တအာင်းTNLA မှ ဖမ်းဆီးထားသည့် ရှမ်းရွာသား ၁၁ ဦးကို ပြန်လွှတ်ပေး




တအာင်းTNLA မှ ဖမ်းဆီးထားသည့် ရှမ်းရွာသား ၁၁ ဦးကို ပြန်လွှတ်ပေး
---- ---- ----
TNLA တအာင်းပလောင် တပ်ဖွဲ့မှ ဖမ်ဆီးထားသူများထဲမှ ၁၁ ဦးကို ဒီဇင်ဘာ ၁၁ ရက်တွင် ၎င်းတို့၏ မိဘဆွေမျိုးများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေး မှူး များအား ခေါ်ယူကာ ပြန်လည် အပ်နှံပေးခဲ့ကြောင်း TNLA/PSLF မှ ဒီဇင်ဘာ ၁၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

တအာင်းဒေသအတွင်းသို့ နယ်မြေ ကျူးကျော် ၀င်ရောက်လာသည့် RCSS တပ်ဖွဲ့နှင့် တအာင်းတပ်မတော်တို့ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ မန်တုံမြို့နယ်၊ နမ့်ဟိုင်းဒေသတွင် နေ့စဉ် တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲကာလ အတွင်း ထွက်ပြေးသွားသူများ၊ တအာင်းတပ်မတော်အား စုံစမ်းထောက်လှန်းရန် စေလွှတ်ထားသည့် RCSS တပ်ဖွဲ့ဝင်များ အားလုံး ၁၁ ဦးကို တအာင်းတပ်မတော်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါလူများမှာ နမ္မတူမြို့နယ် မိုင်းတက်ခ့်ကျေးရွာမှ ဖြစ်ပြီး ဖမ်းဆီးသွားစဉ်က ၁၂ ဦးဖြစ်သည်ဟု နမ္မတူ ဒေသခံများက ဆိုကြကာ တအာင်းပလောင် တပ်ဖွဲ့ ထုတ်ပြန်သလို RCSS/SSA အဖွဲ့ဝင်များ မဟုတ်ဟု The Ladies News သို့ အတည်ပြုပြောဆိုကြသည်။

“ဖမ်းတာက ပြောင်းခင်းထဲမှာ ဖမ်းသွားတာ ရှမ်း ၁၁ ယောက်၊ တအာင်းပလောင် ၁ ယောက်ပါတယ်။ အခုက တအာင်းပလောင် တစ်ယောက်က ပြန်မလွတ်လာဘူး။ စစ်သားဖြစ်သွားပြီ ထင်တယ်။ အခု ဖမ်းသွားပြီး ပြန်လွတ်လာသူ အကုန်လုံးက အရပ်သားတွေဆိုတာ တစ်မြို့လုံးသိတယ်” ဟု တအာင်းပလောင်နှင့် ရှမ်း ပဋိပက္ခ ဖြေလျှော့ရေး အဖွဲ့မှ တာဝန်ရှိသူက The Ladies News သို့ အတည်ပြု ပြောဆိုသည်။ အရပ်သားမျာသာ ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကပင် တအာင်းပလောင် အဖွဲ့မှ ဖမ်းဆီးထားသူ စုစုပေါင်း ၃၆ ဦးရှိသည်ဟု ဒေသတွင်း တိုင်းရင်းသား ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်ထားပြီး ဖမ်းဆီးခံရသူများတွင် SNLD ပါတီဝင်များလည်း ပါဝင်သည်ဟု ဆိုသည်။
ဖမ်းဆီးခံထားရသည့် ပါတီတာဝန်ရှိသူများမှာ ကျောက်မဲမြို့နယ်မှ ဖြစ် သည်ဟု သိရပြီး ယခုသတင်းရေးသားနေသည့် ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ လွတ်မြောက်လာခြင်း မရှိသေးဘဲ ဖမ်းဆီးထားသူ စုစုပေါင်း ၂၀ ကျော် ကျန်နေသေးကြောင်းလည်း သိရသည်။
ကျောက်မဲမြို့နယ် ပန်ကွမ်ရွာမှ ရွာသား ၂၁ ဦးအား တအာင်းပလောင် TNLA မှ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဖမ်းဆီးထားကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ဇော်မင်းထွန်း

The Ladies News

https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/672673092907663/?type=3&theater




EmoticonEmoticon

Comments system

Flag Counter