လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစဖို့ အတွက် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာက ကြားဝင်ညှိနှိုင်းပေးဖို့ တောင်းဆိုထားပေမယ့် တပ်မတော်ဘက်က လက်မခံဘူးလို့ UNFC တွဲဘက်အတွင်းရေးမှူးလည်းဖြစ် ရခိုင်ပြည်အမျိုးသားကောင်စီ(ANC) အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးထွန်းဇော်နဲ့ RFA သတင်းထောက် ကိုသီဟထွန်းဆက်သွယ်မေးမြန်းချက်





လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစဖို့ အတွက် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာက ကြားဝင်ညှိနှိုင်းပေးဖို့ တောင်းဆိုထားပေမယ့် တပ်မတော်ဘက်က လက်မခံဘူးလို့ UNFC တွဲဘက်အတွင်းရေးမှူးလည်းဖြစ် ရခိုင်ပြည်အမျိုးသားကောင်စီ(ANC) အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးထွန်းဇော်နဲ့ RFA သတင်းထောက် ကိုသီဟထွန်းဆက်သွယ်မေးမြန်းချက်

December 7, 2016

ကိုသီဟထွန်း ။ ။ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ UNFCမှာ ဖွဲ့ထားတဲ့ DPN နဲ့ ဘယ်အချိန်လောက်မှာ တွေ့ဖို့ ရှိပါလဲ ခင်ဗျား။

ဦးထွန်းဇော်။ ။ ရက်ကတော့ ညှိတယ်။ ကျနော်တို့ကို ဒီ(၁၀)ရက်နေ့ နောက်ပိုင်း အားမလားလို့ လာမေးတာပေါ့လေ….နော။် ဒါနဲ့ ကျနော်တို့ဘက်ကတော့ (၁၀)ရက်နေ့နောက်ပိုင်း အဆင်မပြေဘူးဖြစ်နေတယ်။ အဆင်မပြေတဲ့ အကြောင်းလည်း ကျနော်တို့ အကြောင်းပြန်ထားပါတယ်။ ကျနော်တို့ ရက်ညှိတာကလည်း ဒီလအတွင်းမှာ အချိန်ဇယားတွေလည်း ကပ်နေတယ်လေ…..။ မူလကတော့ ကျနော်တို့ အဆိုပြုထားတာကတော့ ဒီ….ပထမ အပတ်မှာ အားတဲ့ တရက် ရက်မှာပေါ့လေ အလွတ်သဘော ချင်းမိုင်မှာတွေ့ဖို့ပေါ့။ နောက်ပြီးတော့ ဒုတိယအပတ်ထဲမှာ ဆိုလို့ရှိရင် ၇၊ ၈၊ ၉ ပေါ့ တရက် ရက် တရားဝင် DPN နဲ့ ငြိမ်းချမ်းရေးကော်မရှင် (၄)ကြိမ်မြောက် အစည်းအဝေးပေါ့လေနော်။ အဲဒါကို ရန်ကုန်မှာတွေ့ဖို့ဆိုပြီးတော့ အဆိုပြုပါတယ်။ ဒါပေမယ့် အဲဒါ ငြိမ်းချမ်းရေးကော်ရှင်ဘက်က အဲ့ဒီရက်မှာ အဆင်မပြေတဲ့ အကြောင်းပြောပါတယ်။

ကိုသီဟထွန်း ။ ။ အခုတိုက်ပွဲတွေကြောင့် UNFC တောင်းဆိုထားတဲ့ အချက်(၉)ချက်အပေါ်မှာရော ရိုက်ခတ်မှုရှိလားခင်ဗျ။ ဘယ်လိုများ ဆက်ဆွေးနွေးဖို့ ရှိလဲ။ တွေ့ရင်ရော ဒီအချက်တွေကို အဓိကထားဆွေးနွေးဖို့ ရှိပါလား ခင်ဗျ။

ဦးထွန်းဇော်။ ။ ဟုတ်ပါတယ် အဓိကတော့ အဲဒါပါပဲ။ အဆိုပြုထားတဲ့ (၉)ချက်ကတော့ NCA လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စပဲ ဖြစ်ပါတယ်။ ပထမ တဆင့်ကတော့ တနိုင်ငံလုံး အပစ်အခက်ရပ်စဲရေး ဖော်ဆောင်ရမှာပေါ့လေ။ တစ်နိုင်ငံလုံး အပစ်အခက် ရပ်စဲရေးဖော်ဆောင်တဲ့အခါမှာ တနိုင်ငံလုံးမှာ သေနတ်သံတိတ်ဖို့ဆိုရင် အားလုံးပါဝင်ဖို့လိုတယ်။ အားလုံးပါဝင်ရေးအပေါ်မှာ ကျနော်တို့က ဆက်လက်ရပ်တည်ပြီးတော့ ဆွေးနွေးနေတာပေါ့။ တဖက်ကတော့ အစိုးရဖက်က အဲဒါထူးခြားမှုမရှိတဲ့အခါကျတော့ တိုးတက်မှုမရှိတဲ့ အနေအထားရောက်နေတာပေါ့။

ကိုသီဟထွန်း ။ ။ မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒီ ငြိမ်းချမ်းရေးက အခုလောလောဆယ်မှာ တန့်သွားတဲ့ အနေအထားများ ရှိလားခင်ဗျ။ တယောက်နဲ့ တယောက် ယုံကြည်မှုများ နည်းနည်းလျှော့သွားလား ခင်ဗျ။

ဦးထွန်းဇော်။ ။ ထိခိုက်ပါတယ်။ အနည်းနဲ့ အများတော့ ထိခိုက်ပါတယ်။ အခုဆိုလို့ရှိရင် တပ်မတော်ရဲ့ တုန့်ပြန်မှုတွေက မူလကဆက်ဆံတဲ့ အနေအထားထက်ကို ပိုတင်းမာလာတဲ့ အနေအထား ရှိတာပေါ့လေ။ မြေပြင်မှာ အဲဒါကြောင့် ကျနော်တို့ တောက်လျှောက် ပြောလာခဲ့တာရှိတယ်။ မြေပြင်ရဲ့ အကြောင်းအမျိုးမျိုးပြပြီးတော့မှ တိုက်နေတဲ့ကိစ္စတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နေတဲ့ကိစ္စတွေကို စားပွဲဝိုင်းမှာ ဖြေရှင်းဖို့အတွက် ကျနော်တို့ တောက်လျှောက် တိုက်တွန်းနေခဲ့ပါတယ်။ ကာယကံရှင် အဖွဲ့အစည်းတွေကလည်းပဲ စားပွဲဝိုင်းပေါ်မှာ ညှိနှိုင်းအဖြေရှာဖို့အတွက် လိုလားပါတယ်။ ဒါပေမယ့် အလွဲသာမရှောင်သာ မြန်မာ့တပ်မတော်ဘက်ကတော့ သဘောထားမကြီးတဲ့ အနေအထားမျိုးပြတော့ တောက်လျှောက်ထိုးစစ်ဆင်မှုအပေါ်မှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေကလည်းဘဲ စုပေါင်းခုခံပြီးတော့မှ လှုပ်ရှားရတဲ့အနေအထား ရောက်သွားတာပေါ့လေနော်။ ယုံကြည်မှုတွေလည်းဘဲ ထိခိုက်တာပေါ့လေ…နော်။ အခုဆိုလို့ရှိရင် ပိုဆိုးတာပေါ့။ လွှတ်တော်အထဲမှာ အကြမ်းဖက်အဖွဲ့အစည်း ဘာညာဆိုပြီးတော့မှ သက်မှတ်ဖို့အတွက် တပ်မတော်က အဆိုပြုတာရယ်၊ ပြည်ထောင်စု အဆင့်မှာ မအောင်မြင်လို့ အခုက ပြည်နယ်အဆင့်လွှတ်တော်မှာ သွားပြီးတော့မှ အဆိုတင်သွင်းနေတာရယ် တွေ့ရပါတယ်။ တောက်လျှောက် နေ့တဓူဝ အစိုးရရဲ့သတင်းမီဒီယာတွေကနေ ထုတ်ဖော်နေတဲ့အခါမှာ သောင်းကျန်းသူအဖွဲ့အဆင့်ကနေပြီးတော့ အခုက အကြမ်းဖက်အဖွဲ့အစည်းဆိုတဲ့ ပုံစံမျိုးတွေ သုံးနှုန်းလာတာတွေကတော့ ဒါ… တဖက်နဲ့ တဖက် ယုံကြည်မှုကို ထိခိုက်စေတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီလိုသုံးနှုန်းလိုက်လို့ကတော့ တဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲရုံကလွဲလို့ အဲဒါ တိုးတက်မှု လက္ခဏာ မရှိပါဘူး။

ကိုသီဟထွန်း ။ ။ ဒီတရုတ်နိုင်ငံက ကြားဝင်ပေးမှုနဲ့ ဒီအစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ အခု လက်ရှိဖြစ်ပွားနေတဲ့ တိုင်းရင်းသားအဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲ ပျက်သွားတာကကော ဘယ်လိုအခြေအနေများရှိလဲ။ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုများ လိုအပ်သလား ခင်ဗျ။ ဒီအပေါ်မှာ ဆရာတို့ ဘယ်လို မြင်ပါသလဲ။

ဦးထွန်းဇော်။ ။ လိုအပ်ပါတယ်။ ကျနော်တို့ နိုင်ငံတကာရဲ့ပါဝင်မှုကိုလည်း ကျနော်တို့ တောင်းဆိုနေပါတယ်။ တောက်လျှောက် ကျနော်တို့ တောင်းဆိုခဲ့တာပ။ဲ နိုင်ငံတကာ ပါဝင်မှုကို မြန်မာ့တပ်မတော်ဘက်က လက်မခံဘူးပေါ့လေ။ လက်မခံတဲ့အတွက် ဒီလိုကြန့်ကြာနေတာလည်း ဖြစ်ပါတယ်။ ကျနော်တို့ အဆိုပြုထားတဲ့ (၉)ချက်အထဲမှာလည်း အဲဒါ ပါ ပါတယ်။ ကျနော်တို့ တိုင်းပြည်ပြဿနာက ညီနောင်တိုင်းရင်းသား အချင်းချင်းကြားမှာ အိမ်တွင်းရေးပြဿနာ ဆိုပြီးတော့မှ ခံယူထားနေတာ နှစ်ပေါင်း(၇၀)နီပါး ရှိနေပြီ၊ ကျနော်တို့က ပတ်ဝန်းကျင်နဲ့ ပြည်ပက မိတ်ဆွေတွေရဲ့ အကူအညီ ယူပြီးတော့ ကျနော်တို့ဖြေရှင်းရင်တော့ ပိုထိရောက်မယ်ဆိုတဲ့ ရည်ရွယ်ယ်ချက်နဲ့ နိုင်ငံတကာပါဝင်မှုကိုမြှင့်တင်ဖို့ အဆိုပြုထားတာပေါ့ နော်။ အထူးသဖြင့် ပူးတွဲစောင့်ကြည့်ရေးလေ့လာရေး ယန္တရားမှာပေါ့၊ ပစ်ခက် တိုက်ခိုက်မှုကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သမာသမတ်ရှိတဲ့ ကြားနေတဲ့ ကျနော်တို့ နိုင်ငံတကာမိသားစု အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ၊ အစိုးရရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပြီးတော့ ကျနော်တို့က ဖွဲ့စည်းပေးစေချင်တဲ့ ညှိခဲ့မှုတွေ ရှိပါတယ်။ ဒါကို မြန်မာ့တပ်မတော်ဘက်က တောက်လျှောက် လက်မခံဘူးဖြစ်နေပါတယ်။ အဲဒါကြောင့် ကျနော်တို့ ဒီအဆိုပြုထားတဲ့ (၉)ချက်ကလည်း အဖြေမရနိုင်ဘူး ဖြစ်နေပါတယ်။

ကိုသီဟထွန်း ။ ။ ဦးထွန်းဇော် ဟုတ်ကဲ့ RFA က ကျေးဇူးတင်ပါတယ်။



Arakan National Council-ANC
ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) 
 
 
 


EmoticonEmoticon

Comments system

Flag Counter