ပြည်သူချစ်မှ ပြည်သူ့သမ္မတဖြစ်မည်



February 26, 2016
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်တွင် လွတ်လပ်ရေးရပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံ ဖြစ်လာသည်။ လွတ်လပ်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးနိုင်ငံတော်သမ္မတမှာ စ၀်ရွှေသိုက်ဖြစ်သည်။ ၎င်းရာထူး သက်တမ်းပြည့်ပြီးနောက် ဒေါက်တာဦးဘဦး၊ မန်းဝင်းမောင်တို့ သမ္မတအဖြစ် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် စစ် တပ်မှ အာဏာမသိမ်းမီအထိ သမ္မတများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင် ဦးနေ၀င်း၊ ဦးစန်းယုတို့ နိုင်ငံတော်သမ္မတ ဖြစ်ခဲ့ကြသည်။ ၈၈ အရေးအခင်းကာလတွင် ဦးစိန် လွင်နှင့် ဒေါက်တာမောင်မောင်တို့ အချိန်တိုသမ္မတများ ဖြစ်ခဲ့ကြသည်။ ယင်း နောက် ၁၉၈၈ ခုနှစ် စက်တင်ဘာ တွင် စစ်တပ်ကအာဏာသိမ်းပြီး တိုင်းပြည်ကို နှစ်ပေါင်း ၂၀ ကျော် တင်းကျပ်စွာအုပ်ချုပ်ခဲ့သည်။
စစ်အစိုးရမှ ဦးဆောင်ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် ဦးဆောင် သည့်အစိုးရ တက်ရောက်လာ ခဲ့သည်။
၂၀၁၆ ခုနှစ် မတ်လကုန်တွင် သမ္မတဦးသိန်းစိန်အစိုးရ ငါးနှစ်သက်တမ်း ပြည့်တော့မည်ဖြစ်သည်။ ရာထူး သက်တမ်းကုန်ဆုံးချိန်တွင် ယခင်သမ္မတ များ မည်သို့မည်ပုံ သမ္မတအိမ်တော်မှ ဆင်းသွားကြကြောင်း မသိရ သော်လည်း သမ္မတဦးသိန်းစိန်အား ဂါရ၀ပြုအခမ်းအနားတရပ်ကို လာမည့်မတ်လ ပထမပတ်အတွင်း ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၄ တွင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ဖေ့စ်ဘွတ်ပေါ်တွင် ''နိုင်ငံတော် သမ္မတအား ဂါရ၀ပြုသူများ လိုက်နာရန်''ခေါင်းစဉ်ဖြင့် အချက် (၁၀)ချက်ပါ မေတ္တာရပ်ခံချက် ဖော်ပြထားသည် ကို တွေ့ရသည်။
ယင်းတို့မှာ နေ့ချင်းပြန်လာရောက်သူများ MICC-II သို့ သွားရောက်ပြီး ကွပ်ကဲမှုရုံးခန်းသို့ မတ် ၅ ရက် နံနက် ၁၁ နာရီထက် နောက်မကျဘဲ သတင်းပို့ရန်နှင့် လက်ဆောင်ပစ္စည်းများကို အပ်နှံရန်။ (တန်ဖိုးကြီးလက် ဆောင် ပစ္စည်းများကို လုံးဝလက်ခံမည်မဟုတ်ပါ။)၊ ညအိပ်လာရောက်သူ များ နေပြည်တော်စည်ပင် ဧည့်ရိပ်သာရှိ ကွပ်ကဲမှု ရုံးခန်းသို့ မတ် ၅ ရက် နံနက် ၁၁ နာရီထက် နောက်မကျဘဲ သတင်းပို့ရန်နှင့် လက်ဆောင်ပစ္စည်း များ ကို အပ်နှံရန်။ (တန်ဖိုးကြီးလက်ဆောင်ပစ္စည်းများကို လုံးဝလက်ခံမည် မဟုတ်ပါ။)၊ မတ် ၅ ရက် နံနက် ၁၀ နာရီ မှစတင်၍ အဖွဲ့ခေါင်းဆောင်များ ထံတွင် မှတ်ပုံတင်ကတ်(သို့မဟုတ်)နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် ဓာတ်ပုံ ပါရှိသော ကျောင်းသားကတ် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင်ဖြင့် လုံခြုံရေးတံဆိပ် ထုတ်ယူရန်၊ လုံခြုံရေး တံဆိပ် ပျောက်ဆုံးသူများ သမ္မတအိမ်တော်ဝင်းအတွင်းသို့ ၀င်ရောက်ခြင်း လုံးဝခွင့်ပြုမည်မဟုတ်ပါ။ နိုင်ငံတော် သမ္မတအား ဂါရ၀ပြုရန် သမ္မတအိမ်တော်သို့ လာရောက်ရာတွင် ဘောင်းဘီတို၊ စကတ်တိုများ ၀တ်ဆင်ခြင်း မပြုရန်၊ ၀တ်ဆင်သောဝတ်စုံ များတွင် ပါတီတရပ်ရပ်ကိုဖြစ်စေ၊ အကြောင်းကိစ္စတခုခုကိုဖြစ်စေ ကိုယ်စားပြု သော အမှတ်အသားများ၊ ကြွေးကြော်သံများ၊ ဆောင်ပုဒ်များ မပါဝင်စေရ။ အရက်သေစာ သောက်စားထား သူများ၊ မူးယစ်ဆေးဝါးသုံးစွဲ ထားသူများ လုံးဝ ၀င်ခွင့်မပြု၊ လုံခြုံရေး စစ်ဆေးပြီး သုံးစွဲထားကြောင်း တွေ့ရှိပါက ၀င်ခွင့်ပေးမည်မဟုတ်ပါ။ ဖုန်း၊ ကင်မရာနှင့် လက်ကိုင်အိတ် အသေးများသာ ယူဆောင်ခွင့်ပြုပြီး ကျောပိုးအိတ် များနှင့် လွယ်အိတ်များ ယူဆောင်ခွင့်မပြု၊ ဒေသအလိုက်ခေါင်းဆောင်များမှ မိမိအဖွဲ့အလိုက် တာဝန်ယူ၍ လူစစ်ခြင်း၊ နှိုးဆော်ခြင်းများ ဆောင်ရွက်ရန်ဖြစ်ပါသည်။ သတ်မှတ်ချိန်ရောက်လျှင် မော်တော်ယာဉ်များ ထွက် ခွာမည်ဖြစ်ပြီး ကျန်ခဲ့ခြင်းမဖြစ်စေရန် ကြပ်မတ်ကြပါရန်၊ နေပြည်တော်သို့ ရောက်ရှိပြီး နေထိုင်ချိန်ကာလ အတွင်း မိမိတို့အစုအဖွဲ့အလိုက် စည်းကမ်းတကျရှိစေ ရေး၊ မလိုလားအပ်သောပြဿနာများ မဖြစ်ပွားစေရေး ဂရုတစိုက်နေထိုင် ကြရန်ဖြစ်ပါသည်။
သမ္မတကြီးဦးသိန်းစိန်အား ဂါရ၀ပြုမည့်အစီအစဉ်ကို ဖတ်ရှုရပြီးနောက် ကမ္ဘာကျော်သမ္မတကြီးနှစ်ဦးဖြစ်ကြ သော အိန္ဒိယသမ္မတကြီး အဗ္ဗဒူကာလမ်နှင့် ဥရုဂွေးသမ္မတကြီး ဟိုဆေးမူဇီကာတို့နှစ်ဦး တာဝန်ထမ်းဆောင်မှု အပြီး သမ္မတအိမ်တော်မှ ထွက်ခွာသွားကြပုံကို ပြန်ပြောင်းသတိရမိသည်။
အဗ္ဗဒူကာလမ်သည် နာမည်ကျော် အိန္ဒိယသိပံ္ပပညာရှင်ဖြစ်သည်။ သမ္မတတာဝန် ပြီးဆုံးချိန်တွင် သေတ္တာ နှစ်လုံးဆွဲကာ နန်းတော်မှဆင်းခဲ့ သူဖြစ်သည်။ အဗ္ဗဒူကာလမ်က ယင်းသေတ္တာနှစ်လုံးတွင် မိမိသမ္မတ ထမ်းဆောင်စဉ်ကာလအတွင်း မိမိ၏ကိုယ်ပိုင်ငွေဖြင့် ၀ယ်ယူခဲ့သည့် စာအုပ်များသာပါရှိကြောင်း ပြောကြား သည်။ အဗ္ဗဒူကာလမ်၏ ရိုးသားမှု၊ အကျင့်ပျက်ခြစားမှုကင်းရှင်းမှု၊ သိပ္ပံပညာရှင်တဦးအဖြစ် နိုင်ငံ၏ ဒုံးပျံ အစီအစဉ်၌ တက်ကြွစွာဦးဆောင်ခဲ့မှုအတွက် အိန္ဒိယလူမျိုးများ၏ လေးစားချစ်ကြည်ခြင်းကိုခံရသူ ဖြစ်သည်။
ဥရုဂွေးသမ္မတ ဟိုဆေးမူဇီကာသည် 'ကမ္ဘာ့အဆင်းရဲဆုံးသမ္မတ' အဖြစ် ဂုဏ်သတင်းမွှေးသူဖြစ်သည်။ သမ္မတ သည် မြို့တော်ဆင်ခြေဖုံးတွင် သူပိုင်သည့် လယ်တော်အိမ်ကလေး၌သာနေသည်။ အလွန်အေးသည့် ဆောင်း ရက်များတွင် သမ္မတအိမ်တော်ထဲ၌ အိမ်ခြေယာခြေမရှိသူများကို နေခွင့်ပေးသည်။ သမ္မတသည် သူ့လစာ၏ ၉၀ ရာခိုင်နှုန်းကို ဆင်းရဲသား များအတွက် ပေးလှူပစ်သည်။ သမ္မတတာဝန် ပြီးဆုံးချိန်တွင် သူသည် လယ်တော ရှိရာသို့ ပြန်သွားခဲ့သည်။
သမ္မတမူဇီကာကို ကမ္ဘာ့နိဝါတအရှိဆုံးသမ္မတ၊ နိုင်ငံရေး၏ နောက်ဆုံး သူရဲကောင်း ဟူ၍လည်း တင်စားခေါ် ဝေါ်ကြသည်။ မူဇီကာ သမ္မတအဖြစ် မှအနားယူသော ၂၀၁၅ ခုနှစ် မတ်လ ၁ ရက်တွင် ဘီဘီစီသတင်းသမား Wyre Davies က မူဇီကာသည် ဘရာဇီး၊ အာဂျင်တီးနား စသော အိမ်နီးချင်း နိုင်ငံကြီး၏ အိပ်မက်ဖြစ်သော စီးပွားရေးဖွံ့ဖြိုးမှုနှင့်လူမှုဘ၀တည်ငြိမ်ရေးကို မျှမျှတတ ထားရစ်ခဲ့နိုင်သူအဖြစ် မှတ်ချက်ပြုခဲ့သည်။
သမ္မတအဗ္ဗဒူကာလမ်နှင့် သမ္မတဟိုဆေးမူဇီကာတို့နှစ်ဦးကား လာခြင်း ကောင်း၍ ပြန်ခြင်းကောင်းကြသူများ၊ ပြည်သူလူထုကို ချစ်ခြင်းမေတ္တာပေး ပြီး ပြည်သူလူထုထံမှ ချစ်ခြင်းမေတ္တာကို ရရှိခဲ့သူများဖြစ်ကြပါသည်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အနေဖြင့်ရော ပြည်သူလူထုအတွက် ဘာများထားရစ်ခဲ့ပြီး ပြည်သူလူထုထံမှ ဘာတွေပြန်ယူသွားမည်နည်း။


ချစ်မြိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


EmoticonEmoticon

Comments system

Flag Counter