■ ပြည်ထောင်စု စိတ်ဓာတ် ■





▬▬▬▬▬▬▬▬▬▬▬
■ ပြည်ထောင်စု စိတ်ဓာတ် ■
▬▬▬▬▬▬▬▬▬▬▬
ယခုခေတ်အခါသမယ၌ လမ်း၊ တံတား၊ အဆောက်အဦး ဖွင့်ပွဲများနှင့် ယုတ်စွ အဆုံး ဘာ မဟုတ်သည့် သာမန်ကိစ္စကလေးများ ပြုလုပ်ဆောင်ရွက်ရာ၌ပင် ကရင်၊ ကချင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားလူမျိုးတို့၏ ၀တ်စုံများကို ၀တ်ဆင်စေလျက် တခမ်းတနား ပါဝင် ဆင်နွှဲစေ၏။ တိုင်းရင်းသားပေါင်းစုံတို့၏ အကများဖြင့်လည်း အခမ်းအနားများကို သရုပ်ဖော် အမွှန်းတင်ကြသည်ကိုလည်း များစွာ တွေ့မြင်နေရ၏။ တိုင်းရင်းသားလူမျိုးများကို အလေးပေး အရေးပေးသည့် သဘောပေလော၊ သို့မဟုတ် လူမျိုးပေါင်းစုံ နေထိုင်သည့် ပြည်ထောင်စု၏ အဓိပ္ပါယ်ကို သရုပ်ဖော်ပြခြင်းပေလော၊ သို့တည်းမဟုတ် ရောင်စုံ အ၀တ်တန်ဆာများဖြင့် ၎င်းတို့၏ အခမ်းအနားများကို ပိုမို၍ လှပတင့်တယ် ကျက်သရေရှိစေရန် အခမ်းအနား၏ အဆောင်အောင် သဘောထား၍ ပြုမှု ဆောင်ရွက်ခြင်းပေလော၊ ဤအခြင်းအရာ သဘောထားများကို ပြုသူများသာ သိကြပေလိမ့်မည်။

တိုင်းရင်းသားလူမျိုးများကို အရေးပေးသည့် အလေးထားသည့် သဘောဆိုပါက ကောင်းလေစွ။ ထိုထက်မှာမူ တိုင်းရင်းသားလူမျိုးအရေးကို အပေါ်ယံ ရွှေမှုန်ကြဲ အဆောင်အယောင် သဘောမျှ ဖော်ပြနေခြင်းထက် တိုင်းရင်းသားလူမျိုးများ၏ အရေးကို ကိုယ်ပိုင် ပြဋ္ဌာာန်းခွင့် အခြေခံဖြင့် ဖြေရှင်းလျက် အမျိုးသား သွေါ်စည်း ညီညွတ်ရေးကို တည်ဆောင်ကြမည်ဆိုပါမူ ပို၍ ကောင်းလေစွဟူ၍ ဆင်ခြင် တွေးတောမိပေသည်။

၎င်း အပြင် "ပြည်ထောင်စု စိတ်ဓာတ်" ဟူသော ဝေါဟာရဆိုင်ရာ အပြောအဆို၊ အရေးအသား၊ အသုံးအနှုန်းများသည်လည်း ယခင်ခေတ်အခါများမှာထက် ပိုမိုတွင်ကျယ်လာ၏။ ရွှေရည်စိမ်ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တိုင်းရင်းသားလူမျိုးများကို "ပျားရည်နှင့် ၀မ်းချခြင်း" ပေလော၊ သို့မဟုတ် "အများယောင်၍ ယောင်ရ၊ အမောင် တောင်မှန်း မြောက်မှန်းမသိပါ" ဆိုသကဲ့သို့ မိမိကိုယ်၌က ပြည်ထောင်စု အခြေခံသဘောနှင့် ပြည်ထောင်စုမူများက ခံယူသိမြင်ခြင်း မရှိပါဘဲလျက် အများက ပြောဆိုသုံးနှုန်းခြင်းကြောင့်သာ ပြောဆို သုံးနှုန်းကြခြင်း ပေလော၊ သို့တည်းမဟုတ် မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်းနေထိုင်သော နိုင်ငံဖြစ်သည်။

 ထို့ကြောင့် စစ်မှန်သော ပြည်ထောင်စုကို တည်ဆောက်မှသာ တိုင်းရင်းသားလူမျိုးများကို စည်းရုံးနိုင်မည်ဟု ခံယူချက်ဖြင့်ပင် စစ်မှန်သော ပြည်ထောင်စုကို တည်ထောင်မှသာ တိုင်းရင်းသားလူမျိုးများကို စည်းရုံးနိုင်မည်ဟူ၍ ခံယူချက်ဖြင့်ပင် ပြောဆိုသုံးနှုန်းနေခြင်းပေလော။ ဤအချင်းအရာ သဘောထားများကိုလည်း ပြုသူများသာ သိကြပေလိမ့်မည်။ "ရွှေရည်စိမ် ပြည်ထောင်စု စိတ်ဓာတ်" များကို ဖယ်ရှားပြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သော ပြည်ထောင်စုမူ၊ ပြည်ထောင်စု စိတ်ဓာတ်ကို သိမြင် ခံယူလျက် ပြောဆိုသုံးနှုန်းပါမူ ကောင်းလေစွ။

ထိုထက်မှာမူ ဒီမိုကရေစီရေး၊ တန်းတူရေး၊ လွတ်လပ်ရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုပြီး လူမျိုးစု ပြဿနာကို ဖြေရှင်းကာ အမျိုးသား ညီညွတ်ရေးကို တည်ဆောက်ကြပါမူကား အတိုင်းထက် အလွန်ကောင်းလေစွဟူ၍ တွေးမြင်ခံစားမိပေသည်။ လမ်းစဉ်ပါတီခေတ်၌ "တောင်သူလယ်သမားဦးကြီးများ" ဆိုသော ဝေါဟာရသည် တွင်ကျယ်စွာ အသုံးပြုခြင်း ခံခဲ့ရသည်။ သို့သော်တောင်သူလယ်သမားများ၏ ဘ၀မှာမူ အထူးအခွင့်အရေးများ ဗလာနတ္တိ၊ ယခင်ခေတ်များမှာထက်ပင် ခါးသီးသော ခံစားချက်များကို ခံစားခဲ့ကြရ၏။

ပြည်ထောင်စု စိတ်ဓာတ်နှင့် ပတ်သက်၍ ပြောဆိုသုံးနှုန်းကြရာတွင်လည်း ဤသို့ မဖြစ်ရန်လိုသည်။ မည်သည့် ပြဿနာကို မဆို အပေါ်ယံ အပြောသက်သက်ဖြင့် မပြီးပေ။ ရွှေရည်စိမ် စိတ်ဓာတ်နှင့် သဘောထားများကို ဖယ်ရှားပြီး ပြဿနာကို အခြေခံကျကျ ရှုမြင်သုံးသပ်ရန် လိုသည်။

 လောက၌ ဖြစ်ပျက်တတ်သော သဘာဝနိယာမတရားများသည် လူတို့၏ ဆန္ဒနှင့် ကင်းလွတ်၏ ထို့ကြောင့် ပြဿနာတရပ်ကို ရှုမြင် သုံးသပ်ရာတွင်လည်း ဆန္ဒစွဲ၊ လူမျိုးစွဲကင်းရှင်းရန်လိုပေသည်။ ထို့အပြင် ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်၍ ရလာသော အခြေခံသဘောတရားများကို အသိအမှတ်ပြု လက်ခံရန် လို၏။`၎င်းအပြင် ပြေလည်စွာ ဖြေရှင်းမှသာ ပြီးမြောက်နိုင်ပေမည်။ ထို့ကြောင့် ပြည်ထောင်စုအတွင်းမှ တိုင်းရင်းသားလူမျိုးများ ပြဿနာကိုလည်း ဓမ္မဓိဋ္ဌာနကျကျ သုံးသပ်ရမည်။

 ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုရမည်။ လူမျိုးစု၊ လူနည်းနည်းစုများ၏ အခွင့်အရေးကို အလေးအနက်ထား လက်ခံရမည်။ ဤအခြေခံသဘောတရားများ ပါသော ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ဖြေရှင်းမှသာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ် ရရှိနိုင်ပေမည်။ "ပြည်ထောင်စု" ဟူသည် ပြည်ထောင်များကို ပေါင်းစည်းထားခြင်းဖြစ်၏။ လူမျိုးအသီးသီးတို့ မှီတင်းနေထိုင်ရာများကို စုပေါင်းထားခြင်းလည်း မည်၏။ ပေါင်းစည်းကြခြင်း၏ အဓိကရညရွယ်ချက်မှာ ဘုံရန်သူကို စုပေါင်း ကာကွယ်ရန်နှင့် ဘုံအကျိုးစီးပွားကို တည်ဆောက်ကြရန် ဖြစ်၏။

ရှေးပဝေသဏီခေတ်၌ လူသားတို့သည် မိသားစု၊ ဆွေမျိုးစု၊ သွေးတူများအဖြစ်သာ စုဖွဲ့ နေထိုင်ခဲ့ကြသည်။ အန္တရာယ်များနှင့် ရန်သူများကိုလည်း မိမိတို့ အင်အားဖြင့် ရင်ဆိုင် တိုက်ခိုက်ခြင်းဖြင့်သာ များသောအားဖြင့် ဖြေရှင်းခဲ့ကြဟန် ရှိသည်။ သို့ရာတွင် ပုဂ္ဂလိက ပိုင်ဆိုင်မှုနှင့် ဆွေမျိုးစု၊ သွေးတူစုများ၏ ပိုင်ဆိုင်မှု (ကျွဲ၊ နွား၊ သိုး၊ တိရစ္ဆာန်များနှင့် စိုက်ပျိုးမြေယာများ) ကို ပိုင်ဆိုင်လာသောအခါ မြေယာလုစစ်ပွဲများ၊ အုပ်စု စစ်ပွဲများ ဖြစ်ပွားလာ၏။

ဤသို့ဖြင့် ကြီးနိုင်ငယ်ညှဉ်းသဘော၊ အုပ်စုကြီးများက အုပ်စုငယ်များကို အနိုင်အပြုတိုက် တိုက်ခိုက် လုယက်သိမ်းပိုက်မှုများ ရှိလာခဲ့၏။ စိန်ခေါ်မှုများ ရှိလာ၏။ ဤသို့ဖြင့် ဆွေမျိုးစု၊ မျိုးတူစု၊ သွေးတူစုများ အချင်းချင်း ပေါင်းဖွဲ့သည့်အစုအဖွဲ့များ ပေါ်ထွန်းလာ၏။ ဤသည်မှာ ယနေ့ ကမ္ဘာ့နိုင်ငံရေးနယ်ပယ်တွင် တွင်ကျယ်စွာ ကျင်းသုံးနေကြသော ပြည်ထောင်စုများ၏ အခြေခံသဘောပင် ဖြစ်ပေသည်။

လူသားတို့သည် ဆွေမျိုးစု၊ မျိုးတူစု၊ သွေးတူစု အသိုင်းအ၀ိုင်းမျိုးစုံမှ တဖြည်းဖြည်း နိုင်ငံတော်အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ဘာသာစကား၊ ဓလေ့ ထုံးတမ်းယဉ်ကျေးမှု၊ ဆွေမျိုးတော်စပ်မှုအရ ဖွဲ့စည်းနေထိုင်ခဲ့ရာမှ တခုတည်းသော အာဏာပိုင်မှု (အကြီးအကဲ) အောက်တွင် နေလိုခြင်းကြောင့် မျိုးတူစုများ စုဖွဲ့လာကြသည်။ လူ့ယဉ်ကျေးမှု စတင်လာခြင်းနှင့် စိုက်ပျိုးရေး စနစ် ပိုမိုထွန်းကာလာခြင်းကြောင့်လည်း ဆွေးမျိုးစုများ ပိုမို စုစည်းလာကြသည်။

အုပ်စု တစ်စုနှင့် တစ်စု အကြား ရန်လိုမှု၊ စိန်ခေါ်မှုများနှင့် နယ်မြေလုစစ်ပွဲများကြောင့် အင်အားကြီးသော အုပ်စု အင်အားငယ်သော အုပ်စုအပေါ် လွှမ်းမိုးတိုက်ခိုက် သိမ်းပိုက်မှုများ ရှိလာသည်။ ဤကဲ့သို့သော စုဖွဲ့မှုများမှ အုပ်ချုပ်ရေး ယန္တရားနှင့် နိုင်ငံတော်များ ပေါ်ပေါက်လာခဲ့ပေသည်။
မူလနိုင်ငံတော်များသည် ဒီမိုကရေစီကျသော၊ လူထုအားဖြင့် ရွေးချယ်သည့် လူထုကို တိုက်ရိုက်ကိုယ်စားပြုသော နိုင်ငံတော်များသာ ဖြစ်ခဲ့ကြ၏။

သို့ရာတွင် ပစ္စည်းဥစ္စနှင့် ဓနအင်အားကို ရှာဖွေ စုဆောင်းရာတွင် ထွန်ယက် စိုက်ပျိုးလုပ်ကိုင်၍ ရှာဖွေသည်ထက် လုယက် တိုက်ခိုက် သိမ်းပိုက်ခြင်းအားဖြင့် ပိုမိုရရှိနိုင်သည့် သဘောကို မြင်လာသောအခါ လုယက် သိမ်းပိုက်သည့် စစ်ပွဲများမှသည် ပဒေသရာဇ်အင်ပါယာများ ထူထောင်ခဲ့ကြသည်။ နပိုလီယံ၏ အင်ပါယကို အကြောင်းပြုပြီး အမျိုးသားရေးစိတ်နှင့် အမျိုးသားနိုင်ငံကို ကာကွယ်ရန်စိတ်များ ပြင်းပြလာခဲ့ကြသည်။ နပိုလီယံသည် ဥရောပ၌ အင်္ဂလန်မှလွှဲပြီး ကျန်ပဒေသရာဇ်နိုင်ငံများကို သိမ်းပိုက်ခဲ့သည်။

ထိုနိုင်ငံများတွင် အမျိုးသားဘုရင်များကို ဖယ်ရှားပြီး နပိုလီယံ၏ ဆွေတော်မျိုးတော်များကို ဘုရင်များအဖြစ် ခန့်အပ်အုပ်ချုပ်စေခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံများစွာတို့သည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ်လူမျိုး ဘုရင်များကို တမ်းတလာကြ၏။ အမျိုးဘာသာ၊ သာသနာနှင့် မိမိနိုင်ငံကို ထူထောင်လိုသော၊ ကာကွယ်လိုသော စိတ်များ ပေါ်ပေါက်ကာ တော်လှန်ပုန်ကန် ခဲ့ကြသည်။ ထိုကဲ့သို့ တော်လှန်ပုန်ကန်မှုများကြောင့် နပိုလီယံ၏ အင်ပါယာ ပြိုကွဲရပြီး အမျိုးသားနိုင်ငံများ ပေါ်ပေါက်လာ၏။

စက်မှုတော်လှန်ရေးနောက်ပိုင်း၌ နယ်ချဲ့စနစ်ပေါ်ပေါက်လာရာ ထိုနယ်ချဲ့စနစ်မှ မွေးဖွားပေးလိုက်သော ကိုလိုနီဝါဒနှင့် ကိုလိုနီနိုင်ငံများ ပေါ်ပေါက်လာခဲ့၏။ ယင်းကိုလိုနီနိုင်ငံများတွင် နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတည်းဟူသော အမျိုးသားရေး စိတ်ဓာတ်နှင့် အမျိုးသားရေးဝါဒသည်လည်း ပီပြင်စွာ ပေါ်ပေါက်ခဲ့ပေသည်။

အမျိုးသားနှင့် နိုင်ငံတော်၊ နိုင်ငံတော်နှင့် အမျိုးသား၊ အပြန်အလှန်ဆက်စပ်နေသည့် အမျိုးသားနိုင်ငံတော် သဘာတရားများ၊ လူမျိုးတိုင်း၏ ကိုင်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားနိုင်ငံထူထောင်ခွင့် စသည့် အမျိုးသားဝါဒသည် ပမထမကမ္ဘာစစ်ကြီးအပြီးတွင် ထင်ရှားစွာ ပေါ်ပေါက်လာခဲ့ပေသည်။ (အမေရိကန် သမ္မတ ၀ုဒ်ရိုးဝီ (လ်) ဆင်၏ ကိုယ်ပိုင် ပြဌားန်ခွင့်နှင့် ဆိုဗီယက်ယူနီယံ၏ ခေါင်းဆောင်လီနင်၏ ကိုယ်ပိုင်ပြဌားန်ခွင့် သဘောတရားများ) ပထမ ကမ္ဘာစစ်ကြီးအပြီး ပေါ်ပေါက်လာသော နိုင်ငံတော်များသည် များသောအားဖြင့် လူမျိုးတမျိုးတည်းဖြင့် ဖွဲ့စည်းသော နိုင်ငံတော်များထက် လူမျိုးအများအပြားကို စုပေါင်းဖွဲ့စည်းထားသော နိုင်ငံတော်များသာ ဖြစ်ကြပေရာ ပြည်ထောင်စု သဘောတရားများသည်လည်း ပေါ်ထွန်းလာခဲ့ပေသည်။ (ဆွစ်ဇာလန်ပြည်ထောင်စု၊ ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယား ပြည်ထောင်စု၊ ချက်ကိုစလိုဗက်ကီးယား ပြည်ထောင်စုတို့သည် ပြည်ထောင်စု သဘောတရား အမျိုးမျိုးကို ပေါ်လွင်စေသည်။

မြန်မာနိုင်ငံတွင် ပဒေသရာဇ်ခေတ်ဦးဖြစ်သော (၁၀၄၄) ခုနှစ်မှစ၍ နန်းတက်သည့် အနော်ရထားမင်းသည် တိုက်ခိုက်ခိုက် သိမ်းပိုက်ခြင်းအားဖြင့် ပဒေသရာဇလ်လက်နက် နိုင်ငံတော်ကို တည်ထောင်ခဲ့၏။ သို့ရာတွင် အနော်ရထား၏ နိုင်ငံတော် မပေါ်ထွန်းမှီ မြန်မာနိုင်ငံ၏ နယ်မြေဒေသအတွင်းတွင် ပျူလူမျိုးတို့၏ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ နိုင်ငံတော်များ၊ မွန်တို့၏ သုဝဏ္ဏဘူမိနိုင်ငံတော်၊ ရခိုင်လူမျိုးတို့၏ ဒွါရာဝတီ၊ ဓည၀တီ၊ ဝေသာလီ နိုင်ငံတော်များ၊ ရှမ်းတို့၏ နန်ရှောင်နိုင်ငံတော် စသည့်နိုင်ငံများသည် အုပ်ချုပ်ရေး၊ စာပေယဉ်ကျေးမှု အမွေအနှစ်များဖြင့် ပြည့်ဝဖွံ့ဖြိုးတိုးတက်လျက် ရှိနေသည်ကို တွေ့ရပေမည်။ ပျူလူမျိုးတို့သည် တိဘက်တိုဘားမား အုပ်စုဝင်များဖြစ်ကြပြီး တိဘက် ကုန်းမြင့်မှ ဆင်းသက်လာသည်။ မြန်မာပြည်ဒေသသို့ ရောက်သောအခါ ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသည်။ မွန်လူမျိုးတို့သည် မလွန်ခမာ အနွယ်ဝင်များ ဖြစ်ကြပြီး သုသဏ္ဏဘူမိနှင့် ဟံသာဝတီနိုင်ငံများကို တည်ထောင်ခဲ့ကြသည်။

ရခိုင်လူမျိုးများသည် ရခိုင်ဒေသသို့ ရှေးဦးရောက်နှင့် လာကြသော ကမ်းယံလူမျိုး၊ သက်လူမျိုးများနှင့် နောက်ပိုင်းမှ ၀င်လာသော အာရီယံလူမျိုးများ ရောနှောနေထိုင်ခဲ့ကြပြီး ဒွါရာဝတီ၊ ဓည၀တီ၊ ဝေသာလီ၊ ပါရိန်၊ လောင်းကြက်၊ မြောက်ဦးနိုင်ငံတော်များကို တည်ထောင်ခဲ့ကြပေသည်။
ရှမ်းလူမျိုးတို့သည် ဆီနိုထိုင်း အနွယ်များဖြစ်ကြပြီး နန်ချောင်နိုင်ငံတော်များကို တည်ထောင်ခဲ့ကြပေသည်။ နောက်ပိုင်းတွင် စော်ဘွားနယ်များဖြင့် အုပ်စိုးနေထိုင်ခဲ့ကြသည်။

 မြန်မာလူမျိုးတို့သည် တိဘက် မြန်မာအနွယ်များ ဖြစ်ကြပြီး ပုဂံ၊ အင်းဝ၊ ပင်းယ၊ စစ်ကိုင်း၊ တောင်ငူ၊ အမရပူရ၊ မန္တလေးနိုင်ငံတော်များကို တည်ထောင်ခဲ့ကြသည်။ မြန်မာပဒေသရာဇ်ခေတ်သည် အေဒီ (၁၀၄၄) ခုနှစ်၊ အနော်ရထာ နန်းတက်သောနှစ်မှ သီပေါမင်းနန်းကျသော သက္ကရာဇ် (၁၈၈၅) ခုနှစ်ထိ ရှည်ကြာခဲ့သည်။ ပြည်ထောင်စု မြန်ာနိုင်ငံဟူ၍ ဖြစ်ပေါ်လာမည့် သမိုင်းကြောင်းကို လေ့လာမည်ဆိုပါက ထိုသမိုင်းကြောင်း ဖြစ်ပေါ်ရာ ပထ၀ီအနေအထားကိုလည်း အနည်းငယ် သိမြင်ထားရန် လိုပေသည်။ ပထ၀ီအနေအထားများသည် ထိုတိုင်းပြည်၏ ရာဇ၀င်သမိုင်းကြောင်းကို စီမံဖန်တီးရာတွင် အဓိက အချက်တစ်ချက် အနေဖြင့် ပါဝင်နေခြင်းကြောင့် ဖြစ်သည်။

 မြန်မာနိုင်ငံသည် အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ အနောက်စွန်း၌ တည်ရှိသည်။ အရှေ့ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ မဏိပူရနယ်၊ အာသံနယ်နှင့် မြင့်မောက်သော တောင်တန်းကြီးများ၊ မြောက်ဘက်တွင် တိဘက်နိုင်ငံများ ရှိခဲ့ကြပေသည်။
ရှေးမြန်မာမင်းတို့၏ လက်ထက်တန်ခိုးကြီးသော မင်းများသာလျှင် ဤမျှကျယ်ပြန့်သောဒေသနှင့် ၎င်းထက်ပိုသော ဒေသမျးကို သိမ်းပိုက် ပိုင်ဆိုင်ခဲ့ကြပြီး ကျန်အချိန်များမှာ တစိတ်တဒေသကိုသာ ပိုင်ဆိုင်ကာ ထီးပြိုင်နန်းပြိုင် တိုင်းငယ်ပြည်ငယ်ကလေးများ အဖြစ်သာ တွေ့မြင်ကြရပေသည်။

 မြန်မာနိုင်ငံကို အကြမ်းအားဖြင့် သုံးသပ်ရလျှင် ပင်လယ်ကမ်းခြေဘက်တွင် ရခိုင်ခိုင်လူမျိုးတို့၏ ဒွါရ၀တီ၊ ဓည၀တီ၊ ဝေသာလီ၊ ပါရိန်၊ လောင်းကြက်၊ မြောက်ဦး။ မွန်တို့၏ သုဝဏ္ဏဘူမိ၊ ဟံသာဝတီ (ပဲခူး)။ အလယ်ပိုင်း၌ သရေခေတ္တရာ (ပြည်) နှင့် ၎င်း၏ အရှေ့ဘက်တွင် ကေတုမတီ (တောင်ငူ) ၎င်း၏ မြောက်ဘက်၌ ပုဂံ၊ အင်းဝ၊ စစ်ကိုင်းစသည်တို့၏ တည်ရာဖြစ်သော ဧရာဝတီ မြစ်ဝှမ်းအလယ်ပိုင်း၊ ထိုမှ မြောက်နှင့် အရှေ့ဘက်တို့တွင် ရှမ်းပြည်များ တည်ရှိခဲ့ကြပေသည်။

စစ်ကိုင်း၊ အင်းဝ၊ ပုဂံပြည်ကြီး၏ တည်ရာ ဧရာဝတီမြစ် အနောက်ဘက်ကို သုနာပရန္တတိုင်း၊ အရှေ့ဘက်ကို တမ္ပဒီပတိုင်း ဟူ၍ ခေါ်ပြီး မြန်မာတို့၏ ဒေသဖြစ်သည်။ ပုသိမ်၊ မြောင်းမြ၊ ပဲခူး၊ ဟံသာဝတီ၊ မုတ္တမ၊ တနင်္သာရီစသည်တို့ကား မွန်လူမျိုးတို့၏ ဒေသဖြစ်ခဲ့ကြသည်။

 မြန်မာနိုင်ငံ၏ မြေပုံကို ကြည့်လျှင် ရခိုင်ပြည်ကို ချန်လှပ်ထားသော မြန်မာနိုင်ငံကို တောင်နံရံတံတိုင်းကြီး ၀ိုင်းရံလျက်ရှိသည်ကို တွေ့ရပေလိမ့်မည်။ အနောက်ဘက်တွင် ပတ်ကွိုင်တောင်၊ နာဂတောင်၊ ချင်းတောင်၊ ရခိုင်ရိုးမတောင်တို့ပါဝင်သော တောင်တန်းမြင့်ကြီးသည် ကျော်ဖြတ်ရန် ခဲယဉ်းလှ၏။ ၎င်းတောင်တန်းနံရံကြီးကို ဖြတ်ကျော်၍ ၀င်ရောက်ရန် ခရီးလမ်းများမှာ စင်စစ်အားဖြင့် မြစ်ငယ်များ စီးဆင်းနေသော တောင်ကြားများသာ ဖြစ်ကြ၏။

 ဗြဟ္မပုတ္တရမြစ်ရှိရာ ဟူးကောင်းတောင်ကြားလမ်း၊ မဏိပူရမြစ်စဉ်အတိုင်း မဏိပူရလမ်း၊ အမ်းတောင်ကြားလမ်း၊ေ တာင်ကုတ်တောင်ကြားလမ်း၊ အရှေ့ဘက်တွင် တာပင်မြစ်ကြောင်းလမ်း (ဗန်းမော်) ကသာမှ ရွှေလီမြစ်ကြောင်းလမ်း၊ မြစ်ငယ်ကြောင်းအတိုင်း ကွမ်းလုံကူးတို့ ဆိပ်လမ်း၊ တောင်ဘက်တွင် ဂျိုင်းမြစ်ကို လျှောက်၍ ကော့ကရိတ်လမ်း၊ မော်လမြိုင် အရှေ့ဘက်တောင်ကုန်းများမှာ မမြင့်လှ၍ ကျော်ဖြတ်ရန် လွယ်ကူသည်။ ဤလမ်းများသည် မြန်မာတို့က နိုင်ငံခြားသို့ စစ်ချီရာလမ်းနှင့် နိုင်ငံခြားသားတို့ မြန်မာနိုင်ငံသို့ ၀င်ရောက်ရာ လမ်းများ ဖြစ်ကြသည်။

မြန်မာနိုင်ငံနှင့် ရခိုင်ပြည်တို့သည် ရခိုင်ရိုးမတောင်တန်းကြီး၏ အတားအဆီးကြောင့် စစ်မက်ရေးရာများကို ကာဆီးထားသကဲ့သို့ ရှိသည်။ ထို့ကြောင့် ရခိုင်ပြည်ကို မြန်မာတို့ တိုက်ခိုက်သော အကြိမ်ပေါင်း အလွန်နည်းသည်။ အနော်ရထာမင်း လက်ထက်တွင် တကြိမ်၊ အလောင်းစည်သူ လက်ထက်တွင် တကြိမ်၊ အင်းဝမင်းခေါင်လက်ထက်နှင့် တပင်ရွှေထီးတို့ လက်ထက်တွင် တကြိမ် တိုက်ခိုက်ပြီး ရခိုင်ဘုရင် မင်းရာဇာကြီးလက်ထက်တွင် မြန်မာပြည်ဘက်သို့ တကြိမ်သာ လ်ာရောက်တိုက်ခိုက်သည်ကို တွေ့ရပေသည်။ အမရပူရခေတ် ဘိုးတော်ဘုရားလက်ထက်ကျမှသာ မြန်မာတို့သည် ရခိုင်ပြည်ကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

အင်းဝ (မြန်မာ) နှင့် ဟံသာဝတီ (မွန်) တို့အကြားတွင် သွားလာရလွယ်ကူသော ဧရာဝတီမြစ်ကြောင်းရှိခြင်းကြောင့် အကြိမ်များစွာ စစ်မက်ဖြစ်ပွား ကြသည်ကို တွေ့ရပေသည်။ (အနှစ် ၄၀ စစ်)။ ပြည်နှင့် တောင်ငူတို့သည် ဟံသာဝတီနှင့် အင်းဝတို့ အကြားတွင်ရှိသော်လည်း ပြည်မှာ ဧရာဝတီမြစ်ကြောင်းလမ်းတွင် ကျပြီး တောင်ငူမှာမူ ပဲခူးရိုးမ တောင်တန်းဖြင့် ပိုင်းခြား ကာကွယ်ထားသကဲ့သို့ ရှိသည်။

ဟံသာဝတီနှင့် အင်းဝတို့ အပြန်အလှန် စစ်ပြုကြရာတွင်လည်း ဧရာဝတီမြစ်ကြောင်းဖြင့် ရေကြောင်းချီသည်က များပေသည်။ ထို့ကြောင့် သရေခေတ္တရာ (ပြည်) သည် ရှေးအခါက လွတ်လပ်ခဲ့သော်လည်း နောင်တွင် မြန်မာလူမျိုးနှင့် မွန်လူမျိုးတို့၏ လက်အောက်တွင် တလှည့်စီ ကျရောက်ခဲ့ရပေသည်။ ကေတုမတီ (တောင်ငူ) မှာကား စစ်မက်ဘေးမှ လွတ်ကင်းခဲ့ပေသည်။ ထို့ကြောင့် တဖြည်းဖြည်း အင်အားတောင့်တင်းလာပြီးလျှင် နောင်တွင် အင်းဝနှင့် ပဲခူး (ဟံသာဝတီ) တို့ စစ်ပန်းလာသောအခါ ထိုပြည်နှစ်ပြည်လုံးကိုပင် သိမ်းယူနိုင်ခဲ့ပေသည်။

ရှမ်းပြည်ကား မြန်မာပြည်နှင့် တရုတ်တို့၏ ကြားတွင်ရှိ၍ တခါတရံ သီးခြားလွတ်လပ်နေပြီး ရံဖန်ရံခါတွင် ယိုဒယားလက်အောက်သို့ ကျရောက်ခဲ့ပေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်းကို ရေးသားဖော်ပြရာတွင် မြန်မာလူမျိုးတမျိုးတည်း၏ သမိုင်းကို ဖော်ပြခြင်းထက် အခြားလူမျိုးများ၏ သမိုင်းအပါအ၀င် ပြည်ထောင်စု သမိုင်းကိုသာ ဖော်ပြသင့်ပေသည်။

ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံတွင် သမိုင်းကို ရေးသားဖော်ပြရာ၌ မွန်လူမျိုးများ၏ သမိုင်းနှင့် မွန်နိုင်ငံတော်များ အကြောင်းကိုလည်းကောင်း၊ မွန်မင်းဆက်ကိုလည်းကောင်း၊ ထင်ရှားသော ရှမ်းဘုရင်များ အကြောင်းကိုလည်းကောင်း၊ ထိုနည်းတူစွာ ရခိုင်လူမျိုးတို့၏ သမိုင်းနှင့် ထင်ရှားသော နိုင်ငံတော်များကိုလည်းကောင်း၊ ထင်ရှားသော ရခိုင်ဘုရင်များအကြောင်းကိုလည်းကောင်း ဖော်ပြမှု၊ သင်ကြားမှု နည်းပါးခြင်းကြောင့် သိရှိသူ အလွန်နည်းပေသည်။ အချို့မှာ ဥက္ကလာပမင်း၊ ရှင်စောပုဘုရင်မနှင့် ဓမ္မစေတီမင်းစသည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်၏ ဒါယကာများ ဖြစ်ကြသော ဘုရင်များကို မွန်ဘုရင်ဟူ၍ လည်းကောင်း၊ သီဟသူ၊ အုန်းဘောင်ခုံမှိုင်း စသည့်မင်းများကို ရှမ်းမင်းများဟူ၍ လည်းကောင်း သိကြသူနည်းပေသည်။ ထိုနည်းတူစွာ ရခိုင်မင်းဆက်မှ ထင်ရှားသော မင်းများဖြစ်ကြသည့် စန္ဒသူရိယ၊ မင်းထီး၊ မင်းဘာကြီး၊ မင်းရာဇာကြီးစသည့် မင်းများအကြောင်းကိုကား သိရှိသူ အလွန်နည်းပါးလှပေသည်။ ဤသို့ ဖြစ်ရသည်မှာ သမိုင်းကို ဖော်ပြရာတွင် ပြည်ထောင်စု သမိုင်းအနေဖြင့် ဖော်ပြခြင်းထက် ဗမာသမိုင်းကိုသာ ဖော်ပြနေခြင်းကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် သမိုင်းကို ဖော်ပြရာတွင် ပြည်ထောင်စု သမိုင်းအနေဖြင့်သာ ဖော်ပြသင့်ပေသည်။ လူမျိုးတို့၏ သမိုင်းဟူသည် မေ့ပျောက် ချန်ထးသင့်သော အကြောင်းအရာများ မဟုတ်ပေ။

ထိုနည်းတူစွာ သမိုင်းကို ဖော်ပြရာ၌လည်း ဖြစ်ရပ်မှန်များအတိုင်း ရေးသားဖော်ပြရန် လို၏။ ဤသို့ဖော်ပြခြင်းသည် ပဒေသရာဇ်ခေတ်တွင် ဖြစ်ခဲ့သည်များကို အကြောင်းပြု လူမျိုးအချင်းချင်း အမုန်းပွားရန် မဟုတ်ပေ။ လူမျိုးတို့၏ သမိုင်းမှတ်တမ်းကို သုံးသပ်ပြီး သင်ခန်းစာယူကာ အနာဂတ်နိုင်ငံတည်ဆောက်ကြရန်သာ ဖြစ်၏။ (အတိတ်ကာလက ဂျပန်လူမျိုးများသည် ဖက်ဆစ်စနစ်ဖြင့် မြန်မာနိုင်ငံကို အုပ်စိုးခဲ့ခြင်းကြောင့် ယနေ့ခတ် ဂျပန်လူမျိုးများအား မုန်းတီမှုများ မထားသင့်ပေ။ သို့ရာတွင် စစ်ဝါဒီ ဖက်ဆစ်တို့၏ သဘောကိုမူ သုံးသပ်ဆင်ခြင် အပ်ပေသည်)။ ရှည်ကြများမြောင်လှသော သမိုင်းကြောင်းသည် လူမျိုးတမျိုး၏ ရှေ့ခရီးအတွက် အင်အားတရပ်လည်း ဖြစ်ပေသည်။

မြန်မာတို့သည် အနော်ရထာ မင်းလက်ထက်မှစ၍ ရှမ်းတို့ကို သိမ်းသွင်းနိုင်ခြင်း၊ မဏိပူရနှင့် အာသံနယ်များကို သိမ်းပိုက်နိုင်ခြင်း၊ လင်ဇင်း၊ ဇင်းမယ်နှင့် ယိုးဒယားကို အောင်နိုင်ခြင်း၊ မွန် - မြန်မာ အနှစ် (၄၀) စစ်ပွဲကို အပြီးသတ် အောင်မြင်ခြင်း၊ တရုတ်တို့၏ ကျူးကျော်မှုများကို တွန်းလှန်နိုင်ခြင်း၊ ရခိုင်ပြည်ကို သိမ်းယူနိုင်ခြင်း (ဘိုးတော်ဘုရားလက်ထက်) ၊ ပန်းဝါစစ်ပွဲကို အောင်နိုင်ခြင်း စသည်တို့ကြောင့် မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်များ ထက်သန်ခဲ့ကြသည်။ မွန်လူမျိုး၊ ရခိုင်လူမျိုးတို့မှာမူ ပဒေသရာဇ် နိုင်ငံတော်များ ပျောက်ပြီး ဇာတိသွေး၊ ဇာတိမာန်များ ညှိုးနွမ်းခဲ့ကြရပေသည်။

သို့ရာတွင် မြန်မာတို့သည် ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲတွင် ရှုံးနိမ့်ခြင်း၊
 ဗြိတိသျှတို့၏ နိုင်လိုမင်းထက် ပြုမှုခြင်းကို ခံရခြင်း၊ ဒုတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲနှင့် တတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲများတွင် ရှုံးနိမ့်ပြီး ထီးနန်းပါ ပျောက်ရသောအခါ အမျိုးသား ဇာတိမာန်များ ညှိုးကျခဲ့ရ ပြန်သည်။ သူ့ကျွန်မခံလိုသော မြန်မာတို့၏ တော်လှန်ရေးသည်လည်း စည်းလုံးညီညွှတ်မှု မရှိခြင်း၊ လက်နက်အင်အား၊ လူအင်အား မမျှခြင်းကြောင့် အင်္ဂလိပ်တို့ သိမ်းပိုက်ပြီး (၁၀) နှစ်ခန့်အကြာတွင် ကျရှုံးကာ အားမတန် မာန်လျှော့၍ မီးခဲပြာဖုံး ကြိမ်မီးအုံးဘ၀သို့ ရောက်ရပြီး အင်္ဂလိပ်တို့၏ အုပ်ချုပ်မှုအောက်တွင် ငြိမ်ဝပ်ပိပြား ခဲ့ရပေသည်။ အချို့မှာမူ အင်္ဂလိပ်တို့ကိုပင် အထင်ကြီးကာ အင်္ဂလိပ်တို့ ပေးသော ရာထူးဌာနများ၌ နှစ်ခြိုက်ပျော်ပိုက်လျက် ရှိကြပေသည်။ ပြည်သူအများမှာကား ကိုယ့်ထီးကိုယ့်နန်း ကိုယ်ကြငှန်းကို တမ်းတ၍ မင်းလောင်းနှင့် တန်ခိုးရှင်များကိုသာ မျှော်လျက်ရှိကြပေသည်။

မြန်မာတို့၏ ညှိုးနွမ်းခဲ့သော ဇာတိမာန်သည် မီးခဲပြာဖုံးဘ၀မှ ရုရှား - ဂျပန်စစ်ပွဲကို အကြောင်းပြု၍လည်းကောင်း၊ ပထမကမ္ဘာစစ်ကြီးကို အကြောင်းပြု၍လည်းကောင်း ပြန်လည်နိုးကြားလာခဲ့ပေသည်။ ဤသို့ဖြင့် ၀ိုင်အမ်ဘီအေအသင်းကြီး ပေါ်ပေါက်လာခဲ့ပြီး ထိုအသင်းကြီးမှ ချမှတ်လိုက်သော အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာတည်းဟူသော ၀ံသာနုရက္ခိတ တရားများ ပေါ်ထွန်းလာခဲ့ပေသည်။ ထိုတရားများသည် ဦးဥတ္တမ၏ "ကြေက်သွေးပါရင် ဇာဂနာနှင့် နုတ်ပစ်"၊ "ကရက်ဒေါက်ထွက်သွား" စသည့် ရဲရဲတောက် ဟောပြောစည်းရုံးမှုများကြောင့် အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားလာခဲ့ပေသည်။ (၁၉၂၀) ခုနှစ် ကျောင်းသားသပိတ်ကြီးမှာမူ အမျိုးသားရေး စိတ်ဓာတ်ကို တရှိန်ထိုး တွန်းတင်ပေးသကဲ့သို့ ရှိပေသည်။ ဒို့ဗမာအစည်းအရုံးခေတ်သို့ ရောက်သောအခါ "ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဗမာပြည်ကို ချစ်ပါ၊ ဒို့စာကို ချီးမြှင့်ပါ၊ ဒို့စကားကို လေးစားပါ" ဟူသော အမျိုးသားရေးဝါဒသည် ငွါးငွါးစွင့်စွင့် ပေါ်ထွက်လာခဲ့ပေသည်။

"ဗမာ့ထွက်ရပ်ဂိုဏ်း" ခေတ်သို့ ရောက်သောအခါ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး စသည့် အမျိုးသားလွတ်မြောက်ရေး လက်နက်ကိုင် တိုက်ပွဲကို ဆင်နွှဲခဲ့ကြပေသည်။

(၁၉၄၆ - ၄၇) ခုနှစ်များဖြစ်သော လွတ်လပ်ရေး အကြိုကာလသို့ ရောက်သောအခါ မြန်မာတို့၏ အမျိုးသားရေးဝါဒသည် အလှည့်အပြောင်းတခုသို့ ရောက်လာပြီး အမျိုးသားများ ပေါင်းစည်းရေး ၀ါဒ (သဘောတရား) သည် ပေါ်ထွန်းလာခဲ့ပေသည်။ ထိုသို့ ဖြစ်ပေါ်ရန် စေ့ဆော်သည့် နိုင်ငံရေး အခြေအနေများလည်း ရှိခဲ့ပေသည်။

ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို မြန်မာဒေသ၊ ရခိုင်ဒေသ၊ မွန်ဒေသများကို ပေါင်းလျက် "မြန်မာပြည်မ" ဟူ၍ အုပ်ချုပ်ပြီး ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်းဒေသများကိုမူ တောင်တန်း အထူးဒေသများအဖြစ် သီးခြားခွဲ၍ အုပ်ချုပ်ခဲ့ပေသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးသောအခါ မြန်မာအမျိုးသားများ၏ နိုင်ငံရေး နိုးကြားမှု ကမ္ဘာ့နိုင်ငံတကာ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အရှိန်အဟုန် ပြင်းထန



EmoticonEmoticon

Comments system

Flag Counter