ရခိုင်အမျိုးသားပါတီက ခွဲထွက်လာသည့် ပါတီသစ် ၂၀၁၇ ဇန်နဝါရီတွင် တရားဝင်ဖွဲ့စည်းမည်




ရခိုင်အမျိုးသားပါတီက ခွဲထွက်လာသည့် ပါတီသစ် ၂၀၁၇ ဇန်နဝါရီတွင် တရားဝင်ဖွဲ့စည်းမည်

စစ်တွေ၊ ဒီဇင်ဘာ ၂၁ ။ ။ ရခိုင် အမျိုးသားပါတီ ANP မှ ထုတ်ပယ်ခံခဲ့ရသည့် နိုင်ငံရေးသမားများ ဦးဆောင် ဖွဲ့စည်းမည့် ပါတီသစ်ကို တရားဝင်ဖွဲ့ စည်းနိုင်ရန် လာမည့် ဇန်နဝါရီ ပထမ သီတင်းပတ်အတွင်း လူထုတွေ့ဆုံပွဲတရပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံပွဲကို ရခိုင်တောင်ပြည်နယ်ပိုင်း တောင်ကုတ်မြို့နယ်တွင် ဇန်နဝါရီ ၇ ရက်နေ့မှ ၈ ရက်နေ့ထိ ပြုလုပ်မည်ဖြစ်ပြီး ပါတီ၏ ဖွဲ့စည်းပုံနှင့် မှတ်ပုံတင်ရေးလုပ်ငန်းများကိုပါ ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ပါတီသစ်တည်ထောင်ရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

“ ပထမ အစည်းအဝေးကို ကျနော်တို့ ရခိုင်မြောက်ပိုင်း ကျောက်တော်မှာ လုပ်ခဲ့တယ်။ အဲဒီကနေ ပါတီသစ်တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဦးဆောင်ကော်မတီအဖွဲ့ ဖွဲ့စည်းခဲ့တယ်။ နောက်ဆက်တွဲ အစည်းအဝေးကို ရခိုင်တောင်ပိုင်းမှာ လုပ် မယ်ပေါ့။ ဒီအစည်းအဝေးကို တက်ရောက်လာမယ့် ခေါင်းဆောင်တွေက ပါတီဖွဲ့စည်းပုံကိစ္စအပါအဝင် အခြား အသေးစိပ် ကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်” ဟု ဦးမျိုးကျော်က ပြောသည်။

ယင်းအစည်းအဝေးကို ရခိုင်အမျိုးသားပါတီမှ ထုတ်ပယ်ခံခဲ့ရသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ် ယခင် ရခိုင် ဒီမိုကရေစီအဖွဲ့ချူပ် (ALD) ၏ ခေါင်းဆောင်များမှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ တက်ကြွသည့် နိုင်ငံရေးသမားများ၊ အရပ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်များ စုစုပေါင်း ၂၀၀ ခန့်တက်ရောက်ခဲ့ကြသည်။

“ လွှတ်တော်ကိုယ်စားလှယ်နေရာ ရရှိဖို့ထက် အမျိုးသားအကျိုးစီးပွားကို အမှန်တကယ်ဖော်ဆောင်နိုင်မယ့် ပါတီတရပ် ရခိုင်ပြည်နယ်မှာ လိုအပ်နေပါတယ်။ ပါတီသစ်က ALD အဖွဲ့ဝင်ဟောင်းတွေကို အခြေခံတာတော့ မဟုတ်ဘူးပေါ့။ ဒါပေ မယ့် ALD က လူတွေက လက်ရှိ နိုင်ငံရေးထဲမှာ ပါနေသူတွေက ထပ်ပါသွားမယ်။ ပြီးရင် အရပ်ဖက်အဖွဲ့အစည်း ခေါင်း ဆောင်တွေ၊ တက်ကြွလှုပ်ရှားသူ တွေလည်း ပါဝင်သွားမှာပါ။” ဟု ဦးမျိုးကျော်က ပြောသည်။

အမျိုးသားလွှတ်တော် ဒု ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် ALD ၏ ဥက္ကဋ္ဌဟောင်း ဦးအေးသာအောင်ကို ပါတီသစ်နှင့် ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကို ဦးဆောင်ကော်မတီမှ တင်ပြထားကြောင်း ဦးမျိုးကျော်၏ ပြောကြား ချက်အရ သိရသည်။

“ ဦးအေးသာအောင်ကိုတော့ ပြောထားပါတယ်။ သူ ကျနော်တို့ ပါတီသစ်နဲ့ လက်တွဲမယ်၊ မတွဲမယ်ဆိုတာကတော့ ခု ပြောဖို့ ခက်ပါတယ်။ ” ဦးမျိုးကျော်က ပြောသည်။

ပါတီသစ်ဖွဲ့စည်းမည့် ကော်မတီခေါင်းဆောင်များအဖြစ် ထင်ရှားသော ALD ခေါင်းဆောင်ဟောင်းများဖြစ်သည့် ဦးကျော် မြင့်၊ ဦးမျိုးကျော်၊ ဦးလှမြင့်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်း၊ ဦးသန်းနိုင်မြင့်၊ ဦးလူလူချေ၊ ဒေါ်မြမေ၊ ဒေါ်နှင်းယုရွှေ၊ ဒေါ်စိုး စိုးဌေးနှင့် ဦးသောင်းဌေးတို့က တာဝန်ယူထားပြီး လက်ရှိတွင် ဦးဆောင်ကော်မတီဝင် ၃၄ ဦးရှိကြောင်း သိရသည်။

အောက်တိုဘာ ၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ပါတီသစ်ထူထောင်ရန် ဆုံးဖြတ်ကြောင်း ကြေညာချက်တွင် ရခိုင်ပြည် နယ်လုံခြုံရေး ကိစ္စရပ်များအပေါ် ပြည်ထောင်စု အစိုးရ၏ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။


http://www.mizzimaburmese.com/article/21480



EmoticonEmoticon

Comments system

Flag Counter