ပြည်တွင်းငြိမ်းချမ်းရေးက အမှန်တရားပေါ် မူတည်သလား၊ အကျိုးစီးပွားပေါ် မူတည်သလား





ပြည်တွင်းငြိမ်းချမ်းရေးက အမှန်တရားပေါ် မူတည်သလား၊ အကျိုးစီးပွားပေါ် မူတည်သလား -

လက်စောင်းထက်


 နိုင်ငံတော်အစိုးရသစ်က ယခုနှစ်အတွင်း ၂၁ ရာစုပင်လုံညီလာခံ ကျင်းပပြီးသည့် နောက်လ အနည်းငယ် အကြာတွင် မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံးနှင့် အရှုပ်ထွေးဆုံး ပြည်နယ်ဖြစ်သော ရှမ်းပြည်နယ်တွင် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့ဆိုသူများနှင့် တပ်မတော်သည် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

 မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့တွင် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် KIA၊ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် MNDAA၊ ပလောင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် TNLA၊ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် AA တို့ ပါဝင်ကြောင်းသိရသည်။ အံ့သြစရာကောင်းသည်မှာ ထိုအဖွဲ့တွင်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် တစ်ချိန်က (န၀တခေတ်နှင့် နအဖခေတ်တစ်လျှောက်လုံး) တပ်မတော်နှင့် တစ်ယောက်ပခုံး တစ်ယောက်ဖက်၊ တစ်ယောက်အကျိုးစီးပွား တစ်ယောက်ကာကွယ်၊ ပြောမနာ ဆိုမနာများ ဖြစ်ခဲ့ကြခြင်းပင်ဖြစ်သည်။

တစ်ချိန်က မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးများအတွက် နိုင်ငံတကာနှင့် ပြည်တွင်းဒီမိုကရေစီ အဖွဲ့အစည်းများက အနစ်နာခံ၊ အဖမ်းခံ တောင်းဆိုတိုက်ပွဲဝင်နေချိန်တွင် ဘုံအကျိုးစီးပွားတစ်ခုအတွက် အိမ်နီးချင်းနိုင်ငံကြီးနှင့် တပ်မတော်၊ ယင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ၀င်ရိုးတန်းအုပ်စုများအဖြစ် ညီညွတ်ခဲ့ဖူးသည်။ ထိုကဲ့သို့ ညီညွတ်ခဲ့ရခြင်းမှာ အုပ်စုသုံးစုလုံး အကျိုးစီးပွားများ ဖြစ်ထွန်းခဲ့သောကြောင့် ဖြစ်သည်။


ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းဒီမိုကရေစီ အတိုက်အခံအင်အားစုများကို အမေရိကန်နှင့် နိုင်ငံတကာမှ ထောက်ခံပြီး စစ်အာဏာရှင် ပြုတ်ကျရေး ဖိအားပေးနေချိန်တွင် နိုင်ငံရေးထက် အကျိုးစီးပွားအဓိက ရှေ့တန်းတင်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့မှာ အစိုးရနှင့် “သူတော်ချင်းချင်း သတင်းလွေ့လွေ့” ဖြစ်ခဲ့ကြသည်။

ထိုအချိန်က တိုင်းပြည်ကို အုပ်စိုးမင်းမူလျက်ရှိသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရအဆက်ဆက် မိမိနယ်မြေအတွင်း ဥပဒေမဲ့ ဘိန်းစိုက်ပျိုးရေး၊ သစ်ထုတ်လုပ်ရေး၊ ကျောက်သံပတ္တမြား တူးဖော်ရေးများကို စိတ်တိုင်းကျ လုပ်ကိုင်နေရချိန်တွင် ယင်းအဖွဲ့များသည် “လူမျိုးစုလွတ်မြောက်ရေး”၊ “စစ်အာဏာရှင် တော်လှန်ရေး”၊ “စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး” ကြွေးကြော်သံများကို မေ့ချင်ယောင်ဆောင်ထားခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အဓိပ္ပာယ် ညွှန်းဆိုချက်ကို ထိခိုက်စေခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေး Road Map ရေးဆွဲစဉ် အခါက ယခုလို ပြည်တွင်း၌ စစ်မီးမွှေးနေသော တိုင်းရင်းသား အဖွဲ့အစည်းတချို့သည် တက်တက်ကြွကြွ ပါဝင်ရေးဆွဲခဲ့ကြသည်။

တိတိကျကျဆိုရလျှင် ရန်ကုန်မြို့ ညောင်နှစ်ပင်ညီလာခံဟု ခေါ်ဆိုအပ်သော အမျိုးသားညီလာခံတွင် အခြေခံဥပေဒသစ် ရေးဆွဲရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ တက်ရောက်ခဲ့ကြသည်။

အမျိုးသား ညီလာခံတွင် နအဖအစိုးရက အခြေခံမူ ၁၀၈ ချက် ရေးဆွဲခဲ့ရာတွင် သဘောမတူညီသည့်အတွက် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကရင်တိုင်းရင်းသားများထဲတွင် အကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNU အဖွဲ့မှာ အမျိုးသားညီလာခံကို သပိတ်မှောက်ခဲ့သည်။ ထိုအချိန်က မြန်မာပြည် အထက်ပိုင်းရှိ အင်အားအကြီးဆုံး လူမျိုးစု လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KIA၊ “၀”၊ မိုင်းလားနှင့် ကိုးကန့်အဖွဲ့များမှာ အမျိုးသားညီလာခံတွင် ပါဝင်ခဲ့သလို တပ်မတော်နှင့်လည်း နားလည်မှုရယူကာ ရပ်တည်နေခဲ့သည်။

 ယခုတော့ NLD နှင့် KNU က ၂၀၀၈ ဖွဲ့စည်းပုံ ကန့်သတ်ချက်ထဲတွင် ငြိမ်းချမ်းရေးရရှိရန် ကြိုးစားနေသည်။ ထိုအချိန်က ထောက်လှမ်းရေးအဖွဲ့၏ အထူးမျက်နှာသာပေးခြင်းခံရမှုကြောင့် တိုင်းရင်းသားအဖွဲ့မှ ဗိုလ်ကြီး၊ ဗိုလ်မှူးများမှာ လက်နက်များကို ပေါ်ပေါ်တင်တင်ကိုင်ပြီး ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့များတွင် ထင်တိုင်းနေထိုင်ခွင့်၊ ရမ်းကားခွင့်ရခဲ့သည်။ (သူတို့၏ ရမ်းကားမှုအဖြစ်အပျက် မှတ်တမ်းများအားလုံး အပြည့်အစုံရှိပါသည်။)

ယခုအချိန်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂိ္ဂုလ်နှင့် အစိုးရမှ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် ဆောင်ရွက်နေချိန်တွင် အမျိုးသားညီလာခံ တက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့မှာ ပူးပေါင်းဆောင်ရွက် အဖြေရှာလိုစိတ်မပြဘဲ ကန့်လန့်တိုက်လာသည်။

အစိုးရသစ်လက်ထက်တွင် ကချင်၊ “၀”၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့များက အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းတွင် အေးအေးလူလူနေသော ရခိုင်လူမျိုးများအတွက် လက်နက်ကိုင် တပ်ဖွဲ့မရှိဘူးဟုဆိုကာ လက်နက်ကိုင်တပ်ဖွဲ့ကို မွေးဖွားပေးသည်။ နိုင်ငံရေးတန်းဝင်အောင် မြေတောင်မြှောက်ပေးသည်။ လက်တွေ့အားဖြင့် ရခိုင်ပြည်နယ်ရရှိရေးအတွက် ဖွဲ့စည်းထားသော AA တပ်မတော်မှာ စင်စစ် ရခိုင်ပြည်နယ်၌ ကျီးလန့်စာစား စိုးရိမ်ကြောင့်ကြလျက်ရှိသော ရခိုင်လူမျိုးများကို အကာအကွယ် မပေးနိုင်ခဲ့ပေ။

 စီးပွားရေးနှင့် စစ်ရေးအင်အားကြီးသော အဖွဲ့အစည်း၏ နောက်မြီးဆွဲသာ လုပ်နေရသည်။
ယင်းအဖွဲ့များက လက်ရှိအစိုးရသစ်နှင့် တပ်မတော်၏ ဆက်ဆံရေးမှာ ကျန်ငါးနှစ်အတွင်း ထိပ်တိုက်ရင်ဆိုင် တွေ့နိုင်သည်ဟူသော ယူဆချက်ဖြင့် အစိုးရသက်တမ်းအစတွင် ဒေါ်အောင်ဆန်းစုကြည်ကို စုံပစ်ထောက်ခံခဲ့သည်။ သို့သော် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နားလည်မှုရသွားချိန်တွင် သူတို့၏ နိုင်ငံရေးဗျူဟာ ပြောင်းလဲလာခြင်း ဖြစ်သည်။

 သူတို့အနေဖြင့် ကန့်သတ်နယ်မြေအတွင်း ပြောက်ကျားစစ် ဆောင်ရွက်နိုင်သော်လည်း ဒေသခံပြည်သူလူထုနှင့် နိုင်ငံတကာ၏ ထောက်ခံမှုမရနိုင်ပေ။ အထူးသဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်မှုအချက် အချာကျသည့် လမ်းကြောင်းကို ရေရှည်ပိတ်ဆို့အောင် လုပ်ထားပါက အကျိုးစီးပွား နစ်နာလာနိုင်သည့် တရုတ်အစိုးရအနေဖြင့်လည်း ရေရှည်သည်းခံ နေလိမ့်မည်မဟုတ်ပေ။ မြန်မာနိုင်ငံ အနေဖြင့်မူ တရုတ်နှင့်ကုန်သွယ်ရေး လမ်းကြောင်း မကောင်းပါက ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေး လမ်းကြောင်းသစ်ကို တည်ဆောက်မည်ဖြစ်သည်။

အဆိုးထဲကအကောင်းကို ကြည့်ပါက မြန်မာပြည်တွင်း၌ တရုတ်ကုန်ပစ္စည်း အများစုကို အခြေခံပြည်သူလူထုမှ ၀ယ်ယူသုံးစွဲနေရသော ဘ၀ကို ပြောင်းပြန်ပြောင်း လဲပစ်နိုင်မည်ဖြစ်သည်။ အသေချာဆုံးအချက်မှာ ပြည်ထောင်စုနိုင်ငံကို နှစ်ပေါင်း ၆၀ ကြာ တော်လှန် ပုန်ကန်နေသော တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တချို့ အနေဖြင့် ယခင်ကလောက် မူးယစ်ဆေးဝါးနှင့် ကျွန်းသစ်၊ သယံဇာတများမှ ၀င်ငွေများမရနိုင်တော့သဖြင့် အဖွဲ့အစည်း ရပ်တည်ရေးအတွက်ပင် ရုန်းကန်ရတော့မည်ဖြစ်သည်။ ယင်းမှာ တိုင်းရင်းသား တန်းတူညီတူရှိရေး၊ လူမျိုးစုလွတ်မြောက်ရေး၊ စစ်အာဏာရှင် တော်လှန်ရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် ထွန်းကားရေးဟူသည့် နိုင်ငံရေး ယုံကြည်ချက်များကို သစ္စာဖောက်ခဲ့ခြင်းကြောင့် ရရှိသောရလဒ်ဖြစ်လာပေလိမ့်မည်။

လက်စောင်းထက်


http://www.tomorrow.com.mm/?q=articles%2F3109



EmoticonEmoticon

Comments system

Flag Counter