ဖွဲ့စည်းပုံပျက်နေသော ရန်ကုန်မြို့တော်စည်ပင်

 

 

ဖွဲ့စည်းပုံပျက်နေသော ရန်ကုန်မြို့တော်စည်ပင် - နေဘုန်းလတ်

 

အစိုးရသစ်ရဲ့ ရန်ကုန်မြို့တော် မြို့တော်ဝန်အသစ်ဟာ ၂၀၁၆ မေလ ၁၆ ရက်နေ့ရက်စွဲနဲ့ အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၁၆) ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အမိန့်ကြော်ငြာစာထဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေတွေထဲက နည်းဥပဒေပုဒ်မ ၆၄ ကို ပြင်ဆင် အစားထိုးတဲ့ ကိစ္စပါလာပါတယ်။ အဲဒီနည်းဥပဒေပုဒ်မ ၆၄ မှာ ပါတာက “ကော်မတီဝင်၊ ခရိုင်သို့ မဟုတ် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နောက်တစ်ကြိမ် ရွေးကောက်တင်မြှောက်ပွဲ ကျင်းပပြီးနောက် ကတိသစ္စာပြု၍ စတင်တာဝန်ထမ်းဆောင်သည့် နေ့ရက် မတိုင်မီအထိ တာဝန်ထမ်းဆောင်ရမည်”လို့ ဖြစ်ပါတယ်။ အဲဒီပုဒ်မကို အမိန့်ကြော်ငြာစာအမှတ် (၁/ ၂၀၁၆)  အရ  ပြင်လိုက်တာက “ကော်မတီဝင်၊ ခရိုင်သို့မဟုတ် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်ရမည့် သက်တမ်းသည် အစိုးရအဖွဲ့၏ သက်တမ်းကုန်ဆုံးချိန်အထိ ဖြစ်သည်”လို့ ဖြစ်ပါတယ်။

ဒီပုဒ်မနဲ့ ပတ်သက်ပြီး သေသေချာချာ နားလည်ဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ မြို့နယ်၊ ခရိုင်ကော်မတီ အဆင့်ဆင့်တို့ရဲ့ ဖွဲ့စည်းပုံတွေကို အရင်နားလည်ထားဖို့ လိုပါလိ့မ်မယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြို့နယ်စုစုပေါင်း ၄၅ မြို့နယ်ရှိပေမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းမှာတော့ မြို့နယ် ၃၃ မြို့နယ်ပဲ ရှိပါတယ်။ ရန်ကုန်တိုင်း တစ်တိုင်းလုံး (မြို့နယ် ၄၅ မြို့နယ်) နဲ့ သက်ဆိုင်တဲ့ စည်ပင်သာယာဥပဒေကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေလို့ခေါ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းက (၃၃မြို့နယ်)နဲ့ သက်ဆိုင်တဲ့ ဥပဒေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေလို့ ခေါ်ပါတယ်။ နယ်စပ်စည်ပင်လို့ခေါ်တဲ့ စည်ပင်သာယာနယ်နိမိတ် ပြင်ပက ၁၂ မြို့နယ်အတွက် စည်ပင်သာယာ ကော်မတီတွေ ဖွဲ့စည်းပုံဟာ ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းက (၃၃ မြို့နယ်)ထဲက စည်ပင်သာယာကော်မတီ ဖွဲ့စည်းပုံ၊ ရွေးကောက် တင်မြှောက်ပုံတွေနဲ့  မတူညီပါဘူး။ အခုဒီနေရာမှာ အထူးအလေးပေး တင်ပြချင်တာကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာရှိတဲ့ မြို့နယ် ၃၃ မြို့နယ်ထဲက စည်ပင်သာယာရေး ကော်မတီ တွေနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ကော်မတီအဆင့်ဆင့် ဆိုရာမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ခရိုင်လေးခုမှာ ခရိုင်စည်ပင်သာယာရေး ကော်မတီအသီးသီးနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ထဲက မြို့နယ် ၃၃ မြို့နယ်မှာ မြို့နယ်စည်ပင်သာယာရေး ကော်မတီအသီးသီးဆိုပြီး ပါဝင်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ကော်မတီဝင်ကိုးဦးနဲ့ ဖွဲ့စည်းပြီး မြို့တော်ဝန်က ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးသူ ကော်မတီဝင်လေးဦး (အဲဒီလေးဦးထဲက နှစ်ဦးက အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူး နေရာကို ယူပါတယ်)၊ ခရိုင်တစ်ခုမှ တစ်ဦးစီနဲ့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်သူ ကော်မတီဝင် လေးဦးတို့ ဖြစ်ပါတယ်။ မြို့တော်ဝန်ကလည်း နိုင်ငံတော်သမ္မတက ခန့်အပ်သူဖြစ်လို့ ခန့်အပ် ငါးဦး၊ ပြည်သူမှ ရွေးကောက်တင်မြှောက်သူ လေးဦးလို့ ဆိုနိုင်ပါတယ်။ ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်သူ နည်းနေပြီး ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူး နေရာတွေကို ခန့်အပ်တွေကပဲ ယူထားတာကို သတိပြုရပါမယ်။ ခရိုင်နဲ့ မြို့နယ် စည်ပင်သာယာရေး ကော်မတီတွေကိုတော့ ကော်မတီဝင် ငါးဦးစီနဲ့ ဖွဲ့စည်းပြီး ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်သူ သုံးဦး (ရပ်မိရပ်ဖ-၁၊ အတတ်ပညာရှင်၊ အသိပညာရှင်-၁၊ လူမှုရေးအဖွဲ့ အစည်းဝင်-၁)နဲ့ ဒုတိယအုပ်ချုပ်ရေးမှူး၊ စည်ပင်အုပ်ချုပ်ရေးမှူးတို့ ဖြစ်ပါတယ်။ ရွေးကောက် တင်မြှောက်သူသုံးဦး၊ ခန့်အပ်သူနှစ်ဦး ဖြစ်ပါတယ်။ အဲဒီ့တော့ စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်မှာရှိတဲ့ ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်သူတွေကို ရေတွက်ကြည့်တဲ့အခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ လေးဦး၊ ခရိုင်လေးခရိုင်မှာ ၁၂ ဦး၊ မြို့နယ် ၃၃ မြို့နယ်မှာ ၉၉ ဦး၊ စုစုပေါင်း ၁၁၅ ဦး ရှိတယ်လို့ ဆိုနိုင်ပါတယ်။ စည်ပင်သာယာကော်မတီ အဆင့်ဆင့်က ကော်မတီဝင်တွေကို ရွေးကောက် တင်မြှောက်ပုံကတော့ အထွေထွေ ရွေးကောက်ပွဲကြီးမှာလို အသက် ၁၈နှစ်ပြည့်သူတိုင်း မဲပေးရတာ မဟုတ်ဘဲ တစ်အိမ်ထောင် တစ်ယောက်စနစ်နဲ့ မဲပေးရွေးကောက်ရတာ ဖြစ်ပါတယ်။
အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၁၆)အရ ပြင်လိုက်တဲ့ ပုဒ်မ ၆၄ ကိစ္စကို ပြန်ကြည့်ရအောင်ပါ။ အရင်ရေးဆွဲထားတဲ့ အနေအထားအရ ကော်မတီဝင်အဆင့်ဆင့်ဟာ နောက်ကော်မတီဝင် အဆင့်ဆင့် ရွေးကောက် တင်မြှောက်ပြီးသည်အထိ တာဝန်ဆက်လက်ထမ်းဆောင်ရမယ့် အနေအထား ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ကော်မတီတွေထဲမှာပါတဲ့ ရွေးကောက် တင်မြှောက်ခံထားရသူတွေ အားလုံးဟာ နောက်ရွေး ကောက်ပွဲကျင်းပပြီးနောက် တက်လာသူတွေကို တာဝန်တွေ လွှဲပြောင်းပေးပြီးမှ ထွက်သင့်တယ် ဆိုတာ သဘာဝကျပါတယ်။ ဒီပုဒ်မအရတော့ ရွေးကောက်ခံတွေရော၊ ခန့်အပ်တွေပါနောက် ကော်မတီတွေ ပေါ်လာတဲ့အထိ ဆက်လက်တာဝန်ယူရမယ့် သဘောပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြင်လိုက်တဲ့အချိန်မှာတော့ အနေအထားက တစ်မျိုးပြောင်းသွားပါတယ်။ ကော်မတီ အဆင့်ဆင့်ရဲ့ သက်တမ်းဟာ အစိုးရအဖွဲ့၏ သက်တမ်းအတိုင်း ဖြစ်သည်လို့ ဆိုလိုက်တဲ့အတွက် အဲဒီအမိန့်ကြော်ငြာစာ ထွက်ပြီးပြီးချင်းမှာပဲ အထက်မှာ တင်ပြခဲ့တဲ့ ပြည်သူလူထု ရွေးကောက်တင် မြှာက်ခဲ့သော ကော်မတီအဆင့်ဆင့်က ကော်မတီဝင် ၁၁၅ ဦး စလုံးဟာ အလိုလိုနေရင်း တာဝန်က ရပ်ဆိုင်းသွားရပါတော့တယ်။ ရွေးကောက်ခံ ၁၁၅ဦးကို ခန့်အပ်ခံရသူ တစ်ဦးက ဖြုတ်လိုက်တဲ့ သဘောပါပဲ။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ မဖြစ်သင့်တဲ့ အစဉ်အလာတစ်ခုပါ။ နည်းဥပဒေတွေကို လွှတ်တော်သို့ တင်ပြအတည်ပြုချက် မယူဘဲ အစိုးရအဖွဲ့က တိုက်ရိုက် ပြင်ဆင်ဖြည့်စွက်တယ်ဆိုတဲ့ အချက်ကလည်း စဉ်းစားစရာကောင်းတဲ့ ကိစ္စတစ်ခုပါပဲ။ အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေထဲက အခန်း(၂) ပုဒ်မ(၁၀)ကို ကိုးကားပြီး နည်းဥပဒေဟာ ဥပဒေကို ကျော်လွန်နေလို့ ပြင်ရခြင်းဖြစ်တယ်လို့ ဖြေရှင်းပါတယ်။ အခန်း (၂)ပုဒ်မ (၁၀)မှာ ရေးထားတာက “ကော်မတီ၏သက်တမ်းသည် အစိုးရအဖွဲ့၏ သက်တမ်းအတိုင်း ဖြစ်သည်”လို့ ဖြစ်ပါတယ်။  အခန်း(၁) ပုဒ်မ(၂) ပုဒ်မခွဲ(ဆ)မှာ “ကော်မတီဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ဆိုသည်”လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာကြောင့် ပုဒ်မ(၁၀)ဟာ ကော်မတီ အဆင့်ဆင့်အပေါ်မှာ သက်ရောက်မှု ရှိ မရှိ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ဥပဒေကိုက လိုအပ်ချက် ရှိနေတာပါ။ ကော်မတီဝင်တွေ အနေနဲ့ နောက်ကော်မတီဝင်တွေ ပေါ်ပေါက်လာတဲ့ အချိန်အထိ တာဝန်ဆက်လက် ထမ်းဆောင်ရမယ်ဆိုတာကို ဥပဒေထဲမှာ ထည့်ထားလိုက်ရင် အခုလိုမျိုး မြို့တော်ဝန်အနေနဲ့ နည်းဥပဒေကို ပြင်ပြီး ကော်မတီအဆင့်ဆင့်က ကော်မတီဝင်တွေကို ဖြုတ်ပစ်လို့ မရတော့ပါဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၃) ပုဒ်မ ၆၁၊ ပုဒ်မ ခွဲ(က)နဲ့(ခ)တို့မှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတို့ရဲ့ ရာထူးသက်တမ်းနဲ့ ပတ်သက်ပြီး အခုလိုရေးထားတာကို လေ့လာတွေ့ရှိ ရပါတယ်။ (က) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်သည်။ (ခ) ယင်းရာထူးသက်တမ်း ကုန်ဆုံးသည့်အခါ နိုင်ငံတော် သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးသည့် အချိန်အထိ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်ဆိုပြီး ဖြစ်ပါတယ်။ ဒီသဘောတရားအတိုင်းပါပဲ စည်ပင်ကော်မတီအဆင့်ဆင့်ရဲ့ ကော်မတီဝင်တွေ၊ အထူးသဖြင့် ရွေးကောက်ခံ ကော်မတီဝင်တွေဟာ သက်တမ်းကုန်ပေမယ့်လည်း နောက် ကော်မတီဝင်တွေ ရွေးကောက်တင် မြှောက်ခံပြီးသည်အထိ လုပ်ငန်းတာဝန်တွေကို ဆက်လက် ထမ်းဆောင်သင့်ပါတယ်။ ဒါဟာ အဖြစ်သင့်ဆုံး အနေအထားတစ်ခုပါပဲ။
အခု ရန်ကုန်တိုင်းဒေသကြီးမှာ ဖြစ်နေတဲ့ ပကတိအနေအထားကို မြင်သာအောင် ပြောပြချင်ပါတယ်။ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၆)ကို ထုတ်လိုက်တဲ့အတွက် အထက်မှာပြောခဲ့သလို ရွေးကောက် တင်မြှောက်ခံ ကော်မတီဝင် ၁၁၅ ဦး တာဝန်ကနေ နားသွားရပါတယ်။ ဒါကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ကော်မတီမှာ မြို့တော်ဝန်နဲ့ ခန့်အပ်ကော်မတီဝင်လေးဦး စုစုပေါင်း ငါးဦးသာရှိနေပြီး ရွေးကောက်ခံ ကော်မတီဝင်လေးဦး လစ်လပ်နေပါတယ်။ ခရိုင်လေးခရိုင်နဲ့ မြို့နယ် ၃၃ မြို့နယ်တွေမှာလည်း ရွေးကောက်ခံ ကော်မတီဝင် ၁၁၁ ဦး လစ်လပ်နေပါတယ်။ အမှန်အတိုင်းပြောရရင် ဥပဒေထဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ကော်မတီဝင် ကိုးဦးဖြင့် ဖွဲ့စည်းရမယ်လို့ဆိုထားတဲ့အတွက် အခု ငါးဦးတည်းရှိတဲ့ အဖွဲ့ဟာ ကော်မတီလို့တောင် အမည်တပ်လို့မရတဲ့ သဘောပါပဲ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ မြို့တော်ဝန်၊ ခန့်အပ်ကော်မတီဝင် လေးဦးနဲ့ ၀န်ထမ်းဟောင်းတွေဖြစ်တဲ့ စည်ပင်သာယာရေးဌာန အသီးသီးက ဌာနမှူးတွေ၊ အောက်ခြေ၀န်ထမ်းတွေပဲ ရှိတာကြောင့် စီမံခန့်ခွဲမှု အပိုင်းမှာ လစ်ဟာမှုတွေ ရှိလာနေတာကို ကြုံတွေ့လာရပါတယ်။ ခရိုင်လေးခရိုင်နဲ့ မြို့နယ် ၃၃ မြို့နယ်မှာလည်း ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ ကော်မတီဝင်တွေ မရှိတော့ဘဲ ဒုတိယအုပ်ချုပ်ရေးမှူးနဲ့ EO လို့ ခေါ်တဲ့ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတွေပဲ ရှိပါတော့တယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ စည်ပင်သာယာရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ချိတ်ဆက်ဆောင်ရွက် အလုပ်လုပ်ရတဲ့နေရာမှာ အခက်အခဲတွေများစွာ ဖြစ်လာပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ပြီး ပြည်သူ့ကိုယ်စား တာဝန်ယူရတဲ့ ရွေးကောက်ခံကော်မတီဝင်တွေ လစ်လပ်နေခြင်းဟာ ရန်ကုန်တိုင်းအတွက် အရေးကြီးသော လုပ်ငန်းတွေဖြစ်တဲ့ စည်ပင်သာယာရေး လုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ လစ်ဟာမှုတွေ များစွာဖြစ်ပေါ်စေတာကို မလိမ်မညာဘဲသုံးသပ်ရင် မြင်နိုင်ပါတယ်။
ပြောချင်တာက ယခုလက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဟာ ဖွဲ့စည်းပုံ အပြည့်မရှိတဲ့ အခြေအနေဖြစ်ပြီး အဲဒီအခြေအနေနဲ့ သွားနေတာ မေလက စတယ်ဆိုရင် အခုဆို ၇ လခန့် ရှိနေပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေထဲက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အချို့အချက်တွေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကနေ ပြင်ဆင်ဖို့ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အနေနဲ့ စည်ပင်ဥပဒေထဲက ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပြင်စရာရှိတာတွေကို အမြန်ဆုံး ပြင်ဆင်အတည်ပြုပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနဲ့လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲတွေကို အမြန်ဆုံး ကျင်းပပြုလုပ်ဖို့ အရေးတကြီး လိုအပ်နေပြီလို့ ပြောချင်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ်္ဂိုလ်ရဲ့ လမ်းညွှန်ချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနဲ့ နည်းဥပဒေတွေကို အသေးစိတ် ပြန်လည်သုံးသပ်ပြင် ဆင်ရေးဆွဲမှာ ဖြစ်သလို၊ ရှိရင်းစွဲ ဌာနတွေကိုလည်း ပြန်လည်သုံးသပ်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး ပြောခဲ့တာကို ဖတ်လိုက်ရပါတယ်။ ဒါဟာလည်း ကြိုဆိုရမယ့်ကိစ္စဖြစ်ပြီး အချိန်ယူ ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်သလို ယခုလက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနဲ့ ပတ်သက်သော လုပ်ငန်းတွေကို ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥပဒေထဲက အရေးတကြီး ပြင်သင့်တာတွေကိုပြင်ပြီး စည်ပင်ရွေးကောက်ပွဲတွေကို အမြန်ဆုံး ကျင်းပနိုင်ဖို့ကလည်း လတ်တလော ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ပါတယ်။
ချစ်ခြင်းမေတ္တာကို မြတ်နိုးပါ။
ဉာဏ်ပညာကို တန်ဖိုးထားပါ။
အနုပညာကို ခံစားတတ်ပါစေ။


နေဘုန်းလတ်




 http://www.tomorrow.com.mm/?q=articles%2F3152


EmoticonEmoticon

Comments system

Flag Counter