တောသူဌေး၏ နိုင်ငံရေး ဈေးဆစ်ခြင်း ANP၊ NLD၊ Coca၊ Pepsi ၊ Heniken





တောသူဌေး၏ နိုင်ငံရေး ဈေးဆစ်ခြင်း
ANP၊ NLD၊ Coca၊ Pepsi ၊ Heniken

မတ် (၂၂)၊ ၂၀၁၆
အောင်ကျော်သာ (စစ်တွေ)
💢ANP မှာ ရှဲဒိုးအစိုးရ ဖွဲ့ပြီး ရှိပါသလား။ ANP ၏ စီးပွားရေး ပေါ်လစီ၊ ပြည်နယ် ဖွံ့ဖြိုးရေး ပေါ်လစီ၊ စသည့် Policy Package ရှိပါ သလား။ အဆိုပါ မေးခွန်းကို လက်တွေ့ကျကျ ဖြေစေလိုသည်။💢
RAKHAPURA REVIEW ၏ ပွဲဦးထွက် ဆောင်းပါး တပုဒ်ဖြစ်သော “စစ်တွေ ဆန္ဒပြပွဲသည် ဥက္ကဋ္ဌ ဦးအေးမောင်၏ (၃/၂၀၁၆) လား” ဆောင်းပါးကို ဝေဖန်သူရော၊ ထောက်ခံသူရော၊ ထောက်ပြသူရော စုံ၍ စာရေးသူအနေဖြင့် ၀မ်းသာမိသည်။ ဖတ်ပေး ကြသူများကိုလည်း ကျေးဇူးလည်း တင်ရှိပါသည်။ ဆက်ရေးရန် တွန်းအား တခုလည်း ဖြစ်စေသည်။ စာရေးသူ၏ စာရေးရခြင်း ရည်ရွက်ချက်ကို တကြောင်းတည်း ရေးပြရလျှင် “စာရေး ချင်၍ စာရေးသည်” ဟူ၍ ဖြစ်ပါသည်။ ထိုထက် မပိုပါ။

သို့သော် ယခုအခါ ခေတ်စားနေသော လော်ဘီလုပ် စာမျိုး မရေးလို။ ရေးရန်လည်း ဆန္ဒမရှိ။ “ငါသည် ယခု ကဲ့သို့ မြင်၍၊ ယခုကဲ့သို့ ချရေးသည်” ဆိုရုံမျှသာ ရှိသည်။ တချို့သော မှတ်ချက်များ ကိုလည်း ဖတ်ဖြစ်ပါသည်။ “လော်ဘီ လုပ်ခ ဘယ်လောက် ရသလဲ”၊ “ထမိန် ခြုံထားလိုက်”၊ “ဒေါက်တာ အေးမောင်ကို ဝေဖန်သည့် လူ့ ငနွား” “မင်းပဲ ဥက္ကဋ္ဌ တက်လုပ်လိုက်တော့” စသည်ဖြင့်။ ဒါကတော့ “ထောပတ်ကောင်း မကောင်းသာ ဝေဖန်ကြသည်၊ မစင် ကောင်း၊ မကောင်း မည်သူမျှ ဝေဖန်ရိုး ထုံးစံမရှိ” ဆိုသလို စာရေးသူ ဆောင်းပါးကို တယုတယ ဖတ်ကြ၊ မှတ်ချက် ပေးကြ၍ ၀မ်းသာ ရပါသည်။

ဒေါက်တာ အေးမောင် သည်လည်း ယနေ့ အချိန်ထိ “ထောပတ်” ဟု မှတ်ယူနေ သေး၍ စာရေးသူ ထောက်ပြ ဝေဖန်ကြည့်ခြင်း ဖြစ်သည်။ သူသည် ရခိုင့်နိုင်ငံရေး၏ Main Actor အဓိက ဇာတ်ကောင် ဖြစ်နေ သေးသောကြောင့် ထောက်ပြ ရခြင်း ဖြစ်သည်။ သူသာ နိုင်ငံရေး ခန်းဆီး နေက်သို့ ရောက်သွားလျှင် စာရေးသူလည်း ထောက်ပြ စရာ မရှိချေ။ မည်သူမျှလည်း စိတ်ဝင်စားကြတော့ မည် မဟုတ်ချေ။ သည်နေရာတွင် သူ့ကိုထောက်ပြ၍ သူ ကောင်းကြောင်းသာ ဖတ်လိုသူများ၊ ရခိုင် အမျိုးသားများ စည်းရုံး ညီညွှတ်ရန် လိုသည့် အတွေးမျိုး ရှိကြသူများ၊ ခေါင်းဆောင်ကို မဝေဖန်ရဟု ခံယူထားသူများ ဒေါသသင့်ရသည် ဆိုလျှင်လည်း တောင်းပန်ပါသည်။ နိုင်ငံရေးဆိုသည် အကွဲအပြဲ ဇာတ်လမ်းများဖြင့် ပြည့်နှက်နေသော နယ်ပယ်တခု ဖြစ်သည်။ လူဆိုး၊ လူကောင်း အစုံရှိသည်။ တည်ကြည်သူ၊ အမြင်စူးချသူ၊ သဘောတရား ရှိသူ၊ ရိုးသားသူများ ရှိသလို၊ ကလိမ်ကကျစ်၊ လူလည်ကျသည့် နိုင်ငံရေးသမားများ လည်း ပါတီတိုင်းတွင် ရှိကြသည်။ ခေတ်မှီ တိုးတက်ပါသည်ဆိုသော နိုင်ငံခြား တိုင်းပြည်များတွင်လည်း တနှစ်အတွင်း ၀န်ကြီးချုပ် အလီလီ အပြောင်းအလဲ မြန်သည့် နိုင်ငံများလည်း ရှိပါသည်။ ၎င်းသည် နိုင်ငံရေး၏ သဘာဝဖြစ်သည်။

 သို့သော် သူတို့၏ အကွဲအပြဲသည် တိုင်းပြည်နှင့် လူမျိုး ရှေ့တန်းရောက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးရေး အတွက်ကြောင်းသာ ဖြစ်ကြောင်း လေ့လာ မှတ်သား ဖူးပါသည်။ ပုဂ္ဂိုလ်ရေး အမုန်းတရားများ မပါဝင်ချေ။ စားရေးသူ နိုင်ငံရေး သုံးသပ်ချက် ပုံစံ ဆောင်းပါး ရေးသားရခြင်း၏ အကြောင်းအရင်း တရပ်မှာ လူကို အဓိက မထားဘဲ၊ စုပေါင်း ခေါင်းဆောင်မှုကို ANP ပါတီ အနေနဲ့ သွားစေချင်သော ဆန္ဒကြောင့် ဖြစ်သည်။ စာရေးသူသည် ဒေါက်တာ အေးမောင်၏ နိုင်ငံရေး သဘော ဘဘာဝ ကိုသာ ဝေဖန်ခြင်း ဖြစ်သည်။ နိုင်ငံရေး ဘ၀ထဲက ဒေါက်တာ အေးမောင် ကောက်ကြောင်းကို တို့ထိ ကြည့်ခြင်းသာ ဖြစ်သည်။ နိုင်ငံရေး ပြင်ပမှ သူ့ပုဂ္ဂလိက ဘ၀ကို သိက္ခာ ကျဆင်းစေရန် စာရေးသူ၏ လက်များနှင့် keyboard ထိတွေ့ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် စာရေးခြင်းအား လိပ်ပြာသန့်သန့် ဆက်ရေးပါသည်။

နိုင်ငံရေးတွင် “Political Bargaining” ဆိုသည့် နိုင်ငံရေး ဈေးဆစ်ခြင်း တရပ်ဆိုသည်မှာ ရှိပါသည်။ ပြင်ပလောကတွင် ၀ယ်သူနှင့် ရောင်းသူ ဈေးဆစ်ကြခြင်းသည် ကြည်နူးစရာ တရပ်ဖြစ်ပါသည်။ သို့သော် လက်တွေ့နိုင်ငံရေးတွင် ထိုကဲ့သို့ ကြည်နူးစရာ မကောင်းချေ။ ANP ၏ ပေါ်လစီဟု ဆိုဆို၊ ဒေါက်တာ အေးမောင်၏ (၁/၂၀၁၆) ပြောပြော၊ အဆိုပါ “အစိုးရ ဖွဲ့ခွင့်ရရေး၊ အတိုက်အခံ အဖြစ် ရပ်တည်ရေး” မူသည် NLD အား ANP က ဈေးဆစ်ကြည့်သည့် သဘောဖြစ်သည်။

 သို့သော် ရောင်းသူက ဈေးဆစ် မခံ၊ တင်းခံနေသည့် အနေအထား ရှိနေသည်။ ထိုအခြေအနေကို ၀ယ်သူက သူ ပေးသည့် ဈေးဖြင့် မရောင်း နိုင်ကောင်းလား ဆို၍ စောဒကတက်၍ မရနိုင်။ သူ့ဆိုင်ကို ဖြိုဖျက်၍လည်း မရချေ။ နှိုင်းယှဉ်ပြောကြည့် ကြပါစို့။ ယနေ့အချိန်တွင် NLD သည် မြန်မာပြည်ဟု ခေါ်သည့် ဈေးကွက်ကြီး တခုလုံးကို ပိုင်ဆိုင်ထားသော ကုမ္ပဏီကြီး တခုနှင့် အလားသဏ္ဍာန်တူပါသည်။ သို့သော် သူတို့၏ ကုန်ပစ္စည်းသည် ယနေ့ မြန်မာနိုင်ငံတွင် ဆက်ရှင် (Sanction) ဖွင့်စ၊ နိုင်ငံခြား ကုမ္ပဏီများ ဖြစ်သည့် ကိုကာကိုလာ၊ ပက်စီ၊ ဟန်နီကယ် ကဲ့သို့ ဈေးကွက်ကို စတိုးရသည့် အနေအထားမျိုး ဖြစ်ပါသည်။

အဆိုပါ နိုင်ငံတကာ အကြိုက် Brand အား NLD ဟု ယူဆကြပါစို့။ သူတို့ မြန်မာနိုင်ငံ ဈေးကွက်ကို ၀င်လာပါက ယခင်ရှိပြီး ပြည်တွင်း ဖြစ် Blue Mountain ကိုလာ၊ Star ကိုလာ၊ မြန်မာဘီယာ၊ ဒဂုံဘီယာတို့ကဲ့သို့ ပြည်တွင်း ဈေးကွက် ဝေစု အခိုင်အမာ ရထားသည့် Brand များဖြင့် ပြိုင်ဆိုင်ရမည့် သဘောရှိသည်။ အဆိုပါ ပြည်တွင်းဖြစ် Brand အား စစ်တပ်အုပ်စု (၂၅) ရာခိုင်နှုန်းနှင့် ကာလုံအဖွဲ့ဟု ဆိုကြပါစို့။ ရေရှည်တွင် နိုင်ငံခြား နာမည်ကြီး Brand များ ဖြစ်သည့် ကိုကာကိုလာ၊ ပက်စီ၊ ဟန်နီကယ်တို့ တွက်ချက်ချအရ ဈေးကွက် လွှမ်းမိုးရန် အလားအလာများ သေချာသလောက် ရှိနေသည်။

ထိုကဲ့သို့ အခြေအနေတွင် မြန်မာပြည်၊ ရခိုင်ပြည်နယ်မှ ANP ဆိုသည့် သူဌေးတဦးက ကိုလာ၊ ပက်ဆီ၊ ဟန်နီကယ်အား သူ့ အမည်ဖြင့် တံဆိပ်ကပ် ထုတ်ရောင်းရန် တောင်းဆိုမှု ရှိလာသည်။ သူ့ရွာတွင် သူ့နာမည်ဖြင့်သာ တံဆိပ်ကပ် ရောင်းချခွင့် ရှိသည်ဟု အခိုင်အမာ ယုံကြည်ထားသည်။ သို့သော် ဈေးကွက်ကို လွှမ်းမိုး ထားနိုင်မည်ဟု သေချာ တွက်ဆထားသော NLD က ANP တောသူဌေး၏ တောင်းဆိုမှုကို လက်မခံ။

 ထိုသို့ ပေးလိုက်ပါက သူတို့တံဆိပ် ပြောင်းကပ်ခွင့် ရသည့် ဖက်စပ် တောသူဌေး၏ လုပ်ပုံ ကိုင်ပုံ မသေသပ်လျှင် နာမည်ပျက်ရမည်မှာ NLD ၏ ကုန်ပစ္စည်း ဖြစ်မည်ကို စိုးရိမ်သည်။ ထို့ကြောင့် သူတို့၏ (Franchise) ဆင့်ပွား လက်ခွဲ တခုဖြစ်သော ရခိုင် NLD ကိုသာ ရခိုင်ပြည်ဈေးကွက်ကို ဦးဆောင်ခိုင်းသည့် အနေအထားမျိုး ဖြစ်သည်။ နိုင်ငံခြား သူဌေးနှင့် တောသူဌေး နှစ်ဦး၏ ဈေးဆစ်မှု သဘောတရား အလုပ်မဖြစ်၊ တည်ဆဲ ပြဌာန်းချက်၏ အခွင့်အရေးသည် တောသူဌေးတွင် ရှိမနေ။ သို့သော် တည်ဆဲ ပြဌာန်းချက်ကိုမှု ပြန်ပြင် ကြမည်ဟု နှစ်ဦးနှစ်ဘက် သဘော တူထားချက်တော့ ရရှိထားကြသည်။ ၎င်းသည် ဈေးကွက်အခြေပြု နိုင်ငံရေး ဈေးဆစ်ခြင်းဟု ပြောလိုသည်။

သူဌေးဆိုသည်ကို ယခုအခါ အမျိုးမျိုး ခွဲလာကြသည်။ ခရိုနီသူဌေး၊ ကျွန်းသူဌေး၊ တောသူဌေး၊ ပညာရှင်သူဌေး စသည်ဖြင့် သူဌေးအမျိုးမျိုး ရှိသည်။ သူဌေးတိုင်းသည် လုပ်ငန်းရှင် မဟုတ်၊ စနစ်တကျ ကုမ္ပဏီကို မောင်းနှင်နိုင်သော သူဌေးသည်သာ စံမှီသူဌေး၊ အလုပ်သမား မည်မျှ အရေအတွက်ကို ခန့်အပ်ထားသည့် ကုမ္ပဏီကြီး၏ သူဌေး စသည်ဖြင့် သူဌေးအဆင့်အတန်းကို ခွဲတတ်ကြသည်။ ယနေ့ ANP အဖြစ်သည် တောသူဌေးများနှင့် အလားသဏ္ဍာန်တူနေသည်။ အင်စတီကျူးရှင် သဘောတရား နားမလည်၊ လည်ပင်းတွင် ရွှေလည်ဆွဲ၊ ဟန်းချိပ်များ ၀တ်ကာ တောဂေါ်လီ အထာ ဆန်နေသည်။ ကွမ်းကသာ တပျစ်ပျစ်စား၍ ရသည့်နေရာတွင် ထွေးတတ်သည့် အကျင့်ရှိသည်။

 တောဆန်သည့် အနေအထားရှိသည်။ လုပ်ထုံးလုပ်နည်း သဘောတရား၊ ကျင့်ဝတ် နားမလည်။ ထို့ကြောင့် နိုင်ငံတကာ ကုမ္ပဏီများက တောသူဌေးနှင့် လက်တွဲ မလုပ်ချင်သည့် သဘောရှိသည်။ ထိုအခါ တောသူဌေးသည် ရှက်ရှက်နှင့် ရမ်းလိုသည့် သဘော ဖြစ်လာသည်။ ရွာသားများကို စု၍ ငါတို့ရွာ ကောင်းစားရေးအတွက် မလုပ်ကြသည့် ကုမ္ပဏီများ အဖြစ် ပုံဖော်လာသည်။ ထိုကဲ့သို့ ဥပမာများဖြင့် ပြောရသည်မှာ စာရေးသူသည် ANP အား နိမ့်ချလိုသောကြောင့် မဟုတ်၊ မှုန်ဝါးနေသော အမြင်များ ရှင်း၍ အနာဂတ်တခုကို ပုံဖော်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ နိုင်ငံရေးကို လက်တွေ့ဘ၀နှင့် ဆက်စပ်ကြည့်ခြင်း ဖြစ်သည်။ ANP ထဲတွင် ပေးဆပ်စွန့်လွှတ် အနှစ်နာ ခံကြသူများကိုလည်း အစဉ်လေးစား ဦးညွှတ်ပြီးသာ ဖြစ်ပါသည်။
ယနေ့ကာလတွင် နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများအား အင်စတီကျူးရှင်း ဘောင်သွင်းခြင်း၊ လူပုဂ္ဂိုလ်၏ အခန်းကဏ္ဍာကို လျော့ချခြင်းတို့ကို ဦးတည် လုပ်လာကြသည်။

 ကမ္ဘာကြီးသည် (Hero Worship) သူရဲကောင်း ကိုးကွယ်မှုမှ စွန့်ခွာလာကြသည်။ စီးပွားရေး ကုမ္ပဏီဖြစ်စေ၊ နိုင်ငံရေး အဖွဲ့အစည်းဖြစ်စေ လူပုဂ္ဂိုလ်တဦး တယောက် ဦးဆောင်မှုထက်၊ စုပေါင်း ခေါင်းဆောင်မှုကို တန်ဖိုး ထားလာကြသည်။ ဥပမာ အနေဖြင့် Apple ကုမ္ပဏီကို ထူထောင်ခဲ့သူ တဦးဖြစ်သော စတီးဂျော့ ကဲ့သို့ ပါရမီရှင် ပုဂ္ဂိုလ်မျိုးကိုပင် ကုမ္ပဏီ အရေးနှင့် လူပုဂ္ဂိုလ် အရေး ယှဉ်လာလျှင် ကုမ္ပဏီအကျိုးတွက် ရဲရဲဝံ့ဝံ့ ထုတ်ပယ်ရဲသည့် Apple ကုမ္ပဏီ၏ စွမ်းရည်မျိုးသည် အင်စတီ ကျူးရှင်းအပေါ် မည်မျှထိ တန်ဖိုးထားကြောင်း သိနိုင်သည်။ ယနေ့ မြန်မာ့ တပ်မတော်သည် မြန်မာပြည်၏ အခိုင်မာဆုံး အင်စတီ ကျူးရှင်းတခု အဖြစ် တွင်တွင် ပြောကာ မြန်မာ့နိုင်ငံရေးတွင် နေရာ ၀င်ယူထားသည်။ ဒုတိယ အခိုင်အမာဆုံး အင်စတီကျူးရှင်းမှာ NLD ဟု ဆိုနိုင်သည်။ NLD ၏ အနိမ့်အမြင့်သည် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းအပေါ် မှီခို ချီတက် လာခဲ့ကြောင်း အားလုံး အသိဖြစ်သည်။ သို့သော် သူမ၏ အသက်အရွယ်ကို ထောက်ရှု၍ NLD ကို ပီပြင်သော အင်စတီကျူးရှင်းအဖြစ် ပုံသွင်းခဲ့နိုင်မည်လား ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ် ကောင်းနေသည်။

တကယ်တော့ ယနေ့ မြန်မာပြည် နေရာအနှံတွင် ကြုံတွေ့နေရသော ပြဿနာ အရပ်ရပ်တို့သည် ခေတ်အဆက်ဆက် ဖိနှိပ်သူ ဗမာ စစ်အုပ်စုများ၏ စနစ်တကျ ဖြိုချခဲ့သော အင်စတီကျူးရှင်း ယဉ်ကျေးမှု ကျဆုံးမှု၏ နောက် ဆက်တွဲ ပြဿနာများ ဖြစ်သည်။ မြန်မာ့နိုင်ငံရေးသည် ထိုတကွက် အေတကွက် ပြင်၍ ရသည့် ပြဿနာ မဟုတ်ချေ။

တခုလုံး၏ ပြဿနာရင်းမြစ်များကို ဖော်ထုတ်ပြီး ဖြေရှင်းရမည့် ပြဿနာဖြစ်သည်။ စာရေးသူဘ၀တွင်လည်း အနာဂတ် မြန်မာနိုင်ငံကို အမျိုးသား တန်တူးရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အ၀ ရှိသည့် ဖယ်ဒရယ် ပြည်ထောင်စု အဖြစ် မျှော်မှန်းသည်။ ပါတီ ကြီးများသာ ကြီးစိုးချယ်လှယ်သည့် မည်သည့် နိုင်ငံရေး စနစ်မျိုးကိုမျှ မကြိုက်ချေ။ NLD ကို ကြိုက်၍လည်း စာရေးနေခြင်း မဟုတ်။ သည်နေရာတွင် ပြန်တွေးစရာ တခု ပေါ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ကို စစ်တပ်က အုပ်ချုပ်ခွင့်ကို စစ်တပ်က တောင်းသည့် သတင်းဖြစ်သည်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း တကျော့ပြန် ၀န်ကြီးချုပ် ဖြစ်လာမည်ဟု ထင်ကြေးများ ပေးခဲ့ကြသည်။ အကယ်၍များ ဦးမောင်မောင်အုန်းသာ ၀န်ကြီးချုပ် ဖြစ်မည် ဆိုပါက ANP မှ ခေါင်းဆောင်များ ယခုကဲ့သို့ ကန့်ကွက် ကြမည်လားဟု တွေးမိလာသည်။ ယခုကဲ့သို့ တော်လှန်ရေး အသံတုများ မကြားရနိုင်ဟု ယူဆသည်။

အကယ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ANP ပါတီမှ ဆုံးဖြတ်ချက် ချနိုင်သည့် ခေါင်းဆောင် တဦးဦးနှင့် တွေ့ဆုံ ဆွေးနွေး၍ စစ်တပ်က ရခိုင်ပြည်နယ်ကို အုပ်ချုပ်ခွင့် တောင်းဆို လာပါက မည်ကဲ့သို့ ရလဒ်မျိုး ထွက်လာ မည်နည်းဟု ထပ်တွေးမိသည်။ မပြောမှီမှ ဖြေလိုက်သည် မျိုး ဖြစ်နေမည်လား။ ရိုးရိုးရှင်းရှင်း ပြောရလျှင် စစ်တပ် အုပ်ချုပ်သည်ထက် NLD အုပ်ချုပ်သည်ကို ပိုကြိုက်သည်၊ NLD အုပ်ချုပ်သည်ထက် ရခိုင်အမျိုးသား ကိုယ်စားပြု ပါတီတခု အုပ်ချုပ်သည်ကို ပိုကြိုက်သည်။

 သို့သော် မြန်မာ့ နိုင်ငံရေးသည် မိမိထင် သလို ဖြစ်ခွင့်မရှိသည့် အခြေအနေဖြစ်သည်။ တတိုင်းပြည်လုံးကို အနိုင်ရသည့် NLD တောင် ကာလုံထိန်းချုပ်မှုအောက်ကို ရောက်နေခြင်း ဖြစ်သည်။ ပြောရလျှင် NLD ဘ၀သည်လည်း ဆိုင်သာဆိုင် မပိုင်ရသည့် ဘ၀သာ ဖြစ်သည်။ မြန်မာပြည်၏ ပင်မ အာဏာရင်းမြစ်သည် စစ်အုပ်စုသာ ဖြစ်နေသေးသည်။ စာရေးသူအမြင်တွင် ANP အနေဖြင့် တိုက်ချင်း တိုက် ပင်စည်ကို တိုက် စေလိုသည်။ အကိုင်းအခက်၊ သစ်ရွက်မျှလောက်သာ ဖြစ်သော NLD ကို တိုက်နေခြင်းအား သံသယ ၀င်မိသည်။ မြန်မာနိုင်ငံ၏ အခွင့်ထူးခံ၊ အရွေးချယ်ခံ မဟုတ်သော စစ်တပ်ကို တိုက်ကြရမည် မဟုတ်လော။ “တိုက်ရဲကြသလား” ဟုသာ မေးလိုသည်။

နောက်ဆုံး မေးခွန်း ထုတ်စရာ တခုရှိလာသည်။ အကယ်၍များ ယခု အချိန်တွင် ANP ၏ တောင်းဆိုချက်ကို လိုက်လျောပြီး NLD က ANP ကို စိတ်ကြိုက် အစိုးရဖွဲ့ခွင့် ပေးလိုက်သည် ဆိုပါစို့။ ပြည်သူများလည်း စိတ်ကူးယဉ် ကြည့်စေလိုသည်။ ယနေ့ပင် NLD က ခွင့်ပြုသည် ဆိုလျှင်၊ ANP ကလည်း အစိုးရဖွဲ့ခွင့် ရှိသည်ဟု နှစ်နှစ်ကာကာ ယုံကြည်မှုရှိလျှင် ANP ၏ ၀န်ကြီးချုပ် အပါအ၀င် အစိုးရအဖွဲ့ကို ရွေးချယ်ပြီး ရှိပါသလား။ တနည်းအားဖြင့် ပြောရလျှင် ANP မှာ ရှဲဒိုးအစိုးရ ဖွဲ့ပြီး ရှိပါသလား။ ANP ၏ စီးပွားရေး ပေါ်လစီ၊ ပြည်နယ် ဖွံ့ဖြိုးရေး ပေါ်လစီ၊ စသည့် Policy Package ရှိပါ သလား။ အဆိုပါ မေးခွန်းကို လက်တွေ့ကျကျ ဖြေစေလိုသည်။ အစိုးရ ဖွဲ့ခွင့်မပေးသေး၍ မရှိသေးပါ၊ မစဉ်းစားရသေးပါ ဆိုလျှင် လက်တွေ့ မပါသော အိမ်မက် တခုသာဟု ဆိုချင်သည်။ သို့မဟုတ် NLD ကို ခြေထိုးလိုသော စစ်အုပ်စုနှင့် ဗမာပြည်မမှ NLD ဆန့်ကျင်အုပ်စုများ၏ ခြေထိုး ပေါ်လစီ သက်သက်မျှဟု စွဲချက် တင်ရပါလိမ့်မည်။ သတင်း မီဒီယာများကလည်း မီဒီယာလွတ်လပ်ခွင့် (၅) နှစ်တာ ကာလ အတွေ့အကြုံများအရ မေးသင့်သည့် မေးခွန်းများ မမေးတတ်သည့် အနေအထားတွင် ရှိနေသေးသည်။ အကယ်၍များ စာရေးသူသည် မီဒီယာတခု၏ သတင်းထောက်တဦး ဆိုပါက ANP ခေါင်းဆောင်များအား မေးမည့်လိမ့်မည်

ထင်သည်။ မေးလည်း မေးသင့်သည့် မေးခွန်းဖြစ်မည်ဟုလည်း ယုံကြသည်။ အခြားသူများလည်း သိလိုကြမည် ဖြစ်သည်။ အစိုးရဖြစ်လိုသော ပါတီသည် အစိုးရဆန်သော အယူအဆ သဘောတရားများ၊ ခံယူချက်များ ရှိစေလိုပါသည်။ ရခိုင်အမျိုးသား ကိုယ်စားပြု ပါတီတခုအား မစားရအမဲ သဲနှင့် ပစ် သည်ဟု အပြောမခံလိုပါ။

ထို့ကြောင့် လက်တွေ့မပါသော နွေလယ် အိမ်မက်များကို ကျောခိုင်းပြီး၊ စကားလုံး လက်နက်များကို ခဏချကာ ရခိုင်ပြည်နယ် တိုးတက် ဖွံ့ဖြိုးရေး၊ အမျိုးသားတန်းတူ အခွင့်အရေး ရရှိရေး၊ ပါတီ ဆက်လက်ရှင်သန်ရေး၊ ပါတီအမွေကောင်းများကို လူငယ်မျိုးဆက်သစ်များအား စနစ်တကျ လွှဲပေးရေး စသည့် လုပ်ရပ်များဖြင့် ရခိုင်ပြည်သူများကို အကျိုးပြုချိန် တန်ပါပြီ။ အတိတ်ကာလ (၂၀၁၀) မှ (၂၀၁၅) အထိ (၅) နှစ်တာ ကာလကို သုံးသပ်ကြည့်လျှင် ရခိုင်ပြည်သူများ ရရှိလိုက်ကြသည်မှာ စကားလုံးများ၊ အမုန်းတရားများ၊ အကွဲအပြဲများသာ ဖြစ်ကြောင်း ပြည်သူများလည်း သဘောပေါက်ချိန် တန်ပါပြီ။ (၂၀၁၆) ခုနှစ် နှစ်ချုပ်တွင် ရခိုင်ပြည်တွင် ဆန္ဒပြပွဲများသာ ကျန်ခဲ့သည် မဖြစ်ရအောင် ရခိုင် အမျိုးသားရေးကို ခေတ်မှီပြီး လက်တွေ့ဆန်သော နိုင်ငံရေး သဘောတရားများ၊ အမြင်များတပ်ဆင်ထားသည့် ရခိုင်အမျိုးသား တပ်ဦး ပါတီတခုအဖြစ် ANP ကို မြင်တွေ့ စေလိုပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။



(ယခုဆောင်းပါးသည် စာရေးသူ အောင်ကျော်သာ (စစ်တွေ) ၏ အာဘော်သာ ဖြစ်ပြီး RAKHAPURA REVIEW ၏ အာဘော် မဟုတ်ကြောင်း သိစေအပ်ပါသည်။)

RAKHAPURA REVIEW

Facebook Page
https://m.facebook.com/RAKHAPURA-REVIEW-178514722532221/




EmoticonEmoticon

Comments system

Flag Counter