နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှ အခက်အခဲများကို ပုံကြီးချဲ့နေသည်ထက် ဖြေရှင်းရန်သာ အာရုံစိုက်သွားမည်ဟု ပြောကြား






နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှ အခက်အခဲများကို ပုံကြီးချဲ့နေသည်ထက် ဖြေရှင်းရန်သာ အာရုံစိုက်သွားမည်ဟု ပြောကြား

မြန်မာ့တပ်မတော်သည် ရခိုင်ပြည်နယ်တွင် မွတ်စလင်များအား နှိမ်နင်းမှု ပြုလုပ်နေသည်ဟု နိုင်ငံတကာက စွပ်စွဲမှုများ ထွက်ပေါ်နေချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့် အခြေအနေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန် လိုလားကြောင်း ပြောကြားခဲ့သည်။
ပြဿနာသည် လွန်စွာ ခက်ခဲသလားဟု မေးမြန်းသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က “မဟုတ်ဘူး” ဟု ငြင်းဆိုကာ “ကျွန်မတို့ အခြေအနေကို ထိန်းချုပ်ဖို့နဲ့ တည်ငြိမ်အေးချမ်းအောင်လုပ်ဖို့ စီစဉ်ပြီးပါပြီ” ဟု ပြော ကြားခဲ့သည်။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ အမြဲတမ်း မကျေနပ်မှုမီးတွေ ပိုမိုကြီးထွားအောင် တောင်းဆိုမှုတွေ အရှိန်မြှင့်နေမယ့် အစား ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်အောင် အသိုင်းအ၀ိုင်းနှစ်ခုအကြား ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်မှု တိုးတက်အောင် ကျွန်မတို့ကို ကူညီခဲ့မယ်ဆိုရင် ကျွန်မက အများကြီး ကျေးဇူးတင်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူသို့ သွားရောက်စဉ်အတွင်း ဒီဇင်ဘာ ၂ ရက်က Channel NewsAsia မှ လင်ရွှယ်လင်းနှင့် အင်တာဗျူး ပြုလုပ်ရာတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် နားလည်မှုပေးရန် တောင်းဆိုခဲ့ပြီး ဤပြဿနာသည် အလွန်ထိရှလွယ်ပြီး အလွန်နူးညံ့သိမ်မွေ့ကြောင်း ရှင်းပြခဲ့သည်။

“ထိတ်လန့်ပြီး စိုးရိမ်နေရတာ မွတ်စလင်တွေချည်း မဟုတ်ပါဘူး။ ရခိုင်တွေလည်း စိုးရိမ်နေရတာပါပဲ။ သူတို့ရခိုင်တွေက လူဦးရေ ရာခိုင်နှုန်းအရ သူတို့လူမျိုးတွေ လျော့သွားမှာ စိုးရိမ်နေပါတယ်။ တကယ်တော့ ဒီအသိုင်းအ၀ိုင်းနှစ်ခုရဲ့ ဆက်ဆံရေး မကောင်းခဲ့ဘူး ဆိုတဲ့အချက်ကို ကျွန်မတို့ လျစ်လျူရှုလို့ မရနိုင်ပါဘူး။ ဒါကို ပိုကောင်းအောင် ကြိုးပမ်းလုပ်ဆောင်ဖို့ ကျွန်မတို့ လိုလားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ဒါပေမဲ့ လူတိုင်းအနေနဲ့ အောက်တိုဘာ ၉ ရက်ကစပြီး ရဲစခန်းတွေကို တိုက်ခိုက်မှု တွေရှိတယ်ဆိုတဲ့ အချက်အစား အနေအထားကို မကောင်းတဲ့ ဘက်ခြမ်းကနေပဲ အာရုံပြုနေမယ်ဆိုရင် ဒါက အထောက်အကူ မဖြစ်ပါဘူး” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ အစိုးရက အစောပိုင်းတွင် RSO အဖွဲ့အစည်း၏ လက်ချက်ဟု ထောက်ပြခဲ့သော်လည်း နောက်ပိုင်းတွင် အကြမ်းဖက်သမားများ၏ လက်ချက်ဟု ဆိုသည်။

ယင်းနောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဘင်္ဂါလီ မွတ်စလင် အများအပြား နေထိုင်သော ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်တစ်လျှောက် ဒေသများသို့ အကြီးအကျယ် ချထားခဲ့သည်။
လုံခြုံရေးတပ်များက ပုန်းခိုနေနိုင်သော မသင်္ကာဖွယ်လူများကို လိုက်လံရှာဖွေသည့်အခါ ထောင်နှင့်ချီသော လူများ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသည်။ တက်ကြွလှုပ်ရှားသူများက အရပ်သားများကို သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းနှင့် နေအိမ်များကို မီးရှို့ခြင်းတို့ ပြုလုပ်သည်ဟု သတင်းများ ပေးပို့သော်လည်း ယင်းတို့ကို မြန်မာ့တပ်မတော်က ငြင်းဆိုခဲ့သည်။

ပြဿနာ၏ အရင်းအမြစ်သည် နိုင်ငံတကာ အသိုင်းအ၀ိုင်းသက်သက် မဟုတ်ဟု ထောက်ပြသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မ သိပါတယ်။ အဲဒီမှာ အခက်အခဲတွေ မရှိဘူးလို့ ကျွန်မပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတွေ အခက်အခဲကို သတိပြုမိလာပြီး အရာရာဟာ တကယ်ဖြစ်နေတာထက် ပိုဆိုးနေသယောင် ပုံကြီးချဲ့နေတာ ထက်စာရင် အဲဒီအခက်အခဲတွေကို ဖြေရှင်းရေးအပေါ်မှာပဲ ပိုမိုအာရုံစိုက်တာက အထောက်အကူ ဖြစ်စေပါတယ်” ဟု ပြောကြားခဲ့သည်။




Ref ; CNA


http://news-eleven.com/local/28722





EmoticonEmoticon

Comments system

Flag Counter