သခွတ်ပင်က မီးတကျည်ကျည် - သရ၀ဏ်(ပြည်)





သခွတ်ပင်က မီးတကျည်ကျည် - သရ၀ဏ်(ပြည်)
------ ------ ------ ------ ------
၂၈-၁၁-၂၀၁၆ (၁၃၇၈ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက် တနင်္လာနေ့)နေ့စွဲနဲ့ နိုင်ငံရေးပါတီ ၁၃ ခုက ပူးပေါင်းကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာ အပိုဒ်သုံးပိုဒ်ပါဝင်ပါတယ်။ အပိုဒ် (၁)ကတော့ ''ပြည်ထောင်စု၏ အစိတ်အပိုင်းတရပ်ဖြစ်သော ရခိုင်ပြည်နယ်တွင် ပိုင်နက် နယ်မြေဆုံးရှုံးမည့်အလားအလာ များကို ရင်ဆိုင်နေရပြီး အရှေ့မြောက်ဒေသတွင် စစ်ပွဲကိုအကြောင်းပြု၍ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်နှင့်ဥစ္စာပစ္စည်းများကို ဖျက်ဆီးခြင်းခံနေရပါသည်။

ဤဖြစ်စဉ်များ အားလုံး၏ အခြေခံအကြောင်း ရပ်မှာ နိုင်ငံတကာနှင့်ဆက်စပ်နေသော အကြမ်းဖက်အဖွဲ့အစည်းနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့်ဖြစ် ကြောင်း နိုင်ငံတော်အစိုးရမှ ရဲဝံ့ခိုင်မာစွာ ထုတ်ပြန်ကြေညာရမည့်အချိန် ဖြစ်ပါသည်''လို့ ရေးထားပါတယ်။ ပြောစရာလေးတွေ၊ ငြင်းစရာလေးတွေရှိပေမယ့် သိပ်မဆိုးသေးဘူးဟဆိုပြီး ဆက်ဖတ်ပါတယ်။ အပိုဒ်(၂)ကတော့ ''တချိန်တည်းမှာပင် ရန်ကုန်မြို့တော်အတွင်း ပေါက်ကွဲမှုဖြစ်ရပ်များအပါ အ၀င် နိုင်ငံအနှံ့တိုးပွားလာသောရာဇ၀တ်မှုများ၊ တနေ့တခြားကျပ်တည်းလာသော စီးပွားရေးပြဿနာများ၊ တည်ဆောက်လက်စငြိမ်းချမ်းရေးဖြစ်စဉ်၏ မျှော်လင့်ချက်များ မှေးမှိန်လာခြင်းတို့မှာ နိုင်ငံတော်၏အထွေထွေ အကျပ်အတည်းများ ဖြစ်သည်။

တမျိုးသားလုံးကို ခြိမ်းခြောက်လာသည့် အန္တရာယ်များလည်း ဖြစ်ပါသည်။ လက်ငင်းဆောင်ရွက်နေရသော တပ်မတော်၏စစ်ရေးအရ ဖြေရှင်းဆောင်ရွက်ရမှုများမှာလည်း တနေ့တခြား မျက်နှာစာပိုမိုကျယ်ပြန့်လာပြီး နိုင်ငံတော်၏ ကာကွယ်ရေးအင်အားကို ချည့်နဲ့စေရန် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ နယ်စပ်ဒေသအနှံ့ အစီအစဉ်တကျဆောင်ရွက်နေသည်ဟု သုံးသပ်ရရှိပါသည်။ လက်ရှိ အစိုးရ၏ကိုင်တွယ်ဖြေရှင်းနေမှုများမှာလည်း ပိုမိုနက်ရှိုင်းသော အကျပ်အတည်းများဆီသို့ ဦးတည်နေကြောင်း သုံးသပ်တွေ့ရှိရပါသည်''လို့ ရေးထားပါတယ်။ အစိုးရရဲ့လုပ်ရပ်တွေကို ဝေဖန်ထားတာပါ။

ထားတော့ ဆက်ရေး ထားပြန်တာက-
''(က) နိုင်ငံတော်အပေါ်ကျရောက်နေသော အထွေထွေအကျပ် အတည်းများကို အာဏာသက်ရောက် နေပြီဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နှင့်အညီသာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သည်။
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၁ တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်းကို ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။
(ဂ) ထိုကောင်စီ၏လုပ်ပိုင်ခွင့်များကို ပထမအကြိမ် လွှတ်တော်နှင့် အစိုးရသက်တမ်းကာလအတွင်း၌ လက်တွေ့ကျင့်သုံးခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်ရာ ယနေ့ရင်ဆိုင်နေရသော လုံခြုံရေး၊ စီးပွားရေးအထွေထွေအကျပ် အတည်းများ၊ ပြည်တွင်းပြည်ပအကြမ်းဖက်အန္တရာယ်များကို ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် မှန်ကန်စွာ ဆုံးဖြတ်နိုင်ရေးအတွက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို အမြန်ဆုံးခေါ်ယူ ပေးရန် တောင်းဆိုသည်''လို့ ရေးသားထားပါတယ်။ ပစ္စည်းတခုရဲ့ အရည်အသွေးကိုသိချင်ရင် ထုတ်လုပ်တဲ့နိုင်ငံကိုကြည့်ရသလိုပဲ စာတပုဒ်၊ ထုတ်ပြန်ချက်တခုရဲ့ အဆင့်အတန်းအရည်အသွေး စေတနာကို သိချင်ရင် ပါဝင်လက်မှတ်ထိုးသူတွေနဲ့ သူတို့ကိုကိုယ်စားပြုတဲ့ အဖွဲ့တွေကို ကြည့်ရပါတယ်။

ဒါ့ကြောင့် ကြည့်လိုက်တဲ့အခါ ဒီစာကို ပါဝင်လက်မှတ်ရေးထိုးထုတ် ပြန်သူ ၁၃ ယောက်ကတော့ ဦးသန်းဌေး (ဥက္ကဋ္ဌ- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ဦးဟန်ရွှေ (ဒုဥက္ကဋ္ဌ- တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ)၊ ဦးသိန်းညွန့်(ဥက္ကဋ္ဌ- အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ ဒေါက်တာနေဇင်လတ် (ဥက္ကဋ္ဌ-အမျိုးသား တိုးတက်ရေးပါတီ)၊ ဦးနေမင်းကျော် (အထွေထွေအတွင်းရေးမှူး-အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)၊ ဦးသုဝေ(ဥက္ကဋ္ဌ-ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဦးကျော်သူအောင် (အထွေထွေအတွင်းရေးမှူး-အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ)၊ ဦးထွန်းအောင်ကျော် (ဥက္ကဋ္ဌ-ခေတ်သစ်ပြည်သူ့ပါတီ)၊ ဦးစော သန်းမြ (အတွင်းရေးမှူး- ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ)၊ ဦးကောင်းမြင့်ထွဋ် (ဥက္ကဋ္ဌ-မြန်မာအမျိုးသားကွန်ဂရက်ပါတီ)၊ ဒေါ်နန်းရွှေကြာ (အထွေထွေအတွင်းရေးမှူး-၀ံသာနုဒီမိုကရက်တစ်ပါတီ)၊ ဦးအောင်မြင့် (ဥက္ကဋ္ဌ- ပြည်သူ့ဒီမိုကရေစီပါတီ)၊ ဦးဝင်းမြင့်(ဥက္ကဋ္ဌ- အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ)တို့ ဖြစ်ကြပါတယ်။

အဲဒီအခါမှာတော့ ရှင်းရှင်းလင်းလင်းကောက်ချက်ချလို့ရသွားပြီ။ ဘာရည်ရွယ်ချက်နဲ့ ဒီလိုထုတ်ပြန်ချက်တွေ လုပ်နေတယ်ဆိုတာလည်း ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာမလိုတော့ဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာရော၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာရော၊ ၂၀၁၅ ရွေးကောက်ပွဲကြီးမှာရော ပြည်သူလူထုထောက်ခံချက် ဟုတ်ဟုတ်ညားညားမရှိတဲ့ပါတီနဲ့ ခေါင်းဆောင်အများစုရဲ့ ပေါင်းစည်းမှုအဖြစ် တွေ့မြင်ရပါတယ်။ အာဏာရ ပါတီကို ထောက်ပြဝေဖန်တာ၊ အတိုက်အခံအင်အားစုအနေနဲ့ရပ်တည်တာ လက်ခံပါတယ်၊ ကောင်းပါတယ်၊ နိုင်ငံရေးမှာရှိသင့်ပါတယ်။

 သို့သော်ရပ်တည်ချက်ဟာ ရေရေရာရာရှိဖို့တော့လိုတာပေါ့။ တိတိကျကျဖြစ်ဖို့တော့ လိုတာပေါ့။ လိုလားချက်ဟာ ရှင်းလင်းပြတ်သားသင့်တာပေါ့။ နငယ်ကို အမြီးတပ် ပေးပါရန်ဆို တာမျိုးထက်တော့ အဆင့်မြင့်ဖို့ကောင်းတာပေါ့။ တကယ်လို့ သူတို့ထုတ်ပြန်ချက်ထဲမှာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေ၊ အကြမ်းဖက်သမားတွေ ပေါ်ပေါက်နေပါတယ်။ အဲဒါကြောင့် ထိုအကြမ်းဖက်သမားများ၊ လက်နက်ကိုင်အဖွဲ့များကို ပြတ်ပြတ်သားသား ချေမှုန်းတိုက်ခိုက်ပေးပါရန် တပ်မတော်အားတိုက်တွန်းကြောင်းဆိုပြီး ကြေညာချက်ထုတ်ရင်လည်း ဟုတ်တုတ်တုတ်။ ဒါမှမဟုတ် ကြံ့ခိုင်ရေး အမတ်အချို့ကတဆင့် လွှတ်တော်မှာအဆိုတင်ရင်လည်း ဟုတ်တုတ်တုတ်။ အခုဟာက တပ်မတော်ကို တိုက်တွန်းတာလည်း မဟုတ်ဘူး။

 ပြတ်ပြတ်သားသား တိုက်ခိုင်းတာလည်း မဟုတ်ဘူး။ သူပုန်တွေ အကြမ်းဖက်သမားတွေကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်တာလည်း မဟုတ်ဘူး။ သူပုန်ကို ရှုတ်ချတာလည်းမဟုတ်၊ အကြမ်းဖက်သမားကို ရှုတ်ချ ဝေဖန်တာလည်း မဟုတ်၊ တပ်မတော်ကို အင်အားသုံး တိုက်ခိုက်ဖို့ ပန်ကြားတာလည်းမဟုတ်၊ လက်ရှိအစိုးရကို ဝေဖန်တိုက်ခိုက်ချင်တာတွေကများနေတဲ့အတွက် ဒီကြေညာချက်ဟာ မရိုးသားတဲ့ စေတနာမမှန်တဲ့ ကြေညာချက်လို့ပဲ ပြောချင်ပါတယ်။ ဘာ့ကြောင့် ဒီလိုပြောရ သလဲဆိုတာ ရှင်းပြပါမယ်။

ကြေညာချက် အပိုဒ်(၁)မှာ ပါပါတယ်။ ရခိုင်ပြည်နယ်တွင် ပိုင်နက်နယ်မြေဆုံးရှုံးမည့်အလားအလာများကို ရင်ဆိုင်နေရပါသတဲ့။ ဒါကတော့ တစိတ်ကိုတအိတ်လုပ်ပြီး အချက်အလက်တွေကိုရောချပြီး ပုံကြီးချဲ့နေ တယ်လို့ ပြောချင်ပါတယ်။ ရခိုင်ဒေသမှာ ဘူးသီးတောင်၊ မောင်တောဒေသမှာ အကြမ်းဖက် ပဋိပက္ခတွေဖြစ်နေတာ၊ လက်နက်ကိုင်သောင်း ကျန်းမှုတွေရှိနေတာ အခုအစိုးရလက်ထက်မှ မဟုတ်ပါဘူး။ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်ကတည်းကရှိခဲ့တာပါ။

 အနီးစပ်ဆုံးပြောရရင် တောင်ကုတ်အရေးအခင်း၊ စစ်တွေ အရေးအခင်း၊ ကျောက်ဖြူအရေးအခင်း၊ ကျောက်နီ မော်ရွာမှာ ရခိုင်အမျိုးသမီးလေး မသီတာထွေး ဘင်္ဂါလီ တွေက မုဒိမ်းကျင့် အသတ်ခံရမှု။ မိတ္ထီလာအရေးအခင်း ဒါတွေဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်မှာ ဖြစ်ပွားခဲ့တာပါ။ တကယ်လို့သာ လက်မှတ်ရေးထိုးထားတဲ့ပါတီတွေက အမျိုးသားအကျိုးစီးပွားအတွက် စိုးရိမ်ခဲ့ရင် အဲဒီအချိန်တုန်းက ဒီလိုကြေညာချက်မျိုးထုတ်ခဲ့သင့်တာပေါ့။ ဒါပေမဲ့ မကြားခဲ့ရပါဘူးဗျာ။ အခုလည်း ရခိုင်ပြည်နယ် အချို့နေရာတွေမှာ ပြဿနာတွေရှိနေတယ်ဆိုပေမဲ့ စစ်တပ်နဲ့ အစိုးရက ငုတ်တုတ်ထိုင် ကြည့်နေတာမဟုတ်ပါဘူး။ တန်ပြန်စစ်ဆင်ရေးတွေလုပ်နေတာပဲ။ အားလုံးဟာ Under Control ပါ။ ၁၃ ပါတီကြေညာချက်ထဲမှာရေးထားသလို ပိုင်နက်နယ်မြေဆုံးရှုံးတော့မယောင် ပြောနေတာလည်း မဟုတ်ပါဘူး။

ဘင်္ဂါလီ အကြမ်းဖက်သမားတွေဝင်စီးပြီး သိမ်းပိုက်ထားတဲ့ မြန်မာ့ ပိုင်နက်ထဲက မြို့၊ ရွာ၊ ကင်းစခန်းများရှိရင် အမည်သိပါရစေ။ မရှိတာကို အရှိလုပ်ပြီး လူတွေကိုခြောက်လှန့် ကြေညာချက်ထုတ်တာတော့ over ဖြစ်နေပါတယ်။ သူတို့ပြောတဲ့အထဲမှာ ကြံဖန်ပြီးသဘောတူရရင် ရဲဝံ့ခိုင်မာစွာ သတင်းထုတ်ပြန်ပေးပါဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ကိုယ့်ဘက်က တကယ်မှန်ခဲ့ရင်၊ တကယ်ပိုင် နိုင်ခဲ့ရင် ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီအကြမ်းဖက်သမားအချို့ကို နိုင်ငံတကာ သံတမန်တွေ၊ နိုင်ငံတကာသတင်း ထောက်တွေနဲ့ပေးတွေ့ပြီး သတင်းစာရှင်းလင်းပွဲအကြီးကြီး ကမ္ဘာသိအောင်လုပ်စေချင်ပါတယ်။ အကြမ်းဖက် အဖွဲ့ထဲမ၀င်ရင် လည်လှီးသတ်မယ်လို့ အကာလ်မူ မူဂျာဟစ်ဒင် (Aqa Mul Mujahidim)အကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်ခံရတဲ့ အဲဒီဖမ်းမိအကြမ်းဖက်သမားတရားခံတွေကို ကြားခံမထားဘဲနဲ့ သတင်း ထောက်တွေ သံတမန်တွေကတိုက်ရိုက်အင်တာဗျူးလုပ်ခွင့်ပေးရပါမယ်။ အဲဒီအခါမှာ (ကိုယ့်ဘက်ကမှန်ခဲ့ရင်) တကမ္ဘာလုံးရဲ့ သံသယတံတိုင်းကြီး ပြိုလဲကျသွားမှာပါ။

 အဲဒီအချက်မှာတော့ လက်ရှိအစိုးရနဲ့တပ်မတော်ဟာ သိုဝှက်လွန်းပါ တယ်။ ဒါ့ကြောင့် အစ္စလာမ်မစ်နိုင်ငံတွေရဲ့ အမျိုးမျိုးသော စွပ်စွဲဝေဖန်မှုတွေ ကြီးထွားနေတာပါ။ ပြောရမယ် ဆိုရင် သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဒီတချက်ပဲရေးတေးတေး မှန်တာပါတယ်။ တခြားအချက်တွေကတော့ မရောင်ရာဆီလူးဆိုသလိုပါပဲ။ အဆင်းမှာ ဘီးတပ်ပေးချင်တဲ့ အကွက်တွေပါ။
သူတို့ထုတ်ပြန်ချက် အပိုဒ်(၂)မှာပါတဲ့ ရန်ကုန်မြို့တော်အတွင်း ပေါက်ကွဲမှုဖြစ်ရပ်များဆိုတာလည်း ရယ်ဖို့ကောင်းပါတယ်။ M 150 အချိုရည်ပုလင်းလေးနဲ့ဗြောက်အိုးဖောက်သလို ဟိုနားနည်းနည်း ကွဲလိုက် ဒီနား သီတင်းကျွတ်ကလေးတွေ မီးရှူးမီးပန်းဖောက်သလောက် လုပ်နေတာဟာ ရန်ကုန်မြို့တော်အတွင်းဖြစ်ပွားတဲ့ ပေါက်ကွဲမှုဖြစ်ရပ်များတဲ့လား။

 လူကြီးမင်း ၁၃ ဦးမေ့နေမှာစိုးလို့ပြောရရင် ရန်ကုန်မြို့တော်အတွင်း ပေါက်ကွဲမှု ဖြစ်ရပ်များဆိုတာ ၉-၁၀-၁၉၈၃ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအစိုးရခေတ် အာဇာနည်ဗိမာန်ဗုံးကွဲမှု၊ န၀တ စစ်အစိုးရခေတ် ၁၉၈၉ ဇူလိုင် ၇ ရက်မှာ သန်လျင်ရေနံချက်စက်ရုံ ဗုံးကွဲမှု န၀တစစ်အစိုးရလက်ထက် ၁၉၉၆ ဒီဇင်ဘာ၂၆ ရက်က လူငါးယောက်သေခဲ့တဲ့ ကမ္ဘာအေးစွယ်တော်မြတ်ပူဇော်ပွဲ ဗုံးကွဲမှု၊ ၁၉၉၇ ဧပြီလ ၇ ရက်နေ့မှာ အဲဒီတုန်းက န၀တ စစ်အစိုးရအတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးအိမ်မှာ ပါဆယ်ဗုံးကွဲလို့ သမီးဖြစ်သူသေရမှု၊ နအဖစစ်အစိုးရလက်ထက် ၂၀၀၅ မေလ ၇ ရက်နေ့က လူ ၂၀၀ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရန်ကုန်မြို့ မြေနီကုန်း ဒဂုံစင်တာဗုံးကွဲမှု၊ တနေ့တည်းမှာဖြစ်ခဲ့တဲ့ ပုဇွန်တောင်ကုန်သွယ်ရေးရုံး အဆောက်အအုံမှာ လူသုံးယောက်သေ ၁၀ ယောက် ဒဏ်ရာရခဲ့တဲ့ ဗုံး ပေါက်ကွဲမှု၊ သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၃ အောက်တိုဘာ ၁၅ ထရိတ်ဒါးဟိုတယ်ဗုံးကွဲမှု၊ ရန်ကုန်မြို့ကန်တော်ကြီးကန်ပတ်လမ်းမှာ ၂၀၁၀ ဧပြီ ၁၅ သင်္ကြန်အကြတ်နေ့က လူ ၁၀ ယောက်သေ ၁၇၈ ယောက် ဒဏ်ရာရခဲ့တဲ့ X2O ရေကစားမဏ္ဍပ်ဗုံးခွဲခံရမှုတို့လို အင်အားပြင်းပြီး လူအသေအပျောက် ဒဏ်ရာရသူများခဲ့တဲ့ ပေါက်ကွဲမှုတွေကို ဆိုလိုကြောင်းပါ။ အဲဒီတုန်းက ရန်ကုန်မြို့ကြီးရဲ့အခြေအနေ စိုးရိမ်စရာကောင်းကြောင်း န၀တစစ်အစိုးရ၊ နအဖ စစ်အစိုးရ၊ ဦးသိန်းစိန် ပြည်ခိုင်ဖြိုး အစိုးရတို့ကို ကြေညာချက်ထုတ်အကြောင်းကြား သတိပေးခဲ့ဖို့ကောင်းပါ တယ်။

အဲသလိုသာလုပ်ခဲ့ရင် ပြည်သူလူထုက အရမ်းကျေးဇူးတင်ပြီး နိုင်ငံရေးဂုဏ်သိက္ခာတွေ အရမ်းတက် လာမှာပဲ။ အခုတော့ အချိုရည်ဘူးထဲ ဗြောက်အိုးဖောက်သလောက် ထပေါက်ကာမှ ကြေညာချက်ထုတ်ပြန် တာကတော့ ထူးအိမ်သင်သီချင်းလို နည်းနည်းလေးတော့လွဲနေတယ်၊ လွဲလွဲလေးပဲကောင်းပါတယ်ဆိုသလိုဖြစ်နေတယ် ဆရာတို့ရေ။

ထားတော့ ဒါက ရန်ကုန်မြို့တွင် ပေါက်ကွဲမှု ဖြစ်ရပ်များဆိုတာကို ရှင်းပြတာပါ။ ဒီ အစိုးရလက်ထက်မှာဖြစ်တဲ့ ပေါက်ကွဲမှုနဲ့ အရင်ကဖြစ်ခဲ့တာတွေက လေလည်သံနဲ့ မိုးခြိမ်းသံလောက်ကွာပါတယ်။
နောက်ရာဇ၀တ်မှုတွေတိုးလာတယ်လို့လည်း ထုတ်ပြန်ချက် ထုတ်ပြန်ပါတယ်။ ကျွန်တော့်အထင်တော့ ရာဇ၀တ်မှုတွေပိုဖြစ်လာတာ မဟုတ်ဘူး။ ဖေ့စ်ဘွတ်နဲ့မီဒီယာလွတ်လပ်ခွင့်ပိုရှိလာလို့ လူတွေအမှုအခင်း ဖြစ်တာတွေကို ပိုသိလာတယ်လို့ ထင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထုတ်ပြန်တဲ့ မှတ်တမ်းမှတ်ရာတွေအရ လူသတ်မှု၊ မုဒိမ်းမှုတွေဟာ မြန်မာတနိုင်ငံလုံးမှာ ၂၀၁၅၊ ၂၀၁၆ ကျမှ ပိုမိုဖြစ်ပွား လာခြင်း မဟုတ်ပါဘူး။ အရင်နှစ်တွေကတည်းက ဖြစ်နေခဲ့တာပါ။ ဥပမာ လူသတ်မှုပေါင်း ၂၀၀၀ ခုနှစ်မှာ (၁၀၄၁ မှု)၊ ၂၀၁၁ မှာ (၁၂၄၅ မှု)၊ ၂၀၁၂ မှာ (၁၃၂၃ မှု)စသည်ဖြင့် နှစ်အလိုက် မတိမ်းမယိမ်းတိုးနေတာပါပဲ။ မုဒိမ်းမှုဆိုရင်လည်း ၂၀၀၀ ခုနှစ်မှာ (၂၃၃ မှု)၊ ၂၀၀၅ မှာ (၃၁၂ မှု)၊ ၂၀၁၀ မှာ (၃၇၇)မှု၊ ၂၀၁၁ မှာ(၆၀၅ မှု)၊ ၂၀၁၃မှာ(၇၃၄ မှု) ဖြစ်ပါတယ်။ ဆိုရရင် အမှုဆိုတာ လူများလာသရွေ့ တိုးတက်နေတာပါပဲ။

ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း လူသတ်မှု၊ မုဒိမ်းမှုတွေတိုးလာခဲ့ပါတယ်။ ဒါတွေကို အခုမှကြေညာချက်တွေ ထုတ်ပြန်နေရတာဟာ သေသေချာချာမလေ့လာတာလား၊ ရည်ရွယ်ချက်ရှိရှိ ဝေဖန်တိုက်ခိုက်ချင် တာများလားလို့ တွေးမိပါတယ်။ အခုခေတ်မှာ အမှုအခင်းတွေ ပိုပေါလာခဲ့တယ်ဆိုရင်တောင် ပြည်ထဲရေး ၀န်ကြီးလက်အောက်ကို ရောက်နေတဲ့ ရဲတပ်ဖွဲ့မှာ ပိုပြီးတာဝန် ရှိပါတယ်။ ပြီးတော့ ၅ လောင်းပြိုင်လူသတ်မှုလို စစ်အစိုးရလက်ထက်က ပေါ်ပေါက်ခဲ့တဲ့အမှုတွေတောင် ခုထိမဖော်နိုင်သေးတာ သတိပြုရပါမယ်။

 ကြေညာချက်ထဲမှာ တပ်မတော်ဟာ ရင်ဆိုင်တိုက်ခိုက်ရတဲ့စစ်မျက်နှာများ လာတယ်လို့ ထည့်ရေး ထားတာလည်း ကြံ့ခိုင်ရေးပါတီနဲ့ တစညပါတီလို တပ်မတော်အရှိဟောင်းကြီးတွေပါဝင်နေတဲ့ လူတွေအနေနဲ့ မမှားသင့်တဲ့အမှားကို ထည့်ရေးထားတာပါပဲ။ ကျွန်တော်တို့လို အရပ်သားတောင်မှ သိပါတယ်။ တပ်မတော်ဟာ အတိတ်က စစ်မျက်နှာတွေ အများကြီး ဖွင့်ခဲ့ရတယ်။ ရောင်စုံသူပုန်တွေကို တနိုင်ငံလုံးမှာတိုက်ခဲ့ရတယ်။

 ပြည်ပ ကျူးကျော်သူ တရုတ်ဖြူကူမင်တန်ကိုလည်း တိုက်ခဲ့ရတယ်။ ပြည်တွင်းက အင်အားအတောင့်တင်း ဆုံးဖြစ်တဲ့ ဗကပကိုလည်း တိုက်ခဲ့ရတယ်။ အထူးသဖြင့် ၁၉၈၈ အရေးခင်းဖြစ်စဉ်မှာ အချိန်ကိုက်စစ်ရေး အရှိန်မြှင့်လာတဲ့ ဗကပနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကို မြန်မာပြည်အရပ်ရပ်မှာ တပြိုင်တည်း တိုက်ခဲ့ရတယ်။ ပြည်တွင်းမှာလည်း မြို့အသီးသီးမှာ တပ်မတော်က စစ်အုပ်ချုပ်ရေးကြေညာပြီး တပ်တွေဖြန့်ထားခဲ့ရတယ်။ အဲဒီလိုအခြေအနေတွေနဲ့နှိုင်းစာရင် အခုဖြစ်နေတာက မြောက်ပိုင်းမဟာ မိတ်ဆိုတဲ့ အဖွဲ့လေးဖွဲ့နဲ့ ရှမ်းပြည်အရှေ့မြောက်မှာ အကန့်အသတ်နဲ့ ရင်ဆိုင်နေရတဲ့ ဒေသန္တရစစ်ပွဲတခုပါ။ ရခိုင်ပြည် နယ်မှာလည်း ပြောက်ကျားနည်းနဲ့ နှောင့်ယှက်နေတဲ့ အကြမ်းဖက်သမားတွေနောက်ကို လိုက်လံရှင်းလင်း နေတာပါ။

မဲသဝေါတို့၊ ကွမ်းလုံတို့လို့ စခန်းသိမ်းထိုးစစ်ကြီးတွေ မဟုတ်ပါဘူး။ စစ်ရေးအမြင်အရပြောရရင် စစ်မျက်နှာနှစ်ခုကိုတောင် သဲကြီးမဲကြီးတိုက်နေရတာ မဟုတ်သေးဘူးဆိုတာ တပ်မတော်အရာရှိ ဟောင်းတွေသိမှာပါ။ သိလျက်နဲ့စစ်မျက်နှာတွေ အများကြီးဖွင့်နေရသလိုလို ပြောတာတော့ ယုတ္တိကင်း လွန်းပါတယ်။
နောက်ထပ်စွပ်စွဲချက်တခုက ပိုမိုနက်ရှိုင်းသော အကျပ်အတည်းများဆီသို့ ဦးတည်နေကြောင်းဆိုတဲ့အချက်ပါပဲ။ မြန်မာနိုင်ငံမှာ ပြဿနာတွေရှိနေတာ မငြင်းပါဘူး။

 ပြဿနာတွေကရှိနေတာလည်း ကြာပါပြီ။ ပိုဆိုး လာတယ်ဆိုတာတော့မဟုတ်ပါဘူး။ အကျပ်အတည်းဆိုက်တော့မယောင် ပြောတာကတော့ အဲဒီလိုဖြစ်ပါစေလို့ ထိုင်ဆုတောင်းနေသူတွေရဲ့ ဆန္ဒပဲ ဖြစ်ကောင်းဖြစ်မှာပါ။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ တပ်မတော်က စစ်အာဏာသိမ်းလိုက်တော့ နိုင်ငံတကာကပြောပါတယ်။

ဒီစစ်အစိုးရမှာ နိုင်ငံခြားငွေရယ်လို့တပြားမှမရှိဘူး။ ၀န်ထမ်းတွေကို ပေးစရာလည်း ငွေမရှိဘူး။ အကျပ်အတည်းဆိုက်ပြီး ပြုတ်ကျတော့မယ်လို့ ပြောကြပါတယ်။

သတင်းဌာနတွေကလည်း ရေဒီယိုကနေလွှင့်ကြပါတယ်။ ဒါပေမဲ့ စစ်အစိုးရပြုတ်မကျပါဘူး။ နှစ်နှစ်ဆယ်ကျော် အုပ်ချုပ်သွားပါတယ်။ အခု ဦးထင်ကျော်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ အုပ်ချုပ်နေတဲ့အခြေအနေဟာ ၁၉၈၈ န၀တအစိုးရတက်လာခါစထက်တော့ အများကြီးသာပါတယ်။ အကျပ်အတည်းဆိုက်စရာအကြောင်း မရှိပါဘူး။

နောက်ဆုံးတော့လည်း ဒီယုန်မြင်လို့ ဒီချုံထွင်ဆိုသလို ကြေညာချက်ရဲ့ နောက်ဆုံးအပိုဒ်က အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးအမြန်ဆုံးခေါ်ဖို့ တောင်းဆိုသည်လို့ ရေးထားတာပါ။ ကာလုံ မှာ ဘယ်သူပါသလဲဆိုတော့ တပ်မတော်က အများစုပါပါတယ် (၁၁ ယောက်မှာ ၆ ယောက်က စစ်တပ်ကပါ)။ တကယ်တော့ ကာလုံအစည်းအဝေးဆိုတာ သမ္မတက လိုအပ်ရင်ခေါ်မှာပါ။ အစည်းအဝေးခေါ်ပါလို့ ကြေညာချက်ထုတ်နေတာကိုက ပါတီတွေရဲ့ အလုပ်မဟုတ်ပါဘူး။

 ကာလုံမှာပါတဲ့ ၁၁ ဦးအနေနဲ့ လိုအပ်တယ်ထင်ရင် သမ္မတကြီးကို ကာလုံ အစည်းအဝေးလုပ်ဖို့ တောင်းဆိုကြမှာပါ။ ထုတ်ပြန်မကြေညာပေမယ့် ကာလုံအစည်းအဝေးတွေလည်း ကျင်းပချင် ကျင်းပပြီးခဲ့နိုင်ပါတယ်။ ဒါကိုသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ''သတင်းထုတ်ပြန်တာလည်းရှိတယ်၊ သတင်း မထုတ်ပြန်ထားတာလည်း ရှိတယ်။ ရခိုင်ကိစ္စ၊ ရှမ်းပြည်နယ်မြောက်ပိုင်းကကိစ္စတွေနဲ့ပတ်သက်လို့ သတင်းမထုတ်သော်ငြားလည်း နိုင်ငံတော်အတိုင်ပင်ခံလည်း တပ်မတော်ခေါင်းဆောင်တွေ စဉ်ဆက် မပြတ်တွေ့တယ်။ တွေ့ပြီးတော့ဆွေးနွေးတယ်၊ ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေတယ်။

ဟိုတခါတုန်းကတော့ သတင်းထုတ်လိုက်တယ်။ နိုင်ငံတော်သမ္မတလည်းတက်တယ်၊ ကာကွယ်ရေးဦးစီးချုပ်လည်းတက်တယ်၊ နိုင်ငံတော်အတိုင်ပင်ခံလည်းတက်တယ်။ ဒါပေမဲ့ သတင်းမထုတ်ပေမဲ့ လူကြီးပိုင်းတွေကြားမှာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မကြာခဏတွေ့ဆုံညှိနှိုင်းမှုတွေရှိတယ်''လို့ The Voice သတင်းစာနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါ တယ်။

အဲဒီတော့ ရှင်းနေပြီပေါ့ဗျာ။ တွေ့ဆုံဆွေးနွေးရေးလိုလားလို့ထုတ်ပြန်သလိုရှိပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ NLD ပါတီကို အာဏာလွဲမပေးဘဲ စစ်အစိုးရကအချိန်ဆွဲနေတုန်းက ဒေါ်အောင် ဆန်းစုကြည်နဲ့ စစ်အစိုးရဆွေးနွေးကြဖို့ ဒီ ၁၃ ပါတီကခေါင်းဆောင် ၁၃ ယောက် တောင်းဆိုခဲ့ဖို့ ကောင်းပါတယ်။ တခါ ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းဖြစ်တော့ သံဃာတွေ အကြမ်းဖက် နှိမ်နင်းခံရတုန်းကလည်း စစ်တပ်နဲ့သံဃာတော်တွေ ဆွေးနွေးညှိနှိုင်းကြဖို့ ဒီလူ ၁၃ ယောက်က ကြေညာ ချက်ထုတ်ပြီး တောင်းဆိုခဲ့ဖို့ကောင်းပါတယ်။ ၂၀၀၃ ဒီပဲယင်းအရေးအခင်းတုန်းကလည်း အတူတူပါပဲ။

ဒီအပြင် လက်ပံတောင်းတောင်အရေးအခင်းမှာ သံဃာတော်တွေ မီးလောင်ခံရတာ၊ ဒေသခံနဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီ ပြဿနာတက်ကြတာ၊ ဧရာဝတီမြစ်ဆုံအရေးအခင်းကို ကန့်ကွက်ဆန္ဒပြကြတာတွေမှာလည်း ပါတီလူကြီး ၁၃ ဦးက ကန့်ကွက်ချက်တွေ ကြေညာချက်တွေ ထုတ်သင့်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မတွေ့ခဲ့ကြပါဘူး။ အခုတိုင်းပြည်ကို ဒီမိုကရေစီနည်းကျ မှန်မှန်ကန်ကန်ရွေးထားတဲ့ အစိုးရလက်ထက်ကျခါမှ စိုးရိမ်ပူပန်ပါ တယ်လို့ပြောလာတာဟာ နည်းနည်းတော့ဆန်းနေပါတယ်။ ဗုဒ္ဓဘာသာမှာတော့ မီး ၁၁ မီးဆိုတာ ရှိပါတယ်။

 ၁၃ ဂဏန်းကတော့ အနောက်တိုင်းအယူအဆအရ ကံမကောင်းစေတဲ့နံပါတ်ပေါ့။ အဲဒီတော့ တိုင်းပြည်ဟာ အကျပ်အတည်းလည်း ဆိုက်စရာမရှိ။ စစ်မျက်နှာ နှစ်ခုသုံးခုမကလို့ ဆယ်ခုဖြစ်လည်း တပ်မတော်က တိုက်ခိုက်နိုင်စွမ်းရှိမယ်လို့ လူတွေက ယုံကြည်တယ်။ မြန်မာ့နယ်နိမိတ်တွေလည်း ဘယ်သူ့လက်အောက်မှ မကျသေးဘူး။ ကာလုံအစည်းအဝေးလည်း အခါအားလျော်စွာလုပ်နေတယ်လို့ သိရတာကြောင့် လူကြီးမင်းများအနေအစားမပျက်ဘဲ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်သူချစ်မယ့်ကိစ္စတွေမှာ ဒီထက်အားစိုက်လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါရစေခင်ဗျား။


သရ၀ဏ်(ပြည်)




 https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.343551955682612/1185518694819263/?type=3&theater




EmoticonEmoticon

Comments system

Flag Counter