ဝန်ကြီးနေရာလက်ခံပါက ပါတီအတွင်းဖြေရှင်းရမည့် ကိစ္စများရှိလာနိုင်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူးပြော




ဧပြီ ၅ (စစ်တွေ)
ရခိုင်အမျိုးသားပါတီ မှထုတ်ပြန်ထားသည့် ၁/ ၂၀၁၆ နှင့် ၂/၂၀၁၆ တို့အား လိုက်နာမှုမရှိဘဲ ကမ်းလှမ်းထားသည့် ဝန်ကြီးနေရာအား လက်ခံပါက ပါတီ၏စည်းမျဉ်းစည်းကမ်းအတိုင်း ဖြေရှင်းရမည့် ကိစ္စများရှိလာနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကပြောသည်။
ဧပြီလ ၄ ရက်နေ့ကျင်းပခဲ့သည့် ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေး နဝမနေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရန်အတွက် ဝန်ကြီးများအမည်စာရင်းအား နိုင်ငံတော်သမ္မတ၏ သဘောတူညီချက်နှင့် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပြုတင်သွင်းခဲ့ရာ၌ ရခိုင်အမျိုးသားပါတီမှ ရမ်းဗြဲမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်၊ ကိုယ်စားလှယ် ဦးကျော်လွင်အား ဘဏ္ဍာ၊အခွန် ဝန်ကြီးအဖြစ်အမည်စာရင်း တင်သွင်းခြင်းခံခဲ့ရကြောင်းလည်းသိရသည်။
“ဝန်ကြီးစာရင်းမှာ ပါရင်လဲ၊ ဦးကျော်လွင်ရဲ့ သဘောထားကို ကျွန်တော်တို့မသိရသေးပါဘူး။ တကယ်လို့ သူက ငြင်းဆိုခဲ့ရင် ဘာမှမဖြစ်သော်လည်း တကယ်လို့ ဦးကျော်လွင်ဟာ ပါတီစည်းမျဉ်းစည်းကမ်းအရ ထုတ်ပြန်ထား တဲ့ ကြေငြာချက်တွေကိုထုတ်ပြန်ထားပြီးဖြစ်တယ်။ တကယ်လို့ ကျွန်တော်တို့ပါတီရဲ့ထုတ်ပြန်ချက်တွေကို ကျော်လွန်ပြီး ဝန်ကြီးနေရာလက်ခံခဲ့ရင်တော့ ပါတီနဲ့ ဖြေရှင်းရမဲ့ကိစ္စတွေပေါ်ပေါက်လာမယ်လို့ယူဆတယ်။” ဟု ဦးထွန်းအောင်ကျော်ကပြောသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာများအား စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီးအဖြစ် ဦးကျော်လွင်၊ ဘဏ္ဍာအခွန်၊စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးအဖြစ် ဦးကျော်အေးသိန်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်၊ လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ဦးအောင်ကျော်ဇံ၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ပြည်နယ်ဥပဒေချုပ်အဖြစ် ဦးကျော်လှထွန်းအားလည်းကောင်း၊ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်ယဉ်ယဉ်လှတို့အား အဆိုပြုတင်သွင်းခဲ့ပြီး ယင်းအဆိုအား ဧပြီလ ၆ ရက်နေ့နောက်ဆုံးထား ကန့်ကွက်နိုင်မည်ဖြစ်ပြီး ရခိုင်အမျိုးသားပါတီမှ ဝန်ကြီးအဖြစ် အဆိုပြုခြင်းခံရသူ ဦးကျော်လွင်အား ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရှိခဲ့ပါ။



 Development Media Group


EmoticonEmoticon

Comments system

Flag Counter