ဘာကြောင့် လက်နက်ကိုင် လမ်းစဉ်ကို မစွန့်လွှတ်တာလဲ။ အားလုံး လိုလားတဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို မလျှောက်တာလဲ

 

 

 

ဘာကြောင့် လက်နက်ကိုင် လမ်းစဉ်ကို မစွန့်လွှတ်တာလဲ။ အားလုံး လိုလားတဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို မလျှောက်တာလဲ



သမ္မတရုံး ဝန်ကြီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့်   တွေ့ဆုံမေးမြန်းခြင်း

ပြီးခဲ့သည့် နိုဝင်ဘာ ၂ဝ ရက်မှစပြီး AA, TNLA, MNDAA, KIA လက်နက်ကိုင်အဖွဲ့လေးဖွဲ့ ပူးပေါင်းပြီး ရှမ်းပြည်မြောက်ပိုင်း ပူးပေါင်း မဟာမိတ်အဖွဲ့ဟု ကြေညာပြီး တောထဲတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများ နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ စတင်ခဲ့သည်။ အဆိုပါတိုက်ပွဲများကြောင့် လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့သွားပြီး ကုန် စည်စီးဆင်းမှု ရပ်တန့်သွားခဲ့သည်။ တိုက်ပွဲများကြောင့် ပြည်သူ လူထုနှင့် ရဲဝန်ထမ်းများ ကျဆုံးခဲ့သည်။ ထို့အပြင် အဆိုပါတိုက်ပွဲများ ဖြစ်ပွားနေစဉ် အချိန်ကိုက် ရန်ကုန်မြို့တွင်း၌ အသေးစားဗုံးပေါက်ကွဲမှုများ ဆက် တိုက်ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းမ်ဂျာနယ်မှ သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား ဆက်သွယ်မေးမြန်းထားပါသည်။

ရှမ်းပြည်မြောက်ပိုင်းမှာ ပူးပေါင်းမဟာမိတ်အဖွဲ့က တွေ့ဆုံဆွေး နွေးဖို့အတွက် တိုက်ပွဲတွေ စတယ်လို့ပြောတယ်။ ဒါကို ဦးဇော်ဌေး အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။
ဘာကြောင့်စလဲဆိုရင် တွေ့ဆုံဆွေးနွေးဖို့အတွက် တိုက်ပွဲတွေ စတယ်ဆိုတာတော့ သဘာဝမကျဘူး။ ကျွန်တော်တို့ ၂၁ ရာစုပင်လုံကို သွားနေတယ်။ အဲဒီမှာပါဖို့အတွက်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေအနေ နဲ့ NCA မှာ လက်မှတ်ထိုးဖို့လိုတယ်။ လက်မှတ်ထိုးဖို့လည်း ကျွန်တော်တို့က တိုက်တွန်းတယ်။ NRPC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက်မှာလည်းပါတယ်။ သူတို့ရဲ့ ပစ်မှတ်က ဘာလဲဆိုရင် ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်းဖြစ်တယ်။ အဲဒါကို အခြေပြုပြီးတော့ မူဆယ်-မန္တလေး ဆက်သွယ်ရေးလမ်း ကြောင်းကို ပစ်မှတ်ထားနေတယ်။ မူဆယ်လမ်းကြောင်းက တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ကျွန်တော်တို့နိုင်ငံအတွက် အကြီးမားဆုံး ဖြစ်တယ်။ ဒီကုန်သွယ်မှုကို အလေးထားနေရတာက မြန်မာနိုင်ငံထဲမှာရှိတဲ့ တောင်သူလယ်သမားအများစုဖြစ်တယ်။ စိုက်ပျိုးရေးထွက် ကုန်တွေက မူဆယ်လမ်းကြောင်းကနေ တရုတ်ကို သွားတာများ တယ်။ မြန်မာနိုင်ငံက တောင်သူလယ်သမားတွေအတွက် မူဆယ် လမ်းကြောင်းက အသက်သွေးကြောဖြစ်နေတယ်။ အဲဒါကို သူတို့က ပိတ်ဖို့လုပ်နေတာ။ ရည်ရွယ်ချက်ကတော့ အမျိုးမျိုး မှန်းဆနေကြ တယ်။ ဒါပေမဲ့ သူတို့ရဲ့အကြောင်းပြချက်က ဘာလဲဆိုရင် တောထဲမှာ တိုက်ပွဲတွေဖြစ်နေတာတွေကိုသိအောင် မြို့ပေါ်တက်ပြီး တိုက်ကြတယ်ဆိုတော့ ဒါက လက်ခံနိုင်ဖွယ်ရာ အကြောင်းပြချက်မဟုတ် ဘူး။ 

ဘာကြောင့် ဒီနေရာတွေကို တိုက်လဲဆိုတာ ပြန်ကြည့်ဖို့လိုတယ်။ တိုက်တဲ့နေရာတွေကလည်း ကုန်သွယ်မှုရဲ့ အသက်သွေးကြောကိုတိုက်တယ်။ အဲဒီတော့ လမ်းပိတ်ဆို့မှုတွေဖြစ်၊ ကုန်စည်စီးဆင်းမှုတွေ ရပ်သွား တယ်။ ပြောရရင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ် ရေးက ရပ်ဆိုင်းသလောက်ဖြစ်သွားတယ်။ အခုလိုလုပ်ခြင်းအားဖြင့် ဘယ်သူတွေ အကျိုးရှိမလဲ။ ကျွန်တော်တို့ဆီမှာ လယ်ယာထွက်ကုန် တွေ အများဆုံးဖြစ်တာ ဆိုတော့ အချိန်အကန့်အသတ်ရှိတယ်။ ပြည်တွင်းမှာတော့ ဘယ်သူမှ အကျိုးမရှိဘူး။ အစိုးရမှာလည်း အကျိုးမရှိဘူး။ တပ်မတော်မှာလည်း အကျိုးမရှိဘူး။ အထူးသဖြင့် အထိနာတာက ပြည်သူတွေဖြစ်နေတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်စေတယ်။ ထိခိုက်သွားတော့ ပြည်တွင်းမှာ ဘာဖြစ်နေလဲဆိုရင် ငွေဖောင်းပွမှု မြင့်တက်ပြီးတော့ ဘတ်ဂျက်လိုငွေပြတာ မြင့် နေတယ်။ အစိုးရက စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ကိုင်နေတဲ့အခြေ အနေကို ထိခိုက်စေတယ်။ အခု ဒီဖြစ်စဉ်တွေက နိုင်ငံတကာသတင်း တွေမှာပါလာပြီ။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံက အမေရိကန် ဆန်ရှင်ရုပ်သိမ်းပေမယ့် ပြည်တွင်းမှာ ဒီလိုတွေဖြစ်နေတော့ လာမယ့် သူတွေ တွေဝေသွားပြီ။ နိုင်ငံတကာကလာမယ့် ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးသွားပြီ။ ဘယ်ဘက်ကပဲတွက်တွက် နိုင်ငံအတွက်၊ အစိုးရအတွက်၊ တပ်မတော်အတွက်၊ ပြည်သူအတွက်ရော အကျိုးမဖြစ် ထွန်းတဲ့ တိုက်ခိုက်မှုပဲဖြစ်တယ်။ ဒီပြဿနာတွေကို တိုက်ပြီးရှင်းလာ တာ လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်း ၇ဝ ကျော်ရှိနေပြီ။ လက်နက်ကိုင်ပြီးဖြေရှင်းတဲ့နည်းလမ်းက အဖြေမထွက်ဘူး။ 

အဲဒီနည်းလမ်းကို စွန့်လွှတ်ဖို့ အချိန်တန်ပြီ။ ကျွန်တော်တို့က တစ်ဖက်သတ်ပြောတာမဟုတ်ဘူး။ အများကြီးလိုက်လျောပြီး ညှိနှိုင်းခဲ့ပါတယ်။ ဆက်သွားမယ်ဆိုရင် NCA လက်မှတ်ထိုးပြီး ဆွေးနွေးဖို့ အချိန်ရောက်ပြီ။ အရင်ခေတ်တွေက တော်လှန်တိုက်ခိုက်ခဲ့တယ်ဆိုတာက တပ်မတော်အစိုးရခေတ်ဖြစ်တယ်။ ထားတော့ရတယ်။ အခု ပြည်သူကတင်မြှောက်တဲ့ ဒီမိုကရေစီအစိုးရဖြစ်တယ်။ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေ ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ လုပ်နေတာဖြစ်တယ်။ တပ်မတော်အစိုးရလက်ထက်မှာလည်း ငြိမ်းချမ်းရေးလမ်းစဉ် မလျှောက်ခဲ့ဘူး။ အခု ဒီမိုကရေစီအစိုးရလက်ထက်မှာလည်း ဒီပုံစံအတိုင်း မထူး ဘူး။ ကျွန်တော်တို့အနေနဲ့ ဒါတွေဟာ စဉ်းစားစရာဖြစ်လာပြီ။ ပြည်သူတွေအနေနဲ့ စဉ်းစားစရာဖြစ်လာပြီ။ ဘာကြောင့် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်တာလဲ။ အားလုံးလိုလားတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို မလျှောက် တာလဲ။ ဒီလိုတိုက်လို့ ကျွန်တော်တို့ဆီမှာ အကျိုးမရှိဘူး။ ပြည်သူတွေဆီမှာ အကျိုးမရှိဘူး။ သူတို့ဆီမှာတော့ အကျိုးရှိမရှိတော့ မသိဘူး။ သူတို့ဘက်မှာ အကျိုး ရှိကောင်းရှိနိုင်တယ်။ အဲဒီအကျိုးစီးပွားအတွက် တိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သို့သော် အဲဒါကတော့ သူတို့ပဲသိလိမ့်မယ်။

ပူးပေါင်းမဟာမိတ်အဖွဲ့မှာ AA, TNLA, KIA နှင့် MNDAA  ဆိုပြီး လေးဖွဲ့ သူတို့က ထုတ်ပြန်ထားတယ်။ ဒီဘက်က ထုတ်ပြန်တဲ့အခါမှာ AA မပါဘူးဆိုတော့ ဒီကိစ္စကိုလည်း ရှင်းပြပါဦး။
ဒါက တပ်မတော်က စိစစ်မှုအရပါ။ သူတို့က AA ကို ထည့်သွင်းမထားလို့ပါ။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ဘက်က ဆောင်ရွက်နေတာတွေကိုလည်း သိပါရစေ။
အခု NRPC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်ထုတ်ပြီး တိုက်တွန်းထားပါတယ်။ NCA ကို အမြန်ဆုံးထိုးဖို့၊ ထိုးပြီး တိုက်ပွဲတွေမဖြစ်အောင် ဆွေးနွေးညှိနှိုင်းဖို့၊ နောက်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ အဖြေရှာဖို့ ဒီသုံးချက်ကို ကျွန်တော်တို့ တိုက်တွန်းထားတယ်။ တိုက်ပွဲတွေနဲ့ အဖြေမထွက်တော့ ငြိမ်းချမ်းရေး လမ်းကိုလာဖို့ ဖိတ်ခေါ်ထားတယ်။ ဖြစ်နေတဲ့တိုက်ပွဲတွေရပ်ပါ။ လုပ်ဆောင်နေတဲ့ ထိုးစစ်ဆင်နေတာတွေ ရပ်ပါ။ လူထုကို ဒုက္ခပေး နေတဲ့ တိုက်ခိုက်မှုတွေရပ်ပါ။ ရပ်ပြီးတော့ ကျွန်တော်တို့နဲ့ NCA မှာ လက်မှတ်ထိုးဖို့ ညှိနှိုင်းပါ။ ၂၁ ရာစုပင်လုံကနေ အဖြေတွေရှာ ကြပါ။ ဒီလိုတိုက်ခိုက်မှုတွေက ဘယ်သူမှအကျိုးမရှိဘူး။ ဘယ်လိုမှ လည်း ခွင့်လွှတ်လို့မရတဲ့ တိုက်ခိုက်မှုဖြစ်နေတယ်။

တိုက်ပွဲတွေဖြစ်နေတာက တရုတ်-မြန်မာ နယ်စပ်ဖြစ်တယ်။ တရုတ် အစိုးရဘက်ကလည်း နယ်စပ်မှာ စစ်တပ်ချထားပြီး စောင့်ကြည့်နေတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။ အရင်တုန်းက တိုက်ပွဲ တွေကြောင့် တရုတ်ဘက်ကို ကျည်ဆန်တွေကျထားတဲ့ဖြစ်စဉ်တွေ ကရှိနေတော့ တရုတ်-မြန်မာ ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်လာ နိုင်ပါသလား။
တင်းမာလာဖို့တော့ မဖြစ်နိုင်ပါဘူး။ ဖြစ်နေတာက တရုတ်-မြန်မာနယ်စပ်ပါ။ ဒီအဖွဲ့တွေနဲ့ မပြေလည်တိုင်း တိုက်ပွဲတွေက ဖြစ်နေဦးမှာပဲ။ တိုက်ပွဲတွေ ဖြစ်နေတိုင်းမှာလည်း နယ်စပ်မျဉ်းကို အခြေစိုက်ပြီး လက်နက် ကိုင်အဖွဲ့တွေဖြစ်တဲ့အတွက် တရုတ်ဘက်ကို ရိုက်ခတ်မှုတွေဖြစ်နေမှာပဲ။ တရုတ်အစိုးရအနေနဲ့ ကျွန်တော်တို့အစိုးရ သွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လက်ခံတယ်လို့ ပြောထား ပြီးသားဖြစ်ပါတယ်။ NCA လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေကို ငြိမ်းချမ်းရေးလမ်းကြောင်းမှာ ပါလာအောင် တရုတ်အစိုးရအနေနဲ့ တိုက်တွန်းဖို့လည်းလိုပါတယ်။ ဘာကြောင့်လဲဆိုရင် အရင်တုန်းက ထိုင်းနယ်စပ်ဘက်မှာလည်း တရုတ်နယ်စပ် လိုပဲ လက်နက်ကိုင်တိုက်ခိုက်မှု တွေရှိခဲ့တယ်။ ဒီဘက်မှာ ဘာတွေဖြစ်နေလဲဆိုတာတွေကို နိုင်ငံခြား ရေးဝန်ကြီးဌာနကနေတစ်ဆင့် တရုတ်အစိုးရကိုလည်း ဆက်တိုက်အသိပေးနေတယ်။ ဒီနယ်စပ်မျဉ်းတွေမှာ တိုက် ပွဲတွေမဖြစ်အောင် ဒီအဖွဲ့တွေကို ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါလာ အောင် သူတို့အနေနဲ့ တိုက်တွန်းပေးဖို့ လိုတယ်။

တိုက်ပွဲတွေနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲလို့ မျှော်လင့်ထားပါသလဲ။
အခုလောလောဆယ်တော့ ကျွန်တော်တို့ ကြေညာချက်ထုတ်ထားတယ်။ ဒါကို သူတို့ဘက်က ဘာတွေတုံ့ပြန်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။ သူတို့ဘက်က တုံ့ပြန်မှုပေါ်မှာပဲမူတည်ပါတယ်။ သူတို့ဘက်က တိုက်ပွဲနဲ့ တုံ့ပြန်လာတယ်ဆိုရင်တော့ အဲဒီအပေါ်မှာ မူတည်ပြီး ဖြေရှင်းဆောင်ရွက်သွားမှာပါ။

ဒီမူဆယ်-မန္တလေးလမ်းကြောင်းက မြန်မာနဲ့ တရုတ်နယ်စပ်ကုန်သွယ် ရေးရဲ့ သွေးကြောလို့ပြောတယ်။ အခု ဒီလမ်းကြောင်းက ပိတ်နေတယ်။ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သလောက်ဖြစ်နေ တယ် ဆိုတော့ စီးပွား ရေးအရ အကျိုးသက်ရောက်မှုက ဘာတွေဖြစ်လာနိုင်ဦးမလဲ။
ကျွန်တော်တို့မှာ စီးပွားရေးထိခိုက်မှုတွေရှိပါတယ်။ ဒါကို ပြည်သူ တွေကိုလည်း သိစေချင်တယ်။ လက်နက်ကိုင်အဖွဲ့တွေလည်း သိစေချင်တယ်။ ထုတ်ပြန်ချက်ထဲမှာလည်း ပါပါတယ်။ စီးပွားရေးအကျပ် အတည်းဖြစ် ရင် နိုင်ငံဘာဖြစ်မလဲ။ အခု ဦးဆောင်နေတာက NLD အစိုးရဖြစ်တယ်။ ဒီအစိုးရသစ်ကို သက်သက်ဒုက္ခပေးချင်လို့လား။ ၂ဝ၁၅ ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဒီအစိုးရလက်ထက်မှာဖြစ်တယ်ဆိုတော့ အစိုးရက စီးပွားရေးကို ဦးစားပေးလုပ်ဆောင်နေတဲ့အချိန်မှာ စီးပွားရေးကို ကြီးကြီးမားဖြစ်စေနိုင်တဲ့ တိုက်ခိုက်မှုတွေ လုပ် ဆောင်လာတယ်။ ဒီတော့ တိုင်းပြည်မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်သွားရင် ဘယ်သူ အကျိုးမရှိမလဲ။ ဒီအဖွဲ့တွေ အကျိုး ရှိမှာလား။ အခုလည်း သူတို့က ဆက်ကြေးကောက် ဘာကောက် ပေါ့။ နောင်လည်း စိတ်တိုင်းကျ ထင်တိုင်းကြဲနိုင်တဲ့အနေအထားကို လိုချင်တာလား။ ကျွန်တော်တို့နိုင်ငံ တကယ့်ကို စစ်မြေပြင်ကြီးဖြစ် ပြီးတော့ မတည်မငြိမ်ဖြစ်ပြီး လူတွေအားလုံး ဒုက္ခရောက်တဲ့အနေ အထားကို လိုချင်တာလား။ အစိုးရပိုင်းကတော့ ဒါတွေကို တည်ငြိမ် အောင်လုပ်မှာပါ။ ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ရမလဲဆို တာတော့ အဆင်ပြေမယ့်နည်းလမ်းတွေ အကုန်လုပ်ရမှာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းယူထားတယ်။ အခုတိုက်ပွဲတွေ၊ ပဋိပက္ခတွေက တပ်မတော်ကို နိုင်ငံရေးအခန်းကဏ္ဍမှာ အာရုံစိုက်လို့ မရနိုင်အောင်၊ တပ်မတော်ကို အင်အားလျော့နည်းအောင် လုပ်နေတယ်လို့ ထင်ပါ သလား။ ဦးဇော်ဌေး ဘယ်လိုသုံးသပ်ပါသလဲ။
သူတို့လုပ်နေတာက ပြောင်းပြန်ဖြစ်နေတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍကို မရှိမဖြစ် လိုအပ်လာအောင် လုပ်သလိုဖြစ်နေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ဘာတို့ ပြောမယ်ဆိုရင် ဒါတွေက နိုင်ငံရေး ရည်မှန်း ချက်တွေပါ။ အဲဒီအတိုင်းလုပ်မယ်ဆိုရင် တကယ့်လက်တွေ့ကျတဲ့ဖွဲ့စည်းပုံ ပြင်ဆင်ရေးသွားမယ်ဆိုရင် ၂၁ရာစုပင်လုံ ညီလာခံကပဲ သွားရမယ်။ တပ်မတော်ရော၊ အစိုးရရော လက်ခံထားတဲ့ ဒီလမ်းကြောင်းကပဲ သွား ရမယ်။ ဒီလမ်းကြောင်းကမသွားဘဲနဲ့ ပါးစပ်ကပြောနေတာတော့ ဖက်ဒရယ် တိုင်းရင်းသားတန်းတူရေး ပြောတယ်။ လက်တွေ့လုပ်နေတာက ကိုယ့်နိုင်ငံကပြည်သူတွေ ဒုက္ခရောက် အောင် လုပ်နေတာတော့ အပြောနဲ့ လုပ်တာနဲ့က မတူတော့ဘူးဗျ။ အခုလိုလုပ်ခြင်းအားဖြင့် တပ်မတော်ရဲ့အခန်းကဏ္ဍကို ပိုပြီးကောင်း မွန်အောင် လုပ်ပေးနေတာ ဖြစ်နေတယ်။ သူတို့ပြောတဲ့ ဖက်ဒရယ် ပြည်ထောင်စုတို့၊ တိုင်းရင်းသားအခွင့်အရေးတို့၊ တန်းတူရေးတို့နဲ့ ပြောင်းပြန်ဖြစ်နေတယ်။ ပြန်စဉ်းစားရမှာက ဖက်ဒရယ်ဖြစ်သွားပြီ ဖွဲ့စည်းပုံအခြခံဥပဒေတွေ အားလုံးညှိနှိုင်းပြီးပြင်ဆင်ကြရင် အခုလို အခွင့်အရေးတွေ ရချင်မှလည်းရမယ်။ အဲဒီအခါ ဥပဒေနဲ့ အညီ ဖြစ်လာမယ်။

တိုက်ပွဲတွေမဖြစ်ဖို့ NCA မှာ လက်မှတ်ထိုးဖို့ လိုတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဟိုဘက်က တိုင်းရင်းသားတွေကို NCA က တပ်မတော်လက်အောက် သွင်းနေတယ်လို့ စိုးရိမ်နေကြတယ်။ ဒီကိစ္စ ကိုရော ဦးဇော်ဌေး ဘယ်လိုသုံးသပ်ပါသလဲ။
စိုးရိမ်ရင် မတိုက်နဲ့ပေါ့ဗျာ။ စိုးရိမ်မှု အမှန်တကယ်ရှိရင် သူတို့ ဒီတိုက်ပွဲကို မတိုက်ပါဘူး။ ပါးစပ်ကပြောနေတာနဲ့ လက်တွေ့လုပ် နေတာတွေက ကိုက်ညီ မညီ ပြည်သူတွေအနေနဲ့ သိဖို့လိုတယ်။ လက်တွေ့ သူတို့ လုပ်နေတာတွေက ခွာပြဲရေးလုပ်နေတာ။ ပြည် ထောင်စုပြိုကွဲရေး လုပ်နေတယ်ဆိုတာတော့ ပြည်သူက ဒါကိုသိဖို့လိုတယ်။

ရှမ်းမြောက်က တိုက်ပွဲတွေဖြစ်နေချိန်မှာ အချိန်ကိုက်ပဲ ရန်ကုန်မှာ ဗုံးလန့်မှုတွေဖြစ်တယ်။ ဒီနှစ်ခုကရော ဆက်စပ်မှုရှိနိုင်ပါသလား။
ဆက်စက်စဉ်းစားရင် အချိန်အခါရွေးချယ်တာက အနောက်ဘက်ကကိစ္စတွေ ဖြေရှင်းနေတဲ့အချိန် တစ်နိုင်ငံလုံးက အနောက်ဘက်ကို အာရုံစိုက်နေတဲ့အချိန်ကို ရွေးချယ်တယ်။ နေရာရွေးချယ်မှုက တကယ့်ကို ကုန် သွယ်ရေး အသက်သွေးကြောလိုနေရာမျိုးကို ရွေးချယ်တယ်။ ပစ်မှတ်ရွေးချယ်တဲ့အခါမှာလည်း အရပ်သားပစ်မှတ် တွေကို ရွေးချယ်ထားတယ်။ တကယ်တိုက်ချင်ရင် တပ်မတော်တပ်ရင်း ဌာနချုပ်တွေ တိုက်ပါလား။ အရပ်သားတွေနေတဲ့နေရာတွေကို ပစ်မှတ်ထားတယ်။ အဲဒါတွေရယ် ဟိုဘက်မှာ မောင်တောကိစ္စတွေ ဖြေရှင်းနေရတဲ့အချိန်မှာ ဒီဘက်မှာလာလုပ်တာပေါ့။ အချိန်အခါ၊ နေရာ၊ ပစ်မှတ်ရွေးချယ်တာတွေကို တကယ့်ကို အဖျက်အမှောင့် တွေဆိုတာ ပေါ်လွင်နေတယ်။ ပေါ်လွင်နေတော့ ရန်ကုန်မှာ ဗုံးလန့် တာတွေဖြစ်တယ်။ ဖြစ်တော့ အခုလောလောဆယ် လိုက်လံစိစစ်နေ တဲ့ကာလဖြစ်တော့ အတိအကျတော့ ပြောလို့မရသေးဘူး။
ဒါတွေ အကုန်လုံးက တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ဆောင်လာတယ်။ ကျွန်တော်တို့ စဉ်းစားရမှာက အစိုးရသစ်ကို အခက်အခဲ အကျပ်အတည်းဖြစ်စေချင်တဲ့သူတွေဆိုတာ သုံးသပ်လို့ရတယ်။ ဘယ်သူ တွေလဲဆို တာတော့ ပြည်သူလူထုက စဉ်းစားဖို့လိုတယ်။ ငြိမ်းချမ်း ရေးညီလာခံ မအောင်မြင်စေချင်ဘူး။ မအောင်မြင်စေချင်တော့ချတာပေါ့ဗျာ။ နောက် ဒီလမ်းကြောင်းကိုသွားရင် နိုင်ငံရေး၊ စီးပွား ရေးအကျပ်အတည်း တွေ့ မယ်။ နောက်ဆုံး တိုင်းပြည်က ပြာပုံထဲက တိုင်းပြည်ဖြစ်မယ်။ အဲဒီအချိန်မှာ သူတို့ခေါင်းဆောင်ပိုင်းတွေ ဘယ်လိုတွေနေလဲ၊ သူတို့သားသမီးတွေ ဘယ်လိုနေကြလဲ။ ကျွန် တော်တို့ လေ့လာဖို့လိုတယ်။ သူတို့ရဲ့ ကိုယ် ပိုင်မိသားစုအကျိုးစီးပွား ကောင်းနေမယ်။ အခုလည်း ကောင်းနေတာပဲ။ ကောင်းနေတဲ့အနေအထားတွေကို မစွန့်လွှတ်ချင်တာပေါ့။ နောက်တစ်ခုကလည်း အကြမ်းဖက်ခြိမ်းခြောက်မှု။ ဗုံးခွဲတယ်ဆိုတာတွေက ကမ္ဘာ့နိုင် ငံ တိုင်းမှာ ကြုံနေရတယ်။ ကျွန်တော်တို့နိုင်ငံလည်း အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ကြုံနေရပြီလားဆိုတာ စဉ်းစားစရာဖြစ်လာတယ်။

အခုလို စစ်ရေးအခြေအနေကြောင့် စီးပွားရေး အကျိုးသက်ရောက်မှု တွေ ရှိလာတယ်။ အကြမ်းဖက်မှုတွေ ရှိလာတယ်။ မြို့တွင်းတွေမှာ ဗုံးလန့်မှုတွေဖြစ်လာတယ်။ ဒီလိုအခြေအနေတွေကြောင့် တိုင်းပြည် က စိုးရိမ်ရတဲ့အနေအထားရှိနေပြီလား။
လောလောဆယ်တော့ စိုးရိမ်ရတဲ့အနေအထားမရှိသေးပါဘူး။ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်နေတာကို တပ်မတော်ကလည်း အင်အားရှိသရွေ့ တိုက်ခိုက်နေတာမဟုတ်ပါဘူး။ လောလောဆယ် တိုက်တာတွေက ကြိုတင် ကာကွယ်တဲ့အနေအထားပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ မျှော်လင့်ထားတာက ငြိမ်းချမ်းရေးကို လမ်းဖွင့်ထား တယ်။ ဒါကြောင့် ကျွန်တော်တို့က အကန့်အသတ်နဲ့ ရှင်းနေရတာ ဖြစ်ပါတယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

စည်သူကျော်
#theyangontimes




 http://www.yangonmedia.com/interview/item/6803-why-why-not-renounced-armed-why-not-all-pro-peace-process-deputy-director-general-of-the-president-s-office-powered-and-interviews


EmoticonEmoticon

Comments system

Flag Counter