ဆိုရှယ်လစ်စနစ်ရဲ့ ဖခင် (သို့) ကားလ်မာခ့်စ် အကြောင်း





ဆိုရှယ်လစ်စနစ်ရဲ့ ဖခင် (သို့) ကားလ်မာခ့်စ် အကြောင်း

"သမိုင်းဟာ သူ့ဟာသူပဲနေတယ်။ သမိုင်းမှာ ကြီးမားတဲ့စည်းစိမ်ချမ်းသာမရှိဘူး။ "သမိုင်း"ဟာ စစ်ပွဲတွေ မဖန်တီးဘူး။ အဲ့လိုတွေလုပ်တာ လူ.. သက်ရှိထင်ရှားနေထိုင်နေတဲ့လူတွေ။ လူတွေက ပိုင်ဆိုင်လိုတာ
တွေရှိကြပြီး ရန်လိုတိုက်ခိုက်ကြတယ်။ "သမိုင်း"က သူရဲ့ ရရှိပိုင်ဆိုင်မှုတွေအတွက် "လူ"ကို နည်းလမ်းသဖွယ် အသုံးချတဲ့ သက်ရှိတစ်ကောင်မဟုတ်ဘူး။

သမိုင်းဟာ လူတစ်ယောက် သူ့အမည်နာမနဲ့ လောဘတွေအတွက် ရှာဖွေကြိုးပမ်းတဲ့ ဖြစ်စဉ်တစ်ခုပဲ။ သမိုင်းက ဘာမှ မလုပ်ဖူး။"
"ကားလ်မာခ့်စ်"ဂျာမန် အတွေးအခေါ်ပညာရှင်၊ဘောဂဗေဒပညာရှင်လူမှုဗေဒပညာရှင်၊ သတင်းစာဆရာနှင့် ဆိုရှယ်လစ်တော်လှန်ရေးဝါဒီ ၁၈၁၈ ခုနှစ် - ၁၈၈၃ ခုနှစ် ကားလ်မာခ့်စ်ဟာ လူသားတွေအပေါ် အကြီးကျယ် ဆုံးသော သမိုင်းဝင် လွှမ်းမိုးမှုရှိခဲ့သူ ဖြစ်ခဲ့ပါတယ်။

ဒီမိုကရက်အမျိုးသားရေးဝါဒ ( Democratic Nationalism)
ပေါ်ထွန်းရာခေတ်၊ အလုပ်သမားသမဂ္ဂများပေါ်ထွန်းးရာခေတ် (trade unionism) နှင့် အတွေးအခေါ်
တော်လှန်ပြောင်းလဲရေးခေတ်ဖြစ်တဲ့ ၁၉ ရာစုနှစ်မှာ သူ့ရဲ့ အယူအဆတွေပေါ်ထွန်းခဲ့ပါတယ်။
မာခ့်စ်ရဲ့ လက်ထက်မှာ တော်လှန်ပြောင်းလဲရေးဓလေ့တစ်ခုပေါ်ထွန်းလာခဲ့တယ်လို့တောင် ဆိုစမှတ်ပြုခဲ့ရပါတယ်။

ဒါပေမယ့်လည်း မာခ့်စ်ဟာ သူ့ခေတ်အခါက လူကြိုက်များလှတဲ့ စာရေးဆရာ၊ ဟောပြောသူတစ်ဦးမဟုတ်
ခဲ့ပါ။ မာခ့်စ်ရဲ့ ဆိုစမှတ်ပြုလောက်တဲ့ လက်ရာတွေကတော့ Das Kapital နဲ့ Surplus of Value တို့ပဲဖြစ်ပါတယ်။ Das Kapital ဟာ စာမျက်နှာပေါင်း ၂၅၀၀ ကျော်ပါတဲ့ အတွဲ သုံးတွဲပါသော စာအုပ်ဖြစ်ပါတယ်။

မာခ်စ့်ဟာ Capitalism ဆိုတဲ့ အရင်းရှင်စနစ်ရဲ့ ဆိုးသွမ်းမှုတွေကို အင်တိုက်အားတိုက် ပြိုငိဆိုင် ဝေဖန်ဟောပြောခဲ့ပေမယ့် လည်း ၁၈၇၀ ခုနှစ် မတိုင်မီထိ သူ့အယူအဆတွေကို လူကြိုက်နည်းခဲ့ပါတယ်။

၁၈၇၀ နောက်ပိုင်းမှာတော့ သူရဲ့အယူအဆတွေဟာ ဂျာမနီမှာတင်မကပဲ ပါရီ ၊ ဘရက်ဆဲလ်စ်၊ မော်စကိုနဲ့ လန်ဒန်တို့ကို ပျံ့နှံ့သွားခဲ့ ပါတော့တယ်။ ၁၈၉၀ ခုနှစ် ရောက်တဲ့အခါမှာတော့ မာခ်စ့်ရဲ့ စာအုပ်တော်တော်များများကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့တဲ့အတွက် အမေရိကတိုက်ထိပါ ရောက်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း အခြားခေတ်ပြိုင် ရရှား မင်းမဲ့ဝါဒီဖြစ်တဲ့ မစ်ခ်ဟေးလ် ဘာကူ ( Mikhail Bakunin) နင်တို့ ၊ ဂျာမန် ဆိုရှစ်လစ်ဝါဒီဖြစ်တဲ့ ဖာဒီနန် လာဆဲလ် ( Ferdinand Lassalle) တို့ရဲ့အယူအဆတွေနဲ့ ယှဉ်လျင်တော့ မာခ့်စ်ရဲ့ အယူအဆတွေဟာ လူကြိုက်နည်းနေဆဲပါပဲ။

ဒါဟာဘာကြောင့်လဲဆိုတော့ မာခ့်စ်ဟာ သူ့ခေတ်သူ့ အခါမှာ ထင်ပေါ်ကျော်ကြား လူကြိုက်များတဲ့ ခေါင်းဆောင်တစ်ယောက်၊ လှုံ့ဆော်သူတစ်ယောက်မဟုတ် တာကြောင့်ရယ်၊ မာခ့်နဲ့ အန်ဂျယ်စ်တို့ရဲ့ လှုပ်ရှားမှုတွေကို ကွန်မြူနစ်ဆင် ရယ် ဆိုရှယ်လစ်ဇင်ရယ်ဆိုပြီး အစ်ဇင်တွေ (ism) အဖြစ် သမုတ်ခံရပြီး အဆိုးမြင်ခဲ့ကြတဲ့အတွက်ရယ်ကြောင့် ဖြစ်ပါတယ်။

မာ့ခ်စ်ဟာ သူ့ဘ၀ရဲ့ အချိန်အများစုကို လန်ဒန်မြောက်ဖက်ပိုင်းက မထင်ရှားတဲ့ သာမညနေရာလေး တစ်ဝိုက်နဲ့ ဗိတိန်စာကြည့်တိုက် ပင်မစာဖတ်ခန်းထဲမှာပဲ စာရေးတွေးခေါ်ရင်း ကုန်ဆုံးခဲ့ပါတယ်။
မာခ့်စ်ဟာ သီအိုရီသမား ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ သူရဲ့ အတွေးအခေါ်အယူအဆတွေ လျင်မြန်စွာ ပ်ါထွက်သလောက် စာရေးတဲ့အခါ ဖြေးဖြေးနဲ့ နာကျင်ခံစားပြီး စာရေးလေ့ရှိပါတယ်။

မာ့ခ်စ့်ဟာ ပညာတတ် လူ့အသိုင်းအ၀ိုင်းကို ရွံရှာတတ်ပြီး ပစ္စည်း ဂုဏ်ဒြပ်မက်မောသူလူတန်းစားတွေရဲ့ အနေအထားတွေကိုလည်း မုန်းတီးခဲ့ပါတယ်။ သူ့ခေတ်က ပညာတတ်လူ့အသိုင်းအ၀ိုင်းတွေဟာ ဦးတည်ချက်မရှိပဲ လက်တွေ့ဘ၀နဲ့ ကင်းကွာနေခဲ့သလို အရင်းရှင်ဝါဒကို လိုလားတဲ့ ဘူဇွာအသိုင်းဝိုင်းဟာလည်း ပစ္စည်း၊ ဂုဏ်ဒြပ်များနဲ့ မျက်ကန်းတစ္ဆေဖြစ်နေခဲ့ကြပါတယ်။

မာခ့်စ်ရဲ့ စာပေတွေထဲမှာ အရင်းရှင်စနစ်ရဲ့ ကုန်ထုတ်လုပ်မှုနည်းလမ်းတွေကို စနစ်တကျရှင်းပြ ဝေဖန်ခဲ့ပါ တယ်။ မာခ့်စ်ရဲ့ ထူးခြားချက်က အခြား တော်လှန်ပြောင်းလဲရေးအတွေးအခေါ်ပညာရှင်များနဲ့မတူတာ
ပါပဲ။ သူရဲ့ဝါဒတွေဟာ စိတ်ကူးယဉ်မဆန်ပဲ လက်တွေ့ကျပြီး တကယ်ဖြစ်ခဲ့တဲ့ လူသားသမိုင်းအပေါ် အမြဲတစေ အခြေခံခဲ့ပါတယ်။

၁၉ ရာစုက ဥရောပ တော်လှန်ပြောင်းလဲရေး အတွေးအခေါ်ပညာရှင်တွေမှာ ဘုံတူတဲ့ သဘောထား အချက် လေးချက်ရှိပါတယ်။

(၁) လက်ရှိခေတ်အခြေအနေရဲ့ စနစ် သို့မဟုတ် အယူအဆတစ်ခုရဲ့ မမျှတတဲ့ အခြေအနေကို ဝေဖန်ရှုံ့ချတယ်။
(၂) သူတို့ တည်ဆောက်လိုတဲ့ လူ့အဖွဲ့စည်းကို ပုံဖော်တယ်။
(၃) လက်ရှိခေတ်က အရာတွေထဲက ဘယ်လောက်ကို ထိန်းသိမ်းထားရမယ် ဆိုတာကို ထည့်တွေးတယ်။
(၄) သူတို့လိုလားတဲ့ အခြေအနေအပြောင်းအလဲကို ရဖို့ အထိရောက်ဆုံး နည်းစနစ်တွေကို ရှာဖွေတယ်။
မာခ့်စ်မှာတော့ အဲ့လို သဘောထားမျိုး မရှိခဲ့ဘူးလို့ဆိုပါတယ်။

မာခ့်စ်ရဲ့ ယုံကြည်မှုအရတော့ အယူအဆလေး တစ်ခု နှစ်ခုလောက်ကို ထွေးပွေ့တဲ့ လူသားတွေက ၀င်ရောက်စွက်ဖက်ပြီး ပြောင်းလဲပစ်လို့ မရတဲ့ သိပ္ပံနည်းကျ နိယာမတွေက လူသားသမိုင်းကို အစဉ်ထိန်းချုပ်ထားတယ် လို့ ဆိုပါတယ်။

လူသားတွေဟာ သူတို့မွေးဖွားလာရတဲ့ ရုပ်ဝထ္တုကမ္ဘာရဲ့ လွှမ်းမိုးမှုကိုခံနေကြရတယ်။သူတို့ရဲ့ အယူအဆ
တွေဟာ မျှော်ကိုးမှုလောဘတွေပါနေတယ်။ဒီလွှမ်းမိုးခံယူမှုအောက်မှာ လူသားတွေဟာ သူတို့ အသက်ရှူ ၊ လုပ်ကိုင်၊ နေထိုင်၊ ချစ်ခင်၊ ခံစား၊ သေကြေကြရတဲ့ လောကသဘာဝကြီးကို မှားယွင်းစွာ ရှုမြင် နားလည်
နေကြတယ်။ သူတို့ရဲ့ ရပ်တည်မှုနဲ့ ရပ်တည်မှုရဲ့ အဓိပ္ပါယ်တွေကို မှားယွင်းစွာ နားလည်ထားကြတယ်
လို့ဆိုပါတယ်။ နောက်ပိုင်းမှာတော့ မာခ့်စ်ဝါဒီတွေက ဒီအယူအဆ နားလည်မှုအလွဲကို စက်မှုအရင်းရှင်
ဝါဒကြောင့် ဖြစ်လာရတဲ့" ပညတ်" အဖြစ် (အသိထင်ရောင်လွဲမှားမှု) အဖြစ် ခေါ်ဆိုကြပါတယ်။
Proletariat လို့ခေါ်တဲ့ ပစ္စည်းမဲ့လူတန်းစားတွေဟာ ရုပ်ဝါဒီမက်မောတဲ့ (Bourgeois) ဘူဇွာလူတန်းစား နဲ့ အရင်းရှင်လူတန်းစားတွေရဲ့ စိုးမိုးမှု၊ ခေါင်းပုံဖြတ်မှုကို ခံစားနေရကြတယ်လို့ဆိုခဲ့ပါတယ်။

ခြုံပြောရရင် တာ့ မာခ့်စ့်ရဲ့ အရင်းရှင်ကို ဆန့်ကျင်တဲ့ အယူအဆတွေဟာ ဘောဂဗေဒ၊ လူ့အဖွဲ့စည်း၊ နိုင်ငံရေးတို့နဲ့ ပတ်သက်ပြီး ၄င်းအယူအဆတွေကို ပေါင်းပြီး "မာခ့်စ်ဝါဒ"လို့ခေါ်ပါတယ်။
မာခ်စ့်ဝါဒဟာ ကုန်ထုတ်လုပ်မှုကို ထိန်းချုပ်တဲ့ ဓနရှင် အရင်းရှင်လူတန်းစားနဲ့ ကုန်ထုတ်လုပ်မှုအတွက် လုပ်အားကိုပေးရသော အဖိနှိပ်ခံ ဂုတ်သွေးစုပ်ခံ ပစ္စည်းမဲ့ လူတန်းစားတို့ကြားကွာဟမှုကို မီးမောင်းထိုးပေးနိုင်ခဲ့ပါတယ်။

ယင်းကဲ့သို့ ကွာဟမှု မညီမျှမှုတွေကြောင့် ယခင်က လူမှုစီးပွားရေးစနစ်တွေလိုပဲ အရင်းရှင်စနစ်ဟာ ပျက်သုန်းရတော့မှာဖြစ်ပြီး စနစ်အသစ်ဖြစ်တဲ့ ဆိုရှယ်လစ်ဝါဒက အစားထိုးဝင်ရောက်မှာလို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

မာခ့်စ်ဝါဒဟာ ယနေ့ခေတ်ရဲ့ အလုပ်သမားလူထုအခွင့်ရေးများ၊ အရင်းရှင်စနစ် အားနည်း ချက်များနဲ့ လက်ရှိနဲ့ အနာဂတ် စီပွားရေးအတွေးအခေါ်များကို နားလည်ဖို့ အခြေခံအမြစ်ပဲဖြစ်ပါတယ်။
မာ့ခ်စ်ဟာ အတွေးအခေါ်သမိုင်းမှာ ချီးမွမ်းခံရဆုံးဖြစ်သလို ဝေဖန်မှုအများဆုံးခံခဲ့ရတဲ့ သူလည်းဖြစ်တဲ့အပြင် သမိုင်းတစ်လျှောက် လွှမ်းမိုးမှုအရှိဆုံးသူလည်းဖြစ်ပါတယ်။

လက်ရှိပညာရှင်များ၊ အလုပ်သမားသမဂ္ဂများ နဲ့ နိုင်ငံရေးပါတီအများစုဟာ ယနေ့တိုင် မာခ်ခစ်ဝါဒရဲ့ လွှမ်းမိုးမှုကို ခံနေရဆဲဖြစ်ပါတယ်။ မာခ့်စ်ကို လူမှုသိပ္ပံ (Social Science) ကို ပုံဖော်ပေးဖဲ့တဲ့ ဗိသုကာကြီး သုံးယောက်ထဲမှ တစ်ယောက်အဖြစ် Émile Durkheim နဲ့ Max Weber တို့နှင့် ယှဉ်တွဲ ခေါ်ဆိုသတ်မှတ်ကြပါတယ်။




 People's Democracy


EmoticonEmoticon

Comments system

Flag Counter