ငြိမ်းချမ်းရေးလေးမျက်နှာ (ပုထိုးတစ်ဆူ၏ မြောက်ဦးဗေဒ) အပိုင်း(၁)







ငြိမ်းချမ်းရေးလေးမျက်နှာ (ပုထိုးတစ်ဆူ၏ မြောက်ဦးဗေဒ) အပိုင်း(၁)

ရွှေအိုရောင် အလင်းတန်းများသည် ဖိုးခေါင်တောင်စွယ်မှ စိမ်းမြမြ သစ်ရွက်များပေါ်တွင် ၀င်းလက်နေ ကြသည်။ ထုက္ကန့်သိမ် ပုထိုးတော်၏ အနောက်မျက်နှာတွင် နေရောင်လင်းနေဆဲပါ။ ပုထိုးတော်အရိပ် ဖုံးလွှမ်းထားသော ကျောက်လှေကားထစ်များသည် နွေးမြဆဲပင်ဖြစ်သည်။ ဂန္ထ၀င် မဟာလှေကားထစ် များပေါ်တွင် ကျွန်တော်ရပ်နေမိသည်။

အို...မိတ်ဆွေ၊ လှပလွမ်းမြေ့ဖွယ် ညနေခင်းတစ်ခုတွင် ဤလှေကားထစ်များပေါ်သို့ မိတ်ဆွေတက်ရောက် ဖူးပေမည်။ ရင်ထဲ မည်သို့ခံစားရပါသနည်း။

ဖာရောက်ဘုရင်တစ်ပါးနှင့် ပိရမစ်၊ ပါသီနွန်ကျောင်းတော်နှင့် ဂရိဆိုဖစ်တစ်ဦး၊ ဘိုင်ဇင်တိုင် ဘုရားရှိ ခိုးကျောင်းနှင့် သူတော်စင်တစ်ဦး၊ အလယ်ခေတ် ဂျာမန်ရဲတိုက်ကြီးနှင့် မြို့စားကြီးတစ်ဦး။ လွတ်လပ်စွာ ရင်ခုန်ခံစားခွင့် ရှိပါသည်။

ဤပတ်ဝန်းကျင်၌ သျှစ်သောင်း၊ ထုက္ကန့်သိမ်၊ အံတော်သိမ်၊ ရတနာပုံစေတီ၊ လောင်ပွန်းပြောက်၊ အနော် မာစေတီ၊ ပိဋကတ်တိုက် စသည်ဖြင့် ကပ်လျက် ဆက်လျက် တည်ရှိနေကြသည်။ မြောက်ဦးခေတ် ထေရ ၀ါဒ သာသနာ၏ ဗဟိုရပ်ဝန်းဟုပင် ဆိုနိုင်တော့သည်။ ဤပုထိုးစေတီတို့သည် ရခိုင်တို့၏ နှလုံးအိမ်မှ၊ ဦးနှောက်မှ၊ လက်ဖျားမှ စိမ့်စက်ကျလာသော ယဉ်ကျေးမှု အနုပညာများ ဖြစ်ပါသည်။ ပိရမစ်များ၊ ဂရိနတ်ကွန်းကြီးများ၊ ရောမဘုရားကျောင်းများ၊ ဂျာမန်ရဲတိုက်များ၊ စိနမဟာတံတိုင်းများနှင့်အတူ လူ့ ယဉ်ကျေးမှုဥယျာဉ်ထဲမှ ရောင်စုံပန်းပွင့်များ ဖြစ်ကြပါသည်။

ကတျာတောင်ကို မြေညှိကာ တံတိုင်းလေးဖက်ကာရံပြီး ၎င်းပေါ်တွင် ထုက္ကန့်သိမ်ပုထိုးတော်ကို တည်ခဲ့ သည်။ ဒါယကာတော်မှာ မင်းဖလောင်းဖြစ်သည်။ ရဲတိုက်တစ်ခုနှယ် ဟန်နှင့်မာန်နှင့်၊ ခံတပ်တစ်ခုနှယ် ထုထည်နှင့် ခိုင်ခိုင်ခန့်ခန့်။ ခရုပတ်လိုဏ်ဂူ၊ ကျယ်ပြန့်သော စင်္ကြံလမ်း၊ အလင်းဝင် လမ်းပေါက်များ၊ ဘဲဥပုံ တံခါးများ၊ ပ၀ါရဏခန်း၊ မှိန်ရာမှ တဖြည်းဖြည်း လင်း၍ လင်း၍လာပြီး လှေကားထစ်များအတိုင်း ဂန္ဓကုဋီ တိုက်ခန်းသို့ ဓမ္မလမ်း။ လမ်းအဆုံး၌ ဖူးပွင့်လာသော ဓမ္မအလင်းရောင်၊ ခေါင်မိုးပေါ်ရှိ အလင်းတံခါးပေါက် ကြီးမှ မိုးကောင်းကင်ကို မြင်ရသည်။ ရခိုင်ဗိသုကာ၏ အလင်းဓမ္မနိမိတ်ပုံ မဟုတ်ပါလား။

ထုက္ကန့်သိမ် လှေကားထစ်များပေါ်မှ သျှစ်သောင်းပုထိုးတော်ကြီးကို မြင်နေရသည်။ ဖိုးခေါင်တောင်က လပ်ပေါ်မှ ရန်အောင်ဇေယျပုထိုးတော်။ မဇ္ဈိမဒေသမှ ဓါတ်တော်ရှစ်သောင်း၊ ကျောက် ကြေး သံ ရွှေ ရတနာတို့ဖြင့် သွန်းထုသော ဆင်းတုတော် ရှစ်သောင်းကို ဌာပနာထား၍ တည်ခဲ့သော ပုထိုးတော်။ အနောက်ဘင်္ဂါ ဆယ့်နှစ်တိုင်းနှင့် ပေါ်တူဂီရေတပ်ကို အောင်နိုင်မှုအထိမ်းအမှတ် ရန်အောင်ဇေယျ ပုထိုးတော်။ ကြီးမြတ်မှု၊ အောင်မြင်မှု သင်္ကေတများသည် စေတီ၏ဆည်းလည်းသံများနှင့် တွယ်ငြိ လှပချိုမြနေကြသည်။

ကျွန်တော်ကတော့ ထုက္ကန့်သိမ်လှေကားထစ်များပေါ်မှ မင်းစောမွန်ကိုသာ လွမ်းဆွတ်တမ်းတ နေမိ တတ်ပါသည်။

ထုက္ကန့်သိမ်နောက်ဘက်မှ ကြည့်လျှင်၊ လေးမျက်နှာ ပုထိုးတော်ကို မြင်ရသည်။ မြင်ကွင်းကို အားရကျေ နပ်ခြင်း မဖြစ်မိချေ။ ဥပုသ်ဆောင် ကျောက်လှေကားအိုမှတစ်ဆင့် ပုထိုးတော်ခေါင်မိုးသို့ တက်မည်။ ခေါင် မိုးပေါ်ရှိ ပင်မစေတီခြေရင်းမှ ကြည့်လိုက်မှသာလျှင် ရင်ထဲ ပွင့်လင်းသွားသည်။ ကြည်နူးလာသည်။ ဆွတ်ပျံ့လွမ်းမောသွားသည်။

သို့နှင့် ၀မ်းနည်းကြေကွဲလာပြန်သည်။ လေးမျက်နှာပုထိုးတော်သည် တော ရဆောက်တည်နေသော မထေရ်အိုတစ်ပါးနှင့် တူနေသည်။ သျှစ်သောင်း၊ ထုက္ကန့်သိမ်၊ အံတော်သိမ် တို့နှင့် နှိုင်းယှဉ်လျှင် မြေပြင်ညီနိမ့်နိမ့်၌ တိတ်ဆိတ်အေးချမ်းစွာ တည်ရှိနေသည်။ ငြိမ်းချမ်းရေးသူရဲကောင်း မင်းစောမွန်တမ်းတခဲ့သော၊ တည်ဆောက်ခဲ့သော၊ ငြိမ်းချမ်းရေးနှင့်လိုက်ဖက်စွာ ငြိမ်းချမ်းတိတ်ဆိတ်နေ သည်။ "ငြိမ်းချမ်းရေး လေးမျက်နှာ"ဟု ရင်ထဲတိုးညှင်းစွာ ဆိုနေမိတော့သည်။

ပုထိုးတော်၏ အနောက်ဘက်တွင် သိင်္ဂနဒီမြစ်ကလေးသည် ကွေ့ကောက်စီးဆင်းနေသည်။ မြစ်ကလေး သည် နန်းတော်ကုန်း၏ အနောက်ကျုံးခြေရင်းမှ ဖြတ်စီးကာ၊ မြောက်ဦးမြို့ကိုဖြတ်၍ ပန်းဈီးမြောင်းဘက်ဆီ သို့ ဦးတည်သွားလေသည်။ မြို့တည်စအချိန်တုန်းက အတော်ကျယ်ဝန်းသော မြစ်တစ်စင်း ဖြစ်ပေမည်။ မြစ် ကမ်းနဖူးတွင် ပုထိုးတော်ကို တည်ခဲ့ပေမည်။ ထိုစဉ်က သည်ပတ်ဝန်းကျင်၌ စေတီမရှိ၊ ဘုရားပုထိုး မရှိ၊ ကျောင်းကန်မရှိ။ တောအုပ်ငယ်များ၊ တောင်ကုန်းငယ်များအတိ ဖြစ်နေမည်။

 တောရိုင်းတိရစ္ဆာန်တို့ နယ်မြေ ဖြစ်နေမည်။ သည်အရပ်မြစ်ကမ်းနံဘေး မြေပြန့်လွင်ပြင်ညီမှာ ပုထိုးတော်ကို တည်ထားခဲ့ပေသည်။ တည်ဆောက်ရေးအတွက် ကျောက်တုံးကျောက်ခဲများကို ရေလမ်းဖြင့် ပို့ခဲ့ပေမည်။ အလုပ်သမားများ၊ ပညာ သည်များ လှေသမ္ဗာန်တို့ဖြင့် အလုပ်ခွင်သို့ လာကြမည်။ ပုထိုးတော်ကို ဖူးမြော်ရန် ဘုရင်မင်းမြတ်သည် ရေ လမ်းဖြင့် ကြွလာခဲ့ပေမည်။

စတုရန်းထုပုံမှ ဘေးဘက်သို့ မုခ်စွန်းလေးခု ထွက်နေသော ပုထိုးတော်သည် အင်ဂျင်နီယာ ပုံဆွဲပညာ အရ ဖြတ်ပိုင်းယူလိုက်လျှင် ပကတိအချိုးကိုက်ပုံ ဖြစ်သည်။ မည်သည့်ဘက်မှ သာစေ စွန်းစေ မထားရှိ ပါချေ။ မုခ်လေးပေါက်ကို အရပ်လေးမျက်နှာ၌ အတားအဆီးမဲ့ ဟင်းလင်းဖွင့်ထားမှုသည်ပင် အတွေးအမြင် တစ်ရပ်ဖြစ်နေသည်။ အရပ်လေးမျက်နှာ၌ တပြေးညီမှု၊ ပွင့်လင်းသောအလင်းရောင် ခံစားရရှိနိုင်မှုကို ဖော် ကျူးထားသည်။ ဓမ္မအလင်းရောင်နှင့် ငြိမ်းချမ်းမှု၏ ဗိသုကာသင်္ကေတ တစ်ခု ဖြစ်နေတော့သည်။

သည်ရပ် သည်မြေ၌ လေးမျက်နှာပုထိုးတော်သည် မူလဘူတဖြစ်သည်။ ဤသို့ပုထိုးတော်များ ဆင့်ပွားပေါ် ထွက်လာနိုင်ပါဦးမည်လား။ ကျွန်တော့်အတွက် နေရာရွေးချယ်တည်ဆောက်မှုနှင့် ဗိသုကာဒဿနသည် ကဗျာဆန်လှပနေသည်။ လေးမျက်နှာပုထိုးတော်ကိုမြင်လျှင် မင်းစောမွန်အား စစ်သွေးစစ်မာန် ညံ့ဖျင်းသူ တစ်ဦး၊ မင်းဆိုးမင်းညစ်တစ်ဦး ဖြစ်ခဲ့ဖူးသည်ကိုပင် မေ့လျော့သွားမိတော့သည်။



မောင်ခိုင်အောင် (စစ်တွေ)
ဆောင်းပါး ရှည်သောကြောင်း နှစ်ပိုင်းခွဲ၍ တင်ပြပါမည်...။






EmoticonEmoticon

Comments system

Flag Counter