ရှမ်းမြောက်တိုက်ပွဲများတွင် တရုတ်က ဘယ်လိုရပ်တည်သလဲ

 
 
 
 
 
ရှမ်းမြောက်တိုက်ပွဲများတွင် တရုတ်က ဘယ်လိုရပ်တည်သလဲ

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း လေးဖွဲ့ စုပေါင်းထားသည့်
မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်မှာ ယမန်နေ့တွင်
၁၀ ရက်ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း တိုက်ပွဲအရှိန် မြင့်တက်နေဆဲဖြစ်သည်။

တိုက်ပွဲများအတွင်း အရပ်သားသေဆုံးမှုများ ရှိခဲ့ပြီး တိုက်ပွဲများကြောင့် စိုးရိမ်မှုများဖြစ်ပေါ်ပြီး
တရုတ်နိုင်ငံဘက်ခြမ်းသို့ မြန်မာနိုင်ငံသား ၃,၀၀၀ ခန့် ခေတ္တခိုလှုံနေရကြောင်း တရုတ်နိုင်ငံခြားရေး
ဝန်ကြီးဌာနက ကြေညာခဲ့သည်။

မြန်မာနိုင်ငံဘက်က ပစ်ခတ်လိုက်သည့် ကျည်များ တရုတ်နိုင်ငံဘက်သို့ ကျရောက် ပေါက်ကွဲမှု
ဖြစ်ပွားခဲ့သည်ဟု တရုတ်အစိုးရက အကြောင်းကြားခဲ့သည်။

ယင်းဖြစ်စဉ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက နှစ်နိုင်ငံဆက်ဆံရေး
ပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တပ်မတော်က
နိုဝင်ဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ပေါင်းစုနှင့်
တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကို ကြားဝင် စေ့စပ်ညှိနှိုင်းပေးရန်
တရုတ်ပြည်သူ့သမ္မတနိုင်ငံက စိတ်ဝင်စားလျက်ရှိသည်။

တရုတ်ကွန်မြူနစ်ပါတီအာဘော်ဟု လူသိများသည့် Global Times သတင်းဌာနက
နိုဝင်ဘာ ၂၄ တစ်ရက်တည်းတွင် ဖော်ပြသည့် အယ်ဒီတာ့အာဘော် သတင်းဆောင်းပါး
နှစ်စောင်တွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားနေသော
တိုက်ပွဲများတွင် ထဲထဲဝင်ဝင် စေ့စပ်ညှိနှိုင်းပေးသင့်ကြောင်း ရေးသားထားသည်။

တရုတ်နိုင်ငံ၏ စေ့စပ်ညှိနှိုင်းမှုကို တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူများက
လက်ခံနိုင်မည်ဖြစ်ကြောင်းနှင့် တရုတ်ျွမြန်မာ နယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ
တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အကျိုးစီးပွားများကို စိန်ခေါ်နေကြောင်း
အဆိုပါဆောင်းပါးက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့အကြား ညှိနှိုင်းဆွေးနွေးပွဲများကို
ရွှေလီမြို့တွင် ကျင်းပနိုင်ရန် တရုတ်နိုင်ငံက နေရာပံ့ပိုးပေးခဲ့ဖူးကြောင်းနှင့် တရုတ်နိုင်ငံ၏
ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုက တိုက်ခိုက်မှုတွင် ပါဝင်သည့် အဖွဲ့အစည်းများအတွက်
လက်ခံနိုင်ဖွယ်ရာဖြစ်သည်ဟု တရုတ်ကွန်မြူနစ်ပါတီအာဘော် သတင်းစာက ရေးသားသည်။

"တရုတ်နိုင်ငံကသာလျှင် ငြိမ်းချမ်းရေးကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်သည်" ဟု
အဆိုပါ အယ်ဒီတာ့အာဘော်က ဆိုသည်။

ပထ၀ီဝင်နိုင်ငံရေးအရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက်စီမံကိန်းများဖြစ်သည့်
"One Belt and One Road" စီမံကိန်းနှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ- မြန်မာ စီးပွားရေးစင်္ကြံ
စီမံကိန်းများအတွက် အရေးပါသည့် အနေအထားတွင် ရှိနေသည်ဟု အဆိုပါဆောင်းပါးက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း လက်တွေ့မကျသည့် တောင်းဆိုချက်များ၊
စစ်ရေးအာဏာနှင့် နိုင်ငံတကာဆက်ဆံရေး အာဏာအတွက် တောင်းဆိုချက်များကို
စွန့်လွှတ်သင့်ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကိုသာ တောင်းဆိုသင့်သည်ဟုလည်း
ဆောင်းပါးရှင်က တိုက်တွန်းထားသည်။

မြန်မာနိုင်ငံက စီးပွားရေးအရ မှီခိုအားထားရသည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏
ပြည်တွင်းငြိမ်းချမ်းရေးကို စိတ်ဝင်တစားရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီအာဘော် သတင်းစာ၏
ဖော်ပြမှုမှာ ပြည်တွင်းရှိ မဟာဗျူဟာမြောက် တရုတ်အကျိုးစီးပွားများနှင့် ဆက်စပ်နေသကဲ့သို့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား
ပြန်လည်သင့်မြတ်ရေးနှင့်ပါ တိုက်ရိုက်သက်ဆိုင်နေသည်။

သို့ရာတွင် နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအပေါ် အတိုင်းအတာတစ်ခုအထိ
လွှမ်းမိုးနိုင်စွမ်းရှိသည့် တရုတ်နိုင်ငံ၏ မြောက်ပိုင်းပဋိပက္ခကို ကြားဝင်စေ့စပ်ညှိနှိုင်းပေးလိုကြောင်း
ဖော်ပြချက်သည် နှစ်နိုင်ငံကြား ပြည်တွင်းရေး မစွက်ဖက်ရေးမူဝါဒနှင့် ဆန့်ကျင်သည့်
အနေအထားတွင် ရှိသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကမူ မြန်မာနိုင်ငံက တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ
အမှီအခို ကြီးကြီးမားမားရှိနေသည့်အပြင် တရုတ်နိုင်ငံက အထိခိုက်ခံမည်မဟုတ်သည့်
မဟာဗျူဟာကျသည့် စီမံကိန်းများ မြန်မာနိုင်ငံတွင် တည်ရှိနေသည့်အတွက် "ပြည်တွင်းရေး
ဝင်မစွက်ဖက်ရေး" မူဝါဒကို သုံးသပ်ပြီး နှစ်နိုင်ငံအကျိုးစီးပွားကို ဦးတည်သည့် ဖြေရှင်းမှုမျိုး
ဆောင်ရွက်သင့်ကြောင်း သုံးသပ်သည်။

"ကျွန်တော်တို့ လက်တွေ့ကျကျ စဉ်းစားဖို့လိုတယ်။ တရုတ်အကျိုးစီးပွားထိခိုက်ရင် ကျွန်တော်တို့
အကျိုးစီးပွားလည်း ထိခိုက်မယ်။ ပြည်တွင်းမှာရှိတဲ့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးက
မြန်မာနိုင်ငံအတွက် အရေးပါတယ်။ ငြိမ်းချမ်းရေးက ပြည်တွင်းရေးဆိုပေမဲ့ ကိုယ့်ဘက်က
မငြိမ်းချမ်းတဲ့အခါ သူ့ဘက်ကိုလည်း သွားထိခိုက်နေတယ်" ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက Global Times ၏ ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်ထားပြီး
၎င်း၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် "မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အပစ်အခတ်ရပ်စဲစေရန်
တရုတ်နိုင်ငံအနေဖြင့် ရဲဝံ့စွာ တာဝန်ယူကာ အပြု သဘောဆောင် ကြိုးပမ်းသင့်" ဟု တင်ထားသည်။

ယမန်နေ့ထုတ် Global Times သတင်းစာတွင် ဖော်ပြထားသည့် ဆောင်းပါးတစ်ပုဒ်တွင်မူ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများက တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို
ကြီးစွာထိခိုက်စေကြောင်း ပြစ်တင်ဝေဖန်ထားသည်။

မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်ကမူ တရုတ်နိုင်ငံက
မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၏ လုပ်ဆောင်ချက်များကို အပစ်ရပ်ရေးကြိုးပမ်းမှုအတွက် လွှမ်းမိုးနိုင်သည်
ဆိုသည့် အချက်ကိုမူ ငြင်းဆန်ထားသည်။

"အကြမ်းဖက်လုပ်ရပ်" ဟူသည့် အသုံးအနှုန်းကို သုံးစွဲခဲ့သောကြောင့် တပ်မတော်၏
မြောက်ပိုင်းမဟာမိတ်အဖွဲ့အပေါ် ထားရှိသည့် သဘောထားမှာ တင်းမာပြင်းထန်သည်ဖြစ်ရာ
အစိုးရနှင့် အဆိုပါတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပစ်အခတ်ရပ်စဲရေးနှင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်ရေးမှာ ကြန့်ကြာဦးမည့် အခြေအနေတွင်
ရောက်ရှိနေပြီဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်း
ငြိမ်းချမ်းရေးအတွက် ကူညီထောက်ပံ့မှုများကို အစိုးရက အသိအမှတ်ပြုသည်ဟု ဆိုသည်။

"ကျွန်တော်တို့ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ ထုတ်ထားတဲ့
ကြေညာချက်အတိုင်းပဲ ဆက်လက် လုပ်ဆောင်သွားမယ်" ဟု ဦးဇော်ဌေးက ပြောသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၌ လက်ရှိဖြစ်ပေါ်နေသော တင်းမာမှု အခြေအနေကို အမြန်ဆုံး
ပြေငြိမ်းသွားစေရန်နှင့် မြန်မာ - တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု အခြေအနေ
မူလပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ နှစ်နိုင်ငံ
နယ်စပ်ဒေသများ လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုနှင့်
အကျိုးသက်ရောက်မှု ပိုမိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် ပထမဆုံးအကြိမ်ပြုလုပ်သည့် ဗဟိုအစိုးရအဆင့်
နှစ်နိုင်ငံအစည်းအဝေး (၂+၂)အတွင်း တရုတ်ဘက်က တိုက်တွန်းကြောင်း မြန်မာနိုင်ငံခြားရေး
ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဒုတိယ၀န်ကြီး လျူဇန်မင်းနှင့် တရုတ်ဗဟိုစစ်ကော်မရှင်၊
ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ် ဇူဖန်းလင်တို့သည် တပ်တော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း တွေ့ဆုံခဲ့ပြီး တရုတ်အစိုးရက မြန်မာနိုင်ငံ၏
အချုပ်အခြာအာဏာပိုင်စိုးမှုကို လေးစားပါကြောင်းနှင့် အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုကို
ထောက်ခံကြောင်း ပြောကြားခဲ့သည်။







http://myanmar.mmtimes.com/index.php/national-news/23191-2016-12-01-08-20-41.html
 
 
 


EmoticonEmoticon

Comments system

Flag Counter