ရခိုင်အမျိုးသားပါတီကို ရခိုင်တွေ ဘာကြောင့် မဲ ပေးကြမှာလဲ။






ရခိုင်အမျိုးသားပါတီကို ရခိုင်တွေ ဘာကြောင့် မဲ ပေးကြမှာလဲ။

ဒီ မေးခွန်းကို ကျွန်တော် ကိုယ်တိုင် ဖြေရမယ်ဆိုရင် နံပါတ် (၁) ရခိုင်ဆိုတဲ့ ဂုဏ်သိက္ခာတခု အတွက် မဲပေးကြရတာ ဖြစ်တယ်။ နံပါတ် (၂) လက်ရှိဘ၀ထက် မြင့်မားချင်တဲ့ Better Tomorrow ကို မျှော်လင့် လို့ ဖြစ်တယ်။

ဒီနှစ်ချက်ပဲ သွားတွေ့တယ်။ ကျန်တာ ထူးထူးခြားခြား မတွေ့ရဘူး။ ပြောနေကြတဲ့ စကားအတိုင်း ပြောရရင် လူကို မကြည့်ဘဲ ပါတီကို ကြည့်ပြီး မဲ ပေးတာ ဖြစ်တယ်။ ရခိုင်အမျိုးသားအားလုံးကို ကိုယ်စားပြုတဲ့ ပါတီဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် မဲ ပေးတာဖြစ်တယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ်စားလှယ်လောင်းတွေကို သိပ်မကြိုက်ဘူး။

 မိုးထဲ လေထဲ မုန်တိုင်း ထန်တဲ့ အချိန်တွေ မဖြတ်သန်းဖူးတော့ တော်လှန်ရေးဆန်တဲ့ သဘောတရား၊ ခံယူချက်တွေ အားနည်းတာတွေ ရှိတယ်။ RNDP ကာလတုန်းက တွေ့ခဲ့ရပြီးပြီ။ အဲဒီတုန်းက လွှတ်တော်အမတ်ဆိုသူတွေဟာ နေပြည်တော်ရဲ့ ကျေးဇူးခံ၊ ကျေးဇူးစားတွလို တွေ့မြင်ခဲ့ရတယ်။
ပြည်နယ်လွှတ်တော်က အမတ်တွေဟာလဲ ဆောက်လုပ်ရေး ပရိုဂျက်တွေနဲ့ ရှုပ်နေခဲ့တယ်။

ပါတီရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "ဖွံ့ဖြိုးရေး" လုပ်ငန်းတွေတောင် အစီအမံ မချက်နိုင်ခဲ့ဘူး။ အခု တချို့ ANP ကိုယ်စားလှယ်လောင်းတွေရဲ့ လက်ကမ်းစာစောင်တွေဟာလဲ "မိုးခြိမ်းသံ ကြားတာကို နားပါးသလို" ဘာမဟုတ်တဲ့ အစိုးရချပေးတဲ့ ကျောင်းလေး တကျောင်း၊ လမ်းလေး တလမ်း ဖောက်ပေးတာကို မဟာ အောင်မြင်မှုလို ထည့်ရေးရတဲ့ အဆင့်တွေ များတယ်။ ဒါတွေကို အသိအမှတ် မပြုချင်လို့ ပြောတာမဟုတ်ဘူး။

အသိအမှတ်ပြုတယ်။ ဒါပေမယ့် ၂၀၁၅ အလွန်ရွေးကောက်ပွဲမှာ အဲဒီလောက်နဲ့ မကျေနပ်သင့်ဘူးလို့ ဆိုလိုချင်တာ ဖြစ်တယ်။

နောက်တခုက ANP ရဲ့ မဲဆွယ်စည်းရုံးရေး ပေါ်လစီတွေဟာ အောက်ခြေလူတန်းစားနဲ့ နည်းနည်း ကင်းကွာနေသလို ဖြစ်နေတယ်။ နိုင်ငံရေးဆန်တဲ့ အသုံးအနှုန်းတွေကို လျော့ချသင့်တယ်။

တကယ်ပြောရရင် ပြည်သူတွေ အမတ်လောင်းတို့ ပြောနေတဲ့ ဖယ်ဒရယ် ပြည်ထောင်စုတို့၊ Resource Sharing၊ ပါလီမန်ကို ထိန်းချုပ်ရေးတို့၊ တိုင်းရင်းသားတန်းတူရေးတို့ သိပ် စိတ်မ၀င်စားဘူး။ ပြောလို့သာ နားထောင်နေရတာ၊ သိပ်မရှင်းဘူး။ အဲဒီ နိုင်ငံရေးဆန်တဲ့ သဘောတရားတွေကို ရွေးကောက်ပွဲပြီးလို့ ပါတီက လူထု ပညာပေး လုပ်ငန်းတွေ လုပ်တဲ့ အချိန်မှာမှ ပြောဆိုသင့်တယ်။ လူထုပညာပေး လုပ်ငန်းတွေ၊ သင်တန်းတွေ လုပ်ဖို့လဲ လိုအပ်တယ်။ အဲဒီလို လုပ်တဲ့နေရာမှာ တခုရှိတာက နိုင်ငံခြားက၊ ပြည်မက ပညာတတ်လူငယ်တွေကို ပေးတဲ့ ပုံစံမျိုး မလုပ်မိဖို့တော့ လုပ်တယ်။ အနာ တခြား ဆေး တခြား ဖြစ်သွားနိုင်တယ်။

အမှန်တကယ် ကြားချင်တာက ရခိုင်ပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲတွင်းမှ လွတ်မြောက်ရေး။ အဲဒါတွေပဲ ကြားချင်ကြတာ။ သူတို့ကြားချင်တဲ့ စကားတွေအတွက် အမတ်လောင်းများရဲ့ နှုတ်ဖျားမှာ စကားလုံး မရှိတာ သေချာတယ်။ ပြောမယ်ဆိုရင် ရခိုင်ပြည်သူတွေ အပြောင်းအလဲ လိုချင်ကြတယ်။ ချမ်းသာချင်ကြတယ်၊ ချောင်လည်ချင်ကြတယ်။ မွဲပြာဘ၀ကို စိတ်ကုန်နေကြပြီ။ ပြောလို့သာ ပြောနေရတယ် ANP မှာ ခိုင်မာအားကောင်းတဲ့ စီးပွားရေး ပေါ်လစီ မရှိဘူး။ စီးပွားရေး ပညာရှင်လည်း မရှိဘူး။ လိုအပ်ရင် အပြင်က တတ်သိပညာရှင်တွေ (ရခိုင်မဟုတ်ရင်လဲ အဆင်ပြေတယ်ဆိုရင်) ကို ဖိတ်ခေါ်ပြီး တိုင်ပင်ဆွေးနွေး ပြုစုသင့်တယ်။ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစား သင့်တယ်။

ကျွန်တော့်အနေနဲ့ ANP ကို ဇွပ်ဖိပြီး ပြောနေတာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် ရခိုင်ပြည်သူတွေက ပါတီကို နားလည်မှု ပေးကြတယ်။ ပါတီ ဘယ်လိုပဲ ဖြစ်နေပစေ၊ ANP မှ ANP ဖြစ်နေကြတယ်။ ဒါပေမယ့် ပါတီက လူထုကို နားမလည်ဘူး။ နားလည်အောင်လေ့ မကြိုးစားဘူး။ ကြိုးစားဖို့ လိုအပ်တယ်။
ဒါဟာ ဘာကို ပြသလဲဆိုရင် ပါတီဟာ လူထုရဲ့ ပကတိ အခြေအနေကို နားလည် သဘောမပေါက်လို့ ဖြစ်တယ်။ စေတနာ မပါလို့ဘဲလို့ ပြောချင်တယ်။ ပါတီခေါင်းဆောင် အားလုံးကို စေတနာရှိရှိ လုပ်စေချင်တယ်။ ဒီလောက်ပါပဲ။


လေးစားလျက်
မြတ်လင်းကျော်


EmoticonEmoticon

Comments system

Flag Counter