဆင်နွှဲ သွားရပါတယ်၊ ခေါင်းဆောင်မှုအတွက် ဆင်နွှဲတဲ့ တိုက်ပွဲတွေလည်း ဖြစ်နိုင်တယ်၊ အဲဒီ တိုက်ပွဲတိုင်းမှာ အောင်မယ်၊ မအောင်မြင်ဘူးဆိုတာ တော်လှန်ရေး တစ်ရပ်ရဲ့ တော်လှန်ရေး ရပ်တည်ချက် ပြတ်သားမှုတွေနဲ့ ဆိုင်မယ်ထင်ပါတယ်။
တော်လှန်ရေး တစ်ရပ်ဆိုတာ မှန်ကန်တဲ့ ပေါ်လစီ တစ်ရပ်ကို ချမှတ်နိုင်ရမယ်၊ မှန်ကန်တဲ့ ရပ်တည်ချက်တွေကို ပြည်သူတွေကို ချပြနိုင်ရမယ်၊ ခေါင်းဆောင်တွေဟာ မယိမ်းယိုင်ရဘူး။ စကားကို ပြတ်သားစွာ မဟာမိတ်တွေနှင့် ပြည်သူတွေကို ချပြနိုင်ရမယ်၊ ရှေ့တစ်မျိုး နောက်ကွယ်တစ်မျိုး၊ ပြည်သူတွေနှင့် မဟာမိတ် ရဲဘော်၊ ရဲဘက်တွေကို လိမ်လည်ပြောဆိုလို့ မရပါဘူး၊ အမှန်အတိုင်း ချပြနိုင်ရမယ်။
ဒါပေမယ့် တော်လှန်ရေး သဘောတရားဟာ တိုက်ပွဲလည်း ဆင်နွှဲတဲ့ အခါ ရှိသလို၊ တိုက်ပွဲ မရှိပဲ၊ သွေးထွက်သံယို မရှိပဲ ပြောင်းလဲ သွားတာလည်း ရှိပါတယ်။ ဒီလို ကူးပြောင်းသွားတာတွေဟာလည်း တော်လှန်ရေးကို ဖန်တီးတဲ့ တော်လှန်ရေးသမားတွေရဲ့ ကြိုးပမ်းမှုလို့ ဆိုနိုင်ပါတယ်။
တော်လှန်ရေးတရပ် ဖန်တီးတဲ့ နေရာမှာလည်း တော်လှန်ရေးခေါင်းဆောင် က ပြည်သူအများကို ချပြတဲ့ အခါမှာ လက်ရှိအခြေအနေ တော်လှန်ရေးစစ်ပွဲသဘောတရားကို မှန်ကန်စွာ ချပြနိုင်ရမယ် မမှန်မကန်ချပြမှုတွေ ရှိရင် အဲဒီလူဟာ ခေါင်းဆောင်းကောင်းတစ်ယောက်မဟုတ်သလို၊ ခေါင်းဆောင်ကောင်းလည်း ပီသမှာ မဟုတ်ပါဘူး၊ ပြည်သူတွေကို မျက်စိကန်း၊ နားမကြားအောင် လုပ်ပေးတဲ့ သူသာ ဖြစ်တယ်။
တော်လှန်ရေး ခေါင်းဆောင်ကောင်း ဟူသည်
တော်လှန်ရေး ခေါင်းဆောင်ကောင်းကို ဆိုလိုသည်မှာ နိုင်ငံရေး အမြော်အမြင်ရှိရမယ်၊ စစ်ရေးအမြော်အမြင်ရှိရမယ်၊ လုပ်ရည် ကိုင်ရည် ရှိရမယ်၊ အနစ်နာခံတဲ့ စိတ်ဓာတ် အပြည့်အစုံ ရှိရမယ်၊ ပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်းရှိရမယ်၊ အခက်အခဲတွေ တွေ့ကြုံလာတဲ့ အခါ မယိမ်းယိုင်မှုတွေ ရှိရမယ်၊ အမျိုးသားရေး အတွက်၊ လူတန်းစားတွေ အားလုံးအတွက်၊ တော်လှန်ရေးအတွက်၊ ကိုယ့်ရဲဘော် ရဲဘက်တွေအတွက် သစ္စာရှိသူ ဖြစ်ရမယ်၊ တစ်ဦးချင်း သူရဲကောင်းထင်ပေါ်ရေး ၀ါဒ မရှိရဘူး၊ ဘ၀င်မြင့်တဲ့ ဂိုဏ်းဂဏ ၀ါဒမရှိရဘူး၊ ခေါင်းဆောင်ဟာ ကိုယ်ကျိုးမငဲ့ အများအကျိုးကို ဆောင်ရွက်တက်တဲ့ အမျိုးသားရေး သူရဲကောင်း (သို့) လူတန်းစားအားလုံးရဲ့ သူရဲကောင်းဖြစ်ရမယ်၊ ဒီအချက်တွေဟာ ခေါင်းဆောင်ကောင်း တော်လှန်ရေး သမားခေါင်းဆောင်တစ်ယောက်ရဲ့ အချက်တွေဖြစ်တယ်လို့ မြင်ပါတယ်။
လက်ရှိ ရခိုင်တော်လှန်ရေး
ကျွန်တော်တို့ ရခိုင်တော်လှန်ရေးသည် မဟာမိတ်နယ်မြေ အသီးသီးတို့တွင် ဖွဲ့စည်းတည်ထောင်ကြားကြသည်။ မဟာမိတ် တိုင်းရင်းသား ညီနောင်များ သည်မှာလည်း တော်လှန်ရေး တပ်များကို နေရာအသီးသီး ဒေသ အသီးသီးတို့တွင် နေရာချထားလေ့ ရှိကြသည်။
(သို့သော်) ရခိုင်တော်လှန်ရေး တပ်များနှင့် ခေါင်းဆောင်တစ်ချို့သော ပြောစကားများမှာ တစ်မူခြားနားကြသည်ကို လူတိုင်းတွေ့မြင်ရပါမည်။ ရခိုင်တော်လှန်ရေး ခေါင်းဆောင်တစ်ချို့၏ ရခိုင်ပြည် လွတ်လပ်ရေး၊ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိသော လူမျိုးတစ်မျိုး ဖြစ်ရှိရေး၊ ရခိုင်ပြည်ကို ပြန်လည်ပိုင်ဆိုင်ရေး၊ ရခိုင်နိုင်ငံတော် ပြန်လည်ထူထောင်ရေး၊ ရခိုင်ကံကြမ္မာကို ရခိုင်ဖန်တီးရေး ဆိုသော စကားလုံး လှလှတွေကို သုံးနှုန်းပြီး၊ ရခိုင်ပြည်သူအများကို ပြောလေ့ရှိကြသည်။ စကားလုံးတွေကို ကြားရတဲ့ ရခိုင်သူ၊ ရခိုင်သားအပေါင်းတို့မှာ ရင်မှာ မျှော်လင်းချက်တွေနှင့် ပျော်ရွှင် ၀မ်းမြောက်မိကြသည်။
ဒါပေမယ့် ရခိုင်ပြည် လွတ်လပ်ရေး၊ ရခိုင်နိုင်ငံပြန်လည် ထူထောင်ရေးဆိုသော စကားလုံးများကို ပြည်သူအများက အဓိပ္ပာယ်ကို ခွဲခြား၊ သိရှိ နားလည်ထားခြင်းကြောင့် မဟုတ်ပါ။ မျက်စိသူငယ်၊ နားသူငယ်နှင့် ခိုကိုး၊ အားထားရာမဲ့နေတဲ့ ရခိုင်ပြည်သူတွေရဲ့ အားကိုး မှီခို ချင်တဲ့ စိတ်ကြောင့်ပါ။ လွတ်လပ်ရေး၊ နိုင်ငံထူထောင်ရေး ဆိုသော စကားကို ရခိုင်တော်လှန်ရေး ခေါင်းဆောင်တစ်ယောက်ရဲ့ပြောကြားသည်နှင့်ပင် ရခိုင်ပြည်သူတွေဘ၀ကို အမှောင်ဖုံး လွှမ်းမိုးမှုတွေ ဖြစ်လာခဲ့ပါတယ်။
ဆိုလိုသည်မှာ…..လူမျိုးရေးအရ တိုက်ခိုက်မှု၊ ပြောဆို ဆက်ဆံမှု၊ စိတ်ဝမ်းကွဲမှု၊ အချင်းချင်း နားမလည်မှု၊ အွန်လိုင်း ဗန်းစကားအရ လူမျိုးရေး ထိုနှက် မှုတွေဆီ ဦးတည် လာပါတယ်၊ ရခိုင်အချင်းချင်း ကြားတွေမှာလဲ သွေးတိုးလှုံ့ဆော် မှုတွေကို ဖန်တီးစေလာပါတယ်၊ (တနည်းအားဖြင့်) ရခိုင်တွေကို ကျန်တိုင်းရင်းသားတွေက ပိုပြီး မကျေနပ်မှုတွေ ဖြစ်ပေါ်လာပါတယ်၊ ရခိုင်ပြည်သူတွေကို၊ ရခိုင်လူမျိုးတွေကို မုန်းတီးမှု၊ မကျေနပ်မှုတွေ ဖြစ်ပေါ်လာပါတယ်၊ ဤသို့ ပြောဆိုလျှင် ကျွန်တော့်အား အမျိုးသားသစ္စာဖောက်လို့ ရှုမြင်ကြပါလိမ့်မယ်၊ သစ္စာဖောက် လောက်ကောင်လို့ ပြောဆိုကြပါလိမ့်မယ်။ မည်သို့ပင် ဆိုစေကာမူ ဒီစကားတွေဟာလည်း ရခိုင်နိုင်ငံရေး ခေါင်းဆောင်တစ်ချို့၊ ရခိုင်တော်လှန်ရေး ခေါင်းဆောင်တစ်ချို့၏ သုံးနေကြ စကားတစ်ချို့ဖြစ်တယ်။ သူတို့မှ တစ်ဆင့် ရခိုင်ပြည်သူ အများစုသို့ ဆင်းသက်လာခဲ့တာဖြစ်တယ်၊ ရခိုင်ပြည်သူအများစု ကို အဓိက မျက်စိကန်း၊ နားမကြားအောင် လုပ်ဆောင်ပေးသည်မှာ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တစ်ချို့နှင့် ရခိုင်တော်လှန်ရေး ခေါင်းဆောင်တစ်ချို့ ဖြစ်သည်ဟု တိုက်ရိုက် ပြောကြားလိုပါသည်။
ကျန်တိုင်းရင်းသား လက်နက်ကိုင်အများ၏ တော်လှန်ရေး ဖြတ်သန်းမှု၊ တော်လှန်ရေးစိတ်ဓာတ်၊ တော်လှန်ရေး သဘောတရား၊ တော်လှန်ရေး နားလည်မှုတွေကို အတုယူသင့်တယ်လို့လည်း ပြောချင်ပါတယ်၊ တိုက်တွန်းလိုပါတယ်။
လက်ရှိ စစ်ရေး၊ နိုင်ငံရေး အတွေးအခေါ် အယူအဆတွေကိုလည်း သိရှိနိုင်ဖို့ တိုင်းရင်းသားလူမျိုးများအပေါ်မှာ နားလည်သဘောပါက်နိုင်ဖို့၊ မျက်စိကန်း၊ နားမကြားမှုတွေကို ဘေးကိုဖယ်ပြီး၊ အမြင်မှန်၊ အမြင်ကျယ်ကျယ်နဲ့ တွေးခေါ် ယူဆ နိုင်ပါစေလို့ ဆန္ဒပြုရင်း။



ရခိုင်ကြယ်စင်


မြို့မငြိမ်း၏ ငြိမ်းချမ်းရေး ရေသဘင်



April 15, 2016

မတ်လကုန်ခါနီးက စပြီး ထီရောင်းသည့်လှည်း၊ စားစရာရောင်းသည့် လက်တွန်းလှည်းအစ၊ အသံထွက် စပီကာ များတွင် တူးပို့ တူးပို့ ဟူသော ဆရာမြို့မငြိမ်း တီထွင်သွားခဲ့သည့် သင်္ကြန်ဒိုးဆစ်က လွှမ်းမိုးလာသည်နှင့်အမျှ ရာသီဥတုကလည်း နေပူတလှည့် မိုးအုံ့တခါ ဆိုသလို သင်္ကြန်အငွေ့အသက် ရနံ့သင်း၍ နှစ်ဟောင်းကို နှုတ်ဆက်၊ နှစ်သစ်ဆီကူး ပြောင်းရန် အရှိန်ယူနေသည့် ကာလဖြစ်ပါသည်။
တနေ့ ကျနော့်မွေးစားသား ဇင်မင်းဝေနှင့် သူငယ်ချင်းတစုတို့သည် သင်္ကြန်နှင့်ပတ်သက်သော မြန်မာရုပ်ရှင်ဇာတ်ကား တိပ်ခွေငှားလာပြီး ကြည့်နေကြပါသည်။ ကလေးတွေသာမကဘဲ အိမ်အနီးအနားရှိ လူကြီးလူငယ် အမျိုးသမီးကြီးငယ်တို့ပါ စုဝေးကြည့်ရှုနေကြရာ ကျနော်နေသော အိမ်ကလေးမှာ ဗီဒီယိုရုံ ကလေးသဖွယ် ဖြစ်နေပါတော့သည်။
သူတို့ စိတ်အားထက်သန်စွာ ကြည့်ရှုနေကြသည့် မြန်မာရုပ်ရှင် ဇာတ်ကားမှာ “သင်္ကြန်မိုး” ရုပ်ရှင်ဇာတ်ကား ဖြစ်ပါသည်။ ထိုသင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကို (၁၉၈၆-၈၇) ခုနှစ်ခန့်က ကျနော် စင်ကာပူနိုင်ငံတွင် နေထိုင်စဉ်က ကြားသိခဲ့ရဖူးပါသည်။
သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးသူမှာ ဒါရိုက်တာ မောင်တင်ဦး (ကိုပါ) ဖြစ်ပါသည်။ ကိုပါနှင့် ကျနော်သည် ငယ်ပေါင်းကြီးဖော် ဟူ၍ ပြောလို့ရပါသည်။
သင်္ကြန်မိုး ရုပ်ရှင်ကား ရိုက်ကူးချိန်ကာလသည် ၁၉၈၀ ပြည့်နှစ်ကစပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျနော် ၄ နှစ် ကျော် ၅ နှစ် နီးပါး နေစဉ် ဖြစ်ပါသည်။
ထိုသို့ တိုင်းတပါးတွင် နေပြီး သွားသွားလာလာဖြင့် နေပင်နေငြားသော်လည်း မတ်လကုန် ဧပြီလဆန်း ကာလ ရောက်သောအခါတွင်မူ သင်္ကြန်နတ်သည် စ၍ ဖမ်းစားလာပါတော့သည်။
ထိုင်းနိုင်ငံ၏ တချို့သော နေရာများတွင် သင်္ကြန်နှင့် ခွဲမရသည့် ပိတောက်ပန်းပင်များကို ဂရုတစိုက်ပြုစု စိုက်ပျိုးလေ့ရှိပါသည်။ ထိုင်းနိုင်ငံနည်းတူ စင်ကာပူ နိုင်ငံတွင်လည်း ပိတောက်ပင်များကို အလေးထား စိုက်ကြသည်ကို တွေ့ရပါသည်။
ကျနော်တို့ နိုင်ငံတွင်မူ ပိတောက်ပင်အား အလေးထား၍ စိုက်ပျိုးခြင်းမရှိပါဘဲလျက် အလေ့ကျ ပိတောက်ပင် မြောက်မြားစွာ ပေါက်ရောက်ပြီး ပိတောက်ပန်းများ ဝေဆာစွာ ပွင့်ကြပါသည်။
ထိုပိတောက်ပန်းသည် သင်္ကြန်ကာလ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ပြောင်းသည့် ရနံ့၊ စက္ခုပသာဒ စသည့် ဂုဏ်အင်္ဂါဖြင့် အလှဆင်သော ပန်းဖြစ်သဖြင့် ရှေးစာဆိုတော် ဦးကြီးကပင် “လမ်းတလျှောက် သင်းပါဘိ၊ ပန်းပိတောက်မင်း” ဟူ၍ ကောင်းချီးပြုခဲ့ပါသည်။
ကျနော်တို့ မြန်မာနိုင်ငံသားများသည် သင်္ကြန်အချိန်ကာလတွင် နိုင်ငံရပ်ခြား ရောက်နေသူများ၊ နိုင်ငံတွင်း တခြား တမြို့ တရွာ ရောက်နေကြသူများသည် “ကိုယ့်ရပ်ဌာနေသို့ ပြန်ချင်ဇောတွေ ရောက်ချင်ဇောနဲ့ ရွှေမန်းမြို့ဌာနေ” ဟု မန္တလေး မြို့မ အသင်း၏ သီချင်းတပုဒ်ကဲ့သို့ပင် သင်္ကြန်ကို လွမ်းတမ်းတလျက် ရှိကြပါသည်။
ကျနော် ဘန်ကောက်မှာနေစဉ် မြန်မာသံရုံးတွင် သင်္ကြန်ပွဲ ကျင်းပပါသည်။ ၁၉၈၀ ပတ်ဝန်းကျင်က ဘန်ကောက်မြို့သည် သင်္ကြန်ကာလ သိပ်ပြီးလှုပ်လှုပ်ရှားရှား မရှိလှပါ။ ထိုင်းနိုင်ငံမြောက်ပိုင်းက ဇင်းမယ်မြို့သည်သာ သင်္ကြန်နှင့်ပတ်သက်ပြီး ဟိုးလေးတကျော် ရှိ၍ တချို့သော အာရှနိုင်ငံသားများသည် လေယာဉ် စင်းလုံးငှား၍ပင် သွားရောက်လည်ပတ်ကြသည်။ ထိုင်းနိုင်ငံ အခြားမြို့များမှလည်း ဇင်းမယ်မြို့ သင်္ကြန်ကို အသွားများသဖြင့် ထိုကာလတွင် ခရီးသွားလာရေး အလွန် မလွယ်ကူလှပေ။
ကျနော် ၁၉၈၅ ခုနှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံမှ မလေးရှား (ပီနန်) နှင့်စင်ကာပူ နိုင်ငံတွင်သာ နေဖြစ်ပါသည်။ ကျနော် ရောက်လေရာ နိုင်ငံတွင် မြန်မာများ၏ ဘာသာရေး၊ လူမှုရေး စသည့် ကဏ္ဍများကို မကြာခဏ ပါဝင်ပတ်သက်လေ့ ရှိ ပါသည်။ ပီနန်တွင်မူ မြန်မာနှစ်ကူးမှအစ နေ့ထူးနေ့မြတ်များကို ပီနန်မြို့ရှိ မြန်မာဘုန်းကြီးကျောင်းတွင် အစဉ်မပြတ်ပါ။ ၀ါဆိုပွဲ၊ ကဆုန် ညောင်ရေသွန်းပွဲ၊ တန်ဆောင်တိုင်ပွဲမှအစ သင်္ကြန်ပွဲတော် အထိ ကျင်းပပါသည်။
ပီနန် သင်္ကြန်ပွဲတော်တခုတွင် ကျနော် စန္ဒရား တီးဖြစ်ပါသည်။ မ၀င်းဝင်းနု (မန္တလေးဘီယာ) က ပါဝင် သီချင်းဆိုသည်ကို အမှတ်ရမိပါသည်။ ထိုပီနန် ကျောင်းထိုင်ဆရာတော် ဦးပညာဝံသသည် ရန်ကုန်မြို့ သန္တိသုခကျောင်း ဆရာတော်လည်း ဖြစ်ပြီး စင်ကာပူ ရှိ မြန်မာ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ဖြစ်မြောက်အောင် ဦးစီးဦးဆောင်သော ဆရာတော်တပါး ဖြစ်ပါသည်။
ကျနော် နိုင်ငံရပ်ခြားတွင် ဆယ်စုနှစ်ကျော် နေပြီးနောက် မြန်မာပြည်သို့ ပြန်လာခဲ့ပြီး သင်္ကြန်ကာလများကို ဖြတ်သန်း ခဲ့ပါသည်။ ယခင်ကာလ သင်္ကြန်ပွဲများနှင့် ကွားခြားသွားပါသည်။ သင်္ကြန် ယဉ်ကျေးမှု၊ သင်္ကြန် ရသ၊ သင်္ကြန် အတွေး အခေါ်များ ပြောင်းလဲသွားသည်ကို သိရှိခဲ့ရပါသည်။
သင်္ကြန် အတွေးအခေါ်နှင့် ပတ်သက်ပြီး ဟိုတချိန် ပြည်တွင်း ငြိမ်းချမ်းရေးကာလ ဆရာမြို့မငြိမ်းက သင်္ကြန်သီချင်း တပုဒ် ရေးဖွဲ့ခဲ့သည်ကို အမှတ်ရမိပါသည်။
“ငြိမ်းချမ်းရေး ရေသဘင်” အမည်ရှိ သီချင်း ဖြစ်ပါသည်။ “ငြိမ်းချမ်းရေး” ဟူသော အမည်ဖြင့် နောက်ထပ် သီချင်း တပုဒ်လည်း ရှိပါသေးသည်။
ထိုသီချင်းများ ရေးစဉ်အချိန်က မြန်မာပြည်တွင်း၌ တိုင်းရင်းသားအဖွဲ့များ အပါအ၀င် လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တပ်ဖွဲ့များ အပြန်အလှန် တိုက်ခိုက်နေသည့် တော်လှန်ရေး ကောင်စီလက်ထက် မတိုင်ခင်က ဖြစ်ပါသည်။ ဆရာငြိမ်း သည် မြန်မာပြည်သူပြည်သားများ ငြိမ်းငြိမ်းအေးအေး နေစေလိုသော စိတ်စေတနာ ထက်သန်စွာဖြင့် ထိုသီချင်းများကို ရေးဖွဲ့ခဲ့သည်ဟု ဆိုချင်ပါသည်။
ဆရာမြို့မငြိမ်း မကွယ်လွန်မီ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းက ရေးဖွဲ့ခဲ့သည့် ထိုသီချင်း ၂ ပုဒ်တွင် “ငြိမ်းချမ်းရေး” သီချင်းမှာ ငြိမ်းချမ်းရေးကို ပျားသကာကဲ့သို့ တင်စားထားခြင်း ဖြစ်ပါသည်။ ၁၉၅၀ မှ ၁၉၅၄ အတွင်း ပြည်တော်သာ စီမံကိန်းခေတ် ကာလများသည် မြို့မငြိမ်း ဦးဆောင်သည့် မြို့မတူရိယာအဖွဲ့၏ ရွှေခေတ်ဟု ဆိုရမည့်ကာလများ ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေး သင်္ကြန်ပွဲတော်များတွင် ထိုငြိမ်းချမ်းရေး သီချင်းများကို ဖျော်ဖြေခဲ့ကြသည်။
ထိုစဉ်က ယခုလောက် အချင်းချင်း ပဋိပက္ခ မရှိသေးသော်လည်း ရှိသည့် ပဋိပက္ခပင် မကြားလို မမြင်လိုခြင်းကြောင့် ထိုငြိမ်းချမ်းရေး တေး၂ ပုဒ် ကို ဆရာငြိမ်း ရေးသားသွားခဲ့ခြင်းဖြစ်ပါသည်။
ယခုလည်း မကြာမီ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးတော့မည်ဖြစ်ရာ မငြိမ်းချမ်းသော ပဋိပက္ခများသည် နှစ်ဟောင်းတွင် ကုန်ဆုံးခဲ့၍ နှစ်သစ်ကူးတွင် ငြိမ်းချမ်းရေးနှင့် အတူ ဆရာမြို့မငြိမ်း ရဲ့ ငြိမ်းချမ်းရေး ရေသဘင်ထဲက “ ပိတောက်တွေ ဝေေ၀လွင်လွင် ရွှေစင် အိအိဖူး ပွင့်တဲ့ … သည်ချိန်တွင် ဗမာပြည်တခွင် ဘေးအပေါင်း ရန်အပေါင်း လွင့်ကြွေ ငြိမ်းချမ်းရေး ရွက်သစ်နုတို့လို ခါတော် ရေစင်မှီးလို့ ဝေစည်လွင်လွင် ငွေငန်း ဆုတောင်း အောင်ကြောင်းကိုဆင် ခါတော် ရေသဘင်…” ဆိုသကဲ့သို့ နှစ်သစ်သည် ငြိမ်းချမ်း သာယာ ရှိကြပါစေကြောင်း ဆုတောင်း လိုက်ရပါသည်။
“ငြိမ်းချမ်းရေး ရေသဘင်”
ရေး – မြို့မငြိမ်း
သဘာဝ ရွှင်မြူး နှစ်ကူး ဗမာ့ရေသဘင်
ထာဝစဉ် လန်းကြည်လင် ချမ်းတယ်ရှင် စိမ့်တယ်ခင်
စိမ့်စိမ့်ချမ်းချမ်း အေးအေး လောင်းပေး
လောင်းလေ အေးလေ အေးလေ လောင်းလေသူတွေမို့
ချစ်မိတ်ဆွေဖြစ်ကြောင်း အခွင့်ကောင်း ယူလို့ပင်
ကျေးဇူးတင်လျက် ငန်းငွေယာဉ် မန်းရေသဘင်
နှမတွေ အစ်မတွေ ဒေါ်ဒေါ်လေးတို့
ရွှေမန်း ငွေငန်း မောင်တို့ ရေယာဉ်
ရွှေဂုံသူတို့ ဖြတ်လတ်ဖြူစင် ရှင်းကျော်ယဉ်ယဉ်
မာပါစေဆုထူးဆင် ပိတောက်တွေ ဝေ ဝေလွင်လွင် ရွှေစင်အိအိ
ဖူး ပွင့်တဲ့…သည်အချိန်တွင်
ဗမာပြည်တခွင် ဘေးအပေါင်း ရန်အပေါင်း လွင့်ကြွေ
ငြိမ်း ချမ်း ရေး ရွက်သစ်နုတို့လို
ခါတော် ရေစင် မှီးလို့ ဝေစည်လွင်လွင်
ငွေငန်း ဆုတောင်း အောင်ကြောင်းကိုဆင်
ခါတော် ရေသဘင်။
“ငြိမ်းချမ်းရေး”
ရေး – မြို့မငြိမ်း
ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ အစဉ်
တမာပင် သရက်ပင် ဘာပင် စွဲစွဲ ချိုမြဲအရသာ မစွန့်သည်သာပင်
ကမ္ဘာသား လူအများ မျက်နှာထားချိုကြည် ပျော်စေသည် ထာဝစဉ်
စစ်ရန်မီး ကွင်းရှောင် မလောင်မီ ကြိုတင်။
ရွံစရာ မုန်းစရာ စစ်ရန်မီး တားဆီးဖို့တွင်
အိုးကြီး အိုးငယ် သယ်ဆောင်ကာ ယူငင်
လက်ခုပ်နဲ့ပဲ ဖြစ်စေ ကိုယ်တိုင် ပါဝင်
ဖျန်းပက်ကြ ကိုယ်စီ ညီညီပင်
ငြိမ်းချမ်းရေး အေးမြသော ရေစင်….
ကမ္ဘာ့လူသားတွေ တွေးပူ ကြိုတင်
ရန်သူ မိတ် မရွေးသူ ငါပင်
ရန်စစ်မီးကို မလောင်စေချင်
စုဆောင်းခဲ့သော ယဉ်ကျေးမှု အဆက်အစဉ်
အနုအယဉ် အမွန်အမြတ်တွေ သုဉ်းဆိတ်မှာမြင်
ငြိမ်းချမ်းရေးမြတ်နိုး အိုးအိမ်သာယာ သူငါပျော်ရွှင်
ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ အစဉ်…။။




 http://mobile.irrawaddy.com/article/2016/04/15/112179.html

Comments system

Flag Counter