ဆရာကြီးဦးဦးသာထွန်း အတ္ထုပ္ပတ္တိအကျဉ်း




သြဂတ်(စ်) လ(၁၄)ရက်နေ့သည် ရခိုင်- မြန်မာ ပဏ္ဍိတ် သမိုင်းပညာရှင် ဆရာကြီး ဦးဦးသာထွန်း (၁၉၉၀) ခုနှစ်က စစ်တွေအကျဉ်းထောင်၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ (၄၉)နှစ်မြောက် ဆရာကြီးဦးဦးသာထွန်း ၀မ်းနည်းအောက်မေ့ဖွယ်အထိမ်းအမှတ် အဖြစ် (ဆောင်းပါး)

ဆရာကြီးဦးဦးသာထွန်းကို ရခိုင်ပြည်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရွာ အဖေ (အဘ) ကောင်းစံရွှီ၊ အမေ (အမိ) အောင်ကြွဇံတို့မှ (၁၉၁၇) ခု၊ နိုဝင်ဘာလ (၂၃) ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ တဦးတည်းသော သားဖြစ်သည်။ ငယ်စဉ်မှစ၍ အဖိုး (အဘိုး)ဖြစ်သူရာဇဝင်ဆရာကြီးဦးသာထွန်းအောင်က ရခိုင်ရာဇဝင်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများကို  နှုတ်တိုက်အာဂုံသင်ကြားပေးခဲ့သည်။ နဝမတန်းတွင် ပညာသင်ကြားနေစဉ် ဖခင် (အဘ) ကွယ်လွန်သော သဖြင့်  ကျောင်းမှ နုတ်ထွက် လိုက်ရပြီး  နောက် ရဟန်းပုဂ္ဂိုလ်တို့ ထံတွင် သက္ကဋ၊ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြားလောကီ ပညာရပ်များကို သင်ကြားလေ့လာဆည်းပူးခဲ့သည်။

(၁၉၅ဝ) ခုနှစ်မှ (၁၉၅၅) ခုနှစ်ထိ မူလတန်းကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ (၁၉၅၅)ခုနှစ်မှ (၁၉၇၇) ခုနှစ်ထိမြောက်ဦးမြို့ ရှေ့ဟောင်းသုတေသန ဌာနခွဲတွင် ရခိုင်၊ မြန်မာ ပဏ္ဍိတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုလက်ရှိမြောက်ဦးမြို့ ရှေးဟောင်းသုတေသနပြတိုက်ကြီးမှာ ဆရာကြီးစုဆောင်းတည်ဆောက်ခဲ့သော ပြတိုက်ကြီးဖြစ်သည်။

(၁၉၇၇)ခုနှစ် မှ (၁၉၈၃) ခုနှစ်ထိမြောက်ဦးမြို့ ရှေးဟောင်းသုတေသန ဌာနခွဲတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့သည်။

(၁၉၈ဝ)ခုနှစ်မှ (၁၉၈၃) ခုနှစ်ထိ တူးဖော်ခဲ့သော ရခိုင်ဝေသာလီမြို့ဟောင်း တူးဖော်မှုလုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်တူးဖော်ဆောင်ရွက်ခဲ့သည်။

မြောက်ဦးမြို့ဘုရားသမိုင်း (၁၃ဝ၁- ခုနှစ် ပုံနှိပ်)၊ ဦးရာဇ်တောင် ဘုရားသမိုင်း (ပုံနှိပ်) မြောက်ဦး မြို့ဘုရား သမိုင်းကျမ်း ပြင်ဆင်ဖြည့်စွပ်ချက် (ပုံနှိပ်)  (၁၉၅၂ - ၅၃)၊ ရက္ခိုင်အမျိုးသမီးသူရဲကောင်းအတ္ထုပတ္တိ (၁၉၅၃ - ၅၄) (ပုံနှိပ်)၊ ရက္ခိုင်ရာဇဝင် သင်္ခေပကျမ်း (၁၉၅၄ - ၅၅) (ပုံနှိပ်)၊ ဝသဲဘုရားသမိုင်း (ပုံနှိပ်)၊ ရှင်သတ် ဘုရားသမိုင်း (ပုံနှိပ်) တို့ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။

ရက္ခိုင်ကဗျာပေါင်းချုပ်၊ ရက္ခိုင်ရာဇဝင် လင်္ကာဘာသာပြန်၊ ရက္ခိုင်ဒင်္ဂါးများ (ဘာသာပြန်)၊ ရက္ခိုင်ပြည် ဓာတ်တော်ဘုရားစေတီများနှင့် မြောက်ဦးမြို့ တန်ခိုးကြီးဘုရားများသမိုင်းကျမ်းစာမူများကို ရေးသားပြုစုပြီး ဘဏ္ဍာရေးဝန်ကြီးဆာဦးထွန်းအောင်ကျော် သို့ ပေးအပ်ခဲ့သည်။

အံတော်သိမ် ဘုရားသမိုင်းကျမ်း၊ သဲထက် ဘုရားသမိုင်း၊ ထီးတော်မိုးဘုရားသမိုင်း၊ ဘောင်းဒွတ်နတ်တောင် ဘုရားသမိုင်း၊ ဝေသာလီဘုရားကြီးသမိုင်း၊ သိမ်တော်ကြီးဘုရားသမိုင်း၊ မဟာထီးဘုရားသမိုင်း၊ ပါးတော် ဘုရားသမိုင်း၊ ဘုရားပေါ် ဘုရားသမိုင်း၊ သျှစ်သောင်းဘုရားသမိုင်း၊ မင်္ဂလာဓာတ်ရွှေကူဘုရားသမိုင်း  တို့ကို လင်္ကာစကားပြေမော်ကွန်းစသည့်တို့ဖြင့် ရေးသားထုတ်ဝေခဲ့သည်။

ဓညဝတီမဂ္ဂဇင်းကို စာတည်းနှင့် အယ်ဒီတာအဖြစ် တာဝန်ယူထုတ်ဝေခဲ့သည်။ ဓညဝတီစာစောင်၊ ဓညဝတီမဂ္ဂဇင်း၊ ရခိုင်တန်ဆောင်မဂ္ဂဇင်း၊ မန္တလေးပြည်သူ့ဂျာနယ်၊ ရန်ကုန်မဂ္ဂဇင်း၊ စုံထောက်မဂ္ဂဇင်း၊ ယဉ်ကျေးမှုစာစောင်၊ ရခိုင်မဂ္ဂဇင်း၊ စစ်တွေ ကောလိပ်မဂ္ဂဇင်း၊ ရခိုင်ပြည်နယ်စာစောင်၊ ဝရာဇ်မြေမဂ္ဂဇင်း တို့တွင် ဦးဦးသာထွန်း၊ ဦးသူရိယ စသည့် ကလောင်နာမည်များဖြင့် ဆောင်းပါးများရေးသားခဲ့သည်။

မြို့စောင့်နတ် ဒေဝ တာဗလီ ပူဇော်ကျမ်း၊ အဉ္ဇန နိဒါန်းဆေးကျမ်း၊ ရခိုင်စည်ပြုလုပ်ပုံနှင့် တီးကွက်တီးလုံးများ၊ ကဗျာများ၊ စုပေါင်းစာတမ်း၊ ရခိုင်ထိမ်းမြားမင်္ဂလာပန်းတျားတီးလုံး တီးကွက်နှင့် ပြုလုပ်ပုံ အတိုင်းအတာ စာတမ်း၊ ရခိုင်သတ်ပုံ သတ်ညွှန်းခွဲထားခြင်းအဓိပ္ပာယ်ထွက်ပုံစာတမ်း၊ ရခိုင်ပုလွေ (ပြွီ) အမျိုးမျိုး တို့ကို ပြုလုပ်ပုံ အတိုင်းအတာစာတမ်း၊ ဗုဒ္ဓပူဇနိယဆီမီးခွက်အက၊ သီချင်း ကဗျာ စသည်တို့ကို ရေးသားပြုစုခဲ့သည်။

ဆင်ယင်ထုံးဖွဲ့မှုကျမ်း (မူကြမ်း)၊ ရခိုင်ရာဇဝင် (မူကြမ်း)၊ ရခိုင်အက္ခရာဆင်းသက်လာပုံကျမ်း (မူကြမ်း)၊ ရခိုင် ကျောက်စာပေါင်းချုပ်ကျမ်း (မူကြမ်း)၊ ရခိုင်ဘုရား သမိုင်းကျမ်း (မူကြမ်း)၊ ရခိုင်မင်းသား ဒေါင်းမာတင် (မူကြမ်း)၊ အရှင် ဦးမြဝါကျမ်း (မူကြမ်း)၊ ရခိုင်မင်းသမီး ဧချင်းရှင်းလင်းချက် (မူကြမ်း)၊ ဗျာလ် စာတမ်း (မူကြမ်း)၊ ကျောက်တော်မြို့ သေလာဂီရီမောပဗ္ဗတတောင်ခြေရင်းမှ တွေ့ရသောကျောက်ဆစ်လက်ရာများ သုတေသန ပြုချက် (မူကြမ်း) စသည်တို့ကို ရေးသားပြုစုခဲ့သည်။

သြစတြေးလျနိုင်ငံ အမျိုးသားတက္ကသိုလ် သုတေသီ PAMELA GUTMAN ၏ ANCIENT ARAKAN ကျမ်း ပြုစုရာတွင်လည်းကောင်း၊ ပြင်သစ်နိုင်ငံ ပါရီမြို့မှ ပါမောက္ခ ရောဖတ်ဆာဗ်ရ် (BERNOT) အား ရခိုင်ပုံပြင် လိပ်ကန်ဖားမ ဝတ္ထုနှင့် ကျီးဖြူရွာ စာတမ်းများကိုလည်းကောင်း၊ အင်္ဂလန် နိုင်ငံပါမောက္ခ ဦးလှသိန်း (ခေါ်) ဂျွန်အိုကဲလ် အား စေတီအဆောက်အအုံနှင့် နန်းအဆောက်အအုံ ဆိုင်ရာ စာတမ်းကိုလည်းကောင်း၊ အမေရိကန်နိုင်ငံ အာရှဖောင်ဒေးရှင်း အတွင်းရေးမှူး ဒေးဗစ်စတိမ်ဗားစ် အား ဝေသာလီကျောက်ရုပ်ထု ဆင်းတု တို့၏ နှစ်ပေါင်းကြာညောင်းမှု တိုင်းတာမှု စာတမ်းကိုလည်းကောင်း၊ ဂျပန်နိုင်ငံပါမောက္ခ အိုနိုတိုရူနှင့် ရခိုင်စကားပြော လေယူလေသိမ်းအသံထွက်ပုံ စာတမ်းနှင့် ဘောင်းဒွတ် အရပ်တွင်ရှိသော ဒခ်ျ ကောင်ဆတ်လာ အဆောက်အအုံပုံစံနှင့် ကူးသန်းရောင်းခဲ့ကြပုံ စာတမ်းကို လည်းကောင်း ရေးသားပြုစု ကူညီခဲ့သည်။

နိုင်ငံတော် အစိုးရယဉ်ကျေးမှုဌာနနှင့် အခြားပုဂ္ဂိုလ်များအာလည်း ဦးမင်းနိုင်၏ ပြည်ထောင်စုအက ပဒေသာစာအုပ် (၁၉၅၉)ခု၊ ရခိုင်တေးသံ စာအုပ်၊ (၁၉၆၅) ရခိုင်တိုင်းရင်းသားလူမျိုးများ ဖြစ်စဉ်နှင့် ဓလေ့ထုံးစံများစာအုပ်၊ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ၊ ရခိုင်ပြည်နယ် ဘဏ္ဍာတိုက်ကြီးများကျမ်း၊ ရခိုင်ရိုးရာစည်နှင့် တူရိယာတီးကွက်များစာတမ်း၊ မြန်မာဝေါဟာရ အဘိဓာန်ကျမ်း ပြုစုရာတွင် ဝေါဟာရစာလုံးများနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကျမ်းကိုးကား ချက်များစာအုပ် ပြုစုခြင်း၊ (၁၉၇၆ - ၇၇) ခု ရခိုင်ပြည်နယ်နေ့၊ ရခိုင်ပြည်နယ် အောင်လံ၊ ရခိုင်ပြည်နယ်တံဆိပ်၊ ရခိုင်ရိုးရာကျား/မ ဝတ်စုံစာတမ်း၊ ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း၊ မြောက်ဦးလမ်းညွှန်စသည်တို့ကို ပါဝင်ကူညီရေးသားပြုစုခဲ့သည်။

အထက်တန်းပညာဦးစီးဌာနညွှန်ချုပ် (ငြိမ်း) ပါမောက္ခ ဦးစံသာအောင် အားလည်း (၁၉၇၂)ခု အဘိဓမ္မာကောက်နုတ်ချက် ပုရပိုက်ကို မိုက်ခရိုဖလင် ရိုက်နှိပ်ရန်လည်းကောင်း၊ ကဝိကဏ္ဍ ပါသဏကျမ်းပေမူကို မိုက်ခရိုဖလင် ရိုက်နိုင်ရန်လည်းကောင်း၊ လျှို့ဝှက်ကျောက်စာဂဏန်းရေးနည်းပေမူကို မိုက်ကရိုဖလင် ရိုက်ရန်လည်းကောင်း၊ အေဒီ ၆ ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်နယ်သုံးအက္ခရာစာအုပ် ပြုစုရာတွင်လည်းကောင်း၊ အနန္ဒစန္ဒြား ရှစ်ရာစု ရခိုင်ဝေသာလီစာအုပ် ပြုစုရာတွင်လည်းကောင်း၊ ရခိုင်ဒင်္ဂါးများသမိုင်း ပြုစုရာတွင်လည်းကောင်း၊ ဗုဒ္ဓအနုပညာ (Buddhist Art of Ancient Arakan) စာအုပ်ပြုစုရာတွင် လည်းကောင်းပါဝင်ကူညီခဲ့သည်။

(၁၉၅၉)ခုနှစ်တွင် ရေဒီယိုမှ ရခိုင်အသံကို စတင်အသံလွှင့်ခဲ့သည်။ တိမ်မြှုပ်ပျောက်ကွယ်ခဲ့ပြီးဖြစ်သော ရခိုင်ယဉ်ကျေးမှုအမွေအနှစ် ရခိုင်သမိုင်း၊ ရခိုင့်စာပေ၊ ရခိုင့်ရိုးရာဓလေ့ထုံးတမ်းစဉ်လာတို့ကို ကမ္ဘာက သိအောင် ရှာဖွေစုဆောင်းလေ့လာဖော်ထုတ်ခဲ့သည်။ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါသည်။
 ရခိုင်သူ၊ ရခိုင်သားများတို့ကိုလည်း ရခိုင့်ယဉ်ကျေးမှုအမွေအနှစ် ရခိုင်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင်ရိုးရာဓလေ့ထုံးတမ်းစဉ်လာတို့ကို ရှာဖွေစုဆောင်း လေ့လာ ဖော်ထုတ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရန် အမြဲ ဆော်သြခဲ့သည်။

ဆရာကြီးကား ရခိုင်ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင်ရိုးရာ ဓလေ့ထုံးထမ်းစဉ်လာများကို အသစ်တဖန် ပြန်လည်မွေးထုတ်ပေးခဲ့သော ဖခင်ကြီး တစ်ဦးပင် ဖြစ်သည်။ ဆရာကြီးသည် ရခိုင် ဒီမိုကရေစီ ရရှိရေး၊ တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရရှိရေး အတွက်လည်း စွမ်းစွမ်းတမံ ရှေ့တန်းမှ ဦးဆောင်ဦးရွက် ဆောင်ရွက်ခဲ့သည်။ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်တွင် နာယကကြီး အဖြစ် ထမ်းဆောင်ခဲ့ပြီး၊ ကျောက်တော်မြို့ မဲဆန္ဒနယ် အမှတ် (၁) တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးလည်း ဖြစ်သည်။ ဆရာကြီးသည် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၏ စည်းရုံးရေး ခရီးစဉ် အဖြစ် အနယ်နယ် အရပ်ရပ်သို့ မဲဆွယ် တရားဟော ထွက်စဉ် မင်းပြားမြို့နယ်၊ ပြားချောင်း ကျေးရွာ မဲဆွယ် တရားဟောပွဲတွင် တရားဟောပြောနေစဉ် ဖမ်းဆီးခံရပြီး ထောင်သွင်း အကျဉ်းကျ ခံခဲ့ရသည်။

ဆရာကြီးအား အမျိုးသားရေး တရားဟောသည် စသည်ဖြင့် အမျိုးမျိုး စွဲချက်တင်ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ နဝတ/ နအဖ စစ်အစိုးရ၏ တိုင်းပြည်အပေါ် မတရား စော်ကားမှုများကို ဆရာကြီး၏ အချက်ကျကျ ဝေဖန် ဟောပြောမှုများကြောင့် နဝတ/ နအဖ စစ်ဝါဒီများ၊ ဗမာ လူမျိုးကြီး ဝါဒီများအား အနာပေါ် ဒုတ်ကျသကဲ့သို့ ဆတ်ဆတ်ထိ မခံမရပ်နိုင် ဖြစ်ခဲ့ကြရသည်။

ယင်းကြောင့် ဆရာကြီးအား အငြိုးထားကာ မတရား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ထောင်ဒဏ် (၃) နှစ် အပြစ်ပေးကာ စစ်တွေထောင်တွင် အကျဉ်းချ ထားခဲ့သည်။ ထောင်ကျပြီး ( ၅)လ အကြာ (၁၉၉ဝ) သြဂတ်(စ်) (၁၄)ရက်နေ့ တွင် ကွယ်လွန်ခသည်။
 (ထောင်ထဲတွင် နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီးအား ထမင်းကျွေးရာတွင် ( စိန် ) အစ ရှိသော အဆိပ်ပါသည့် အစားအစာများအား နေ့တိုင်းလိုလို  အနည်းငယ်မျှ ထည့်ကျွေးကာ လုပ်ကြံခဲ့သည်ဟု ရခိုင် အမျိုးသားများက ယုံကြည်နေကြသည်။)။

 သို့သော် နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီး သေဆုံးရခြင်းသည် ဦးခေါင်းတွင် (သွေးမတိတ်)သည့် ရောဂါ (Cerebral Haemorrhage) ဖြင့် အကျဉ်းထောင် ဆေးရုံတွင် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း The Truth အမည်ရှိ ဆောင်းပါးများကို လုပ်ကြံ ဖန်တီး ရေးသားခဲ့သည်။

ဆရာကြီး ဦးဦးသာထွန်း ၏ အလောင်းကို သူ၏ဇာတိ မွေးရပ်မြေ မြောက်ဦးမြို့သို့ ယူဆောင်လာခဲ့ပြီး ဆရာကြီး အလွန် တန်ဖိုးထားခဲ့သော ရန်အောင်ဇေယျ (ခေါ် ) သျှစ်သောင်း ပုထိုးတော်ကြီး ဘုရားရိပ်တွင် မြေမြှုပ် သင်္ဂြိုဟ်ခဲ့သည်။

စာရေးသူ၏အမြင်….

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် ပြည်ထောင်စု တိုင်းရင်းသား များ မြန်မာပြည် လွတ်လပ်ရေး တောင်းဆိုကြသောအခါ တိုင်းရင်းသားလူမျိုးများက ပိုပြီး စိတ်အားထက်သန်စွာ အသက်ပေးတိုက်ပွဲ ၀င်ခဲ့ကြသည်။ ထိုတိုင်ရင်းသား လူမျိုးထဲတွင် ရခိုင်လူမျိုးများလည်း ပါဝင်ခဲ့သည်။ လွတ်လပ်ရေးရသည့်အချိန်တွင် ရခိုင်လူမျိုးများလည်း ကျန်တိုင်းရင်းသားများနဲ့ တန်းတူ ပြည်နယ်  တောင်းဆို ခဲ့ပါသည်။ သို့သော် ရခိုင်ကို ပြည်နယ်မပေးခဲ့ပါ။
ရှမ်း၊ ကချင်၊  ကရင်တို့ က ပြည်နယ် ခဲ့သည်။ မဆလ အစိုးရတက်လာသောအခါ ရခိုင်ပြည်ကို ပြည်နယ်ပေးအပ်ခဲ့ပါသည်။ သို့သော် တိုင်းနှင့်ပြည်နယ် (၁၄)ခုတွင် ရခိုင်ကပြည်နယ် အလွန်နိမ့်ကျ ဆင်းရဲသော ပြည်နယ် ဖြစ်သည်။ နဝတ/ နအဖ စစ်ဝါဒီများသည် တိုင်းရင်းသားများ မတရား နှိပ်စက် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းများကိုလည်း တိုင်းရင်းသား ဒေသ အသီးသီး တို့တွင် တွေ့ရပါသည်။

လူမျိုးကြီးဝါဒီ တိုင်းရင်းသားများအနိုင်ကျင့် ဗိုလ်ကျမှု မတော် မတရားသတ်ဖြတ်မှု၊ ဖမ်းဆီးထိန်းသိမ်းမှု၊ လက်နက်ကိုင်ပြီး ရမ်းကားမှု၊ ဖိနှိပ် ချုပ်ချယ်မှုတို့ကို နဝတ/ နအဖ စစ်ဝါဒီများ လက်ထက်တွင် တိုင်းရင်းသား လူမျိုးများ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသည်။ 

ဤအထဲတွင် ရခိုင် - မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း တစ်ယောက်လည်း နဝတ/ နအဖ စစ်ဝါဒီများ၏ မတရားဖမ်းဆီး ခံခဲ့ပြီး ထောင်အတွင်း လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းပင် ဖြစ်ပါသည်။


ဤ ဆောင်ပါးကို ရခိုင်တန်ဆောင်ဆောင်းပါးများ (ဦးဦးသာထွန်း) စာအုပ်မှ ကောက်နုတ်ပြီး၊ လိုအပ်သည့် ဖြည့်စွပ်ချက် များကို ဖေ့ဘုတ်မှ ….ရှာဖွေပြီး တင်ပြလိုက်ပါကြောင်း။


                                                                                                        ရခိုင်ကြယ်စင်




(၁၃)သြဂတ်(စ်) မမေ့အပ်




(၄၉)နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ ၀မ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်

ရခိုင်ပြည်တွင် ဆန်ရှားပါး၍ သမိုင်းတစ်လျှောက် မည်သည့်အခါမှ အငတ်ဘေး ကြုံရသည်ဟု မကြားဖူးရချေ။ နေ၀င်း လက်ထက် (စစ်အုပ်စု) လက်ထက် (၁၉၆၇) ခုနှစ်တွင် ရခိုင်ပြည်သူ၊ ပြည်သားများမှာ ပထမဆုံး ကြုံတွေ့ ခဲ့ရသော အငတ်ဘေး ဖြစ်သည်။ ဆန်ရှာပါးမှုကြောင့် ငွေကြေးတတ်နိုင်သူများတောင် ဆန်ဝယ်မရ၍ အငတ်ဘေး ကြုံတွေ့ ခဲ့ရသည်။ ဆန်၊ စပါးရှားပါးမှုကြောင့် ပြိန်းဥ နှင့် ချဉ်ပေါင် ကြိုသောက် ရသည် အထိ ဆန်၊စပါး ရှားပါးခဲ့သည်။ အကျိုးဆက် အဖြစ် ၀မ်းရှော့ကာ သေဆုံးသူများ၊ ရှက်၍ အဆိပ်သောက်ကာ သေဆုံး သူများ မကြားချင်ဆုံး ရခိုင်ပြည်အနှံ့ ကြားခဲ့ရသည်။ 

စစ်တွေမြို့  လမ်းဆုံ၊ လမ်းခွ တွေမှာ ထမင်းကျန်ပေးပါ၊ ဟင်းကျန်ပေးပါ ဟု တစာစာနှင့် လိုက်လံတောင်းစားသူများကိုလည်း နေ့တိုင်းလိုလို တွေ့မြင်နေရသည်။ ရင်ခွင်ထဲတွင်လည်း နို့စို့ အရွယ် ကလေးငယ်များကို ချီပို့ထားကြသည်။ ဤ ကဲ့သို့ မြင်ကွင်းများအား ရခိုင်တွင် မည်သည့် အခါမှ မတွေ့ရချေ။ မြင်ရသူအပေါင်း ကြွေကွဲ ၀မ်းနည်းစရာမြင်ကွင်းဖြစ်သည်။ မိန့်မပျို၊ လူပျိုများသည်ပင် တောင်းရမ်းစားသောက်သည့် အဖြစ်ရောက်ရသည်။ ဆန်စပါး ရှားပါးမှုကြောင့် ကျေးလက် ရွာများတွင် ချမ်းသာသော အိမ်များကို ၀င်ပြီး ဆန်လုယက် ကြရသည် အဖြစ်လည်း ကြုံကြသည်။ 

ဗမာအစိုးရသည် ရခိုင်ပြည်သူများ ငတ်ပြတ်နေခြင်းကို အေးအေးဆေးဆေး နေပြီး၊ ရခိုင်ပြည်သူတစ်ရပ်လုံး ငတ်ပြတ်နေခြင်းကို ဖြေရှင်းမရှိဘဲ ရခိုင်အချင်းချင်းသတ်ပြတ် လုယက် နေမှုကို အသာတကြည် စောင့်ကြည့်လျှက်ရှိသည်။
ဗမာအစိုးရ စကားပုံအတိုင်း " ယာလည်း ညက်စေ ကြက်လည်း မောစေ" ဆိုသည့် စကားကိုလက်ကိုင်ပြု ထားသော နေ၀င်းအစိုးရသည် ဆန်လုယက်ပွဲကို ဥပက္ခာ ပြုထားခဲ့သည်။

Comments system

Flag Counter