လက်နက်ချ အလင်းဝင်ရန် ထုတ်ပြန်ချက် ရခိုင့်တပ်မတော် ပယ်ချ


AArmy

 13 February 2016
ရခိုင်ပြည်နယ် အစိုးရက လက်နက်ချဖို့ ထုတ်ပြန်ချက်ဟာ တရားဝင်ကမ်းလှမ်းတာ မဟုတ်ပဲ ၀ါဒဖြန့်တာဖြစ်ကြောင်း ရခိုင့်တပ်မတော် (အေအေ) က ပြောကြားလိုက်ပါတယ်။
ရခိုင့်တပ်မတော် တပ်ဖွဲ့ဝင်တွေ နီးစပ်ရာရဲစခန်း၊ အုပ်ချုပ်ရေး အဖွဲ့နဲ့ တပ်မတော်စစ်ကြောင်းထံ လက်နက်ချ အလင်းဝင်ဖို့ ရခိုင်ပြည်နယ် အစိုးရက ဖေဖော်ဝါရီ ၁၁ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အလင်းဝင်ရောက်သူတွေကို ဖမ်းဆီးအရေးယူမှာ မဟုတ်ဘဲ လိုအပ်တဲ့  စိစစ်မှုတွေ အနည်းငယ်ပြုလုပ်ပြီး သက်ဆိုင်ရာ မိသားစုတွေထံ အေးချမ်းစွာ ပြန် လည်နေထိုင်နိုင်ပါတယ်လို့လဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ရခိုင်တပ်မတော်အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက “လက်နက်ကိုင် တော်လှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုကို လက်နက် စွန့်ပါလို့ ပြောလာတာကတော့ ဒါ တရားမျှတမှု မရှိတဲ့ ပြောဆိုချက်လို့ပဲ ယူဆပါတယ်၊ နိုင်ငံရေး ပြဿ    နာတွေကို နိုင်ငံရေးအရ မကြိုးစားဘဲနဲ့ အခုလိုမျိုး လက်နက်စွန့်ပါဆိုပြီးတော့ တဖက်သတ် ပြောလာတာကတော့ ဒါပြဿ  နာကို ပြေလည်ရာ ပြေလည်ကြောင်း ဖြေရှင်းလိုတဲ့ အခြေအနေမျိုး မဟုတ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ရခိုင်တပ်မတော်က တပ်ဖွဲ့ဝင်တွေ တဦးတယောက်မှ အလင်းဝင်သွားတာ မရှိကြောင်းလည်း ပြောပါတယ်။
“ရခိုင့်တပ်မတော်ထဲကနေပြီး အရင်တုန်းကတည်းက တပ်ပြေးတွေရှိတယ်၊ နောက်ပြီးတော့ ကျန်းမာရေးအရ တာဝန်ထမ်းဆောင်ဖို့ မသင့်တော်ပဲနဲ့ အပြင်မှာနေပြီးတော့ ထွက်နေတဲ့ လူတွေရှိတယ်၊ နောက်ရခိုင့်တပ်မတော်ကို ထောက်ခံတဲ့လူတွေ အများကြီးပေါ့ဗျာ။ အဲဒါတွေကို သူတို့က ရခိုင့်တပ်မတော်ကပါဆိုပြီးတော့ သံသယနဲ့ ဖမ်းဆီးထားတဲ့ လူတွေ အများကြီးရှိတာပဲ။ ကျနော်တို့ဆီက အခုအချိန်ထိ အလေးဝင်တာ တစ်ယောက်မှ မရှိပါဘူး။”
လက်ရှိအခြေအနေမှာတော့ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်မတော်တို့ အကြား တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိဘူးလို့ သူက ဆိုပါတယ်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်ကစ ပြီး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး နှစ်ဘက် သေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံ ၁၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။


EmoticonEmoticon

Comments system

Flag Counter