■ ရခိုင့်အနာဂတ် ဘယ်လို ရှေ့ဆက်မလဲ (၁)■




▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
■ ရခိုင့်အနာဂတ် ဘယ်လို ရှေ့ဆက်မလဲ (၁)■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
စစ်ရှုံးလူမျိုးတမျိုးရဲ့ သမိုင်းအမွေ
စွန့်ပစ်ခံ ဖုန်းဆိုးတစပြင်
ဆင်းရဲမွဲတေခြင်းနဲ့ အကြောက်တရားဖိစီးနေတဲ့မြေ
မြောက်ဦးနန်းမြို့တည်တာ ၅၈၅ နှစ်ရှိပြီ
ငြိမ်းချမ်းရေးသူရဲကောင်းမင်းစောမွန်
၁၄၃၀ မှာတည်တာ နောက် ၁၅ နှစ်ဆို နှစ်၆၀၀ပြည့်
အဲဒီပွဲတော်ကြီးကို ငါတို့ရခိုင်တွေ ကျင်းပရမယ်
အဲဒီအချိန် အဲဒီနေ့မှာ
မြောက်ဦးကို ဘယ်လိုဖြစ်စေချင်သလဲ
မြောက်ဦးကို ဘယ်လိုမြင်ချင်သလဲ
စဉ်းစားပါ အလေးအနက်ထားပြီးစဉ်းစားပါ
ကျနော် မှီချင်မှီမယ် သွားပီပြန်ပီ
လာမယ့်မျိုးဆက်တွေအတွက် ကျွန်တော်တို့ ........
အပေါ်က စာသားလေးတွေကတော့ ဦးဦးလှစော (ခေါ်) ကဗျာဆရာ မောင်ခိုင်အောင်ရဲ့ Facebook က Status တခုပါ။ ကဗျာလို့ ခေါ်ရမလား၊ ကျွန်တော် မဆုံးဖြတ်တတ်ပါဘူး။

 သူ့ စာအုပ်၊ သူ့စာပေဟောပြောပွဲမှာ ဇာတ်လိုက်အဖြစ် တွေ့ရတတ်တဲ့ မြောက်ဦး မြို့တည်မင်း မင်းစောမွန် ရဲ့ နှစ် (၆၀၀) ပြည့် မြောက်ဦးမြို့တော် ရဲ့ အနာဂတ်၊ တနည်းအားဖြင့် ပြောရရင် အနာဂတ် ရခိုင်ပြည်ကို (၁၅) နှစ်ကြာ ဘယ်လို တွေ့ချင်သလဲဆိုတဲ့ အိမ်မက်တခုကို လူငယ်တွေကြားထဲ ထည့်ပေးချင်တယ်လို့ ယူဆမိပါတယ်။ ရာဇပလ္လင်ပေါ်က ဆင်းသွားခဲ့ရတဲ့ မြောက်ဦးမြို့ကို လူငယ်တွေ ဘယ်လို ပြန်နန်းတင်မှာလဲ။

 ခေတ်သုံးစကားနဲ့ ပြောရရင် State Building လို့ခေါ်တဲ့ တိုင်းပြည် တည်ဆောက်ရေး၊ ရခိုင်ပြည် ပြန်လည် တည်ဆောက်ရေး ဘယ်လို လုပ်ကြမလဲဆိုတဲ့ အမေးလို့ ယူဆချင်ရင် ယူဆနိုင်ပါတယ်။ နိုင်ငံရေးသမားတဖြစ်လဲ ဦးဦးလှစော ဟာ ဖုန်းဆိုးတစပြင် မြို့မြောက်ဦးကို ရာဇဌာနီ မြောက်ဦးမြေ အဖြစ် ပြောင်းလဲနိုင်ဖို့၊ ရခိုင်လူမျိုးတို့၏ နိုင်ငံရေးအရ ရပိုင်ခွင့်ကို တောင်းဆိုဖို့၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် တရွာဝင်၊ တရွာထွက် ရခိုင်ပြည်သူတွေကို အိမ်မက်တွေ မီးညှိဖို့ ကြိုးပမ်းနေတာ တွေ့နေရပါတယ်။ ဒါပေမယ့် သူမှာ စိုးရိမ်စရာ အချို့ ရှိနေတယ်။

သူ ပုံဖော်ထားတဲ့ အနာဂတ် ရခိုင်ပြည် တည်ဆောက်ရေးအတွက် အလဟာသ ကုန်ဆုံးသွားမယ့် အချိန်တွေ။ သူ ဦးဆောင် လှုပ်ရှားခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ယခု ရခိုင်အမျိုးသားပါတီ) ဟာ လွန်ခဲ့တဲ့ (၅) နှစ်က ကုလား - ရခိုင်အဓိကရုဏ်းဆိုတဲ့ အဖြစ်ဆိုးအောက်မှာ ရခိုင်ပြည် တိုးတက်ရေး၊ ရခိုင်ပြည်တည်ဆောက်ရေးဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ အဆိုပါ အတိတ်ဆိုးကြီး တကျော့ပြန်ထလာမှာကို သူ စိုးရိမ်တယ်။ မြောက်ဦး မြို့တည် နှစ် (၆၀၀) ပြည့်ဖို့ (၁၅) နှစ်အလိုမှာ အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးလျက် ရှိနေပါတယ်။

(၂၀၁၀) ရွေးကောက်ပွဲ နောက်ပိုင်း “ရခိုင်ပြည်ကို ရခိုင်အမျိုးသားအုပ်ချုပ်ခွင့်ရရေး”၊ “ရခိုင့်ကံကြမ္မာ ရခိုင်လူမျိုးများ ဖန်တီးခွင့်ရရေး”၊ “ရခိုင့် သယံဇာတ ရခိုင်လူမျိုးများ ခွဲယူသုံးစွဲခွင့်ရရေး” စတဲ့ နိုင်ငံရေးနှိုးကြားတက်ကြွမှုတွေ ပြည်တွင်းမှာ ပြင်းထန်လာတဲ့ အချိနှ်မှာ မမျှော်လင့်ဘဲ ကုလား - ရခိုင် အဓိကရုဏ်းကြီး အကျိုးဆက် အဖြစ် ဘာသာရေး မှိုင်းတွေ ရခိုင်ပြည်ထဲသို့ တဖြည်းဖြည်း လှိမ့်ဝင်လာခဲ့တယ်။

တချိန်က ရခိုင်တွေကြားထဲမှာ ရခိုင်တောင်ပိုင်း၊ မြောက်ပိုင်း ဆိုတဲ့ အစွဲလေး မဆိုစလောက် ရှိရုံကလွှဲပြီး ထူးထူးခြားခြား ၀ိဝါဒကွဲပြားမှု သိပ်မရှိခဲ့ချေ။ ဒါပေမယ့် State-Sponsored လို့ တချို့ ယူဆကြတဲ့ မဘသ ဘုန်းတော်ကြီးတွေ ရခိုင်ပြည်ကို ကူးလူးဆက်ဆံလာတဲ့ နောက်မှတော့ အက်ကြောင်းလေး နည်းနည်း ထင်လာနေတာ တွေ့နေရပါတယ်။ ဘာသာရေးကို ထိရင် အသက်လှဲဖို့ ၀န်မလေးတဲ့ ရခိုင်တွေကို ဘာသာရေး အရ ဆွဲဆောင်ဖို့ ဆိုတာ သိပ်တော့ မခက်ပါဘူး။

အခုအချိန်မှာတော့ မဘသ အောင်ပွဲကို အကြောင်းပြုပြီးတော့ ကျောက်ဖြူမြို့မှာ ဆရာတော်တွေက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးမောင်မောင်အုန်းကို နန်းတင်ဖို့ မဲဆွယ် ပေးနေကြပါပြီ။ ပြည်ခိုင်ဖြိုး နိုင်မှ ရခိုင်ပြည် ငြိမ်းချမ်းမယ်၊ ဦးမောင်မောင်အုန်း အနိုင်ရမှ ရခိုင်ပြည်မှ ဘာသာခြား အန္တာရယ်မှ ကင်းဝေးမယ်ဆိုတဲ့ အတွေးဟာ အလွန် ကြောက်စရာ ကောင်းပါတယ်။

 အဲဒီအတွေးအခေါ် ရခိုင်လူထုကြားထဲမှာ ဘုန်းကြီးတွေကတဆင့် စီးဆင်းသွားရင် ရခိုင်ပြည်ဟာ အာဏာရှင် အလိုကျ ကြိုးဆွဲရာ အက ခံကြရတော့မှာပါ။ ဆရာတော် စကားကို ပြောင်းပြန် ယူတွေးရင် ဦးမောင်မောင်အုန်း အာဏာမရရင် ရခိုင်ပြည်ဟာ ဘာသာခြားတွေရဲ့ အန္တာရယ် ကျရောက်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တာနဲ့ အတူတူ ပါပဲ။ လက်ရှိ အစိုးရက တိုင်းပြည်ကို ဘာသာခြားတွေ အန္တရယ်က ကာကွယ်ပေးနေတယ်လို့ ထင်ရင် အယူမှားကို စွဲကိုင်ထားနေတာပါပဲ။ အာဏာအတွက် ဗုဒ္ဓဘာသာကို အသုံးချနေတယ်လို့ပဲ ပြောရမှာပါ။

 ရွှေဝါရောင်တော်လှန်ရေးကာလတုန်းက ဘုန်းကြီးတွေကို ခြေတောက်နဲ့ ကန်ကျောက်၊ သေနတ်ဘောင်နဲ့ စိတ်ရှိ လက်ရှိ ထောင်းခဲ့တာလဲ သူတို့ပါပဲ။ ဒါကတော့ ဘာသာရေး အ၀န်းအ၀ိုင်းထဲက အာဏာရှင်တွေ Channel ဖွင့်ပြီး သွားနေတဲ့ လမ်းကြောင်း ပါပဲ။

နောက်တခုကတော့ အရာရာကို ဘာသာရေး ရှုထောင့်တခုတည်းက ကြည့်ပြီးတော့ ပြောဆိုနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူတွေ၊ နိုင်ငံရေးသမားတွေ ဖြစ်ပါတယ်။ သူတို့ကို သူတို့ ရခိုင်ပြည်ကို ဘာသာခြား၊ လူမျိုးခြား အန္တရာယ်ကနေ ကာကွယ်နေတယ်လို့ ထင်နေတာက တကယ့် အမှားပါပဲ။ တသီးပုဂ္ဂလ လွှတ်တော်အမတ်လောင်း ဦးအောင်မြင်ကျော်ဆိုရင် “ဘင်္ဂလီများကို "ရိုဟင်ဂျာ" ခေါ် ဆိုခြင်းအား ဆက်လက်သုံးစွဲသွားမည်ဟု မစ္စတာ ဘန်ကီမွန်းက ပြောဆိုခြင်းအား လွှတ်တော်တွင် ပြင်းထန်စွာ ကန့်ကွက်ပြီး တားဆီးခဲ့သူ" ဟု Self-promotion လုပ်ပြီးတဲ့ မဲဆွယ် ဆိုင်းဘုတ်ကိုလေ့ တွေ့ရပါတယ်။ အဲဒီလို ကန့်ကွက်လိုက်လို့ ဆက်မသုံးတော့ဘူးလား။ သုံးတာ ပါပဲ။

မကန့်ကွက်ရဘူးလို့၊ မဆိုလိုပါဘူး။ ဒါပေမယ့် မဲဆွယ်စည်းရုံးရေးမှာ သုံးရလောက်အောင် အထူးအဆန်းတော့ မဟုတ်ပါဘူး။ စွမ်းဆောင်မှု မဟုတ်ဘူး။ ရခိုင်အမတ်တယောက်ရဲ့ တာဝန်သာ ဖြစ်ပါတယ်။ နောက်တခု ထောက်ပြချင်တာက အယ်လ်ဂျာဇီရားက လွှင့်တဲ့ Al Jazeera Investigates - Genocide Agenda ရုပ်သံမှာ သမိုင်းဆရာဆိုတဲ့ ဦးသန်းမြင့်က “ကျွန်တော်တို့ရဲ့ စိတ်ဓာတ်က သူတို့ ဘာသာတရားကို မကြိုက်ဘူး။ ကျွန်တော်တို့ ရခိုင်တွေရဲ့ စိတ်ဓာတ် ယနေ့အထိ မူဆလင်ဆိုတဲ့ ဘာသာတရားကို လက်မခံဘူး” ဆိုတဲ့ စကားကို ထည့်သွင်း ထုတ်လွှင့်ခဲ့တယ်။

ဒါဟာ သူတို့လိုချင်တဲ့ Point ပါပဲ။ ကျွန်တော်တို့က မျိုးချစ်ကြီးဆိုပြီးတော့ ပျော်ပျော်ကြီး ခံနေရတဲ့ အဖြစ်ပါ။ ရခိုင်ပြည်က မူဆလင်အရေး၊ တနည်းအားဖြင့် ရိုဟင်ဂျာအရေးဟာ နိုင်ငံတကာမှာ ပေါက်နေတဲ့ စကားလုံး တလုံးပါ။ ဒီကိစ္စကို ရခိုင်နိုင်ငံရေးသမားတွေ၊ ရခိုင်သမိုင်း ပညာရှင်တွေ၊ ရခိုင်လူငယ်တွေကိုပဲ နိုင်ငံတကာ မီဒီယာတွေ၊ အဖွဲ့အစည်းတွေကပဲ မေးကြမှာပါ။ ဒါကို ကျွန်တော်တို့ စိတ်ရှိတိုင်း ဖြေနေကြမယ်ဆိုရင် မလိုလားအပ်တာတွေ ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်။

ဒီနေရာမှာ ကျွန်တော် စဉ်းစားမိတာ တခုတော့ ရှိပါတယ်။ ကျွန်တော်တို့က အစ္စလာမ်ဘာသာဆိုတာ အကြမ်းဖက်ဝါဒ၊ အကြမ်းဖက် ဘာသာ၊ မူဆလင်တွေဟာ နယ်မြေချဲ့ထွင်သူတွေ၊ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေကို ၀ါးမျိုမယ့် သူတွေ စသည်ဖြင့် ပြောနေလို့ ကမ္ဘာကြီးက လက်မခံတဲ့ အနေအထားပါ။ ကမ္ဘာကြီးက ထင်ချင်သလိုထင် ငါတို့ ပြောချင်သလို ပြောမယ်ဆိုရင်တော့ မပြောတတ်ပါ။ ဒါပေမယ့် ဒီ မူဆလင်အရေးနဲ့ ပတ်သက်ပြီး ကျဆင်းနေတဲ့ ရခိုင့် ဂုဏ်သိက္ခာ ပြန်လည်မြင့်တင်ဖို့ဆိုရင် ဘယ်လို ဖြေရမယ်ဆိုတာ Brain Storming လုပ်ကြည့် ဖို့တော့ လိုပါတယ်။

 ဥပမာ - အစ္စလာမ်ဘာသာဟာ ငြိမ်းချမ်းတဲ့ ဘာသာတခုပါ။ အခု ရခိုင်ပြည်မှာ ဒုက္ခခံစားနေရတဲ့ သူတွေဟာလည်း လူသားတယောက်ရဲ့ ရပိုင်ခွင့် ရသင့်ပါတယ်၊ သူတို့လဲပဲ ကျွန်တော်တို့ ရခိုင်တွေလို လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ သူတွေပါ စသည်ဖြင့်ပေါ့။ သူတို့ အကြောင်းကို ရိုက်ပြနေတဲ့ ဗွီဒီယိုဖိုင်ကိုပဲ ကြည့်လိုက်ပါ။ ၀မ်းနည်းစရာကောင်းအောင် ရိုက်ပြထားတာ တွေ့ရပါတယ်။

 ဒါကို ကျွန်တော်တို့က မဟုတ်ဘူး၊ သူတို့ လိမ်နေတာ၊ ဟန်ဆောင်နေတာပါလို့ သွားပြောရင် ကျွန်တော်တို့ဟာ အကြင်နာတရား ခေါင်းပါးတယ် ဆိုပြီးတော့ မြင်ကြမှာ သေချာပါတယ်။ Boat People ကိစ္စမှာ စည်သူအောင်မြင့်က ဦးဦးလှစောကို “ဒါကို လူ့အခွင့်အရေး ပြဿနာလို့ ပြောနိုင်မလား” အမေးကို “Yes” လို့ ဖြေခဲ့တာက သဘောကျစရာ ကောင်းပါတယ်။ ကျွန်တော်တို့က အဖြစ်မှန်ကို မလိမ်ညာမိဖို့ အရေးကြီးပါတယ်။ အခု Yale တက္ကသိုလ်နဲ့ ပူးပေါင်းပြီး Genocide Agenda ဟာလည်း သူတို့ရဲ့ နိုင်ငံရေး အဆင့်မြင့်ချက်ထဲက တခုပါ။ ဒါတွေကို ကျွန်တော်တို့ သင်ယူတတ်ဖို့ လိုပါတယ်။

အင်စတီကျူးရှင်း အမြောက်အမြားနဲ့ ထိတွေ့ဆက်ဆံပြီး နိုင်ငံတကာ အခင်းအကျင်းမှာ ထိုးဖောက်နေတဲ့ သူတို့ရဲ့ Movement ကို ကျွန်တော်တို့က တန်ပြန် Facebook Status လေးတင်လိုက်၊ သတင်းလေး Share လုပ်လိုက်၊ ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ် ဆိုပြီး ထုတ်ပြန်ချက် ထုတ်လိုက် နဲ့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ အစစ အရာရာ တည်ဆောက်ဖို့ လိုပါတယ်။ ဒီနေရာမှာ မပြောမဖြစ် ပြောဖို့ လိုအပ်တာတခုကတော့ အဲဒီလို ရခိုင်၊ မူဆလင်၊ နိုင်ငံတကာ၊ အစိုးရ လက်ခံနိုင်အောင် သုံးနှုန်းပြောတတ်တဲ့ သူတွေကို “အမျိုးသား သစ္စာဖောက်” တံဆိပ်ကပ်တဲ့ ပြဿနာပါပဲ။ ဒီတံဆိပ်ကို ရသွားတဲ့သူကတော့ မြောက်ဦး နန်းသက် နှစ် (၆၀၀) ကို တမ်းတနေတဲ့ ဦးဦးလှစော လည်း တဦး အပါအ၀င် ပါပဲ။

ဒါကတော့ ရခိုင်ပြည်ကို ပြန်လည်တည်ဆောက်တဲ့ အခါ အဖုအထ ဖြစ်နေတဲ့ ရခိုင်တွေကြားက ဘာသာရေးအကြောင်းပြု ကိစ္စရပ်လေးတွေပါ။

(ဆက်ရေးပါမည်)
လင်းကျော်အောင်
၃၁၊ ၁၀၊ ၂၀၁၅




EmoticonEmoticon

Comments system

Flag Counter