■ ရခိုင့်အနာဂတ် ဘယ်လို ရှေ့ဆက်မလဲ (၂) ကြိုဆိုရမယ့် ဂျာနယ်တစ်စောင်■






▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
■ ရခိုင့်အနာဂတ် ဘယ်လို ရှေ့ဆက်မလဲ (၂) ကြိုဆိုရမယ့် ဂျာနယ်တစ်စောင်■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် အသွင်ပြောင်းပြီး ပထမဆုံးထွက်လာတဲ့ “ရခိုင့်ရေးရာ ဂျာနယ်” ကို ၀မ်းပမ်းတသာကြိုဆိုပါတယ်လို့ ပထမဆုံး ပြောချင်ပါတယ်။ ဂျာနယ်မျက်နှာဖုံးကို အင်လိုင်းပေါ်တွင် တွေ့ရပြီး အတွင်းက စာသားတွေ၊ ဆောင်းပါးတွေကို မဖတ်ရသေးတဲ့ အတွက် အထွေအထူးပြောစရာ မရှိပါဘူး။ ဒါပေမယ့် ရခိုင်အမျိုးသားတွေကို ကိုယ်စားပြုပြီး တည်ထောင်ထားတဲ့ ပါတီရဲ့ ဂျာနယ်ဆိုတော့ ပါတီ အာဘော်၊ ပြည်သူ့ဟစ်တိုင် ဖြစ်မယ်လို့ ယူဆပါတယ်။

 ရခိုင်ပြည်သူ တရပ်လုံးရဲ့ လူထုလက္ခဏာဆောင်တဲ့ တွေးခေါ်မှု၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ သိပ်သည်းခိုင်မာ အားကောင်းတဲ့ အမျိုးသားပါတီတရပ် တည်ဆောင်ဖို့အတွက် ပါတီ အာဘော်၊ ပါတီ ဂျာနယ်တခု လိုအပ်တာကတော့ အမှန်ပါပဲ။ ရခိုင်ပြည်ရဲ့ မျက်မှောက်ကာလ ထူးခြားချက်တွေလို့ ပြောရရင် တဘက်က ဘာသာရေး အကြောင်းပြု အညံ့ခံရေး အန္တရာယ်၊ သွေးခွဲမယ့် အန္တရာယ်၊ သွေးကွဲမယ့် အန္တရာယ်တွေ ရှိသလို၊ အခြားတဘက်မှာ အခြေအနေ အချိန်အခါကို မချင့်ချိန်ဘဲ အမျိုးသားရေးဝါဒကို အဆုံးစွန် လွှင့်ထူချင်တဲ့ လက်တွေ့ကင်းကွာတဲ့ အတွေးအခေါ်တွေကြားမှာ ရခိုင်အမျိုးသားပါတီဟာ ကျရောက်နေတယ်လို့ ယူဆပါ။

တကယ်တော့ ရခိုင်အမျိုးသားပါတီရဲ့ တာဝန်ဟာ အဆိုပါ အစွန်းရောက်တရား နှစ်ခုကို လူထုကို ပညာပေးပြီးတော့ ရှောင်တခင် ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို ရင်ဆိုဖို့ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ ရခိုင်လူထုကို အတွေးအခေါ် လက်နက် ကောင်းကောင်း တတ်ဆင်နိုင်ဖို့အတွက် “ရခိုင့်ရေးရာ ဂျာနယ်” ပေါ်ထွန်းလာတာဟာ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတွေအတွက် အချိန်သင့် အခါသင့်လို့ ယူဆပါတယ်။

ရခိုင်ပြည်ရဲ့ ရေးရာ အစုံကို လွှမ်းခြုံနိုင်အောင် တင်ပြသွားမယ်ဆိုတဲ့ ဂျာနယ်ရဲ့ “ရခိုင့်ရေးရာ” နာမည်လေးကလည်း လိုက်ဖက်ပါပေတယ်။ ဒါပေမယ့် အင်္ဂလိပ်လို့ နာမည်ပေးတဲ့အခါ ပါတီ နာမည်မှာ ရခိုင်ကို “Arakan” လို့ သုံးပြီးတော့ “ရခိုင့်ရေးရာ” ဂျာနယ်ကိုတော့ “Rakhine Affairs Journal” လို့ ပေးထားတာကတော့ သိပ်မကြိုက်ချင်ပါဘူး။ “Arakan Affairs Journal” လို့ သုံးလို့ အဆင်မပြေလို့လား မေးချင်ပါတယ်။

ရခိုင်လူထုကို ဦးဆောင်မယ့် ပါတီက ထုတ်တဲ့ ဂျာနယ်၊ ရခိုင့်ရေးရာကို အတိုင်းအတာတခုထိ လွှမ်းခြုံပေးနိုင်မယ့် ဂျာနယ်ရဲ့ တာဝန်တွေက ဘာလဲ၊ ဂျာနယ်မှာ ဘယ်လို အကြောင်းအရာတွေကို ရေးသားမလဲ၊ အခြားထုတ်ဝေနေတဲ့ ပုဂ္ဂလိက ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေနဲ့ ဘယ်လိုများ ထူးခြားအောင် ဆောင်ရွက်မလဲဆိုတာဟာ ဒီဆောင်းပါး ရေးသားလိုတဲ့ အဓိက ရည်ရွယ်ချက်ပါ။

ပါတီ ဂျာနယ်ရဲ့ တာဝန်က ဘာလဲ။
▬▬▬▬▬▬▬▬▬▬▬▬▬
ယနေ့အချိန်မှာ ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်မှာ လူကြိုက်အများဆုံး၊ ပါတီဝင်အများဆုံး ပါတီတခုဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် အရေအတွက်ကို အင်အားလို့ ယူဆလို့ မရနိုင်ပါဘူး။ အရေအတွက်ကို အရည်အချင်း ပြောင်းလဲဖို့အတွက် ပါတီဝင်တွေနဲ့ ရခိုင်လူထုကို နိုင်ငံရေးအရ၊ စည်းရုံးရေးအရ ပါတီနဲ့ တသားတည်း ရှိနေဖို့အတွက် ဂျာနယ်ဟာ အသုံးတော်ခံတဲ့ တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

 ပါတီ ခေါင်းဆောင်တွေရဲ့ တော်လှန်ရေးဖြတ်သန်းမှု အတိုင်းအတာတခုထိ ရှိပေမယ့် ရခိုင်အမျိုးသားပါတီရဲ့ သက်တမ်းကတော့ မွေးကင်းစ အရွယ်သာ ရှိပါသေးသည်။ ရခိုင်လူထုရဲ့ အမျိုးသားရေး စိတ်ဓာတ်အခံကြောင့် ပါတီဟာ အချိန်တိုအတွင်း ပါတီဝင်အရေအတွက်၊ ပါတီကို ထောက်ခံအားပေးမှု အမြောက်အမြားရှိနေတာတွေကို အခြေခံပြီးတော့ ပါတီကို နိုင်ငံရေးအရ၊ စည်းရုံးရေးအရ ထုသားပေသား ကျတဲ့ အမျိုးသားပါတီ တရပ်အဖြစ် ပုံဖော်ဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ ရခိုင်နိုင်ငံရေး ပါတီတွေရဲ့ အတိတ်က သင်ခန်းစာတွေအရ ပါတီတွေဟာ ပေါ်ထွန်းစကာလမှာ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုတွေကို အချိန်တိုအတွင်း ရရှိခဲ့ကြပေမယ့် ရေရှည်ပါတီတည်ဆောက်ရေး သဘောတရားကို အပင်ပန်းခံ မတည်ဆောက်နိုင်ခဲ့အတွက် တဖြည်းဖြည်း အင်အားချည့်နှေးသွားရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

အဆိုပါ အဖြစ်မျိုးကို ရခိုင်အမျိုးသားပါတီ အနေနဲ့ ရှောင်ရှားနိုင်ဖို့ အထူးလိုအပ်ပါတယ်။ ပါတီက ကြီးသလောက် ပါတီဝင်တွေကို နိုင်ငံရေးအရ၊ တွေးခေါ်မှုအရ ခိုင်မာကြံ့ခိုင်အောင် လုပ်ဖို့အတွက် ပါတီ ဂျာနယ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍာမှာ ရှိနေပါတယ်။ ပါတီခေါင်းဆောင်တွေရဲ့ အတွေ့အကြုံတွေကနေပြီး စုစည်းပေါင်းချုပ် သုံးသပ်ချက်တွေ၊ အမြင်တွေကို ထင်ဟပ်စေဖို့ တခုတည်းသော လမ်းကြောင်းဟာ ပါတီဂျာနယ်ပါပဲ။ ပါတီဂျာနယ်ကို အခြေပြုပြီးတော့ ပါတီနဲ့ ပါတီခေါင်းဆောင်များကြား၊ ပါတီနဲ့ ပါတီဝင်ထုကြား၊ ပါတီနဲ့ ပြည်သူလူထုကြး တသွေးတည်း တသားတည်း ရှိနေဖို့ လိုအပ်ပါတယ်။


ပါတီဂျာနယ်မှာ ဘာတွေ ရေးမလဲ။
▬▬▬▬▬▬▬▬▬▬▬▬▬
ဂျာနယ်မှာ ဘာတွေရေးမလဲ ဆိုတဲ့ အပိုင်းလည်း အထူးသတိထားရမယ့် ကိစ္စပါ။ ပါတီဂျာနယ် ထုတ်ဝေရေးအတွက် တာဝန်ပေးအပ် ခံထားရတဲ့ တာဝန်ရှိသူတွေကို ကျွန်တော့်အနေနဲ့ အကြံပြုချင်တဲ့ အပိုင်းပါ။ တကယ့်တော့ ရခိုင်အမျိုးသားပါတီဟာ ရခိုင်အမျိုးသားကို ကိုယ်စားပြုတဲ့ ပါတီတခု ဖြစ်သလို တချိန်တည်းမှာ မြန်မာပြည်ထဲက ပါတီတခု ဖြစ်တဲ့အတွက် နိုင်ငံရဲ့ လတ်တလော အရေးကြီးတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တိုင်းရင်းသား တန်းတူရေးဆိုတဲ့ အရေးကိစ္စနှစ်ခုကို ဦးဆောင်ဦးရွက် ပါဝင်ဖို့ တာဝန် ရှိပါတယ်။ တနည်းအားဖြင့် ပြောရရင် ရခိုင်အရေးနဲ့ ပြည်ထောင်စု အရေးကို တပြိုင်တည်း ဆောင်ရွက်ဖို့ တာဝန်ရှိနေပါတယ်။

 ဒါကြောင့် ပါတီ ဂျာနယ်မှာ ရေးသားမယ့် အကြောင်းအရာတွေဟာ အဆိုပါ အကြောင်းအရာ နှစ်ရပ်ကို ထပ်ဟပ်စေတဲ့ အကြောင်းအရာတွေ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဂျာနယ် တာဝန်ခံအနေနဲ့ ပါတီဝင်တွေ၊ ရခိုင်လူထုတွေကို ကောင်းပေ ညွှန့်ပေဆိုတဲ့ ဆောင်းပါးတွေ၊ သုံးသပ်ချက် တွေကို ချက်ချင်း ကျွေးလို့ မဖြစ်သေးပါဘူး။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ လူထုရဲ့ နိုင်ငံရေး အသိဥာဏ်ကို နိမ့်ချလိုခြင်း မရှိပါ။ ပကတိ အခြေအနေကို တွက်ဆ၍ ပြောရခြင်း ဖြစ်ပါတယ်။ အမှန်တကယ် ရခိုင်ပြည်သူတွေကို နိုင်ငံရေးအရ တည်ဆောက်မယ်ဆိုရင် အခြေခံ ကျကျ အကြောင်းအရာတွေကနေ စတင်စေချင်ပါတယ်။

တကယ်လို့များ ကျွန်တော်သာ ပါတီဂျာနယ်ကို အနီးကပ် ကူညီလို့ ရမယ်ဆိုရင် ဂျာနယ်မှာ တင်ပြမယ့် အကြောင်းအရာတွေကို ခေါင်းစဉ်လေးတွေနဲ့ စုစည်းထားတာ ရှိပါတယ်။ ပထမဆုံး “….. ဘာလဲ” ဆိုတဲ့ ခေါင်းစဉ်လေးတွေနဲ့ စတင် ချင်ပါတယ်။ နိုင်ငံရေးဆိုတာ ဘာလဲ၊ နိုင်ငံရေး ပါတီဆိုတာပါလဲ၊ အာဏာကြီး (၃) ရပ်ဆိုတာဘာလဲ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုတာ ဘာလဲ၊ တရားဥပဒေစိုးမိုးရေး ဆိုတာ ဘာလဲ၊ လူ့အခွင့်အရေးဆိုတာ ဘာလဲ၊ ဖယ်ဒရယ် ပြည်ထောင်စု ဆိုတာဘာလဲ၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ဆိုတာဘာလဲ၊ ဒီမိုကရေစီဆိုတာ ဘာလဲ၊ စသည်ဖြင့် ခေါင်းစဉ်လေးတွေကို လူထုရဲ့ နိုင်ငံရေး ရေရှိန်ကို တွက်ဆက်ပြီးတော့ စတင်သင့်ပါတယ်။

အဲဒီကနေ တဆင့် ကမ္ဘာ့သမိုင်းအကျဉ်း၊ နိုင်ငံတွေရဲ့ အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမှု၊ ရခိုင်သမိုင်း အကျဉ်း၊ ဗမာပြည်သမိုင်းအကျဉ်း၊ ရခိုင်တိုင်းရင်းသား မျိုးနွယ်စု သမိုင်းအကျဉ်း၊ မြန်မာပြည်ရှိ တခြား တိုင်းရင်းသားတွေရဲ့ သမိုင်းအကျဉ်းနဲ့ အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမှုတွေ စသည်ဖြင့်၊ ထိုမှ တဆင့်တက်ကာ ကုလသမဂ္ဂ အကြောင်းတွေ၊ အာဆီယံအကြောင်းတွေကို တဖြည်းဖြည်း မြင့်သွားစေချင်ပါတယ်။

အဲဒီလို အကြောင်းအရာတွေကို ဂျာနယ်စာမျက်နှာပေါ်တွေ ဖော်ပြနေတဲ့ တချိန်တည်း ပညာရေရှိန်မြင့်တဲ့ သူတွေအတွက် လတ်တလော နိုင်ငံရေး အဖြစ်အပျက်တွေကို ထင်ဟပ်စေမယ့် ဆောင်းပါး တစ်ပုဒ်စ၊ နှစ်ပုဒ်စ ကို ထည့်သွင်းဖို့လည်း လိုအပ်ပါတယ်။ နောက်တခုက ပါတီ လှုပ်ရှားမှုတွေကို ထင်ဟပ်စေတဲ့ သတင်း၊ ဓာတ်ပုံအတွက် စာမျက် တစ်မျက်နှာ ပေးဖို့ လိုအပ်ပါတယ်။ အယ်ဒီတာ့ အာဘော်ကတော့ ပါတီဗဟိုရဲ့ လတ်တလော ပြည်သူကို အဓိက ပြောချင်တဲ့ သတင်းစကားတွေကို ထင်ဟပ်ဖို့အရေးကြီးပါတယ်။
ပါတီဂျာနယ်ဟာ တကယ်တော့ လူထုကို ပညာဥာဏ်မျက်စိ ဖွင့်ပေးတဲ့ တာဝန်ကို ထမ်းဆောင်နေတာပါ။ ဂျာနယ်ကို တာဝန်ယူထားတဲ့ သူတွေဟာလည်း အတော့ကို တာဝန်ကြီးပါတယ်။

မွန်မြတ်တဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ရေရှည်လုပ်ရမယ့် အလုပ်တခုဖြစ်ပြီးတော့ ပညာဥာဏ် ဗဟုသုတမှုအပေါ်မှာ အခြေခံပါတယ်။ တာဝန်ရှိသူတွေရဲ့ ကြိုးစားအားထုတ်မှုဟာ လူထုရဲ့ နိုင်ငံရေး အသိဥာဏ်ကို နှိုးဆော့်နိုင်ခဲ့ရင်တော့ ရခိုင်ပြည်မှာ လွတ်မြောက်နယ်မြေတွေ ကျယ်ပြန့်လာမှာ မလွှဲပါဘူး။ ဖြစ်နိုင်ရင် ဂျာနယ်မှာ တင်ဆက်မယ့် အကြောင်းအရာတွေကို (၂) နှစ်စာခန့် Time Frame တခု ဆွဲပြီးတော့ လုပ်နိုင်ရင် ပိုထိရောက်မယ်လို့ ယုံကြည်ပါတယ်။ အထူးသတိ ထားရမယ့် ကိစ္စတခုကတော့ ပါတီဂျာနယ်ဟာ ကလောင် လက်စမ်းတဲ့ ဂျာနယ်တခု ဖြစ်မသွားဖို့ အထူး အကြံပြုလိုပါတယ်။

တခြားစာစောင်တွေနဲ့ ပါတီဂျာနယ် ဘယ်လို ကွာခြားသင့်လဲ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ပါတီဂျာနယ်ဟာ တခြားတသီးပုဂ္ဂလတွေ ထုတ်ဝေနေတဲ့ သတင်းစာစောင် တစောင် မဖြစ်ဖို့လိုအပ်ပါတယ်။ ပါတီဂျာနယ်ဟာ တခြား သူ့လို ကိုယ်လို စာစောင်တွေလို သတင်းတွေနဲ့ ပြည့်ကျပ်နေဖို့ မလို အပ်ပါဘူး။ သတင်းတွေဆိုတာဟာလည်း ဒီနေ့ခေတ် သတင်းမြန်နှုန်းနဲ့ တွက်ရင် ဒီနေ့သတင်းဟာ မနက်ဖန် အဟောင်းဖြစ်သွားပါပြီ။ ဒါပေမယ့် ရခိုင်လူထုအတွက် အရေးကြီးတဲ့ သတင်းတွေကို ပါတီရနံ့၊ ပါတီအငွေ့အသက် သင်းတဲ့ ဆောင်းပါးတွေ၊ သုံးသပ်ချက်တွေ အဖြစ် ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ ဖြစ်စဉ်တခုအပေါ်မှာ ပါတီက ဘယ်လိုသဘောထားသလဲ၊ ပါတီက ဘယ်လို ယူဆသလဲဆိုတဲ့ သတင်းတွေကို လူထုက အသင့်စာသုံးနိုင်တဲ့ ဟင်းကောင်းတပွဲ ဖြစ်အောင် ပါတီဂျာနယ်ဟာ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

ရခိုင်လူထုထံ များများရောက်ရေး အဓိက
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နောက်ဆုံးတခုကတော့ ပါတီဂျာနယ်ဟာ လူထုထံ များများရောက်ဖို့ အရေးကြီးပါတယ်။ ဖြစ်နိုင်ရင် မီဒီယာပေါင်းစုံကို သုံးပြီး ပါတီ ဂျာနယ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်ပါတယ်။ Facebook၊ Email၊ Blog၊ Android App၊ IOS App တွေ သုံးပြီးတော့ ကမ္ဘာတ၀န်းက ရခိုင်အမျိုးသားတွေ ဖတ်နိုင်အောင် စီစဉ်ပေးသင့်ပါတယ်။ ဒါဟာ ပါတီက ရခိုင်လူထုကို ဘယ်နေရာပဲ ရောက်ရောက် အနီးဆုံး အနေအထားမှာ ရှိနေတယ်ဆိုတာ ပြသရာလည်း ရောက်ပါတယ်။ ပါတီရဲ့ သဘောထား၊ ပါတီရဲ့ နိုင်ငံရေး ခံယူချက်တွေကို ရခိုင်ပြည်သူလူထု များများသိနိုင်မှ ပါတီနဲ့ လူထု စည်းလုံးမှု၊ ပါတီနဲ့ ပါတီဝင်ထု စည်းလုံးမှု ပိုမိုခိုင်မာအားကောင်းပြီး လူထုတရပ်လုံးကို ဦးဆောင်မယ့် ရခိုင်အမျိုးသားပါတီ ပေါ်ပေါက်လာဖို့ မျှော်လင့်နိုင်မှာပါ။

(၂၀၁၅) ရွေးကောက်ပွဲအလွန်မှာ “ချစ်လီ၊ ညီလီ၊ ANP ကို မဲပီးလီ၊ အမျိုးကို ချစ်၊ သွီးကို စစ်၊ ရခိုင်ပီပီ တာဝန်ကျီ” ဆောင်ပုဒ်မှ “ချစ်လီ၊ ညီလီ၊ ANP ကို ထောက်ခံလီ၊ အမျိုးကို ချစ်၊ သွီးကို စစ်၊ ရခိုင်ပီပီ တာဝန်ကျီ” ခံယူချက်ဖြင့် ဂျာနယ်တာဝန်၊ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ရင်း လူထုပါတီ၊ ပြည်သူပါတီအဖြစ် ရခိုင်အမျိုးသားပါတီ သမိုင်းပီးတာဝန် ကျေပွန်ပါစီလို့ ဆုတောင်းလိုက်ပါတယ်။


လင်းကျော်အောင်
(၀၃၊ ၁၁၊ ၂၀၁၅)c


EmoticonEmoticon

Comments system

Flag Counter