ကျောက်တော်နှင့် မြောက်ဦးဒေသများတွင် ဆန်အများအပြား သယ်ဆောင်မှု ဒေသအာဏာပိုင်များ ကန့်သတ်

မြောက်ဦး/RiA ၊ ဖေဖေါ်ဝါရီ ၉ ရက်

ကုလားတန်နှင့် လေးမြို့မြစ်အတွင်း သွားလာနေကြ တဲ့ ကျောက်တော် နှင့် မြောက်ဦးဒေသ မှ ခရီးသွား တွေကို ဆန် အများအပြား သယ်ဆောင် ခွင့်မပြုဘဲ တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။

“ကျွန်တော်တို့က လေးမြို့ချောင်းဖျားမှာ အလုပ်လုပ်ဖို့ အတွက်တက်တာပါ။ လမ်းမှာတော့ အစစ်အဆေးတွေ တော်တော်များများ ရှိတယ်။ သူတို့အဓိက စစ်တာက ဆန်ကို ယူမသွားဖို့ အတွက်ကို စစ်ပါတယ်။ ဆန်တွေကို အများမယူရဘူး။ ကျွန်တော်တို့လို အလုပ်လုပ်ဖို့သွားတဲ့ သူတွေမှာ ဆန်ကို အများမယူရင် ဘာနဲ့စားမှာလဲ။ လနဲ့ချီပြီးကြာမှာ။ အလုပ်သွားလုပ်တဲ့သူတွေ တော်တော်လေးကို အခက်အခဲဖြစ်နေပါတယ်။" လို့ ဒေသခံ ၀ါးခုတ်တောင်သူ ဦးသန်းလှက RiA ကို ပြောပါတယ်။ယခုလို ခရီးသည်များကို စစ်ဆေးနေမှုတွေမှာ လေးမြို့မြစ်ကြောင်းအပြင် ကုလားတန်မြစ်ကြောင်း အတွင်း ကျောက်တော်နှင့် ပလက်ဝ နယ်စပ် တလျှောက်တွင်လည်း ပြုလုပ်နေကြောင်း သိရပါတယ်။

“ဆန်တွေဘာတွေ အများယူမသွားရလို့ လုပ်ချင်လည်း လုပ်မှာဘဲလေ။ ခရီးသည်တွေ၊ အလုပ် လုပ်နေကြတဲ့ ဝါးခုတ်သမားတွေကို စစ်ဆေးတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ကုန်ခဲ့တဲ့ အပတ်ကတောင် မြောက်ဦးရတနာပုံရွာက ကောင်လေး တစ်ယောက်တောင် စစ်တပ်ကနှိပ်စက်လို့ဆိုပြီး ဒါဏ်ရာတွေ ပြင်းပြင်းထန်ထန်ရလို့ ပြန်ရောက်တယ်။ သူတို့က ဝါးခုတ်ပြီး ပြန်လာတာလို့ပြောတယ်။ စစ်တပ်နဲ့ တွေ့တော့ သူပုန်တွေနဲ့ မတွေ့ဘူးလားလို့ မေးတယ်လို့ပြောတယ်။
မတွေ့ဘူးလို့ ပြောတဲ့အတွက် ရိုက်တာလို့ပြောတယ်။ ပြန်ရောက်တာ တစ်ပါတ်လောက်ပဲ ရှိသေးတယ်။ ဘာမှလည်းမရခဲ့ဘူး။” လို့ မြောက်ဦးဒေသခံတစ်ဦးက RiA ကို ပြောပါတယ်။

မကြာသေးမီလပိုင်းအတွင်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင်
တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် နီးစပ်တဲ့ ဒေသများအတွင်း ယခုလို စစ်ဆေးမေးမြန်းမှုများ တင်းကြပ်စွာ ပြုလုပ်နေခြင်းဖြစ်ကာ မြန်မာ့တပ်မတော် စစ်ကြောင်း လှုပ်ရှားမှုများကို ယခင်ထက် ပိုမို တွေ့မြင်လာရကြောင်း မြောက်ဦး ဒေသခံများက ပြောပါတယ်။


EmoticonEmoticon

Comments system

Flag Counter