လူထုစစ်ကြောရေး (၁)







လူထုစစ်ကြောရေး (၁)

မြန်မာ့နိုင်ငံရေးပြဿနာ မပြေမလည် အဖြေရှာမရ ဖြစ်နေရခြင်းရဲ့အကြောင်းတရားထဲမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အယူဝါဒစွဲများ အဓိက ပါတယ်။ ကမ္ဘာမှာ ဖက်ဆစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ ကြီးစိုးလွှမ်းမိုးပြီး အယူဝါဒတိုက်ပွဲများကာလ ပုဂ္ဂိုလ်ရေးကိုးကွယ်ခံရသူများထဲ ထင်ရှားသူတွေထဲမှာ ဂျာမနီက ဟစ်တလာ၊ အီတလီက မူဆိုလီနီ၊ ရုရှားက လီနင်၊ စတာလင်၊ တရုတ်က မော်စီတုန်း တို့ ရှိကြပါတယ်။ ယင်းပုဂ္ဂိုလ်တွေကို အစွဲပြုပြီး နိုင်ငံတခုခြင်းအလိုက် သော်လည်းကောင်း၊ ဒေသဆိုင်ရာအလိုက်သော်လည်းကောင်း အုပ်စုကွဲ အုပ်စုဖွဲ့ ၀ါဒရေးရာတိုက်ပွဲတွေဟာ အမြောက်အများ ရှိခဲ့ပြီးတော့ ပြည်တွင်း၊ ဒေသတွင်း နဲ့ ကမ္ဘာ့စစ်ပွဲကြီးများအဖြစ် အသွင်သဏ္ဍာန် အမျိုးမျိုး ဖြစ်ပေါ်ခဲ့ရပါတယ်။ အဆိုပါပဋိပက္ခကြီးများထဲမှာ လူ့အသက်ပေါင်း မြောက်များစွာလည်း သေကျေပျက်စီးခဲ့ကြရပါတယ်။ ဒါကြောင့် စာရေးသူဟာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ရွံမုန်းပါတယ်။

ယနေ့မြန်မာနိုင်ငံမှာလည်း တိုင်းရင်းသားလူမျိုးစုံက ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်မိ၍ ပြည်ထောင်စုစနစ်ဖြင့် အတူတကွနေထိုင်ကြမယ်လို့ အများစုသဘောတူညီမှုနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ဆောက်ခဲ့ကြတယ်။ ဒါပေမယ့် ပြည်ထောင်စုမဖွဲ့ခင်မှာပဲ ဗိုလ်ချုပ်အောင်ဆန်းမှာ လုပ်ကြံခံလိုက်ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ပုဂ္ဂိုလ်ရေး ကိုးကွယ်ယုံကြည်မှုရှိခဲ့ကြတဲ့ ရခိုင်များဟာ ဗိုလ်ချုပ်အောင်ဆန်းလည်း ကျဆုံးရော ပြည်နယ်အဆင့်တောင် မရလိုက်လို့ ဦးနေ၀င်းလက်ထက်ရောက်မှ အတုအယောင် ပြည်နယ်နဲ့ ချွေးသိပ်ခြင်းကို ခံခဲ့ရတယ်။

 ဗိုလ်ချုပ်အောင်ဆန်းကို ပုဂ္ဂိုလ်ရေးကိုးကွယ်ယုံကြည်သူများထဲမှာ ဦးအောင်ဇံဝေနဲ့ အင်္ဂလိပ်ဘုရင်ခံရဲ့ အုပ်ချုပ်ရေးယန္တရားအောက် ရှိနေခဲ့ကြပြီး ဘက်ပြောင်း ICS လူ့မလိုင်ကြီးများမှာ အဓိက ပါဝင်ကြလိမ့်မယ် ထင်ပါတယ်။ (အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးခေါင်းဆောင်တွေ အင်အားစုတွေကို မဆိုလို။)
ယခုတဖန် ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်လည်း ၎င်းနည်းတူများ ဖြစ်လာလေမလား ရင်တမမနဲ့ စောင့်ကြည့်နေရပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားရင် မြေပေါ်အတိုက်အခံတွေဟာ ဦးဆောင်မှုမဲ့ ဘာမှမလုပ်တတ် မကိုင်တတ် ဖြစ်ကုန်ကြတယ်။ နေအိမ်အကျယ်ချုပ်က ပြန်လည်လွှတ်ပေးလိုက်ရင် အတိုက်အခံ လှုပ်ရှားမှုက ဦးမော့လာပြန်ပါတယ်။ ဒါကို ကောင်းကောင်း သိနားလည်ထားတဲ့ အာဏာရှင် စစ်ဗိုလ်တစ်စုဟာ ဒေါ်စုကို ဖမ်းလိုက်၊ ပြန်လွှတ်လိုက်နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀)ကျော်အတွင်း ကစားပြခဲ့ကြပါတယ်။ ၁၉၈၈ လူထုအရေးတော်ပုံမှတဆင့် မွေးထုတ်ပေးလိုက်တဲ့ ဖအေတူသမီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ရဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုခံရတဲ့ အထင်ကရ တစ်ဦးဖြစ်လာနေပါတယ်။ ဒီနေ့စစ်အုပ်စုဟာ ဒီပုဂ္ဂိုလ်ရေးကိုးကွယ်မှု ပျော့ကွက်ကို အသုံးချပြီး လူထုကို လှည့်စားနေပါတယ်။

တော်လှန်တဲ့တိုင်းရင်းသားအင်အားစုထဲမှာ စစ်အုပ်စုက သူ့စကားနာထောင် လိုက်နာတဲ့ ရုပ်ပြတိုင်းရင်းသားခေါင်းဆောင်တွေကို မွေးပြီး အိမ်ကြက်ချင်း အိုးမဲသုတ်တယ်၊ ခွတ်ခိုင်းတယ်။ လက်နက်ကိုင်နည်းဖြင့် မတော်လှန်နိုင်အောင် အချင်းချင်း သပ်လျှိုဖြိုခွဲထားတယ်။ ကချင်မှာ KIO/KIA ကနေ NDAK, NDA စသည်ဖြင့် ပြည်သူ့စစ်တွေအဖြစ် ထုတ်ခွဲထားတယ်။ ယခင် KNU မှာ ပဒိုမန်းရှာလို ထက်မြက်တဲ့ ခေါင်းဆောင်ကို တဖက်နိုင်ငံအထိ သွားရောက်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ ဒီနေ့မှာဆိုရင် အစဉ်အလာကြီးမားခဲ့တဲ့ KNU ကရင်တစ်ဖွဲ့တည်းကနေ KPC, DKBA, နယ်ခြားစောင့်တပ် (BGF) ၊ ဟောင်သရောပြည်သူ့စစ်အဖွဲ့ စသည်ဖြင့် စစ်အာဏာရှင်လက်ပါးစေအဖွဲ့တွေ ဖြစ်သွားစေခဲ့တယ်။

မွန်မှာဆိုလည်း မွန်ပြည်သစ်ပါတီ (NMSP) ကနေ ဟံသာဝတီပြန်လည်ထူထောင်ရေးနဲ့ တခြားသော မထင်မရှား ဓားပြလိုလိုအဖွဲ့တွေအဖြစ် ခွဲထုတ်ပစ်တယ်။ ရှမ်းပြည်မှာလည်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ကနေ ဦးကိုင်ဖခေါင်းဆောင်တဲ့ စိန့်ကျော့ပြည်သူ့စစ်လိုမျိုးအဖွဲ့အဖြစ် ခွဲထုတ်သိမ်းသွင်းလိုက်တယ်။ ဒါ့အပြင် သျှမ်းပြည် ပြန်လည်ထူထောင်ရေး/ရှမ်းပြည်တပ်မတော် (RCSS/SSA) လိုမျိုး ဘိန်းဘုရင်ခွန်ဆာ တပည့်ကျော် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိယွတ်ဆစ် ဦးဆောင်တဲ့အဖွဲ့လည်း ရှိနေပြန်ပါတယ်။

ဒီရှမ်းနှစ်ဖွဲ့ထဲမှာ RCSS/SSA ကို NCA အပစ်ရပ်လက်မှတ်ထိုးခိုင်းပြီး စီးပွါးရေးမက်လုံးတွေနဲ့ ချွေးသိပ်ထားပါတယ်။ တပြိုင်နက်ထဲမှာပဲ SSPP/SSA ကိုကြတော့ သီတင်းကျွတ်လပြည့်နေ့ပါမရှောင် ကြည်း-လေ စစ်ဆင်ရေးကြီးများနဲ့ စစ်ရေးလေ့ကျင့်ခန်းများ လုပ်နေလိုက်တာ အရပ်သားအပြစ်မဲ့ပြည်သူ စစ်ပြေးဒုက္ခသည်များ ထောင်ပေါင်းများစွာ တနေ့တခြား တိုးလာနေပြီး၊ ဘုန်းကြီးကျောင်းကိုပါ လက်နက်ကြီးကျည်တွေ ထိမှန်တဲ့အထိ ဖြစ်လာနေပါပြီ။

ထိုးစစ်ကြီးများဟာ အကြီးအကျယ် တနေ့တမျိုး မရိုးရအောင် ကမ္ဘာပတ်ပြီး လိုက်ဝယ်ထားတဲ့ လက်နက်ဟောင်း လက်နက်သစ်တွေကို ထုတ်စမ်း နေပါတယ်။ ဒါ့အပြင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကနေ ခွဲထွက်သွားကြတဲ့ အဖွဲ့သုံးဖွဲ့ဖြစ်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (၀သပ) ခေါ် UWSA ၊ မိုင်းလားခေါ် NDAA အဖွဲ့၊ ကိုးကန့်တပ်ဖွဲ့ခေါ် MNDAA အဖွဲ့တို့မှာ အင်အားကောင်းတဲ့အဖွဲ့ကြီးများအဖြစ် ရှိထားကြပါတယ်။ ဒီသုံးဖွဲ့ထဲက ကိုးကန့်ကို သေးကြီးမဲကြီး တိုက်ပါတယ်။

 လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ထဲမှာ အင်အားအကြီးဆုံးလိုလိုဖြစ်နေတဲ့ UWSA နဲ့ မိုင်းလားလိုမျိုးအဖွဲ့တွေကိုကြတော့ မြန်မာ့တပ်မတော်က မထိရဲပါဘူး။ ဘာကြောင့်လဲ့ဆိုရင် ဗိုလ်သန်းရွှေကို ကယ်တင်ထားတဲ့ တရုတ်ကြီးက သူတို့ကို လွှမ်းမိုးချုပ်ကိုင်ထားလို့ပဲ ဖြစ်ပါတယ်။

ဒါပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရှမ်းပြည်ရှိ တခြားလူမျိုးနွယ်စုတွေမှာလည်း ကိုယ်ပိုင်တပ်ဖွဲ့တွေ ရှိကြပါတယ်။ ပအိုဝ်မှာဆိုရင် PNO ပြည်သူ့စစ်အဖွဲ့နဲ့ PNLO လို့ခေါ်တဲ့ အောက်တိုဘာ(၁၅)ရက်နေ့က လက်မှတ်ထိုး သိမ်းသွင်းခံလိုက်ရတဲ့ ပအိုဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်တို့ ရှိပါတယ်။ ပလောင်မှာဆိုရင်လည်း ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မအသွင်ပြောင်းခြင်းခံလိုက်ရတဲ့ PSLO နဲ့ လက်ရှိတိုက်ပွဲဝင်နေတဲ့ PSLF/TNLA ဆိုပြီး ရှိပြန်ပါတယ်။

လားဟူလူမျိုးစုဆိုပြန်ရင်လည်း ပြည်သူ့စစ်လားဟူအဖွဲ့နဲ့ UNFC တပ်ပေါင်းစုအဖွဲ့ဝင် LDU အဖွဲ့ တို့ ရှိနေပြန်ပါတယ်။ ဒီလိုနဲ့ ရှမ်းပြည်အတွင်းမှာ မူးယစ်ရာဇာနဲ့ စစ်ဘုရင်ဝါဒီတွေကို ပုံစံအမျိုးမျိုးနဲ့ မြေတောင်မြှောက်ပေးပြီး လူမျိုးစု တခုတည်းအတွင်းမှာပဲဖြစ်ဖြစ်၊ မတူညီတဲ့လူမျိုးစု တခုနဲတခုကြားမှာပဲဖြစ်ဖြစ် ရန်တိုက်ပေးထားပါတယ်။

ဒီလိုနဲ့ နှစ်ပေါင်း (၂၀)ကျော်အတွင်းမှာ မြန်မာ့တပ်မတော်ကြီးရဲ့ စစ်ရေးစွမ်းရည်၊ လက်နက်စွမ်းပကားတို့ကို ဗမာမဟုတ်တဲ့လူမျိုးစုတွေနဲ့ လက်တွေ့စမ်းသပ်နေပါတယ်။ ကရင်နီ(ကယား)ပြည်ကို ကြည့်ပြန်တော့လည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကနေ ကလလတ၊ နင်္ဂါးအဖွဲ့ စသည်ဖြင့် ပြည်သူ့စစ်တွေနာမည်အမျိုးမျိုးနဲ့ ထိုးခွဲထားပြန်တယ်။

ရခိုင်တော်လှန်ရေးဘက်ကို ကြည့်ပြန်ရင်လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ခေတ်ပြိုင် ကိုလိုနီနယ်ချဲ့ကို အတူတကွ တိုက်ပွဲဝင်ခဲ့တဲ့ ဦးစိန္ဒာ လက်ကျန်များနဲ့ လွတ်လပ်ရေးကြွေးကြော်ပြီးတိုက်ပွဲဝင်လာခဲ့တဲ့ (ရမလဖ) အင်အားချိနည်းပြီးနောက် ALP , AIO တို့လို ရခိုင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့ပါတယ်။ ထင်ရှားတဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ခိုင်မိုးလင်း၊ ဆရာစံကျော်ထွန်းတို့ဟာ အာဏာရှင် ဗိုလ်နေ၀င်းလက်ထက်မှာ အရေးနိမ့်ပြီး ကျဆုံးခဲ့ရတယ်။

ထိုနောက် ၁၉၉၀ ကျော်မှာ ရခိုင်ပြည်တပ်မတော် (Arakan Army) လိုမျိုး ဖော်ထုတ်လာပြီး၊ စစ်ဦးစီးချုပ် ခိုင်ရာဇာလိုပုဂ္ဂိုလ်မျိုးမှာ ရခိုင်ပြည်အတွက် အများပြည်သူတို့ရဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်လာခဲ့ရာ ဗမာစစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ခင်ညွန့်က အိန္ဒိယစစ်ထောက်လှမ်းရေးနဲ့ ပူးပေါင်းပြီး ၁၉၉၈ ခုနှစ် အန်ဒမန်ကျွန်းမှာ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရပါတော့တယ်။ ဒါပေမယ့် ကျွန်ပုန်းကိုလိုနီဘ၀က လွတ်မြောက်ရေးအတွက် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို မျိုးဆက်သစ်များနဲ့ အားသစ်လောင်း ဆက်လက်ဆင်နွှဲလျှက်ပါပဲ။

 ယနေ့မှာ တိုင်းရင်းသားတစ်စုံလုံးကို တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လို့ခေါ်တဲ့ NCA နဲ့ ထိုးခွဲလိုက်ပြီး၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ပေါင်း (၂၁)ဖွဲ့မှာ (၈)ဖွဲ့က လက်မှတ်ထိုးသွားခဲ့ရာ လက်မှတ်ထိုးပြီးအုပ်စုနဲ့ လက်မှတ်မထိုးတဲ့အုပ်စုဆိုပြီး နှစ်အုပ်စု ကွဲထွက်သွားခဲ့ပါပြီ။ ALP ကို လက်မှတ်ရေးထိုးတဲ့ အုပ်စုထဲမှာ စစ်အုပ်စုက သိမ်းသွင်းလိုက်ပြီး၊ လက်မှတ်မထိုးခိုင်းပဲ ချန်ခဲ့တဲ့ AA (မြောက်ပိုင်း) နဲ့ ANC တို့လို အဖွဲ့များနဲ့ အိမ်ကြက်ခြင်း အိုးမဲသုတ် ခွတ်ခိုင်းဖို့ ပြင်ဆင်ထားပါတယ်။ တိုင်းရင်းသားနယ်မြေဒေသအလိုက် သွေးခွဲအုပ်ချုပ်ရေးဗျူဟာကို ကျင့်သုံးပြီး အုပ်ချုပ်နေတဲ့ အနေအထားပါပဲ။ နားမထောင် စည်းရုံးသိမ်းသွင်းလို့ မရတဲ့လူပုဂ္ဂိုလ် အဖွဲ့အစည်းဟူသမျှ အပြတ်ရှင်း အပြုတ်တိုက်ထုတ်လျှက် ရှိနေပါတယ်။ အနားတောင် ကပ်ခွင့်မပေးတော့ပါဘူး။

မြေပေါ်နိုင်ငံရေးမှာလည်းပဲ အထင်ကရ အတိုက်အခံ တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ခွန်ထွန်းဦးလို အသက်(၇၀)လောက်ရှိပြီဖြစ်တဲ့ပုဂ္ဂိုလ်မျိုးကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒါဏ်အနှစ် (၁၀၀)ကျော် ချမှတ်ကာ ထောင်ထဲထည့်ထားခဲ့ပြီးမှ ပြည်ပဖိအားကို လျော့ချဖို့နဲ့ သိမ်းသွင်းကစားနိုင်ဖို့ ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့ဆင့်နောက်ဆင့် ပြန်လွှတ်ပေးလိုက်တယ်။

ရခိုင်က ဦးဦးသာထွန်း (ရခိုင်-မြန်မာ ပဏ္ဍိပ်ကြီး)ကတော့ ၁၉၉၀ ရွေးကောက်ပွဲကာလမှာကတည်းက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေတဲ့ပြောဆိုမှုစသည်ဖြင့် အကြောင်းအမျိုးမျိုးပြကာ ထောင်ထဲထည့်ပြီး လုပ်ကြံလိုက်ပါတယ်။ ဒေါက်တာစောမြအောင်နဲ့ ဦးအေးသာအောင်ကတော့ လွှတ်တော်ခေါ်ယူရေးကော်မတီ (CRPP) မှာ ပါဝင်ခဲ့လို့ ထောင်နန်းစံခဲ့ကြရပါသေးတယ်။ ပြည်ပဖိအားကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ရာ ဦးအေးသာအောင်မှာ ထောင်တွင်း ဒဏ်ရာဒဏ်ချက်နဲ့အတူ အသံအိုးပျက်စီးခဲ့ရပါတယ်။ ဒါကြောင့် ပြောချင်တာက ဘုံရန်သူစစ်အာဏာရှင်များဟာ ၎င်းတို့အာဏာတည်မြဲရေးအတွက် ညစ်နည်းမျိုးစုံ ကျင့်သုံးနေပါတယ်။ ယနေ့တိုင် ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ရဟန်းရှင်လူ ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ လူမှုရေးတက်ကြွလှုပ်ရှားသူ မြောက်များစွာကို မတရားပုဒ်မတွေနဲ့ ဖမ်းဆီးထားပြီး အကျဉ်းထောင်တွေထဲမှာ ထည့်ထားပါတယ်။ လက်ရှိမှာ စာရင်းဇယားများအရ နိုင်ငံရေးအကျဉ်းသားပေါင်း (၅၀၀) နဲ့ အထက်မှာ ရှိပါတယ်။

ရခိုင်ပြည်ဘက်ကို ဇောင်းပေးကြည့်မယ်ဆိုရင် တိမွေးကုဆရာဝန်(အငြိမ်းစား) ဒေါက်တာအေးမောင်ဟာ ၂၀၁၀ ရွေးကောက်ပွဲကာလတွင်မှ RNDP ပါတီမှတဆင့် ရခိုင့်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးလောကမှာ ပေါ်ပေါ်ထင်ထင် တွေ့မြင်လာရပါတယ်။

 ဒေါက်တာအေးမောင်တို့ဦးဆောင်တဲ့ RNDP ပါတီနဲ့ ဦးအေးသာအောင်တို့ ဦးဆောင်တဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ALD ပါတီတို့ဟာ ရခိုင်ပြည်သူလူထုရဲ့ ပြင်းထန်တဲ့တောင်းဆိုချက် လိုလားချက်တွေအရ နှစ်ပါတီမှ ANP တစ်ပါတီတည်းအဖြစ် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှာ တရားဝင် ပေါင်းစည်းပြီး အမျိုးသားညီညွတ်ရေးကို တည်ဆောက်ခဲ့ရပါတယ်။ ၂၀၁၀ မှာ ပေါ်ပေါက်လာတဲ့ RNDP နဲ့ ၁၉၉၀ မှာ ဖြစ်တည်လာခဲ့တဲ့ ALD ပါတီနှစ်ခုရှိ ခေါင်းဆောင်များဟာ ပါတီနှစ်ခုစလုံးမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိကြသူတွေလည်း ရောယှက်လို့ရှိနေပါတယ်။ ဒါပေမယ့် ဒေါက်တာအေးမောင်ဟာ ၂၀၁၀ ရွေးကောက်ပွဲကျမှ RNDP ကနေ ပါတီခေါင်းဆောင်နေရာမှတဆင့် ၀င်ရောက်လာပြီး နှစ်ပါတီပေါင်းစည်းလိုက်တဲ့ ANP မှာလည်း ဥက္ကဋ္ဌ ထိပ်ပိုင်းခေါင်းဆောင်ရာထူးကို ရယူထားပါတယ်။

ပြင်းထန်စွာ နှိပ်ကွပ်ပြီး ဖိနှိပ်အုပ်ချုပ်တဲ့အာဏာရှင်စနစ်အောက်မှာ ရခိုင်ပြည်သူလူထု ကိုယ်စားပြုအသံတစ်ခု ထုတ်ဖော်နိုင်ဖို့ Platform တစ်ခုအဖြစ် RNDP ထူထောင်စဉ်က ရည်ရွယ်ခဲ့တယ်လို့ သိရှိရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဟာ ပါတီရှင်သန်ရေးလိုအပ်ချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက်လို့ ဆိုပါတယ်။ ဒါပေမယ့် ရခိုင်ပြည်သူများက အမျိုးသားရေးခံယူချက် ပြင်းပြလေတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ တခဲနက်မဲပေးလိုက်ကြလို့ လွှတ်တော်တွင်းကို ကိုယ်စားလှယ်အများစု ရောက်ရှိသွားခဲ့ရပါတယ်။

ဒါကြောင့် လွှတ်တော်ထဲကိုရောက်သွားခဲ့တဲ့ အမတ်လိုင်းနဲ့ ပါတီလိုင်းက ကွဲပြားလာခဲ့ပါတော့တယ်။ ထိုထဲမှာ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်လည်း အမျိုးသားလွှတ်တော်ထဲမှာ ပါဝင်သွားခဲ့ပါတယ်။ ပါတီလိုင်းက လွှတ်တော်တွင်းရောက်သွားတဲ့ ပါတီကိုယ်စားလှယ်များကို ထိန်းညှိဖို့ ကြိုးပမ်းခဲ့ပါတယ်။ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ရေး အဆိုတင်သွင်းရန်၊ လွှတ်တော်က လက်မခံလျှင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ အားလုံး တပြိုင်နက် နှုတ်ထွက်ကြရန် ဆိုတဲ့ မဟာဗျူဟာချမှတ်လုပ်ဆောင်ဖို့ ကြိုးစားခဲ့တယ်လို့ လေ့လာသိရှိခဲ့ရပါတယ်။

ဒါပေမယ့် လွှတ်တော်တွင်းရောက်သွားကြတဲ့ ကိုယ်စားလှယ်များဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလကလိုမျိုး ခိုင်မာမှုမရှိတော့ပဲ ခံစားခွင့်နဲ့ အဆောင်အယောင် မက်လုံး အကျိုးစီးပွားများအောက်မှာ နစ်မျောသွား ခဲ့ကြပါတော့တယ်။ ဒီလိုနဲ့ပဲ လွှတ်တော် ပထမသက်တမ်း (၅)နှစ်တာကာလအတွင်း ပါတီတည်ဆောက်ရေးဟာ လစ်ဟာနေခဲ့ပြီး၊ ပါတီခေါင်းဆောင်ပိုင်းအတွင်း အစာမကျေမှုတွေ များနေခဲ့ပါတယ်။ အဲ့ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပါတီအဆင့် အမတ်လောင်းရွေးချယ်ပွဲမှာ ထင်ရှားလာခဲ့ပါတော့တယ်။ လက်ရှိပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဟာ ပါတီခေါင်းဆောင်ပိုင်းအတွင်း အများဆန္ဒမခံယူပဲ မိမိစိတ်ကြိုက် မဲဆန္ဒနယ်ကို ရွေးချယ်ရင်းနဲ့ မာန်အောင်ကျွန်းသို့ ရောက်ရှိသွားခဲ့ရတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

 ပြည်ထောင်စုအဆင့်မှာတောင် တိုင်းရင်းသားလူမျိုးပေါင်းစုံကိုယ်စားပြု ထိပ်သီးအဆင့်ခေါင်းဆောင်တစ်ဦးအနေနဲ့ ရခိုင်ပြည်နယ်လို ကိုယ့်ပြည်ကိုယ့်မြေရှိ (၁၇)မြို့နယ်မှာ ဘယ်နေရာကပဲပြိုင်ပြိုင် နိုင်ရမယ်လို့ ယုံကြည်ထားခဲ့ပုံ ပေါ်ပါတယ်။ ဒီစိတ်ဓာတ်အတိုင်းဆိုရင်တော့ လေးစားအသိမှတ်ပြုရမှာ ဖြစ်ပါတယ်။

အခုဖြစ်လာနေတာက ဒေါက်တာအေးမောင်မှာ မဲရှုံးနိမ့်ခဲ့ရလို့ ရခိုင်ပြည်သူလူထုက ၀မ်းနည်းကျေကွဲမှု ကြီးစွာ ဖြစ်နေရကြရတယ်၊ စိတ်ပျက်အားငယ်နေကြရတယ် စသည်ဖြင့် လူမှုကွန်ယက်အတွင်း လိုင်းတင်ပေးလိုက်ပါတယ်။ ပြီးတော့ မာန်အောင်မဲဆန္ဒနယ်က ဒေသခံလူထုကို တောင်ပိုင်း-မြောက်ပိုင်း လူမျိုးရေးအစွဲ ဗမာအလိုတော်ရှိများသဖွယ် ဆဲဆိုမှုများ ထွက်ပေါ်လာခဲ့တယ်၊ တဆက်တည်းမှာပဲ ပါတီအောင်နိုင်ရေး ဗဟိုကော်မတီခေါင်းဆောင်ကို ပစ်မှတ်ထားလာပြီး အစီးမကပ်သေးတဲ့ ခေါင်းဆောင်ပိုင်းအက်ကြောင်းကို ပိုဖြဲပြလိုက်ပါတော့တယ်။

ဒါနဲ့ပဲ ရပ်တန့်နေပါ့မလားလို့ ကြည့်လိုက်တော့ မရပ်ပါဘူး။ ရန်ကုန်လေဆိပ်မှာ မဘသဘုန်းကြီးတွေနဲ့ လာကြိုပြီး ကြွေးကြော်သံတွေ၊ ဗီနိုင်းပိုစတာတွေမှာ အစွန်းရောက်အရေးအသားတွေနဲ့ လူထုထောက်ခံပွဲလိုမျိုး လုပ်ပြတယ်။ ပြီးတော့ ပါတီဗဟိုကော်မတီတခုလုံးမှာ သူမဲရှုံးရတာနဲ့ပတ်သက်ပြီး အတွင်းစည်းမှာ ကျေကျေလည်လည် သုံးသပ်ဖြေရှင်းရင် ပြီးတဲ့ကိစ္စကို မကျေနပ်မှုရှိနေတဲ့ခေါင်းဆောင်ပိုင်းအချို့ကို သွယ်ဝိုက်ရည်ညွှန်းပြီး ပါတီတွင်းလှေနံနှစ်ဖက်နင်းတဲ့လူတွေ ရှိနေတယ်၊ အတွင်းလုပ်ကြံမှုတွေ ရှိခဲ့တယ် စသည်ဖြင့် စွပ်စွဲပြောဆိုမှုတွေနဲ့ အရေးယူဆောင်ရွက်ဖို့ကိစ္စကို မီဒီယာကနေတဆင့် တာဝေးပစ် အမြောက်ကြီးထုသလို လိုင်းတင်လာပါတယ်။ ဒါနဲ့လည်း မပြီးသေးပါဘူး။ စစ်တွေမြို့ပေါ်မှာ ဒေါက်တာအေးမောင်ကို လူထုထောက်ခံပွဲ လုပ်ရန်ဆိုပြီး ဖြစ်မြောက်ရေးကော်မတီကို အကြီးအကျယ် စုဖွဲ့၊ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီး အုပ်စုတိုက်ပွဲလိုလို ဆင်နွှဲမယ့် အရိပ်အယောင်တွေ ပြသနေပါတယ်။

တခြားအနိုင်ရပါတီများဟာဆိုရင် ရွေးကောက်ပွဲအလွန်ကာလမှာ ရှေ့ဆက်ဘယ်လိုလုပ်ဆောင်သွားမှာ တွေနဲ့ပတ်သက်ပြီး ပါတီအတွင်း ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ လူထုကို ချပြသင့်တာတွေကို ချပြနေတာကိုလည်း တွေ့မြင်နေရပါတယ်။

ပါတီခေါင်းဆောင် ဥက္ကဋ္ဌတစ်ဦးအနေနဲ့ လာမယ့်သက်တမ်းအတွင်းမှာ ပါတီအနေနဲ့ လုပ်ဆောင်သွားမယ့်အစီအစဉ်တွေကို လူထုသို့ ချပြနေရမယ့်အစား မရောင်ရာဆီလူးအလုပ်ကို လိုက်လုပ်နေသလို ဖြစ်နေပါပြီ။ ဒါပေမယ့် ပြောလက်စ ဆက်ပြောလိုက်ပါတော့မယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ကျင်းပတဲ့ရွေးကောက်ပွဲမှာ အောင်နိုင်ခြင်း၊ မအောင်နိုင်ခြင်းဟာ ရလဒ်မဟုတ်သေးဘူး။ ကျွန်နံ့ တထောင်းထောင်း ထနေတုန်းပါပဲ။ ကျွန်မှာမှ ရိုးရိုးကျွန်မဟုတ်၊ (စစ်ကျွန်၊ စစ်ကျွန်)။ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီကျင့်စဉ်များ လက်တွေ့လေ့ကျင့်ခန်းအဆင့်ပဲ ရှိပါသေးတယ်။ ချွေးထွက်များမှ သွေးထွက်နည်းမှာပါ။

အားစိုက်ပြီးလေ့ကျင့်ခန်းဝင်ခဲ့ကြတာကို တန်ဖိုးထား လေးစားပါတယ်။ ဒါပေမယ့် အမတ်မဖြစ်၊ ၀န်မင်းမလုပ်ရ၊ မှန်းထားတဲ့ (သို့) နေပြည်တော်(ကြက်ပြေး)က ခိုင်းထားတဲ့အတိုင်း ပြည်နယ်ဝန်ကြီးချုပ် မဖြစ်လိုက်ရလို့ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ လိုက်လုပ်မနေပါနဲ့။ လူထုက မောလှပြီ။ ဆင်းရဲတွင်းထဲမှာ ဒုက္ခမျိုးစုံဝေနေတာပါ။ နွားပြေးရာမှာ ဖျာဆိုးလွင့်နေရသလိုမျိုး မလုပ်ပါနဲ့တော့။

တစ်နိုင်ငံလုံးအတိုင်းအတာ ရွေးကောက်ပွဲမဲရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင် အတည်ပြုချက်တောင် မလုပ်ရသေးတဲ့အချိန်မျိုးမှာ ဒေါက်တာအေးမောင်ရဲ့ ဒီလိုအရွေ့တွေဟာ သဘောရိုးဟုတ်၊ မဟုတ်။ ပါတီခေါင်းဆောင်တစ်ဦးအနေနဲ့ မဲဆန္ဒနယ်အများစုမှာ ပါတီအနိုင်ရခဲ့တာကို ဂုဏ်ယူနေမဲ့အစား မိမိပုဂ္ဂိုလ်ရေးရှုံးနိမ့်မှုအပေါ်မှာပဲ ဒီလိုလှုပ်ရှားမှုတွေ လုပ်လာနေတာက ဘာကိုဦးတည်နေတာလဲလို့ မေးခွန်းထုတ်စရာ များစွာ ဖြစ်လာနေပါပြီ။ ခင်ဗျားကို ထောက်ခံပွဲလုပ်သလိုမျိုး တခြားလူတွေလည်း လုပ်တတ်ပါတယ်။ အပေါစားနိုင်ငံရေးမှာ မသာယာပါနဲ့။
ဒါကြောင့် တိမွေးကု(အငြိမ်းစား)ဒေါက်တာအေးမောင်ခင်ဗျား…. အောက်ပါမေးခွန်းများကို ဖြေဆိုရန် လူထုစစ်ကြောရေး ၀င်လိုက်ပါရစေ။

#အမျိုးသားနိုင်ငံရေး#
Vat. Rt. Dr. အေးမောင် မရှိလျှင် ရခိုင်နိုင်ငံရေး သေတော့မည်လား?
ANP ဆက်လက်မရပ်တည်နိုင်ပြီလား?
လက်ရှိပါတီဥက္ကဋ္ဌတာဝန်ကို ဆက်လက်မထမ်းဆောင်ချင်၍လား?
နိုဝင်ဘာ(၈)ရက်ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်၍လား?
ANP အောင်ပွဲလုပ်ရမည့်အစား Dr.အေးမောင်ရှုံးနိမ့်မှုအတွက် အားပေးထောက်ခံပွဲပဲ ဖြစ်နေရတာလဲ?
ANP မှာ Dr.အေးမောင် တစ်ဦးတည်း ရှုံးနိမ့်သွားရလို့လား?

#လွှတ်တော်တွင်း၊လွှတ်တော်ပ#
၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေ စစ်ကျွန်ဘ၀အောက်က လွတ်မြောက်ဖို့ လွှတ်တော်တွင်းမရလျှင် လွှတ်တော်ပနည်းလမ်းကို သုံးလို့ မရဘူးလား?

#ဘင်္ဂလီပြဿနာနှင့်သူရဲကောင်းဝါဒ#
ဘင်္ဂလီပြသနာကို အကြောင်းပြု ဘာသာရေးမှိုင်းတိုက်ပွဲအောက်မှာ ကုလားဆန့်ကျင်ရေးနဲ့ အမျိုးသားသူရဲကောင်းဘွဲ့ကိုပဲ ခံယူတော့မှာလား?
ဘင်္ဂလီ လူဝင်မှုပြဿနာဖြေရှင်းရေးအတွက် ပါတီမူဝါဒ နဲ့ အဖြေကို စနစ်တကျ မချမှတ်ပဲ လူပိန်းအကြိုက်ပဲ ဘာကြောင့်လိုက်လုပ်နေရတာလဲ?


#ပါတီတွင်းဒီမိုကရေစီ#
ပြည်ထောင်စုလွှတ်တော်မှာ မနေပဲ ပြည်နယ်ဝန်ကြီးချုပ်လုပ်ဖို့ ဆင်းလာတုန်းက ပါတီအတွင်း အများဆန္ဒသဘောထားကို ရယူခဲ့ပါသလား?
ပြည်နယ်လွှတ်တော်သိမ်းပိုက်ရေးနှင့် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်နိုင်ရေးအတွက် ပါတီအတွင်း မဟာဗျူဟာအစီအစဉ်ကို ပါတီ CEC အတွင်း စနစ်တကျ ချမှတ်ခဲ့ပါသလား၊ ချမှတ်ခဲ့လျှင် လူထုသို့ ယင်းအစီအစဉ်ကို ချပြမှု ရှိပါသလား?
#၆-ပွင့်ဆိုင်ဆွေးနွေးပွဲ#
ဦးသိန်းစိန်၏ ဟန်ပြ အပွင့်နိုင်ငံရေးကစားကွက်မှာ (၆)ပွင့်ဆိုင်ထဲ တစ်ပွင့်ပါဝင် ကစားတုန်းက ပါတီအတွင်း ကစားကွက်မဟာဗျူဟာများ ဆွေးနွေးချပြ သဘောထားရယူမှု ရှိခဲ့ပါသလား?

#သဘာရေးနှင့်နိုင်ငံရေးအယူဝါဒ#
လူမျိုးရေးအစွန်းရောက်မှုကြောင့် အများဝေဖန်မှုခံနေရတဲ့ မဘသ နဲ့ တပူးပူးတတွဲတွဲ လုပ်နေရတာက နိုင်ငံရေးမှာ ဘာသာရေးဝင်ရောက်စွက်ဖက်မှုကို သဘောတူလို့လား၊ သို့တည်းမဟုတ် ဘာသာရေးကိုအခြေမခံသောနိုင်ငံရေး Secularism ကို မထောက်ခံလို့လား?

မြတ်မင်းခိုင်

(Myat Min Khaing – Facebook မှ ကူးယူဖော်ပြပါသည်။)








EmoticonEmoticon

Comments system

Flag Counter