သွေးမျက်ရည် ကမ္ဗည်းထိုးတဲ့….ဒီဇင်ဘာ ၃၁







သွေးမျက်ရည် ကမ္ဗည်းထိုးတဲ့….ဒီဇင်ဘာ ၃၁

အို….ဒီဇင်ဘာ ၃၁
ထီးနန်းလည်းဆုံး၊ လူမျိုးလည်းတုံး
သမိုင်းစာပေ၊ ဘုရားပုထိုး
ယဉ်ကျေးမှုကိုလည်း အတင်းအားဓမ္မ ခိုးယူ
ရခိုင်ပြည် နန်းတော် မီးရှို့ခံရ
ဒီလောက်ထိ ရက်စက်လေသလား….ဒီဇင်ဘာ။

အို…..ဒီဇင်ဘာ ၃၁
သဇင်ပန်းတွေကြွေခဲ့တယ် ဒီဇင်ဘာ
သဇင်ပန်းသစ်တွေ မြေခ ခဲ့တယ် ဒီဇင်ဘာ
ပွင့်သစ်စ သဇင်ပန်းလေးတွေ ဘာအငြိုးကြောင့်
ဖျက်ဆီးတာလည်း ဒီဇင်ဘာ
ဆောင်းလေကြမ်းတိုက် ရက်စက်ပါဘိ …… ဒီဇင်ဘာ။

အို…….ဒီဇင်ဘာ ၃၁
တိုင်းပြည်တပြည် ပျောက်ဆုံးသွားတဲ့ …ဒီဇင်ဘာ
လူမျိုးတစ်မျိုးလုံး ကျွန်ပြုခံတဲ့… ဒီဇင်ဘာ
ရင် ကို ဓားနဲ့ခွဲ မီးတောက်ထဲလဲကျတဲ့ …..ဒီဇင်ဘာ
သွေးအိုင်ထဲ ငိုခဲ့ဖူးတဲ့ …ဒီဇင်ဘာ
သဇင်မြေခ သွေးချောင်းစီးတဲ့ … ဒီဇင်ဘာ။

အို…ဒီဇင်ဘာ ၃၁
မီးလေကြမ်းတိုက် သွေးပင်လယ်ဖြစ်တဲ့ …ဒီဇင်ဘာ
သမိုင်းထက်က သွေးရင်ပြင် တိုးတဲ့ ….ဒီဇင်ဘာ
လူမျိုးတစ်မျိုး ငိုတဲ့ ….ဒီဇင်ဘာ
မှောင်မဲတွင်းနက် ငါငိုတဲ့ ည၊ သွေးပျက်တဲ့ ည …. ဒီဇင်ဘာ
ကမ္ဘာကြေလို့ ….မေ့အပ်တဲ့လား…. ဒီဇင်ဘာ ၃၁။

အို…ဒီဇင်ဘာ ၃၁
အို….ဒီဇင်ဘာ ၃၁
အို….ဒီဇင်ဘာ ၃၁
ငါတို့ ရင်ကွဲ….
သွေးမျက်ရည်နဲ့ ကမ္ဗည်းထိုးခဲ့လေပြီ။


                                                                                 ထက်မြတ်ခိုင်(ဘူးသီးတောင်)

ရခိုင်ပြည် အချုပ်အခြာအာဏာ ကျဆုံးခြင်း အတွက် ၀မ်းနည်းအောက်မေ့ဖွယ်အထိမ်းအမှတ်







ရခိုင်ပြည် အချုပ်အခြာအာဏာ ကျဆုံးခြင်း အတွက် ၀မ်းနည်းအောက်မေ့ဖွယ်အထိမ်းအမှတ်

·         ရခိုင်လူမျိုးသမိုင်း ကို နောက်ပြန်လှည့်ကြည့်ခြင်း
 ရခိုင်တို့သည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုးကွယ်ယုံကွယ်မှု၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ့်စာပေ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ပိုင်ဖန်တီးခွင့် ရှိပြီး လွတ်လပ်စွာ နေထိုင်ခဲ့သည့် လူမျိုး တစ်မျိုး ဖြစ်သည်။ ရခိုင်လူမျိုးတို့ လွတ်လပ်စွာ ကိုယ့်ထီးနန်းနဲ့ နေလာခဲ့တာ နှစ်ပေါင်းငါးထောင်ကျော် ရှည်ကြာခဲ့သည်။ ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။ရခိုင်ဆိုသော နာမ ၀ိသေသအတိုင်း “အမျိုးသီလ၊ နှစ်ဌါနကို၊ ပြည့်ဝမဏ္ဏိုင်၊စောင့်စွမ်းနိုင်သည် ရခိုင်နာမ ဘွဲ့ မည်လှဖြင့် အနန္တာသညှာခေါ်အပ်ရာတည်း”လို့လည်း သျှင်ရာဂိန္ဒမော်ကွန်းတွင် ဖွင့်ဆိုထားသည်။

ဗုဒ္ဓဘာသာ အစဉ်အလာ
ဓည၀တီက စ ခဲ့တယ်။
သဇင်ပန်းခိုင် တမြိုင်မြိုင်
ရခိုင်ဘုရားပေါင်းတည်း။
ဟူ၍လည်း သမိုင်းမှတ်တမ်းများမှာ တွေ့ရပါတယ်။ သို့သော် လက်ရှိအချိန်ထိလည်း ရခိုင်ပြည်နေရာအနံှံ့မှာ ရခိုင်လူမျိုးတို့ ကိုးကွယ် ယုံကြည်သော ဘုရား၊ ပုထိုး၊ ရှေ့ဟောင်းလက်ရာ၊ ရခိုင်လူမျိုး၊ ရခိုင်သမိုင်း၊ ရခိုင်ယဉ်ကျေးမှု၊ ရခိုင်စာပေတွေကို နေရာ အနှံ့မှာ တွေ့ရပါလိမ့်မယ်။ ရခိုင်လူမျိုးတို့သည် ၁၇၈၄ခု၊ ဒီဇင်ဘာ ၃၁ ရက်၊ ၁၁၄၆ခု၊ ပြာသိုလဆုတ် ၆ ရက် သောကြာနေ့ မတိုင်ခင် ရခိုင်တို့သည် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု နဲ့ နေလာခဲ့တဲ့ လူမျိုးတစ်မျိုး ဖြစ်ပါတယ်။ ရခိုင်လူမျိုးတို့သည် သမိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ပိုင်ဖန်တီးခွင့် နဲ့ လွတ်လပ်တဲ့ လူမျိုးတစ်မျိုး ဖြစ်ပါတယ်။

·         ရခိုင်ပြည် အချုပ်အခြာအာဏာ ကျဆုံးခြင်း

ရခိုင်ပြည်တွင် မဟာသမ္မတရာဇာမင်း (၁ရ၈၂-၁ရ၈၄) စိုးစံအုပ်ချုပ်စဉ် အချိန်ကာလာဖြစ်သည်။
နှစ်ပေါင်းငါးထောင်ကျော် ရှည်ကြာလာခဲ့ရသည့် ရခိုင်သမိုင်း၊ ရခိုင်မင်းဆက် မဟာသမ္မတရာဇာမင်း အဆုံးသတ်ခဲ့ပြီး ရခိုင်ပြည်ကြီးနှင့် အတူ မဟာမြတ်မုနီ အသိမ်းခံရသည်။
 ၁၇၈၄ခု၊ ဒီဇင်ဘာ ၃၁ ရက်၊ ၁၁၄၆ခု၊ ပြာသိုလဆုတ် ၆ ရက် သောကြာနေ့သည် ရခိုင်တို့၏ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု နဲ့ သမိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ပိုင်ဖန်တီးခွင့် နဲ့ လွတ်လပ်တဲ့ လူမျိုးတစ်မျိုးဘ၀ကနေပြီး၊ ကျွန်ဘ၀ကို ရောက်ခဲ့ရသည်။
ဗမာ ပဒေသရာဇ်ကျူးကျော်နယ်ချဲ့သမားတို့သည် ရခိုင်ပြည်ကို သိမ်းပိုက်ပြီး ကျူပင်ခုတ်ကျူငုတ်မကျန်ရ
ဆိုသည့် စကားအတိုင်း ရခိုင်ပြည်၌ တွေ့သမျှ၊ မြင်သမျှများနှင့် ရခိုင်လူမျိုးတို့ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ ရခိုင်ပြည်တွင်ရှိသော ရခိုင်ရွှေနန်းတော်၊ ပိဋကတ်တိုက်တော်၊ ဘုန်းတော်ကြီးကျောင်း အကြီး(၃၀)၊ အငယ်(၃၀၀၀) ကျော်ကို မီးလျှို့ဖျက်ဆီးခဲ့သည်။ ဗမာ ပဒေသရာဇ်ကျူးကျော်နယ်ချဲ့သမား တို့သည် ပုခက်တွင်းရှိ ကလေး သူငယ်များ ကိုမချန် သတ်ဖြတ်သည်။

သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင်ဘုရားပေါင်းတည်း။
အုန်းပွင့်ပန်းခိုင် တမြိုင်မြိုင် မြောက်ဦးမြို့ ဘုရားပေါင်းတည်း။
ဝါ၀ါဝင်းဝင်း မြစ်ကိုဆင်း မြောက်ဦးခေတ် ဿံဃာတော် အပေါင်းတည်း။
ပန်းပဉ္ဇူ ကြိုင်ကြိုင်မွီး နောက်ဆုံးမြောက်ဦး ရခိုင်ဘုရင် မင်းဆက်တည်း။
တင်းဝါးပန်းခိုင် တမြိုင်မြိုင် ဗမာ ပဒေသရာဇ်ကျူးကျော်နယ်ချဲ့သမားတို့ ရခိုင်ပြည်သူတွေကို သတ်ခဲ့တဲ့ လူဦးရေတည်း။
ဗမာ ပဒေသရာဇ်ကျူးကျော်နယ်ချဲ့သမားတို့သည် ရခိုင်ပြည်၌ အထင်ကရ များစွာကို ဖျက်ဆီးပစ်ကြသည်။ ဗမာပြည်ထဲကို ယူဆောင်သွားကြသည်။
၁။မဟာသမတရာဇာနှင့်မိဖုရား၊သားတော်သမီးတော်များ။
၂။မူးတော်မတ်တော်နှင့်ပရောဟိတ်ပညာရှိများ။
၃။ရဟန်းပညာရှိလူပညာရှိများ။
၎။လက်မှု့ပညာသည်များ(ပန်းထိမ်၊ပန်းရံ၊လက်သမား)။
၅။မဟာမုနိရုပ်ပွါးတော်နှင့်မြောက်များစွာသောအခြားရုပ်ထုတော်များ။
၆။ဘုရင့်ဘဏ္ဍာတော်တိုက်မှအဖိုးမဖြတ်နိုင်သောပတ္တမြားနှင့်နန်းစဉ်ရတနာများ။
ရ။ဗေဒင်ကျမ်း၊ဆေးကျမ်း၊နက္ခတ်ကျမ်း၊စသည့်ပရပိုက်များ။
၈။ရခိုင့်သမိုင်းစဉ်ကိုပြုစုထားသည့်ပရပိုက်များ။
၉။သံဃာယနာတင်ပိဋကပ်သုံးပုံ။
၁၀။ရခိုင့်ရွှေနန်းတော်မှကြေးဝါအမိုးပြားများ။
၁၁။သန်မာထွားကျိုင်း၍အလုပ်လုပ်နိုင်သောပြည်သူ(၃၀၀၀၀)
၁၂။အလျားအတောင်(၂၀)၊လုံးပတ်(၆)တောင်မျှရှိသောအမြောက်ကြီးများနှင့်အခြားအ
မြောက်ပေါင်း(၂၀၀၀)၊စိန်ပြောင်းအလတ်(၁၀၀၀၀)စသောသက်ရှိသက်မဲ့မြောက်များစွာ
တို့ကိုဗမာပြည်သို့ယူဆောင်သွားခဲ့ကြပြီး ဗမာ(မြန်မာ)မှု့ လုပ်လုပ်ထားကြသည်။
သို့သော် ရခိုင်ပြည် ထီးနန်း ကျဆုံးခြင်းသည် ကံမကောင်း အကြောင်း မလှ၍ကား မဟုတ်ပါ။  ရခိုင်လူမျိုးတို့ လိုအပ် ချက်ကြောင်းသာဖြစ်သည်။ နန်းတွင်းညီညွတ်ရေး ပြိုကွဲမှုကြောင်း အချုပ် အခြာအာဏာ ကျဆုံးခဲ့ရသည်။ ရခိုင်လူမျိုးအချင်းချင်း ညီညွတ်မှုကို မတည်ဆောက်နိုင်သောကြောင်းသာဖြစ်သည်ဟု ရှုမြင်မိပါသည်။ ညီညွတ်မှုကို မတည်ဆောက်နိုင်သောကြောင်း ရခိုင်ထီးနန်း၊ ဘုရားပုထိုး၊ စေတီ၊ ကျောင်းကန်၊ ဇရပ်၊ စာပေ၊ ယဉ်ကျေးမှု၊ ရခိုင်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တို့သည်လည်း ဗမာနယ်ချဲ့ ကျူးကျော်သူတို့၏ လက်ထဲ၌ ပါသွားခဲ့ပြီး ထီးနန်းနဲ့ ရခိုင်လူမျိုး အသက်ပေါင်းစွာနှင့် မသိနားမလည်သေးသော ပုခတ်တွင်း ကလေးငယ်များ မကန် ပေးဆပ်ခဲ့လိုက်ရပြီကို သမိုင်းစာပေအထဲတွင် သာမက ရခိုင်လူမျိုးတို့ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါလိမ့်မည်။
ရခိုင်ပြည်ကြီးသည်လည်း  ၁၇၈၄ခု၊ ဒီဇင်ဘာ ၃၁ ရက်၊ ၁၁၄၆ခု၊ ပြာသိုလဆုတ် ၆ ရက် သောကြာနေ့ ရက်မှ စ၍ ယနေ့ထိတိုင်အောင် ပြည်ဖုံးကားချပ် တပြည်လုံးအမှောင်ဖုံးကာ ယနေ့ထိတိုင်အောင် ကျွန်ဘ၀နဲ့ မလွတ်မြောက်နိုင်ပဲ ရခိုင်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စာပေ၊ ယဉ်ကျေးမှုတို့သည်လည်း နစ်မြုပ်တိမ်ပျောက်လုဆဲပင် ဖြစ်သည်။




 ကိုးကား

ထက်မြတ်ခိုင် (ဘူးသီးတောင်)





ဖွဲ့စည်းပုံပျက်နေသော ရန်ကုန်မြို့တော်စည်ပင်

 

 

ဖွဲ့စည်းပုံပျက်နေသော ရန်ကုန်မြို့တော်စည်ပင် - နေဘုန်းလတ်

 

အစိုးရသစ်ရဲ့ ရန်ကုန်မြို့တော် မြို့တော်ဝန်အသစ်ဟာ ၂၀၁၆ မေလ ၁၆ ရက်နေ့ရက်စွဲနဲ့ အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၁၆) ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အမိန့်ကြော်ငြာစာထဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေတွေထဲက နည်းဥပဒေပုဒ်မ ၆၄ ကို ပြင်ဆင် အစားထိုးတဲ့ ကိစ္စပါလာပါတယ်။ အဲဒီနည်းဥပဒေပုဒ်မ ၆၄ မှာ ပါတာက “ကော်မတီဝင်၊ ခရိုင်သို့ မဟုတ် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နောက်တစ်ကြိမ် ရွေးကောက်တင်မြှောက်ပွဲ ကျင်းပပြီးနောက် ကတိသစ္စာပြု၍ စတင်တာဝန်ထမ်းဆောင်သည့် နေ့ရက် မတိုင်မီအထိ တာဝန်ထမ်းဆောင်ရမည်”လို့ ဖြစ်ပါတယ်။ အဲဒီပုဒ်မကို အမိန့်ကြော်ငြာစာအမှတ် (၁/ ၂၀၁၆)  အရ  ပြင်လိုက်တာက “ကော်မတီဝင်၊ ခရိုင်သို့မဟုတ် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်ရမည့် သက်တမ်းသည် အစိုးရအဖွဲ့၏ သက်တမ်းကုန်ဆုံးချိန်အထိ ဖြစ်သည်”လို့ ဖြစ်ပါတယ်။

ဒီပုဒ်မနဲ့ ပတ်သက်ပြီး သေသေချာချာ နားလည်ဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ မြို့နယ်၊ ခရိုင်ကော်မတီ အဆင့်ဆင့်တို့ရဲ့ ဖွဲ့စည်းပုံတွေကို အရင်နားလည်ထားဖို့ လိုပါလိ့မ်မယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြို့နယ်စုစုပေါင်း ၄၅ မြို့နယ်ရှိပေမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းမှာတော့ မြို့နယ် ၃၃ မြို့နယ်ပဲ ရှိပါတယ်။ ရန်ကုန်တိုင်း တစ်တိုင်းလုံး (မြို့နယ် ၄၅ မြို့နယ်) နဲ့ သက်ဆိုင်တဲ့ စည်ပင်သာယာဥပဒေကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေလို့ခေါ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းက (၃၃မြို့နယ်)နဲ့ သက်ဆိုင်တဲ့ ဥပဒေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေလို့ ခေါ်ပါတယ်။ နယ်စပ်စည်ပင်လို့ခေါ်တဲ့ စည်ပင်သာယာနယ်နိမိတ် ပြင်ပက ၁၂ မြို့နယ်အတွက် စည်ပင်သာယာ ကော်မတီတွေ ဖွဲ့စည်းပုံဟာ ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းက (၃၃ မြို့နယ်)ထဲက စည်ပင်သာယာကော်မတီ ဖွဲ့စည်းပုံ၊ ရွေးကောက် တင်မြှောက်ပုံတွေနဲ့  မတူညီပါဘူး။ အခုဒီနေရာမှာ အထူးအလေးပေး တင်ပြချင်တာကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာရှိတဲ့ မြို့နယ် ၃၃ မြို့နယ်ထဲက စည်ပင်သာယာရေး ကော်မတီ တွေနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ကော်မတီအဆင့်ဆင့် ဆိုရာမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ခရိုင်လေးခုမှာ ခရိုင်စည်ပင်သာယာရေး ကော်မတီအသီးသီးနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ထဲက မြို့နယ် ၃၃ မြို့နယ်မှာ မြို့နယ်စည်ပင်သာယာရေး ကော်မတီအသီးသီးဆိုပြီး ပါဝင်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ကော်မတီဝင်ကိုးဦးနဲ့ ဖွဲ့စည်းပြီး မြို့တော်ဝန်က ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးသူ ကော်မတီဝင်လေးဦး (အဲဒီလေးဦးထဲက နှစ်ဦးက အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူး နေရာကို ယူပါတယ်)၊ ခရိုင်တစ်ခုမှ တစ်ဦးစီနဲ့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်သူ ကော်မတီဝင် လေးဦးတို့ ဖြစ်ပါတယ်။ မြို့တော်ဝန်ကလည်း နိုင်ငံတော်သမ္မတက ခန့်အပ်သူဖြစ်လို့ ခန့်အပ် ငါးဦး၊ ပြည်သူမှ ရွေးကောက်တင်မြှောက်သူ လေးဦးလို့ ဆိုနိုင်ပါတယ်။ ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်သူ နည်းနေပြီး ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူး နေရာတွေကို ခန့်အပ်တွေကပဲ ယူထားတာကို သတိပြုရပါမယ်။ ခရိုင်နဲ့ မြို့နယ် စည်ပင်သာယာရေး ကော်မတီတွေကိုတော့ ကော်မတီဝင် ငါးဦးစီနဲ့ ဖွဲ့စည်းပြီး ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်သူ သုံးဦး (ရပ်မိရပ်ဖ-၁၊ အတတ်ပညာရှင်၊ အသိပညာရှင်-၁၊ လူမှုရေးအဖွဲ့ အစည်းဝင်-၁)နဲ့ ဒုတိယအုပ်ချုပ်ရေးမှူး၊ စည်ပင်အုပ်ချုပ်ရေးမှူးတို့ ဖြစ်ပါတယ်။ ရွေးကောက် တင်မြှောက်သူသုံးဦး၊ ခန့်အပ်သူနှစ်ဦး ဖြစ်ပါတယ်။ အဲဒီ့တော့ စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်မှာရှိတဲ့ ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်သူတွေကို ရေတွက်ကြည့်တဲ့အခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ လေးဦး၊ ခရိုင်လေးခရိုင်မှာ ၁၂ ဦး၊ မြို့နယ် ၃၃ မြို့နယ်မှာ ၉၉ ဦး၊ စုစုပေါင်း ၁၁၅ ဦး ရှိတယ်လို့ ဆိုနိုင်ပါတယ်။ စည်ပင်သာယာကော်မတီ အဆင့်ဆင့်က ကော်မတီဝင်တွေကို ရွေးကောက် တင်မြှောက်ပုံကတော့ အထွေထွေ ရွေးကောက်ပွဲကြီးမှာလို အသက် ၁၈နှစ်ပြည့်သူတိုင်း မဲပေးရတာ မဟုတ်ဘဲ တစ်အိမ်ထောင် တစ်ယောက်စနစ်နဲ့ မဲပေးရွေးကောက်ရတာ ဖြစ်ပါတယ်။
အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၁၆)အရ ပြင်လိုက်တဲ့ ပုဒ်မ ၆၄ ကိစ္စကို ပြန်ကြည့်ရအောင်ပါ။ အရင်ရေးဆွဲထားတဲ့ အနေအထားအရ ကော်မတီဝင်အဆင့်ဆင့်ဟာ နောက်ကော်မတီဝင် အဆင့်ဆင့် ရွေးကောက် တင်မြှောက်ပြီးသည်အထိ တာဝန်ဆက်လက်ထမ်းဆောင်ရမယ့် အနေအထား ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ကော်မတီတွေထဲမှာပါတဲ့ ရွေးကောက် တင်မြှောက်ခံထားရသူတွေ အားလုံးဟာ နောက်ရွေး ကောက်ပွဲကျင်းပပြီးနောက် တက်လာသူတွေကို တာဝန်တွေ လွှဲပြောင်းပေးပြီးမှ ထွက်သင့်တယ် ဆိုတာ သဘာဝကျပါတယ်။ ဒီပုဒ်မအရတော့ ရွေးကောက်ခံတွေရော၊ ခန့်အပ်တွေပါနောက် ကော်မတီတွေ ပေါ်လာတဲ့အထိ ဆက်လက်တာဝန်ယူရမယ့် သဘောပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြင်လိုက်တဲ့အချိန်မှာတော့ အနေအထားက တစ်မျိုးပြောင်းသွားပါတယ်။ ကော်မတီ အဆင့်ဆင့်ရဲ့ သက်တမ်းဟာ အစိုးရအဖွဲ့၏ သက်တမ်းအတိုင်း ဖြစ်သည်လို့ ဆိုလိုက်တဲ့အတွက် အဲဒီအမိန့်ကြော်ငြာစာ ထွက်ပြီးပြီးချင်းမှာပဲ အထက်မှာ တင်ပြခဲ့တဲ့ ပြည်သူလူထု ရွေးကောက်တင် မြှာက်ခဲ့သော ကော်မတီအဆင့်ဆင့်က ကော်မတီဝင် ၁၁၅ ဦး စလုံးဟာ အလိုလိုနေရင်း တာဝန်က ရပ်ဆိုင်းသွားရပါတော့တယ်။ ရွေးကောက်ခံ ၁၁၅ဦးကို ခန့်အပ်ခံရသူ တစ်ဦးက ဖြုတ်လိုက်တဲ့ သဘောပါပဲ။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ မဖြစ်သင့်တဲ့ အစဉ်အလာတစ်ခုပါ။ နည်းဥပဒေတွေကို လွှတ်တော်သို့ တင်ပြအတည်ပြုချက် မယူဘဲ အစိုးရအဖွဲ့က တိုက်ရိုက် ပြင်ဆင်ဖြည့်စွက်တယ်ဆိုတဲ့ အချက်ကလည်း စဉ်းစားစရာကောင်းတဲ့ ကိစ္စတစ်ခုပါပဲ။ အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေထဲက အခန်း(၂) ပုဒ်မ(၁၀)ကို ကိုးကားပြီး နည်းဥပဒေဟာ ဥပဒေကို ကျော်လွန်နေလို့ ပြင်ရခြင်းဖြစ်တယ်လို့ ဖြေရှင်းပါတယ်။ အခန်း (၂)ပုဒ်မ (၁၀)မှာ ရေးထားတာက “ကော်မတီ၏သက်တမ်းသည် အစိုးရအဖွဲ့၏ သက်တမ်းအတိုင်း ဖြစ်သည်”လို့ ဖြစ်ပါတယ်။  အခန်း(၁) ပုဒ်မ(၂) ပုဒ်မခွဲ(ဆ)မှာ “ကော်မတီဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ဆိုသည်”လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာကြောင့် ပုဒ်မ(၁၀)ဟာ ကော်မတီ အဆင့်ဆင့်အပေါ်မှာ သက်ရောက်မှု ရှိ မရှိ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ဥပဒေကိုက လိုအပ်ချက် ရှိနေတာပါ။ ကော်မတီဝင်တွေ အနေနဲ့ နောက်ကော်မတီဝင်တွေ ပေါ်ပေါက်လာတဲ့ အချိန်အထိ တာဝန်ဆက်လက် ထမ်းဆောင်ရမယ်ဆိုတာကို ဥပဒေထဲမှာ ထည့်ထားလိုက်ရင် အခုလိုမျိုး မြို့တော်ဝန်အနေနဲ့ နည်းဥပဒေကို ပြင်ပြီး ကော်မတီအဆင့်ဆင့်က ကော်မတီဝင်တွေကို ဖြုတ်ပစ်လို့ မရတော့ပါဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၃) ပုဒ်မ ၆၁၊ ပုဒ်မ ခွဲ(က)နဲ့(ခ)တို့မှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတို့ရဲ့ ရာထူးသက်တမ်းနဲ့ ပတ်သက်ပြီး အခုလိုရေးထားတာကို လေ့လာတွေ့ရှိ ရပါတယ်။ (က) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်သည်။ (ခ) ယင်းရာထူးသက်တမ်း ကုန်ဆုံးသည့်အခါ နိုင်ငံတော် သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးသည့် အချိန်အထိ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်ဆိုပြီး ဖြစ်ပါတယ်။ ဒီသဘောတရားအတိုင်းပါပဲ စည်ပင်ကော်မတီအဆင့်ဆင့်ရဲ့ ကော်မတီဝင်တွေ၊ အထူးသဖြင့် ရွေးကောက်ခံ ကော်မတီဝင်တွေဟာ သက်တမ်းကုန်ပေမယ့်လည်း နောက် ကော်မတီဝင်တွေ ရွေးကောက်တင် မြှောက်ခံပြီးသည်အထိ လုပ်ငန်းတာဝန်တွေကို ဆက်လက် ထမ်းဆောင်သင့်ပါတယ်။ ဒါဟာ အဖြစ်သင့်ဆုံး အနေအထားတစ်ခုပါပဲ။
အခု ရန်ကုန်တိုင်းဒေသကြီးမှာ ဖြစ်နေတဲ့ ပကတိအနေအထားကို မြင်သာအောင် ပြောပြချင်ပါတယ်။ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၆)ကို ထုတ်လိုက်တဲ့အတွက် အထက်မှာပြောခဲ့သလို ရွေးကောက် တင်မြှောက်ခံ ကော်မတီဝင် ၁၁၅ ဦး တာဝန်ကနေ နားသွားရပါတယ်။ ဒါကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ကော်မတီမှာ မြို့တော်ဝန်နဲ့ ခန့်အပ်ကော်မတီဝင်လေးဦး စုစုပေါင်း ငါးဦးသာရှိနေပြီး ရွေးကောက်ခံ ကော်မတီဝင်လေးဦး လစ်လပ်နေပါတယ်။ ခရိုင်လေးခရိုင်နဲ့ မြို့နယ် ၃၃ မြို့နယ်တွေမှာလည်း ရွေးကောက်ခံ ကော်မတီဝင် ၁၁၁ ဦး လစ်လပ်နေပါတယ်။ အမှန်အတိုင်းပြောရရင် ဥပဒေထဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ကော်မတီဝင် ကိုးဦးဖြင့် ဖွဲ့စည်းရမယ်လို့ဆိုထားတဲ့အတွက် အခု ငါးဦးတည်းရှိတဲ့ အဖွဲ့ဟာ ကော်မတီလို့တောင် အမည်တပ်လို့မရတဲ့ သဘောပါပဲ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ မြို့တော်ဝန်၊ ခန့်အပ်ကော်မတီဝင် လေးဦးနဲ့ ၀န်ထမ်းဟောင်းတွေဖြစ်တဲ့ စည်ပင်သာယာရေးဌာန အသီးသီးက ဌာနမှူးတွေ၊ အောက်ခြေ၀န်ထမ်းတွေပဲ ရှိတာကြောင့် စီမံခန့်ခွဲမှု အပိုင်းမှာ လစ်ဟာမှုတွေ ရှိလာနေတာကို ကြုံတွေ့လာရပါတယ်။ ခရိုင်လေးခရိုင်နဲ့ မြို့နယ် ၃၃ မြို့နယ်မှာလည်း ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ ကော်မတီဝင်တွေ မရှိတော့ဘဲ ဒုတိယအုပ်ချုပ်ရေးမှူးနဲ့ EO လို့ ခေါ်တဲ့ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတွေပဲ ရှိပါတော့တယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ စည်ပင်သာယာရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ချိတ်ဆက်ဆောင်ရွက် အလုပ်လုပ်ရတဲ့နေရာမှာ အခက်အခဲတွေများစွာ ဖြစ်လာပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ပြီး ပြည်သူ့ကိုယ်စား တာဝန်ယူရတဲ့ ရွေးကောက်ခံကော်မတီဝင်တွေ လစ်လပ်နေခြင်းဟာ ရန်ကုန်တိုင်းအတွက် အရေးကြီးသော လုပ်ငန်းတွေဖြစ်တဲ့ စည်ပင်သာယာရေး လုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ လစ်ဟာမှုတွေ များစွာဖြစ်ပေါ်စေတာကို မလိမ်မညာဘဲသုံးသပ်ရင် မြင်နိုင်ပါတယ်။
ပြောချင်တာက ယခုလက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဟာ ဖွဲ့စည်းပုံ အပြည့်မရှိတဲ့ အခြေအနေဖြစ်ပြီး အဲဒီအခြေအနေနဲ့ သွားနေတာ မေလက စတယ်ဆိုရင် အခုဆို ၇ လခန့် ရှိနေပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေထဲက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အချို့အချက်တွေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကနေ ပြင်ဆင်ဖို့ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အနေနဲ့ စည်ပင်ဥပဒေထဲက ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပြင်စရာရှိတာတွေကို အမြန်ဆုံး ပြင်ဆင်အတည်ပြုပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနဲ့လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲတွေကို အမြန်ဆုံး ကျင်းပပြုလုပ်ဖို့ အရေးတကြီး လိုအပ်နေပြီလို့ ပြောချင်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ်္ဂိုလ်ရဲ့ လမ်းညွှန်ချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနဲ့ နည်းဥပဒေတွေကို အသေးစိတ် ပြန်လည်သုံးသပ်ပြင် ဆင်ရေးဆွဲမှာ ဖြစ်သလို၊ ရှိရင်းစွဲ ဌာနတွေကိုလည်း ပြန်လည်သုံးသပ်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး ပြောခဲ့တာကို ဖတ်လိုက်ရပါတယ်။ ဒါဟာလည်း ကြိုဆိုရမယ့်ကိစ္စဖြစ်ပြီး အချိန်ယူ ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်သလို ယခုလက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနဲ့ ပတ်သက်သော လုပ်ငန်းတွေကို ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥပဒေထဲက အရေးတကြီး ပြင်သင့်တာတွေကိုပြင်ပြီး စည်ပင်ရွေးကောက်ပွဲတွေကို အမြန်ဆုံး ကျင်းပနိုင်ဖို့ကလည်း လတ်တလော ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ပါတယ်။
ချစ်ခြင်းမေတ္တာကို မြတ်နိုးပါ။
ဉာဏ်ပညာကို တန်ဖိုးထားပါ။
အနုပညာကို ခံစားတတ်ပါစေ။


နေဘုန်းလတ်




 http://www.tomorrow.com.mm/?q=articles%2F3152

မောင်တော ပဋိပက္ခဒေသခံ တုန့်ပြန်မှုအမျိုးမျိုးတွေ့ရ

 
 
 
မောင်တော ပဋိပက္ခဒေသခံ တုန့်ပြန်မှုအမျိုးမျိုးတွေ့ရ

အောက်တိုဘာလဆန်းနဲ့ နိုဝင်ဘာလအတွင်း ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်တွင်းဒေသတွေကို သတင်းသမားအချို့ သွားရောက်ခွင့်ရခဲ့ပြီး၊ ဒေသခံတွေကိုရော သက်ဆိုင်ရာတာဝန်ရှိသူတွေကိုပါ တွေ့ဆုံမေးမြန်းခွင့်ရပါတယ်။ လက်နက်ကိုင်တွေအပေါ် စစ်ဆင်ရေးတွေမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေရှိတယ်ဆိုတဲ့ စွတ်စွဲချက်တွေအပေါ် ဒေသခံတွေဖက်က ပြောဆိုမှုအမျိုးမျိုးဖြစ်နေတာကြောင့် အဖြစ်အပျက်မှန်ကို သုံးသပ်ပေးဖို့ အချိန်ယူရမယ်လို့ အဲဒီမှာ ပါသွားတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။ ကိုထက်အောင်က ဆက်သွယ်မေးမြန်းထားတာပါ။

ကိုထက်အောင်။ ။သွားရောက်ခဲ့တဲ့ ခရီးစဉ်အကြောင်းလေး အကြမ်းဖျင်းလေး ပြောပြပေးပါခင်ဗျ။

ဦးစည်သူအောင်မြင့်။ ။ ပထမဦးဆုံး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်ရုံးရှိတဲ့ ကျီးကန်းပြင်စခန်းကိုပေါ့နော် အဲဒီဌာနချုပ်ကိုရောက်တယ်၊ အဲဒီဌာနချုပ်မှာ ရဲမှူးချုပ် စန်းလွင် သူကိုယ်တိုင် သတင်းမီဒီယာ သမားတွေကို ဖြေပေးပြီးတော့မှ အဓိကဖြစ်စဉ်က အဲဒီမှာဖြစ်ခဲ့တာဆိုတဲ့အခါကျတော့ အဲဒီဖြစ်စဉ်ဖြစ်ခဲ့တဲ့ နေရာတွေကိုလည်း သူကိုယ်တိုင်လိုက်ပြပြီးတော့မှ ဘယ်ကနေပြီးတော့မှ ၀င်လာတယ်၊ ဘယ်နေရာတွေမှာဆိုရင် ရဲတပ်ဖွဲ့ဝင်တွေကျတယ်၊ လက်နက်တိုက်က ဘယ်နားမှာ၊ ဘာအားနည်းချက်ရှိတယ်ဆိုတာတွေ အကုန်လုံး သူရှင်းပြတယ်။ အဲဒါပြီးတော့မှ ဆက်ပြီးတော့ သွားတယ်။ ၀ါးပိတ်ရွာ မီးလောင်ထားတဲ့ လူတွေရှိတဲ့နေရာတွေကိုလည်း ရောက်တယ်၊ ရွာတွေကိုလည်း ရောက်တယ်၊ ပြီးတော့မှ လူမျိုးစုံပေါင်းတဲ့ ရွာတွေကိုလည်း ရောက်တယ်။ ရွာအားလုံးပေါင်း ၃ ရွာပေါ့နော်။ ပြီးတော့မှ ငါးခူရ တိုက်ခိုက်ခံရတဲ့ ရဲတပ်ဖွဲ့စခန်းပေါ့ အဲဒီစခန်းကိုလည်းရောက်တယ်၊ ငါးခူရ ရွာကိုလည်းရောက်တယ် ဒီနေ့ အကြမ်းဖျင်းကတော့ အဲဒါပါပဲ။

ကိုထက်အောင်။ ။ဒီနေ့ဆရာတို့သွားေ၇ာက်ခဲ့တဲ့အထဲမှာပေါ့နော် ဒီ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ငါးခူရနဲ့ကျီးကန်းပြင်လည်းရောက်တယ်ဆိုတော့ ဒီဒေသ ၂ ခုမှာ ရှိတဲ့ မြေပြင်အခြေအနေ လက်ရှိအနေအထားက ဘယ်လိုများရှိပါသလဲဆရာ။ဘာတွေများတွေ့ရှိခဲ့ရပါသလဲ။

ဦးစည်သူအောင်မြင့်။ ။ ကျီးကန်းပြင်ရွာဆိုရင်တော့ သူတို့ရှင်းပြချက်အရ အဲဒီမှာ ပြန်လာပြီးတော့ နေထိုင်တာမရှိဘူး အဲဒီရွာမှာ အိမ်တချို့မီးရှို့ခံထားရတာရှိတယ်။ နောက်ပြီးတော့ ရွာသားတွေက ကြောက်လို့ အမျိုးမျိုးဖြစ်မှာပေါ့နော် အဲဒီမှာ ပြန်လာတာတော့ မရှိဘူး။ အလားတူပဲ အဲဒီ ၀ါးပိတ်ရွာဆိုလည်း ဒီအတိုင်းပဲ။ ပြီးတော့မှ ငါးခူရရွာကတော့ အဲဒီသဘောမျိုးမဟုတ်ဘူး။ ငါးခူရရွာမှာတော့ ငါးခူရစခန်းအတိုက်အခိုက်ခံရပေမယ့် အဲဒီနားမှာရှိတဲ့ ငါးခူရရွာပေါ့ သူက အဲဒီ ရွာအုပ်စုလေးတွေမှာဆိုရင် ရခိုင်ရွာလေးလည်းရှိတယ်၊ ဟိန္ဒူးရွာလေးလည်းရှိတယ်၊နောက်ပြီး မွတ်ဆလင်ရွာ ဆို၇င် အကြီးကြီးပဲ။ လူဦးရေ ၉ ထောင် ၁ သောာင်းလောက်ရှိတယ်။ နောက်ပြီးတော့ ငါးခူရစခန်းကို လာပြီးတော့ ၀င်စီးတဲ့အချိန်မှာ သေသွားတဲ့ မွတ်ဆလင် ၁ ယောက်ဆိုလည်း ငါးခူရရွာထဲမှာ ၊ သူ့အိမ်တွေဘာတွေလည်း ရှိတာပေါ့နော်။ ဆိုတော့ အဲဒီ ရွာကအဖမ်းခံရတာရှိတယ်။ တချို့ဆိုရင်လည်း ကြောက်လန့်ပြီးတော့မှလည်းဖြစ်နိုင်တယ်၊ အကြမ်းဖက်မှုမှာပါပြီးတော့မှ ဖမ်းမှာလို့လည်းဖြစ်နိုင်တယ်၊ အဲဒီထွက်ပြေးသွားတာတွေကလည်း လူဦးရေ ၁၀၀၀ နီးပါးလောက်ရှိတယ်လို့ ရွာခံတွေကပြောတယ်။

ကိုထက်အောင်။ ။နောက်တခုက ဆရာတို့ လက်ရှိ သတင်းထောက်တွေသွားတာက အစိုးရအစီအမံနဲ့ သွားတယ်၊ လုံခြုံရေးအင်အားနဲ့လည်းသွားတယ် ဆိုတော့ ဆရာတို့ ဒေသခံတွေနဲ့ တွေ့ဆုံတဲ့အခါမှာကော၊ ဒေသခံတွေနဲ့ မေးခွန်းတွေ မေးတဲ့အခါမှာကော လွတ်လွတ်လပ်လပ် သတင်းရယူခွင့်ရပါသလားခင်ဗျ။

ဦးစည်သူအောင်မြင့်။ ။ အဲဒါကတော့ ရတယ်။ ဥပမာအားဖြင့်ဆိုရင် ရွာ ၁ ရွာကို ရောက်တဲ့အခါဆိုရင် သူတို့ လူတွေအများကြီးရှိနေတယ်။ ရှိနေတော့ သတင်းထောက်တွေကတော့ ကိုယ်ကြိုက်တဲ့လူတွေကို ဆွဲပြီးတော့ မေးတာတွေလည်း လုပ်လို့ရတယ်။ တချို့ရွာတွေမှာဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပဲပြောတယ်။ ဥပမာ တပ်မတော်က မီးရှို့တယ်ဆိုပြီးတော့ စွပ်စွဲတဲ့ လူ ၂ ယောက်လောက် အဲဒါမျိုးတွေ့တယ်။

ကိုထက်အောင်။ ။ပဋိပက္ခတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာပေါ့လေ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဝေဖန်နေကြသလို အဲဒီဒေသမှာ ရခိုင်လူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား ခွဲခြားဆက်ဆံခံရမှုပေါ့နော် ၊ ဒါမှမဟုတ်ရင်လည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု အပိုင်းမှာကော တစုံတရာ အားနည်းမှုရှိတယ်ဆိုတာ ဆရာတို့ တွေ့ရပါသလား။

ဦးစည်သူအောင်မြင့်။ ။ ငါးခူရရွာမှာဆိုရင်ပြောပြချက်ကတော့ သူတို့ နယ်ခံတွေကိုယ်တိုင်ပါတယ်၊ ဘယ်အိမ်ကိုဆိုရင်လည်း သူတို့ လုံခြုံရေးယူလိုက်တယ်။ ယူလိုက်ပြီးတော့ ဘယ်သူ့ကိုတွေ့ချင်တယ်ဆိုရင် အဲဒီလူထွက်လာပြီးတော့ စစ်ကြောရေးလုပ်တာဆိုရင်လည်း သီးသန့် ခေါ်သွားတာတွေတော့မလုပ်ဘူး။ ဖမ်းတော့မှသာလျှင် သူတို့ ဥပဒေအတိုင်း ရဲလက်မှာ အပ်တာတွေလုပ်တယ်။ ဒီလိုမှမဟုတ်ပဲနဲ့ ရွာထဲမှာ စစ်ဆေးတာတွေ၊ ရိုက်တာတွေ မလုပ်ဘူးလို့ ခုနရွာသားတွေ ကိုယ်တိုင် အဲလိုပြောတယ်။ ဒါပေမယ့် စွပ်စွဲတဲ့ရွာကလည်းရှိတယ်။ သူတို့ ပြောတဲ့ လူတွေကလည်း တဖက်နဲ့ တဖက် မတူဘူးပေါ့နော် ပြောတာဆိုတာတွေက လေသံတွေကမတူဘူး။

ကိုထက်အောင်။ ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။

ဦးစည်သူအောင်မြင့်။ ။ ဟုတ်ကဲ့ပါ။
 
 
 
 
 
 http://burmese.voanews.com/a/maungdaw-situation-journalist-arrive-different-comments-/3645193.html
 
 
 
 

Comments system

Flag Counter