မြောက်ပိုင်းမဟာမိတ်နှင့် အစိုးရတပ်တိုက်ပွဲဆက် ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်





မြောက်ပိုင်းမဟာမိတ်နှင့် အစိုးရတပ်တိုက်ပွဲဆက် ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်

သျှမ်းသံတော်ဆင့်၊ စိုင်းအောင်ဆိုင်း
ဒီဇင်ဘာလ ၃ ရက် ၂၀၁၆

အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့၏မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တို့အကြား တိုက်ပွဲများမှာ ဒီဇင်ဘာလ ၂ရက်နေ့က ဆက်လက်ဖြစ်ပွားခဲ့သည်ဟု မဟာမိတ် တပ်ဖွဲ့ ပြောခွင့်ရ
မိုင်းအိုက်ကျော်က ပြောသည်။

မုံးကိုး ၊ နမ့်ဖတ်ကာနှင့် ကွတ်ခိုင်အကြား နှင့် ပန်ဆိုင်းအနီးတို့တွင်တိုက်ပွဲအချို့ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုပြောဆိုသည်။

တရုတ်မြန်မာနယ်စပ် မုံးကိုးမြို့တွင် စစ်တပ်ဗျူဟာကုန်းကို မဟာမိတ်တပ်မှတိုက်ခိုက်သည့် ဒီဇင်ဘာလ ၁ ရက်နေ့ တိုက်ပွဲများမှာ ပြင်းထန်ခဲ့ပြီးလေယာဉ်ဖြင့် ၅ ကြိမ် တပ်မတော်ဘက်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်းမိုင်းအိုက်ကျော်က ပြောသည်။

ကချင်သတင်းဌာန ကေအန်ဂျီ၏ ဒီဇင်ဘာလ ၂ ရက်နေ့ ဖော်ပြချက်တွင်မူ မုံးကိုးအားမဟာမိတ် တပ်မှ အလုံးစုံသိမ်းလိုက်နိုင်ပြီဖြစ်ကြောင်း ကချင်တပ်မှူးတစ်ဦး၏ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြထားသည်။

သို့သော်အဆိုပါ သတင်းနှင့်ပတ်သက်၍ မဟာမိတ် တပ်ပေါင်းစု ပြောခွင့်ရ မိုင်းအိုက်ကျော်က ' မုံးကိုးကို နေရာတော်တော်များများ ကျနော်တို့ထိမ်းထားတာ ဟုတ်တယ်။ ကျန်တဲ့ ဗျူဟာကုန်းက မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့အထိ တိုက်နေတုန်း ဒီနေ့လည်း လေယာဉ်က ဗုံးကြဲနေတုန်း ရမရဆိုတာ ကျနော် အတည်ပြု ချက်ပေးလို့တော့မရသေးဘူး။ နည်းနည်းအလှန်းကွာတော့အတည်ပြုရ နည်းနည်း ခက်တယ်။ သတင်းတွေက ညဘက်မှ အတည်ပြုပြီး ပြန်စုပေါင်းထုတ်နိုင်တာများတယ်လေ။ ' ဟု ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် သျှမ်းသံတော်ဆင့်အားပြောသည်။

မဟာမိတ်တပ်ပေါင်းစုနှင့် အစိုးရ တပ်မတော်အကြားတိုက်ပွဲပြင်းထန်နေစဉ်အတွင်းမှာပင် ယူနန်ပြည်နယ် ကူမင်းမြို့တော်တွင်ယနေ့ မနက်ပိုင်းက ကျင်းပရန် စီစဉ်ထားသည့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် နှင့် တိုင်းရင်းသားမဟာမိတ် ၄ ဖွဲ့ ဆွေးနွေးပွဲမှာပျက်ပြယ်သွားခဲ့သည်ဟု သိရသည်။

ယင်းသို့ပျက်ပြယ်သွားရမှုမှာ အစိုးရဘက်မှ သျှမ်းမြောက်တိုက်ပွဲတွင်ပါဝင်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့အနက်ကေအိုင်အေအား ကျန်အဖွဲ့ ၃ ဖွဲ့နှင့် တပြိုင်နက် မဆွေးနွေးနိုင်ဟုဆိုသည့် အတွက် ပျက်ပြယ်ခဲ့ရခြင်းဖြစ်သည်ဟု တအာင်းပလောင် TNLA/PSLF တပ်ဖွဲ့မှအထွေထွေ အတွင်းရေးမှူး တာဘုန်းကျော်က ပြောကြောင်း The Ladies News သတင်းဌာနက ဖော်ပြသည်။

တစ်ချိန်တည်းမှာပင် နေပြည်တော်တွင် ကျင်းပနေသည့် လွှတ်တော်တွင်သျှမ်းမြောက်တိုက်ပွဲများနှင့် ပတ်သက် ၍ စိုးရိမ်ကြောင်းအဆိုကို ဆွေးနွေးရာကာကွယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးက ပါဝင်တိုက်ခိုက်သည့် အဖွဲ့ ၄ ဖွဲ့အားအကြမ်းဖက်အဖွဲ့အဖြစ် လွှတ်တော်မှ သတ်မှတ်ပေးရန်ပြောဆိုဆွေးနွေးမှုရှိခဲ့သော်လည်း အဆိုမှာ မှတ်တမ်းတင်ထားရုံသာဆုံးဖြတ်ခဲ့သည်။

သျှမ်းမြောက်တိုက်ပွဲများအတွင်း တိုက်ပွဲဖြစ်ရာ ဒေသမှ ဒေသခံ အများစုမှာ နေရပ်စွန့်ခွာထွက်ပြေး နေသော်လည်း ဖမ်းဆီးခံရမှုများကဲ့သို့ သတင်းများလည်းထွက်နေသော ကြောင့် တိုက်ပွဲများအတွင်း ပိတ်မိနေသူများလည်း ရှိနိုင်သည်ဟုကွတ်ခိုင်မှ စစ်ဘေးရှောင်များအရေးဆောင်ရွက်သူ စိုင်းစံခမ်းက
သျှမ်းသံတော်ဆင့်သို့ ပြောသည်။




https://www.facebook.com/Panglong.burmese/photos/ms.c.eJwlyMENACAMAsCNjCgUuv9iavxdDkhPszcQNjPwgk5fuLR~_bMqOVJoHBWUKQQ~-~-.bps.a.341540565938393.78639.263707297055054/1189074931184948/?type=3&theater








EmoticonEmoticon

Comments system

Flag Counter