ဒေါ်လာဈေး အတက်၊ငြိမ်းချမ်းရေး အကျ၊ နိုင်ငံရေးအလှုပ်



အမေရိကန်ဒေါ်လာနှင့် မြန်မာငွေကျပ် လဲလှယ်နှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၁၄၄၀ ဖြင့် အမြင့်ဆုံးစံချိန်တင် မြင့်တက်ခဲ့သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရခေတ်၌ ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် ၁၃၇၀ အထိ မြင့်တက်ခဲ့ဖူးသည်။
ထိုအချိန်ကာလက စစ်အာဏာရှင် အစိုးရအတွက် အထွေထွေ အကျပ်အတည်းဖြင့် ကြုံဆုံနေခိုက်ဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်သူများကို ထောင်သွင်းအကျဉ်းချထားသည်။ နိုင်ငံတကာက ကုန်သွယ်ရေးကို အရေးယူ ပိတ်ဆို့ထားသည်။ ပျဉ်းမနားအနီးတွင် နေပြည်တော်ဟူ၍ မြို့သစ်တည်ဆောက်ရာတွင် ဒေါ်လာငွေဘီလီယံနှင့်ချီ၍ ကုန်နေသည်။ ရန်ကုန်မြို့နှင့် မြို့ကြီးများတွင် ဗုဒ္ဓဘာသာ ဘုန်တော်ကြီးများက စီတန်းလှည့်လည်၍ ငြိမ်းချမ်းစွာဆန္ဒပြလျက်ရှိသည်။

ထိုအခြေအနေများကြောင့် ဒေါ်လာဈေး စံချိန်တင်မြင့်တက်ခဲ့သည်မှာ သဘာဝကျပါသည်။ ယခု အခြေအနေကတော့ ၂၀၀၇ ခုနှစ် အခြေအနေနှင့် ပြောင်းပြန်ဖြစ်သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထု ထောက်ခံခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။

 သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့ကလည်း သတ်မှတ်ထားသော အချိန်ကာလအတိုင်း အစိုးရသစ်ကို အာဏာလွှဲပြောင်းပေးခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ပိုင် ခွင့်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက တားမြစ်ထားသော်လည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ရာထူးနေရာတစ်ခု ဖန်တီး၍ နိုင်ငံတော် ဦးဆောင်ခွင့်ရခဲ့သည်။

 အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ၏ နိုင်ငံရေး ယုံကြည်ချက်များကသာ လွှမ်းမိုးထားသည်။ အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီက မည်သည့်ပါတီနှင့်မျှ ညှိနှိုင်းစရာမလိုဘဲ စိတ်တိုင်းကျ လူပုဂ္ဂိုလ်များကို ခေါင်းခေါက်ရွေးချယ်၍ ဖွဲ့စည်းနိုင်ခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည်အတွက် အဓိကအတားအဆီးဖြစ်သော တပ်မတော်အစုအဖွဲ့သည် အားလုံး မျှော်လင့်ထားသလို မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် လိုက်ပါလာသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာ ခရီးစဉ်များကလည်း တိုင်းပြည်အတွက် အကျိုးအမြတ်များစွာ ရှိခဲ့သည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများ၊ ဂျပန်နိုင်ငံနှင့် အာရှနိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အ၀ ထောက်ခံကာ အကူအညီများစွာ ပုံအောပေးခဲ့သည်။ ထိုကဲ့သို့သော အခြေအနေတွင် မည်သည့်အတွက်ကြောင့် ဒေါ်လာဈေးမှာ စံချိန်တင် မြင့်တက်ခဲ့ရသနည်း။


စီးပွားရေး ကျွမ်းကျင်သူများက ကုန်သွယ်မှု လိုငွေပြခြင်းကြောင့်ဟုဆိုသည်။ တချို့ကလည်း ဘတ်ဂျက် လိုငွေပြခြင်းကြောင့်ဟု ဆိုသည်။ တချို့ကလည်း အမေရိကန်ဒေါ်လာ၏ နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် ခိုင်မာလာပုံကို ထောက်ပြသည်။ တချို့ကတော့ ပြည်တွင်းဘဏ်ကြီးများ၏ ငွေကြေးကစားမှုကြောင့်ဟု အပြစ်တင်သည်။

သတင်းတချို့အရ Export ကုန်သည်ကြီးများသည် ပြည်ပမှပို့ကုန်ရငွေများကို ပြည်တွင်းသို့ ပြန်ယူမလာဘဲ ပြည်ပဘဏ်များတွင် အပ်နှံထားခြင်းကြောင့်ဟု ဆိုပြန်သည်။ ထူးခြားဖြစ်စဉ်အရ မြန်မာနိုင်ငံ၏ လူ့အသိုက်အ၀န်းကို အပြောင်းအလဲ ဖြစ်စေခဲ့သော တယ်လီဖုန်း၊ အင်တာနက်၊ လူမှုကွန်ရက် ဆက်သွယ်မှုများကို ၀န်ဆောင်မှုပေးနေသော နိုင်ငံခြားကုမ္ပဏီကြီးများက အကျိုးအမြတ် မြန်မာငွေကြေးများကို ဒေါ်လာနှင့်လဲလှယ်ပြီး မိခင်နိုင်ငံသို့ ပြန်ပို့နေခြင်းကြောင့် ဈေးကွက်တွင် ဒေါ်လာရှားပါးခြင်းဖြစ်သည်ဟု ဆိုသည်။


မည်သို့ပင်ဖြစ်စေ စက်သုံးဆီ ဈေးနှုန်းများမှာ တစ်ဂါလန်လျှင် ကျပ် ၁၅၀ နီးပါး ဈေးတက်သွားသည်။ နိုင်ငံခြားမှ မှာယူရသော အိမ်သုံးဆေးဝါးများမှာ လေးလအတွင်း ၁၀ ရာခိုင်နှုန်း ဈေးတက်သွားသည်။ လူသုံးကုန်ပစ္စည်းများမှာလည်း အသီးသီး တက်သွားကြသည်။ အဆိုးရွားဆုံးမှာ မြန်မာနိုင်ငံ၏ Money Changer များတွင် ဒေါ်လာလဲလှယ်၍ မရတော့ခြင်းဖြစ်သည်။

ထိုအခြေအနေသည် ခရီးသွားလုပ်ငန်းကို ထိခိုက်ရုံမက နိုင်ငံ၏ပုံရိပ်ကိုပါ ကျဆင်းစေခဲ့သည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ မြောက်ပိုင်း ရှမ်းပြည်နယ်တွင် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဆိုသူတို့ အပြင်းအထန် တိုက်ခိုက်နေကြသည်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွင် KIA၊MNDAA၊TNLA နှင့် AA တို့ ပါဝင်ဖွဲ့စည်းထားသည်ဟု ဆိုသည်။ ယင်းအဖွဲ့က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား အဓိက ကုန်စည်စီးဆင်းနေသော မူဆယ် ၁၀၅မိုင် စခန်းကို စတင်တိုက်ခိုက်ပြီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ကုန်ကားများ မသွားလာနိုင်စေရန် စစ်ရေးခြိမ်းခြောက်မှုများ ပြုလုပ်လာသည်။

ထို့ကြောင့် တပ်မတော်မှ ကြည်းကြောင်း၊ လေကြောင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်သည်။ နှစ်ဖက်လုံး အထိအခိုက်အကျအဆုံးများ ရှိလာကြသည်။ ဤစစ်ပွဲကြောင့် နေပြည်တော်တွင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များကို အကြမ်းဖက်အဖွဲ့ အစည်းများအဖြစ် သတ်မှတ်ကြေညာရန် ပြည်ထောင်စုအဆင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ၌ အပြတ်အသတ် ရှုံးနိမ့်သွားသည်။

 ထို့ကြောင့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှမ်းမိုးထားသော ရှမ်းပြည်နယ်လွှတ်တော်တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူကာ ကြံ့ခိုင်ရေးကိုယ်စားလှယ် ဦးအောင်သူက ယင်းအဖွဲ့များအား အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ရန် အရေးကြီးအဆိုတင်သွင်းခဲ့ရာ အနိုင်ရရှိခဲ့သည်။ ထိုအခြေအနေသည် အာဏာရပါတီ လွှမ်းမိုးထားသော ပြည်ထောင်စု လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကြား ကွဲပြားခြားနားချက်ကို ထင်ဟပ်စေခဲ့သည်။ အထူးသဖြင့် တိုင်းရင်းသားပါတီများက အာဏာရပါတီ၏ သဘောထားအမြင်ကို ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပေါ်အခြေခံ၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားပါတီများ၊ တပ်မတော် ကိုယ်စားလှယ် အစုအဖွဲ့များကတစ်စု၊ အာဏာရပါတီက တစ်စုကွဲပြားသွားသည့် အနေအထားဖြစ်သည်။

တဖန် UNFC (ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ) ကလည်း ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးတည် ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်ထဲတွင် UNFC က “NLD ဦးဆောင်သည့် အစိုးရသစ်သည် အားလုံးပါဝင်မှုမရှိသော၊ တစ်နိုင်ငံလုံးအတိုင်းအတာ မဆောင်သော NCA ကို အမွေဆက်ခံကာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအချို့ကို တပ်မတော်မှ မြေပြင်နှင့် ဝေဟင်တိုက်ပွဲ အရှိန်မြှင့် ထိုးစစ်ဆင်နေသည်ကို ကိုင်တွယ်ဖြေရှင်းရန် မကြိုးပမ်းဘဲ နောက်တစ်ကြိမ် ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးကိုသာ ဆောင်ရွက်နေသည်ကို တွေ့ရပါသည်” ဟု အပြစ်တင် ထားသည်။

 ထပ်မံ၍ “NCA လက်မှတ်ထိုးခြင်းမပြုသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့အား ရှမ်းပြည်နယ်လွှတ်တော်အတွင်း အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် အတင်းအဓမ္မ သတ်မှတ်လုပ်ဆောင်လာနေမှုမှာ လက်ရှိ NLD အစိုးရ ကြိုးပမ်းနေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေခြင်းပင်ဖြစ်သည်”ဟု ဖော်ပြထားပါသည်။


ယင်းအခြေအနေများသည် ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်းများအကြား ပြည်တွင်းငြိမ်းချမ်းရေးအပေါ် မူတည်၍ အကြီးအကျယ် သဘောထားကွဲမည့် အသွင်လက္ခဏာကို ဆောင်လျက်ရှိသည်။ ငြိမ်းချမ်းရေးအတွက် အဓိက ဆောင်ရွက်နေသော NRPC (အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန)၏ အရည်အသွေးနှင့် အနေအထားကိုလည်း များစွာစိုးရိမ်ပူပန်စရာ ဖြစ်နေပါသည်။

နိဂုံးချုပ်အားဖြင့် ဆိုရလျှင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ဒေါ်လာဈေး အတက်၊ ငြိမ်းချမ်းရေးအကျ၊ နိုင်ငံရေးအလှုပ်ဟု ဆိုရမည်ဖြစ်သည်။


ဇော်သက်ထွေး




http://www.tomorrow.com.mm/?q=articles/3150




EmoticonEmoticon

Comments system

Flag Counter