ပြည်သူလူထုတွေကြောက်ရွံ့နေသော အတိတ်သမိုင်းကြောင်း၏ ......... အသွင်



(၁၉၊ ၂၊ ၂၀၁၆)

(၂၀၁၆) ဧပြီလ (၁)ရက်နေ့တွင် အစိုးရသစ် တာဝန်မယူမီ လက်ရှိ အကူးအပြောင်းကာလအတွင်း မတည်ငြိမ်မှုတစ်စုံတစ်ခု ဖြစ်နိုင်ကြောင်း မှန်းဆပြောဆိုမှုတစ်ခုကို သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီ မြန်မာပိုင်းအစီအစဉ်နှင့် စနေနေ့တွင် ပြုလုပ်သော အင်တာဗျူးမှာ ပြောကြားခဲ့ပါသည်။

သမ္မတသစ် ရွေးချယ်ရေးနှင့်ပတ်သက်၍NLD နှင့်စစ်တပ်တို့ ဆွေးနွေးနေသည်ဆိုသော သတင်းများထွက်ပေါ်နေချိန်တွင်ဦးသိန်းစိန်အမေရိကန်ခရီးစဉ်ကိုဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ ဆွေးနွေးပွဲတွင် စစ်တပ်၏ စီးပွားရေး အကျိုးစီးပွားများကို ထိခိုက်စေခြင်းမရှိရန်နှင့် ယခင်ဖြစ်ရပ်များအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရသစ်က လက်တုံ့ပြန်အရေးယူခြင်းမပြုလုပ်ရန်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တောင်းဆိုထားသည်ဟု ရန်ကုန်အခြေစိုက် သံတမန်အချို့က ပြောကြားခဲ့သည်။

မြန်မာ လက်ရှိအစိုးရ တပ်မတော်ဘက်မှ အစိုးရသစ် တွင် ၎င်းတို့ဘက်မှ ရရှိလို့သည်များကို တင်ပြလာပြီးနောက် ကွဲပြားမှုများ ပေါ်ထွက်လာခဲ့သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြသည်။

“အရင်အစိုးရ အဖွဲ့ဝင်တွေအားလုံးက အခုအချိန်မှာ စိုးရိမ်ကြောက်လန့်နေကြပါသည်။ ထို့ကြောင့် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဖို့ အတွက် စစ်တပ်ရဲ့ အရှိန်အ၀ါကို အသုံးချဖို့ ကြိုးစားလာပါတယ်”ဟုအစိုးရစစ်တပ်နှင့်ဆက်သွယ်မှုရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) မှ လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးကပြောသည်။

မြန်မာနိုင်ငံတွင် (၂၅) နှစ်အတွင်း ပထမဆုံးအဖြစ် ဒီမိုကရေစီ နည်းကျစွာ ကျင်းပနိုင်ခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံကို (၄၉) နှစ်ကြာ အုပ်ချုပ်ခဲ့သည့် စစ် အစိုးရ၏ နေရာကို ၂၀၁၁ ခုနှစ်တွင် အစားထိုးခဲ့သော ဦးသိန်းစိန် ဦးဆောင်သော အရပ်သား တပိုင်းအစိုးရကို ဖယ်ရှားနိုင်မည့် အသွင်ကူးပြောင်းရေးကို စတင်နိုင်ခဲ့သည်။

ထိုအသွင်ကူးပြောင်းရေးမှာ အပြန်အလှန် လက်ဆွဲနှုတ်ဆက်မှုများ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအကြောင်း ပြောဆိုမှု များဖြင့် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြောင်းလဲလာခဲ့သည်။လက်ရှိ စစ်တပ်အစိုးရ ပြန်ကြားရေးဝန်ကြီးနှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်အပေါ် လေးစားသင့်သည်ဟု ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် ရက်များအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD နှင့် ဦးသိန်းစိန် ဦးဆောင်သော အစိုးရ တပ်မတော်တို့သည် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်နိုင်အောင် တားဆီး ထားသည့် စစ်အစိုးရရေးဆွဲခဲ့သော အခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ပြောင်းလဲရန် သင့်၊ မသင့်ကို မီဒီယာများမှ တဆင့် ငြင်းခုန်မှုများ ပြုလုပ်ခဲ့ကြသည်။ စီးပွားရေး ပြုပြင်ပြောင်းလဲရေး ကို အလေးပေးရမည့်အစား သမ္မတရာထူး ကိစ္စကို အရေးထားမနေသင့်ဟုလည်း ဦးရဲထွဋ်ပြောဆိုခဲ့ပါသည်။ 

အခုအချိန်မှာ အာဏာအကူးအပြောင်း ကာလ အတွင်းသို့ ရောက်လာသည်နှင့်အမျှ ဦးသိန်းစိန် ဦးဆောင်သော စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော (NLD) ပါတီ အစိုးရဖြစ်ရေးကို ကြောက်လာခဲ့သည်မှာ သိသာ ထင်ရှားနေပါသည်။ ယခင်က သူတို့ လုပ်ခဲ့သမျှတွေကို သင်ပုန်းချေရန် ကြိုးစားလာခဲ့သည်။
(၁၉၈၈)ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့တွင် နိုင်ငံ၏ ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေသော မြန်မာ့အစိုးရ တပ်မတော်မှခေါင်းဆောင်များသည် ညှာတာမှုကင်းမဲ့စွာဖြင့် ပြည်သူလူထုကို ကာကွယ်ရန်ဖြစ်သော လက်နက်များကိုပင်အသုံးပြုကာ မြန်မာ ဒီမိုကရေစီလှုပ်ရှားမှုအရေးတွင် ပါဝင်သော ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူလူထုအား ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။ 
ထို့နောက် နိုင်ငံတော်အာဏာကိုသိမ်းယူပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(စစ်အစိုးရ)ကို နဝတ အမိန့်အမှတ် (၁/၈၈)ဖြင့် ဖွဲ့စည်းခဲ့သည်။

အစိုးရ စစ်တပ်မှ အာဏာသိမ်းသည်နှင့် နိုင်ငံတဝှမ်းလုံးတွင် ဒီမိုကရေစီကို လိုလားတောင့်တနေသော ပြည်သူလူထုများမှာ  အစိုးရ စစ်တပ်၏ ရက်စက်မှုအောက် အသက်သွေးမြေကျရခြင်း၊ ပျောက်ဆုံးသွားရခြင်း၊ ဖမ်းဆီးထောင်ချခံရခြင်း၊ မိမိနိုင်ငံ၏ပြင်ပသို့ စွန့်ခွာသွားရခြင်း-စသော ဖိနှိပ်မှုပေါင်းစုံကိုခံခဲ့ရပေသည်။ နောက်ပိုင်း (၁၉၉၀)ပြည့် ရွေးကောက်ပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော (NLD) ပါတီက မဲအများအနိုင်ရခဲ့ပြီး၊ ပြည်သူလူထုကလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ရွေးချယ် တင်မြှောက်ခဲ့ပါပြီ၊ ရှေ့လုပ်ရမည့်တာဝန်မှာ စစ်အာဏာရှင်တို့၏ ကတိကဝတ်အတိုင်း ရွေးကောက်ပွဲ ပြီးဆုံးပြီဖြစ်၍ ပြည်သူ့လွှတ်တော်ခေါ်ယူရေးနှင့်အနိုင်ရသောအဖွဲ့အစည်းအား အာဏာလွှဲပြောင်းပေးရမည်သာဖြစ်သည်။ သို့သော် အစိုးရ အာဏာပိုင်တို့သည် ပြည်သူ့လွှတ်တော် ခေါ်ယူရေးကို အကြောင်းအမျိုးမျိုးပြ၍ ရှောင်ရှားလာခဲ့ပါတော့သည်။ ရွေးကောက်ပွဲကုန်ကျစရိတ် ငွေစာရင်းများ စစ်ဆေးရန်ရှိသေးသည်ဟုလည်းကောင်း၊ အကြောင်း အမျိုးမျိုးပြ၍ အချိန်ဆွဲယူခဲ့ပါသည်။ စစ်အစိုးရမှ ပြည်သူ့လွှတ်တော် ခေါ်ယူပေးမည့်အချိန်ကို ရွေးကောက်ပွဲပြီး၍ ရက်ပေါင်း (၆ဝ)ထိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော (NLD) ပါတီမှ စောင့်ဆိုင်းနေရသည်။
သို့သော် အစိုးရ အာဏာပိုင်တို့က ကြေညာချက်အမှတ် (၁/၉ဝ)ကို ထုတ်ပြန်ခဲ့ပါသည်။ ထိုကြေညာချက် အမှတ်(၁/၉ဝ)သည် ပြည်သူ့လွှတ်တော်၏ အာဏာသက်ရောက်မှုအား ကန့်သတ်တားဆီးခြင်းဖြစ်ပြီး အစိုးရ အာဏာပိုင်တို့၏ မမှန်ကန်သော၊ မရိုးသားသော၊ ကလိမ် ကကျစ်ကျသော လုပ်ရပ်ကို ဖေါ်ပြလိုက်ခြင်းလည်းဖြစ်ပေသည်။

အခုအချိန်မှာ ဦးသိန်းစိန် ဦးဆောင်သော အရပ်သားတစ်ပိုင်း စစ်အစိုးရသည်ပင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော (NLD) အစိုးရသစ်ကို ကြောက်ရွံ့လာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ လက်ရှိအာဏာရ ဦးသိန်းစိန် အစိုးရစစ်တပ် (၁၉၉၀) ရွေးကောက်ပွဲ ပုံစံမျိုး မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ လိုလားတောင်းတနေတဲ့ စစ်မှန်သောဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကြီး တစ်ခုဖြစ်ဖို့အတွက် သင်တို့စစ်အစိုးရ စိုးရိမ် ကြောက်ရွံ့မှုတွေကို ဦးစားပေးပြီး နောက်ပြန်မလှည့်ပါစေနဲ့လို့ ဆုတောင်းရင်း၊ မြန်မာနိုင်ငံ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူတွေဟာ သင်တို့ လုပ်ခဲ့တာတွေကိုလည်း ခံခဲ့ရပါပြီ၊ သင်တို့ သတ်ခဲ့တာတွေကိုလည်း သေခဲ့ရပါပြီ၊ သင်တို့ဖိနှိပ်မှုအောက်မှာ ရှင်သန်ခဲ့ရပါပြီ၊ သင်တို့ မျက်ဝါးထင်ထင် သွေးမြေကျခဲ့တာတွေကို မြင်ခဲ့ရပြီးပါပြီ နောက်တစ်ခါ စစ်အစိုးရ အာဏာပိုင်တို့၏ မမှန်ကန်သော၊ မရိုးသားသော၊ ကလိမ် ကကျစ်ကျသော လုပ်ရပ်ကို ကျွန်တော်တို့ပြည်သူတွေအနေနဲ့ မခံစားရပါစေနဲ့လို့ တင်ပြရင်း။
                                                                                 

                                                                              ရခိုင်ကြယ်စင်


EmoticonEmoticon

Comments system

Flag Counter