မြောက်ပိုင်းတပ်ဖွဲ့ ၄ ခုကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သင့်ဟု ကာကွယ်ရေးဝန်ကြီး ပြော






မြောက်ပိုင်းတပ်ဖွဲ့ ၄ ခုကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သင့်ဟု ကာကွယ်ရေးဝန်ကြီး ပြော

ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေနဲ့ အေအေ တပ်ဖွဲ့တို့ကို အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် လွှတ်တော်က သတ်မှတ်သင့်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်အတွင်း လတ်တလော ရှမ်းမြောက်တိုက်ပွဲများနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးက ရှင်းလင်းပြောကြားရင်း ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

“အခုကဲ့သို့ အပြစ်မဲ့ အရပ်သားများအား အကြောင်းမဲ့ သေကျေဒဏ်ရာရစေခြင်း စစ်ဘက်ပစ်မှတ် မဟုတ်တဲ့ အခြေခံ အဆောက်အအုံများ ယာဉ်များ ဖျက်စီးခြင်း ပြည်သူတို့ရဲ့ စီးပွားဥစ္စာ ပျက်စီး စေခြင်းတို့ကြောင့် ကေအိုင်အေ အမ်အန်ဒီဒီအေ တီအန်အယ်လ်အေနဲ့ အေအေ အဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် လွှတ်တော်မှ သတ်မှတ်သင့်ပြီဟု ယူဆပါကြောင်း တင်ပြ လိုပါတယ်။”
ဒါ့အပြင် အဲ့ဒီအဖွဲ့ ၄ခုကို လူသားချင်းစာနာမှာခေါင်းစဉ်တပ်ပြီး ကူညီထောက်ပံ့နေကြတဲ့ အန်ဂျီအို အိုင်အေဂျီအိုအဖွဲ့များရဲ့ အကူအညီများကို ရပ်ဆိုင်သင့်ကြောင်း လွှတ်တော်က တိုက်တွန်း သင့်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက ပြောသွားပါတယ်။

ရှမ်းမြောက်တိုက်ပွဲများနဲ့ပတ်သက်လို့ လွှတ်တော်ကစိုးရိမ်ကြောင်း အရေးကြီးအဆိုကို တပ်ကိုယ်စားလှယ် ၂ ဦး အပါအ၀င် ကိုယ်စားလှယ် ၁၂ ဦး ၀င်ရောက်ဆွေးနွေးခဲ့ကြပြီး ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးတို့က လာရောက် ရှင်းလင်းတင်ပြခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကလည်း ရှမ်းမြောက်ဒေသက တိုင်းရင်းသား တပ်ဖွဲ့ ၄ ခုရဲ့ လုပ်ရပ်တွေကြောင့် ဥပဒေအရ ဒီ ၄ ဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ကြေညာလို့ရနေပြီဖြစ်ပေမယ့် အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်မှာစိုးလို့ မလုပ်ပါဘူး လို့ ပြောသွားပါတယ်။ အရေးကြီးအဆိုကို လွှတ်တော်တွင်း မဲခွဲပြီး မှတ်တမ်းတင်ထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။




http://burmese.dvb.no/archives/178356






EmoticonEmoticon

Comments system

Flag Counter