ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းအား စကားစစ်ထိုးရန် လွှတ်တော်အမတ် ဦးဦးလှစော စိန်ခေါ်






ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းအား စကားစစ်ထိုးရန် လွှတ်တော်အမတ် ဦးဦးလှစော စိန်ခေါ်
---- ---- ----
ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံး ပါဝင်နိုင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် မှ ဦးဆောင်ပေးရန် အဆိုကို လွှတ်တော်မှ ပယ်ချခဲ့ပြီးနောက် ၄င်းတို့၏ ထင်မြင်ချက်အား မီဒီယာများသို့ ဖြေကြားခဲ့မှုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် သတိပေးခြင်း ခံခဲ့ရ သည့် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း အား စကားစစ်ထိုးရန် ဒီဇင်ဘာ ၂၀ ရက်က မီဒီယာများသို့ ထုတ်ဖော်ပြောကြား လိုက်သည်။

ပြည်ထောင်စု လွှတ်တော် နာယက၏ ဒီဇင်ဘာလ ၂၀ ရက်နေ့က သတိပေးပြောဆိုမှုတွင် “လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လူကြီးလူကောင်းဖြစ်သဖြင့် သာမန်အရပ်သား မဟုတ်သည့်အတွက် သတိထားကြပါ။ ဘုမသိဘမသိ ပြောတာဟာ လူကြီးလူကောင်းတွေရဲ့ အကျင့်မဟုတ်ပါဘူး။ နောက်နောင် ဒါမျိုးမလုပ်ဖို့ သတိပေးပါတယ်” ဟု လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဘုမသိဘမသိ သူဘယ်လောက်သိသလဲ ကျွန်တော် ဘယ်လောက်သိသလဲ ဆိုတာ ကျွန်တော်တို့ ဒီမိုကရက်တစ် ဒီဘိတ်လုပ်မလား လုပ်ရတယ်။ ရယ်ဒီပဲ လွှတ်တော်ထဲမှာ ခုံပေါ်ကနေ မပြောနဲ့ အပြင်မှာ မီဒီယာတွေ အကုန်လုံးရှေ့ မှာ ဒီဘိတ်လုပ်ခိုင်းရမလား ရတယ်။ ဦးဦးလှစော အေးဆေးပဲ ကျော်ဟိန်း လိုပြောရင်ပျင်းတယ်။ ဒီဥက္ကဋ္ဌတွေကို အပြင်မှာဆို ပျင်းတယ် ရှင်းရှင်းပဲ” ဟု ဦးဦးလှစောက ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၁ ရာစုပင်လုံညီလာခံနှင့် ပတ်သက်သည့် အရေးကြီးအဆို တင်သွင်း ခဲ့သော်လည်း ပယ်ချခံခဲ့ရခြင်းကြောင့် အဆိုတင်သွင်းရန် ကြိုးပမ်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိုင်းဝင်းထူးနှင့် အဆိုကို ထောက်ခံ ဆွေးနွေးရန် ပြင်ဆင်ထားသည့် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော တို့က သတင်းမီဒီယာ အချို့တွင် ၎င်းတို့၏ သဘောထားအမြင်များကို ဖြေကြားခဲ့ခြင်းကြောင့် ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက သတိပေးခဲ့ခြင်းဖြစ်သည်။

“လွှတ်တော် ကိုယ်စားလှယ်ပြောတာ မှန်မမှန် မလေ့လာဘဲ မစဉ်းစားဘဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက တိုင်းရင်းသား ပါတီများ၏ ပြောဆိုမှုကို ပိတ်ပင်ခြင်းခံရခြင်းဖြစ်ကြောင်း ထပ်ဆွေးနွေးပါတယ်။ တိုင်းပြည်အတွက် အသက်တမျှ အရေးကြီးတဲ့ ငြိမ်းချမ်းရေးမှာ အားလုံးပါဝင်ဖို့ တိုက်တွန်းတဲ့အဆိုကို ပယ်ချတာတော့ တရားမမျှတဘူးလို့ ပြောရမှာပဲ။

 ဒါဦးဦးလှစောရဲ့ ပြောကြားချက် ဦးဦးလှစောအနေနဲ့ ဒါကို ဆွေးနွေးချင်တယ် ဆိုရင် လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ အရေးကြီးအဆိုကို ခွင့်မပြုတာ အရေးမကြီးလို့ ခွင့်မပြုတာလား။ ဥပဒေနဲ့မညီလို့ခွင့်မပြုတာလား။ ဒီကိစ္စလည်း ဘာမှသိမှာမဟုတ်ဘူး။ မသိဘဲနဲ့ တိုင်းရင်းသားပါတီများ ပြောဆိုခွင့်ကို ပိတ်ပင်တယ်ဆို ဒါကလည်း လွှတ်တော်ပုံရိပ်ကို အများကြီး ထိခိုက်ပါတယ်” ဟု ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် နာယကအနေဖြင့် မီဒီယာသို့ ပြောကြားခဲ့သည့် စကားများကို ကုဒ်လုပ်ခဲ့ ခြင်းဖြစ်ပြီး မိမိ၏ အယူအဆများကို မီဒီယာထဲတွင် ပြောခွင့်ရှိကြောင်း၊ ထို့အတူ ၎င်းအား စကားပြန်ပြော ခွင့်မပေးဘဲ တစ်ဖက်သတ် ပြောဆိုသွားခြင်းသည်လည်း လူကြီးလူကောင်း မပီသကြောင်း ဦးဦးလှစောက မီဒီယာများသို့ ပြောကြားခဲ့သည်။

ယင်းအပြင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် အပြစ်ရှိသည်ဆိုပါက လွှတ်တော် အကြီးအကဲမှ ထုတ်ပယ်လျှင်လည်း လက်ခံမည် ဖြစ်သော်လည်း လွှတ်တော်အတွင်းတွင် ပြန်လည်ချေပခွင့် မပြုဘဲ တစ်ဖက် သတ် ပြောဆိုခဲ့ခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ရခိုင်အမျိုးသား ပါတီ လွှတ်တော်အမတ်ဖြစ်သူက The Ladies News သို့ ပြောသည်။

“သူက သူရှေ့နေလုပ်ခဲ့တဲ့ အကြောင်းတွေ ပြောနေတယ်။ သူ အာဇာနည်မျိုးဆက် ဖြစ်တာက တစ်ပိုင်းပဲ။ စစ်အာဏာရှင် ဦးနေ၀င်း လက်ထက် နိုင်ငံရေးလုပ်လို့ ကျွန်တော် ထောင်ကျနေတဲ့ ၇၆ ခုနှစ်လောက် ကဆိုရင် သူ နိုင်ငံရေးတောင် နားလည်ဦးမှာ မဟုတ်ဘူး" ဟု ဦးဦးလှစောက ဆိုသည်။

တအာင်းပလောင် အမျိုးသားပါတီမှ လွှတ်တော် ကိုယ်စားလှယ် မိုင်ဝင်းထူး တင်သွင်းရန် ကြိုးပမ်းခဲ့သည့် အဆိုမှာ ၂၁ ပင်လုံတွင် တိုင်းရင်းသား အားလုံးပါဝင်နိုင်ရေးအတွက် အပစ်ခတ်ရပ်စဲရေးတွင် တန်းတူသတ်မှတ်ခြင်း မခံရသည့် တိုင်းရင်းသား အဖွဲ့အစည်းများအား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှုတွင် ပါဝင်လာစေရန် ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင် ပေးစေလိုကြောင်း အဆိုဖြစ်ပြီး အဆိုပါအဆိုအား ရှမ်း ၊ တအာင်းပလောင် ၊ ရခိုင် စသည့် တိုင်းရင်းသားပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

ဇော်မင်းထွန်း

The Ladies News


https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/676186919222947/?type=3&theater



EmoticonEmoticon

Comments system

Flag Counter