ရခိုင်အရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာနှင့် အင်အားကို အသုံးချရန် အချိန်ရောက်ပြီဟု ဦးရဲထွဋ်ပြော






ရခိုင်အရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာနှင့် အင်အားကို အသုံးချရန် အချိန်ရောက်ပြီဟု ဦးရဲထွဋ်ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၅ ။ ။ ရခိုင်အရေးနှင့် ပတ်သက်၍ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာ မျက်နှာစာတွင်ရှိသည့် သြဇာနှင့် အင်အားကို အကောင်းဆုံးအသုံးချရန် အချိန်ရောက်ပြီဟု ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးရဲထွဋ်က ၄င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်က ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်ပြီး အာဆီယံဆယ်နိုင်ငံများကို ပိုမိုထိတွေ့ဆက်ဆံသင့်ပြီး ပြည်တွင်းရေးအခြေ အနေကို ပိုနားလည်အောင် ဆောင်ရွက်သင့်သည်ဟု ထင်မြင်ကြောင်း ၄င်းက ဆိုသည်။

ယင်းသို့ ဆောင်ရွက်ပါက အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး တင်ပြလာပါက အငြင်းပွားရမည့် အခြေအနေမျိုးမှ ရှောင်ရှားနိုင်မည်ဖြစ်ကြောင်းလည်း ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ယက်စာ မျက်နှာပေါ်တွင် သုံးသပ်ရေးသားထားသည်။

ဒီဇင်ဘာလ ၃ရက်နေ့တွင် ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်သည့် ဆန္ဒပြပွဲကို မလေးရှားဝန်ကြီးချုပ် ဦးဆောင်ခဲ့ ခြင်းအပေါ်ဝေဖန်ရေးသားထားခြင်းဖြစ်ပြီး ယင်းသို့ ဦးဆောင်မှုမှာ ၄င်း၏ ပြည်တွင်းနိုင်ငံရေး အကျိုးအမြတ်အတွက် မြန်မာနိုင်ငံကို အသုံးချလိုက်ခြင်းဖြစ်သည်ဟုလည်း ပြောဆိုထားသည်။
ရခိုင်ပြည်နယ်အခြေအနေကို ကန့်ကွက်တဲ့ဆန္ဒပြမှုတွေကို သူကိုယ်တိုင်ဦးဆောင်ခဲ့ ခြင်းသည် မဟာသီယာနှင့် အားပြိုင်မှုတွင်သာမက လာမည့်ရွေးကောက်ပွဲတွင် အစ္စလမ်ဝါဒီများ၏ ထောက်ခံမှုရရှိရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးရဲထွဋ် က ပြောသည်။

မလေးရှားနိုင်ငံ၏ ရွေးကောက်ပွဲ ၂၀၁၈ တွင်ပြုလုပ်မည်ဖြစ်ပြီး ၀န်ကြီးချုပ်နာဂျစ်သည် လာမယ့်ရွေး ကောက်ပွဲတွင် ထောက်ခံမှု ပိုမိုရရှိစေရန် အစ္စလမ်ဘာသာရေးဝါဒီများနှင့် ပေါင်းလာခဲ့ကြောင်းလည်း ရေးသားထားသည်။
ဝန်ကြီးချုပ်နာဂျစ်သည် ပြီးခဲ့သည့် တစ်နှစ်ကျော်ကပင် မလေးရှားနိုင်ငံပိုင် ရင်းနှီးမြှတ်နှံမှု ရံပုံငွေ အရှုပ်တော်ပုံနှင့် ပတ်သက်၍ ဒေါ်လာသန်း ၇၀၀ ကျော် ၎င်း၏ ဘဏ်အကောင့်တွင် ထည့်ကာ အလွဲသုံးစားပြုလုပ်ထားသည်ဟုဆိုကာ ဝေဖန်ခံနေရသူဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမေရိကန်၊ ဆွစ်ဇာလန်၊ စင်္ကာပူ၊ ဟောင်ကောင်တို့ရှိ ဘဏ်များကို သက်ဆိုင်ရာ အစိုးရများက စစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။




http://www.mizzimaburmese.com/article/20933







EmoticonEmoticon

Comments system

Flag Counter