(၁၃)သြဂတ်(စ်) မမေ့အပ်




(၄၉)နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ ၀မ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်

ရခိုင်ပြည်တွင် ဆန်ရှားပါး၍ သမိုင်းတစ်လျှောက် မည်သည့်အခါမှ အငတ်ဘေး ကြုံရသည်ဟု မကြားဖူးရချေ။ နေ၀င်း လက်ထက် (စစ်အုပ်စု) လက်ထက် (၁၉၆၇) ခုနှစ်တွင် ရခိုင်ပြည်သူ၊ ပြည်သားများမှာ ပထမဆုံး ကြုံတွေ့ ခဲ့ရသော အငတ်ဘေး ဖြစ်သည်။ ဆန်ရှာပါးမှုကြောင့် ငွေကြေးတတ်နိုင်သူများတောင် ဆန်ဝယ်မရ၍ အငတ်ဘေး ကြုံတွေ့ ခဲ့ရသည်။ ဆန်၊ စပါးရှားပါးမှုကြောင့် ပြိန်းဥ နှင့် ချဉ်ပေါင် ကြိုသောက် ရသည် အထိ ဆန်၊စပါး ရှားပါးခဲ့သည်။ အကျိုးဆက် အဖြစ် ၀မ်းရှော့ကာ သေဆုံးသူများ၊ ရှက်၍ အဆိပ်သောက်ကာ သေဆုံး သူများ မကြားချင်ဆုံး ရခိုင်ပြည်အနှံ့ ကြားခဲ့ရသည်။ 

စစ်တွေမြို့  လမ်းဆုံ၊ လမ်းခွ တွေမှာ ထမင်းကျန်ပေးပါ၊ ဟင်းကျန်ပေးပါ ဟု တစာစာနှင့် လိုက်လံတောင်းစားသူများကိုလည်း နေ့တိုင်းလိုလို တွေ့မြင်နေရသည်။ ရင်ခွင်ထဲတွင်လည်း နို့စို့ အရွယ် ကလေးငယ်များကို ချီပို့ထားကြသည်။ ဤ ကဲ့သို့ မြင်ကွင်းများအား ရခိုင်တွင် မည်သည့် အခါမှ မတွေ့ရချေ။ မြင်ရသူအပေါင်း ကြွေကွဲ ၀မ်းနည်းစရာမြင်ကွင်းဖြစ်သည်။ မိန့်မပျို၊ လူပျိုများသည်ပင် တောင်းရမ်းစားသောက်သည့် အဖြစ်ရောက်ရသည်။ ဆန်စပါး ရှားပါးမှုကြောင့် ကျေးလက် ရွာများတွင် ချမ်းသာသော အိမ်များကို ၀င်ပြီး ဆန်လုယက် ကြရသည် အဖြစ်လည်း ကြုံကြသည်။ 

ဗမာအစိုးရသည် ရခိုင်ပြည်သူများ ငတ်ပြတ်နေခြင်းကို အေးအေးဆေးဆေး နေပြီး၊ ရခိုင်ပြည်သူတစ်ရပ်လုံး ငတ်ပြတ်နေခြင်းကို ဖြေရှင်းမရှိဘဲ ရခိုင်အချင်းချင်းသတ်ပြတ် လုယက် နေမှုကို အသာတကြည် စောင့်ကြည့်လျှက်ရှိသည်။
ဗမာအစိုးရ စကားပုံအတိုင်း " ယာလည်း ညက်စေ ကြက်လည်း မောစေ" ဆိုသည့် စကားကိုလက်ကိုင်ပြု ထားသော နေ၀င်းအစိုးရသည် ဆန်လုယက်ပွဲကို ဥပက္ခာ ပြုထားခဲ့သည်။


(၁၉၆၇) သြဂတ်(စ်) (၁၁)ရက်နေ့

(၁၉၆၇) သြဂတ်(စ်) (၁၁)ရက်နေ့ ခရိုင်လုံခြုံရေးနှင့် အုပ်ချုပ်ရေး ကော်မတီ (ခ၊ လ၊ က) ရုံးရှေ့တွင် ဆန်ပြဿနာဖြေရှင်းပေးဖို့ လူအများ တောင်းဆိုကြသည်။ အစိုးရအား သိမ်မွေ့နည်းလမ်းမျာဖြင့် ပြည်သူတို့ အသက်ရှင်ရန်အတွက် ဆန်ုပြဿနာကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် ညနေစောင်းလာပြီး (ခ၊ လ၊ က) တာဝန်ရှိသူတွေ ထွက်လာပြီး အိမ်ပြန်ပါတော့ဆိုသောကြောင့် ဆန္ဒပြတောင်းဆိုသူများမှာ လာရာ လမ်းအတိုင်း ပြန်လာကြရသည်။ မျှော်လင်းခြင်းဖြင့် ရောက်လာသော ပြည်သူတွေအတွက် လမ်းစ တစုံတရာမှ မတွေ့ရဘဲ အိမ်ပြန်ခဲ့ရသည်။

(၁၉၆၇)ခုသြဂတ်(စ်) (၁၂)ရက်နေ့ 

နောက်တစ်ရက်(၁၉၆၇)ခုသြဂတ်(စ်) (၁၂)ရက်နေ့ ခရိုင်လုံခြုံရေးနှင့် အုပ်ချုပ်ရေး ကော်မတီ (ခ၊ လ၊ က) ရုံးရှေ့တွင် ဆန်ပြဿနာနှင့် ပတ်သက်၍ မြို့မိ မြို့ဖ များကိုခေါ် ပြီး အစည်းအဝေး ကျင်းပလျှက် ရှိသည်။ ထိုအစည်းအဝေးမှ နေ၍ လူတစ်ယောက်ကို ဆန်နို့ဆီဗူး(၁၄)ဗူး စီ တစ်လစာ ရောင်းချပေးမည်ဟု သတင်းထွက်ပေါ်လာခဲ့သည်။ လူတစ်ဦး ဆန်(၁၄)ဗူးအား တစ်လအထိ စားရမည် အစီအစဉ် ဖြစ်သည်။ ပျန်းမျှ တနည်းအားဖြင့် လူတစ်ယောက် မနက်(၁)ဗူး ည(၁)ဗူး တစ်လအနည်းဆုံး ဆန်နို့ဆီဗူး (၆၀)ဗူး လိုအပ်သည်။ ၄င်းကို ဆန်နို့ဆီဗူး (၁၄)ဗူး ကို လူတစ်ယောက် တစ်လတိတိ စားရမည် ဆိုသည်မှာ မည်သည့်နည်းနဲ့မှ ဖြစ်နိုင်စရာ အကြောင်းမရှိချေ။ ထိုအစီအစဉ်အား လက်ခံသည့် လူတစ်ချို့လည်း ရှိကြသည်။ ဤသို့ဆိုပါက ငတ်၍ သေဖို့သာ ကျန်တာ့သည်။ ဆန်လုံးဝ မရှိ၍ ငတ်၍သေလျှင် သေရမည်ဆိုလျှင် ဟုတ်သေးသည်။ ဆန်ဂိုဒေါင်များ၊ နိုင်ငံခြား သင်္ဘောများတွင် ရခိုင်ပြည်မှ ထွက်ရှိသော ဆန်များ အပြည့်ရှိနေပါလျှက် ဗမာအစိုးရသည် ရခိုင်ပြည်သူများ၏ အငတ်ဘေး ပြဿနာကို အဘယ်ကြောင့် ဖြေရှင်းမပေးပါလဲ။

သြဂတ်(စ်) (၁၂)ရက်နေ့ ညနေ

ညနေ(၃)နာရီ ဆင်ကူးလမ်းရက်ကွက် ဦးစောဖြူ ဆန်စက် ဆပ်ရိုးကျချောင်းခြံဝမ်းအနောက် ဆိပ်ကမ်းဖောင်တော်တွင် လူများရှုပ်ယှက်ခပ်လျှက်ရှိသည်။ (CB 28) အမည်ရှိ နိုင်ငံခြားဆန်တင် သင်္ဘောသည်လည်း ဆိပ်ကပ်လျှက်ရှိသည်။ လူအများသည် သင်္ဘောပေါ်မှ ဆန်များကို တစ်ပိုင်တစ်နိုင်သယ်ချနေကြသည်။ တစ်အိတ်နိုင်သူ တစ်အိတ်၊ တစ်ဝက်နိုင်သူ တစ်ဝက် သယ်ယူနေကြသည်။ တစ်ချို့မှာ သင်္ဘောဝမ်းခေါင်းထဲမှ မနိုင်မနင်းထမ်းလာ၍ ရေထဲသို့ ဆန်အိတ်ရော၊ လူပါ လိမ့်ကျသွားသည် များကိုလည်း တွေ့မြင်နေရပါသည်။ လုံခြုံရေး ရဲသားများသည်လည်း ဆန်ယူနေကြသူများအား မည့်သည့် ဟန့်တားမှုမျှ မပြုလုပ်ဘဲ သည်အတိုင်း ရပ်ကြည့်နေကြသည်။ ဆိပ်ကမ်းတစ်ခုလုံးသည် ဆန်ယူနေသူများဖြင့် အုတ်အော်သောင်းနင်း ဖြစ်လျှက် ရှိသည်။ ညနေ(၇)နာရီခန့်တွင် (CB 28) သင်္ဘောမှ ဆန်များ ကုန်သွားသည်။ လူအများလည်း တဖြည့်ဖြည့်ပျောက်ကွယ်သွားသည်။ စားစရာ ဆန်မရှိဖြစ်သောကြောင့် နီးရာ ဆန်ဂိုဒေါင်များ၊ သင်္ဘောများမှ ဆန်များကို ဖောက်ယူနေကြခြင်း ဖြစ်သည်။ ည(၉) နာရီခန့်တွင် ကမ်းမှထွက်ခွာသွားသော (CB 28) သင်္ဘောတွင် မိန့်ကလေးတစ်ဦး ပါသွားကြောင့်၊ သေဆုံးသွားကြောင့် သတင်းထွက်ပေါ်လာသည်။
ဤသို့ဖြင့် ည(၇)နာရီ အချိန်တွင် လမ်းမတော် ရပ်ကွက် ကျောင်းဆရာမ နေအိမ်တစ်အိမ်တွင်လူငယ်(၃၀) ကျော် ဆန္ဒပြရန် စတင်ခဲ့သည်။ '

 ဆန်ပြဿနာ ဖြေရှင်းပေး၊ အရေးတော်ပုံ အောင်ရမည်' ' ပြုတ်ဆန်မစား ရခိုင်သား၊ ဆန်ကွဲမစားရခိုင်သား၊ ဆန်အပြည့်အ၀ ရောင်းချပေး' ဟု ကြွေးကြော်ကာ လမ်းမအတိုင်း ချီတက်လာကြသည်။ သူတို့ချီတက်နေသော နောက်ဆုံးနေရာမှာ မြူနီစပါယ် ဥက္ကဋ္ဌ ဦးမောင်ကျော်ဦး အိမ်သို့ ဖြစ်သည်။ ဥက္ကဋ္ဌ ဦးမောင်ကျော်ဦး အိမ်သို့ ချီတက်နေခြင်းမှာ လူတစ်ဦးလျှင် တစ်နေ့ ဆန်တစ်ဗူး ပြုတ်ဆန်နှင့်ဆန်ကွဲပေးလျှင် ရသည်ဟု အာဏာပိုင် များကိုတင်ပြခဲ့ခြင်းကြောင့် ဖြစ်သည်။ ဆန္ဒပြသူ စုစုပေါင်း (၂၀၀)ခန့်ရှိသည်ဟု ခန့်မှန်းရသည်။ သူတို့သည် ဦးမောင်ကျော်ဦး နေအိမ်အား အုတ်ခဲများဖြင့် ပစ်ပေါက်ကြသည်။ ထို့ကဲ့သို့ ပစ်ပေါက် နေစဉ် လက်နက်အပြည့်နှင့် စစ်ကား (၂)စီး ရောက်လာပြီး စစ်ကားများနှင့် အတူ ဗိုလ်မှူးစောဖြူလည်း လိုက်ပါလာသည်။ ဗိုလ်မှူးစောဖြူက လူငယ်ခေါင်းဆောင်များကို ခေါ်ကာ ဆန်ပြဿနာကို ဖြေရှင်းပေးမည်ပြောကာ ဆန္ဒပြသူများကို လူစု ခွဲ အိမ်ပြန်ခိုင်းသည်။ အချိန်ကား ညဥ့် (၁၀)နာရီခနိ့ ရှိသည်။

သြဂတ်(စ်) (၁၃)ရက်နေ့
နောက်နေ့ သြဂတ်(စ်) (၁၃)ရက်နေ့တွင် စစ်တွေမြို့ တစ်မြို့လုံးမှာ လှုပ်လှုပ် ရွရွ ဖြစ်လျှက်ရှိပြီး ယမန်နေ့များထက် ပိုမိုထူးခြားလျှက် ရှိသည်။ သည်နေ့တွင် စစ်တွေမြို့ ၌ မည်သို့ မည်ပုံ ဖြစ်လာမည်ကို မည်သူ တစ်ဦးတစ်ယောက်မှ မခန့်မှန်းနိုင်ချေ။ ပြည်သူတစ်ရပ်လုံး၏ မကျေနပ်သံများ၊ တောက်ခေါက်သံများ၊ ငိုညှဥ့်သံများက နေရာ အနှံ့ ကြားနေရသည်။ သူတို့ မျက်နှာများသည်လည်း မသာမယာနဲ့ တစ်စုံတစ်ခုကို စိုးရိမ်ကြောင့်ကြနေဟန် ရှိသည်။
ဘုရားကြီးလမ်းတွင် စစ်တွေမြို့ တစ်မြို့လုံး ဆန္ဒပြ ချီတက်ပွဲ လုပ်ရန် လျှို့ဝှက်ကြံစည် ထားကြသော ကျောင်းသား(၁၂)ယောက် ခန့် ရှိလာသည်။ နေ့လည် (၁)နာရီ ခန့်တွင် စတင်ချီတက် ထွက်ခွာရန် ပြင်ဆင်ခြင်း အဖြစ် ဆန္ဒပြပွဲအား ဦးဆောင်သူ တစ်ဦးသည် ဤဆောင်ပုဒ်ကို စတင် ကြွေးကြော်သံအား တိုင်ပေးလိုက်သည်။    

                '' နှာခေါင်းပိုင်း နေ၀င်း အစိုးရ   အလိုမရှိ ' '' မဆလ အစိုးရ                    အလိုမရှိ ''
                '' ဆန်ပြဿနာ                 ဖြေရှင်းပေးပါ ''  '' ရခိုင်အရေးတော်ပုံ           အောင်ရမည်''

ဆန္ဒပြပွဲတွင် စစ်တွေမြို့ တစ်မြို့လုံး ပါဝင်လာခဲ့သည် ထိုအချိန်တွင် ဗိုလ်မှူးစောဖြူ ရောက်လာပြီး ဆန္ဒပြသူထဲမှ တစ်ဦးလာခဲ့ဆိုပြီး အသင့်ပါလာတဲ့ စာရွက်ကို ကမ်းပေးလိုက်သည်။ ထိုစာရွက် သည်ကား ပုဒ်မ (၁၄၄) ညမထွက်ရ အမိန့်၊ လူ(၅)ထက် ပို၍ မစုရ အမိန့်စာ ဖြစ်သည်။ ထိုစာရွက်ကို ဖတ်ပြနေစဉ် ဆန္ဒပြ လူအုပ်ကြီးမှာ ရှေ့သို့ တဖြည်းဖြည်း ပိ၍ ဖိ၍ ငပိ သိပ် ငချဉ် သိပ်သလို ဖြစ်လာသည်။ ထိုအချိန်တွင် စစ်တပ်မှ စည်း(၃)တန် သတ်မှတ်ထားသော နေရာသို့ မရောက်ခင်မှာ သေနတ်သံသည် မိုးယံသို့ ထွက်သွားခဲ့သည်။ ထို့နောက် အဆက်မပြတ် ထွက်ပေလာသော သေနတ်သံ၊ ဆန္ဒပြသူများထဲတွင် ကျည်ထိမှန်၍ လဲကျသူ လဲကျ၊ ကစဥ့် ကလျား ထွက်ပြေးသူပြေးဖြင့် အခြေအနေတစ်ရပ်လုံးသည် ရုတ်ချင်းပြောင်းလဲ သွားခဲ့သည်။ 

ကျည်ထိမှန်၍ အူအပွတ်လိုက် ထွက်နေသည်ကို လက်ဖြင့် ဖုံးအုပ်ကာ ဝေဒနာ ခံစားနေရသူများ၊ မျက်လုံးမှိတ်တုတ် မှိတ်တုတ်ဖြင့် ပက်လက်လန်နေသူများ၊ မြေကြီးပေါ်တွင် ၀ပ်နေ၍ နေရာမှ ကုန်းရုန်း ပြေးသူများကို တွေ့ရသည်။ ထွက်ပြေးသူများသည် ဆန်စက်အနီးမှ စီးဆင်းလျှက်ရှိသော ဆပ်ရိုးကျ ချောင်းကို ဖြတ်၍ ကမ်းတစ်ဖက်သို့ ထွက်ပြေးရန် ရေထဲသို့ ခုန်ဆင်းကြသည်။ ထိုသို့ လွတ်မြောက်ရန် အတွက် ထွက်ပြေးနေသူများကိုပင် ဗမာအစိုးရ စစ်သားများသည် အလွတ်လုံးဝ မပေးချေ၊ တံတားအနီး အုတ်ခုံပေါ်မှနေ၍ ချောင်းရေတွင် ကူးခတ် နေသူများအား စိတ်ရှိ လက်ရှိ ပစ်ခတ်နေကြသည်။ လူအများအား တိရစ္ဆာန်သဖွယ် ပစ်သတ်နေကြသည်။

 ဆတ်ရိုးကျ ချောင်းရေသည် သွေးများရဲရဲဖြင့် သွေးချောင်း ဖြစ်သွားခဲ့ရသည်။
(၁၉၆၇) ခု သြဂတ်(၁၃)ရက်သည် ဗုဒ္ဓဘာသာဝင်တို့ အတွက် အထူးအမြတ် ထားရာ ဥပုတ်နေ့လည်း ဖြစ်သည်။ သက်ကြီးရွယ်အိုများသည် ဗုဒ္ဓ၏ တရားတော်ကို နာကြားရန်အတွက် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတွင် ရောက်ရှိနေကြသည်  တရားတော်နာကြား၍ မပြီးဆုံးမီ ကြားလိုက်ရသည့် သေနတ်သံကြောင့် ရုတ်တရက် လန့်ဖြန့် သွားကြသည်။ အန္ဒရာယ် တစ်ခုခု ကျရောက်နေပြီဟု သိရှိကာ စိုးရိမ်စွာဖြင့် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိ ပြေးလာကြသည်။ ရောက်ရှိသွားချိန်တွင်ကား လူအများအစုလိုက် အပြုံ လိုက် သေဆုံးနေပြီ၊ မသေသူများ၏ ညဉ်းညူးသံများကြားနေရသည်။ သို့သော် ရှေ့သို့ မတိုးရဲ ရုတ်တရက် မြင်လိုက်ရသော မြင်ကွင်းကြောင့် မင်သက်သက်ဖြစ်သွားသူများ၊ သတိလစ်သွားသူများ၊ ငိုကြွေးနေသူများ၊ မည်သည့်အခါမှ မမြင်ဖူးသော မြင်ကွင်း အစုလိုက် အပြုံလိုက် ပစ်သတ်ခံရသည့် မြင်ကွင်း၊ ပစ်သတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးသူများရှိသလို၊ မသေဘဲ အရှင်လတ်လတ် မြေမြုပ်ခံရသူများလည်း ရှိပေသည်။ 

ဗမာအစိုးရသည် ဆန္ဒပြသူများကို ပစ်သက်ခြင်း၊ ပစ်သတ်၍ ပွဲချင်းပြီး သေဆုံးခြင်းများ၊ မသေဘဲ ဝေဒနာ  ပြင်းထန်စွာ ခံစားနေရသူများ၊ ခြေထောက်၊ လက်တို့တွင် ကျည်ထိမှန်၍ မပြေးနိုင်သူများကို စစ်တပ်မှ ကားများဖြင့် သိမ်းကျုံး တင်ဆောင်ကာ တစ်နေရာတည်းတွင် ကျင်းတူး၍ မြေမြုပ် သဂြိုလ်ခဲ့သည်။ 

သို့သော် ဗမာအစိုးရသည် ဆန်ပြဿနာကြောင့် ဆန္ဒပြသူများ လူ(၂၄) ဦးသာ သေဆုံးခဲ့သည်ဟု ပြောကြားခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ၏ လှုံ့ဆော် သွေးထိုးမှုကြောင့် ဖြစ်ရသည်ဟု ပြောကြားခဲ့သည်။
ရခိုင်ပြည်သူ၊ ပြည်သားများ တစ်ရပ်လုံးကဆန်ပြဿနာကြောင့် လူပေါင်း (၃၀၀)ကျော်သေဆုံးခဲ့သည်ဟု လက်ခံယုံကြည်ကြသည်။ ဗမာအစိုးရသည် ရခိုင်ပြည်သူ တစ်ရပ်လုံး အငတ်ဘေး ရောက်နေသည်ကို ဖြေရှင်းမပေးသည့်အပြင် ရခိုင်လူမျိုးတို့ကိုလည်း ရက်ရက်စက်စက် သတ်ပြတ်ခဲ့သည်။

စာရေးသူ၏ အမြင်သဘောထား…..
ဤဆောင်းပါးကို ရေးသားရခြင်း၏ ရည်ရွယ်ချက်မှာ ဗမာအစိုးရ နေ၀င်းလက်ထက် ရခိုင်ပြည်၏ ဆန်ရှားပါးမှုကြောင့် အငတ်ဘေးရောက်နေချိန်တွင် ဆန်ပြဿနာကို ဖြေရှင်းမပေးသည့် အပြင် ရခိုင် ပြည်သူ(၃၀၀)ကျော်ကိုလည်း မတော်မတရား ရက်ရက်စက်စက် သတ်ပြတ်ခဲ့ပြီး တစ်နေရာတည်းတွင် ကျင်းတူး၍ မြေမြုပ် သဂြိုလ်ခဲ့ခြင်း တို့ကို နောက်လာမယ့် အနာဂါတ်မျိုးဆက်သစ် လူငယ်များအား သိထားသင့်သည်ဟု ယူဆမိပါကြောင့်။

             ရခိုင်ကြယ်စင်

ကျွန်တော်သည် ဤဆောင်းပါးအား ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး All Arakan Students'  and Youths' Congress ( AASYC )မှ  သြဂတ်(စ်) (၁၃) မမေ့အပ် စာအုပ်မှ ကိုးကား ကောက်နုတ် ရေးသားခြင်းဖြစ်သည်။


EmoticonEmoticon

Comments system

Flag Counter