ဇာဂနာ မရယ်ရတော့ဘူး (၈) - ဇာဂနာ





ဇာဂနာ မရယ်ရတော့ဘူး (၈) - ဇာဂနာ

တကယ်မရယ်ရတော့ပါဘူး။ တကယ့်ကို မရယ်ရတော့ပါဘူး။ ငါက ဗိုလ်အောင်ဒင်ဆိုပြီး ထပဲ ကရမလား။ အလှူခံပါဗျို့ ဆိုပြီးတော့ပဲ ထအော်ရမလား မသိတော့ပါဘူး။ အလုပ်ဖြောင့်ဖြောင့် မလုပ်နိုင်အောင်ပါပဲလေ။ ထောင်က ထွက်ပြီးကတည်းက ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ခဲ့ရပါဘူး။ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထဲ ပါလိုက်၊ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ထဲ ပါလိုက်နဲ့ ပိုက်ဆံမရတဲ့အလုပ်တွေချည်း ဆက်တိုက်လုပ်ခဲ့ရပါတယ်။ ရုပ်ရှင်လေးဘာလေး တစ်ကားတလေ ရိုက်ချင်လို့ ဆိုပြန်တော့လည်း ရုံတင်ရက် သုံးနှစ် လောက်စောင့်ရမယ် ဆိုပြန်တော့ ဘယ်ကိုက်ပါတော့မလဲလေ။ ဒီကြားထဲမှာမှ ဆရာဖေမြင့်က ရုပ်ရှင်ဆင်ဆာ အဖွဲ့ထဲပါပေးပါဦးလို့ ဆိုပြန်လာတော့ သူ့ကြောက်တာနဲ့ ၀င်ပါရတော့တာပေါ့။ အဲဒီမှာ အကုသိုလ် အတုံးလိုက် အတစ်လိုက် ၀င်တော့တာပါပဲ။

အရင်က ဆင်ဆာနဲ့ဇာဂနာ ဆိုတာ တဇောင်းစေးနဲ့ မျက်ချေး။ ဇာဂနာပါတဲ့ ကားမှန်ရင် ပိတ်တာနဲ့ ဖြတ်တာနဲ့ ဇာတ်ကား နာမည်ပြောင်းတာနဲ့ တစ်ခါမှ ရှောရှောရှူရှူ မဖြစ်ခဲ့ပါဘူးလေ။ နည်းနည်းပြန် နှူးရရင် ဇာဂနာ/၈၉ရယ်၊ ဇာဂနာ /၉၀ ရယ်ဆိုတာ ဆက်တိုက် ပိတ်ခံရတာခင်ဗျ။

ဇာဂနာ /၈၉ ကတော့ ထွက်ပြီးမှ ပြန်ပိတ်ခံရတာပါ။ သူတို့လိမ်နေကြသည်ဆိုတဲ့ ဇာတ်ကားလည်း အပိတ်ခံရတယ်ခင်ဗျာ။ မီးခြစ်မျက်မှန် အနမ်းလည်း ပိတ်ခံရတာပါပဲ။ ဆရာမင်းလူရဲ့ နေပူမိုးရွာဆိုတဲ့ ဇာတ်ကားလည်း အပိတ်ခံရတယ်ခင်ဗျာ။

ဒါနဲ့ပဲ ကိုင်း ဆင်ဆာ မပိတ်ရအောင် တစ်ခန်းမှ မဖြတ်ခံရမယ့်ကား ရိုက်မယ်ဆိုပြီး စိန်ခေါ်လို့ အမျိုးကို ချစ်ပါဆိုတဲ့ကား ရိုက်ခဲ့ပါလေရော။ ကိုယ့်အမျိုး ကိုယ်ချစ်ကြတဲ့ ဟာသကားလေး ရိုးရိုးပါ။ ယောက်ျားသည်ကလည်း သူ့အမျိုးကို ချစ်တယ်၊ ဇနီးသည်ကလည်း သူ့အမျိုးကို သူချစ်တယ်။

 ဒီတော့ အဆွေအမျိုးတွေရဲ့ ပြဿနာ မှန်သမျှ သူတို့ဝင်ပါကြတော့တာပါပဲ။ နောက်ဆုံးတော့ အမျိုးတွေ ပေးတဲ့ဒုက္ခက ကြီးကြီးလာတော့ သူတို့လင်မယားနှစ်ယောက် ဆွေမျိုးနဲ့ဝေးတဲ့ဆီ ပြေးကြတော့တာပါပဲ။ ဇာတ်လမ်း ကလေးကတော့ ဒါပဲခင်ဗျ။ ဒါပေမဲ့ ဆင်ဆာက ဇာတ်ကားနာမည် ပြောင်းခိုင်းပါတော့တယ်။ ဟင် ဘာလို့လဲ ဘာကြောင့်လဲ။ ဇာဂနာ တော်တော် ကြောင်သွားတယ် ခင်ဗျာ။ တစ်ဇာတ်ကားလုံး ဘယ်အခန်းကိုမှ မဖြတ်ခဲ့တဲ့ဟာ ဇာတ်ကားနာမည်ကျမှ ပြင်ခိုင်းရအောင် ဘာဖြစ်နေလို့လဲ။


ဆင်ဆာ တာဝန်ရှိသူတွေနဲ့ တွေ့လိုက်တော့မှ ပက်လက်ကို လန်သွားတော့တာပါ။ သူတို့မြင်တာက အမျိုးကို ချစ်ပါဆိုတာ အမြစ်ကို ချိုးပါလို့သဘော သက်ရောက်တယ်တဲ့။ ကိုင်း ကိုယ်တွေတောင် မတွေးမိပါဘူးခင်ဗျာ။ ဒီလိုပါပဲ။ စာရေးဆရာ တာရာမင်းဝေနဲ့ ဇာဂနာနဲ့ပေါင်းပြီး မြန်မာ့အသည်းဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ် ရိုက်လိုက်တယ်ခင်ဗျာ။ ဇာတ်ညွှန်းက စာရေးဆရာ သစ္စာနီကြီးပေါ့။ တိုင်းရင်းသား အစားအစာတွေကို တစ်လမ်းဝင် တစ်လမ်းထွက် လိုက်ရောင်းကြတဲ့ ဇာတ်ကားပါ။

 သေသေချာချာ ပြင်ဆင်ပြီးမှ ရိုက်တဲ့ ကားခင်ဗျာ။ တိုင်းရင်းသား တေးသီချင်းတွေကို ဂီတမှူးကို ခင်မောင်ကြီးနဲ့ ခင်စံပယ်ဦး စတူဒီယိုမှာကြိုပြီး အသံ သွင်းတာပါ။ ပြီးတော့ သင်္ကြန်အလှပြ ကားကြီးလို မြန်မာ့အသည်းဆိုတဲ့ ကားကြီးတစ်စင်း သေသေချာချာ ပြင်ဆင်ပြီး တစ်လမ်းဝင် တစ်လမ်းထွက် ဈေးလိုက်ရောင်းကြတာပါ။ ဖြစ်ချင်တော့ စမ်းချောင်းထဲ ရောက်တဲ့အခါမှာ သခင်ကြည်ရှိန် အိမ်ရှေ့ရောက်ပြီး သီချင်းဆိုကြ၊ ကကြ၊ ဈေးရောင်းကြတာပေါ့။ ရပ်ကွက်သူ ရပ်ကွက်သားတွေလည်း တကယ်ဝယ်ပြီး အားပေးကြပါတယ်။ ဒါပေမဲ့ ဆင်ဆာကို ရောက်သွားတော့ တစ်ခါတည်း ဒီအခန်းကို ပိတ်လိုက်ပါတော့တယ်။ ဘာလို့လဲဆိုတော့ အိမ်ဆိုင်းဘုတ်မှာ သခင်ကြည်ရှိန် ဆိုတာ ပါနေလို့တဲ့။ သခင်ကြီးက နိုင်ငံရေးအကျဉ်းသားဆိုတော့ ခွင့်ပြုလို့မရဘူးတဲ့။

ကိုင်း ပြန်ရိုက်ဖို့ကလည်း တော်တော်ကုန်မယ်။ အခုခေတ်လို ကွန်ပျူတာကလည်း မထွန်းကားသေးတော့ သခင်ကြည်ရှိန် နာမည်ကို ဘယ်လိုမှ ပိတ်လို့မရဘူးပေါ့ဗျာ။

ဒီလိုနဲ့ပဲ ဇာဂနာတို့ ပိုက်ဆံတွေ ကုန်တာပဲအဖတ်တင်တယ်။ ဘာမှအရာ မထင်ဘူးပေါ့ခင်ဗျာ။ ဒီကြားထဲ ထုတ်လုပ်သူတွေက ဇာဂနာ့ကိုအပ်ထားတဲ့ ရုပ်ရှင်တွေကို မရိုက်တော့ဘူးတဲ့။ စရံပြန်ပေးပါဆိုလို့ ရှိတဲ့ ကားရောင်းပြီး ပိုက်ဆံတွေ ပြန်ပေးလိုက်ရတာ မွဲပါရောလား။

ဟောအခုဖြင့် ပြောင်းလဲချိန်တန်ပြီဆိုတော့ ဇာဂနာ ဆင်ဆာလူကြီး အခန့်ခံရပါတော့တယ်။ အကုသိုလ်က အတုံးလိုက် အတစ်လိုက် ၀င်တာပါဗျာ။ ဇာဂနာဆိုတာက တောက်လျှောက် ဆင်ဆာပိတ်ခံခဲ့ရသူ မဟုတ်လား။ ကိုယ်တာဝန်ယူတော့မှ သူများ ကားတွေကို လိုက်ဖြတ်၊ လိုက်ပိတ်ရပြန်ရင် ဘယ်ကောင်းပါတော့မလဲ။ ဒါပေမဲ့လည်း မြန်မာပေါကားများ ရပ်ဆိုပြီး သူများတကာတွေ ရေးကြ၊ ဝေဖန်ကြတာ နည်းမှတ်လို့ဗျာ။ ခုတော့ဖြင့် အဲသလို ဝေဖန်ရေးတဲ့သူတွေ နည်းတောင်နည်းသေးတယ်လို့ ပြောရမလိုပါပဲ။ ဇာဂနာ မရယ်နိုင်တော့ပါဘူးခင်ဗျာ။
ဘယ်လိုလူမျိုး၊ ဘယ်လိုအ၀တ်အစား၊ ဘာစကားတွေမှန်းမသိ ရိုက်နေကြတဲ့မြန်မာ ဗီဒီယိုကားတွေ တစ်ပတ်ကားနှစ်ဆယ်လောက် ကြည့်နေရတော့တာပါ။ တစ်လ ကားရှစ်ဆယ်လောက် ထွက်နိုင်တာလည်း အံ့အားသင့်စရာပေါ့။ ရုပ်ရှင်တွေ ဆိုတာကလည်း ရုံကမရှိ၊ ငွေဝင်တာ မကောင်းဘူးလို့သာ ပြောနေကြတာပါ။ တစ်ပတ် တစ်ပတ် ဇာတ်လမ်းတင်တာက ဆယ်ကားလောက်ရှိပါတယ်။ တရုတ်ကား၊ ကုလားအားလုံးကိုလည်း မြန်မာ ဇာတ်လမ်းတွေ ဖြစ် ကုန်ပါတော့တယ်။

ဇာဂနာ အရေးတကြီး ပြောချင်တာလေး ရှိပါတယ်ခမျာ။ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ဘယ်သူ တစ်ဦးတစ်ယောက်ကမှ သေချာဂဏ မစစ်ဆေးကြသေးပါဘူး။ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက တစ်နှစ်ဆယ့်ငါးကားပဲ ရိုက်နေရာကနေ ခုတော့ ချက်ချင်းတစ်နှစ်ကို ကားခုနစ်ဆယ်လောက် ရိုက်လာတာကိုတော့ ဆန်းစစ်ဖို့လိုပါလိမ့်မယ်။ ပြီးတော့ အစဉ်အလာ ရုပ်ရှင် ထုတ်လုပ်သူတွေ မဟုတ်ကြဘဲ တစ်ခါမှနာမည်တောင် မကြားဖူးသေးတဲ့သူတွေက ရုပ်ရှင်ကို ငွေထုတ်လို့ ရိုက်လာကြတာပါပဲ။ ဒါဟာ အကောင်းဆုံးငွေကြေး ခ၀ါချနိုင်တဲ့ နည်းဆိုတာ မမေ့သင့်ပါဘူး။

အခွန်ဆောင်ပြီးတဲ့ ငွေဖြူကို တရားဝင်ပြနိုင်တဲ့ လမ်းပေါက်ကြီးပါ။ ဇာတ်ကား တစ်ကား ငွေဘယ်လောက် ကုန်တယ်၊ ငွေဘယ်လောက် ပြန်ရတယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မသိနိုင်တဲ့ အပေါက်ကြီးပါ။ ထုတ်လုပ်ရေးတစ်ခုတည်းက ငါးကား တန်းစီရိုက်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ရုပ်ရှင်လောကရဲ့ တကယ် ထုတ်လုပ်သူတွေဟာ တစ်ကားပြီးမှ တစ်ကား ရိုက်နိုင်ကြတာပါ။ ခုရုံတင် ပြသနေတဲ့ ဘန်ကောက်ကနေ မန္တလေးသို့ဆိုတဲ့ ဇာတ်ကားရဲ့ ကုန်ကျစရိတ်က သိန်းလေးထောင် လောက်ရှိပါတယ်။ ထုတ်လုပ်သူ ကိုစူဝမ်းဟာ မြန်မာပြည်မှာတော့ ရုပ်ရှင်လုပ်ငန်း လုပ်ခဲ့တာ နှစ်သုံးဆယ်ကျော်နေပါပြီ။ သူလိုလူတောင် သုံးနှစ်မှတစ်ကားလောက်ပဲ ရိုက်နိုင်တာပါ။ ဒါကို သေသေချာချာ စဉ်းစားသုံးသပ်ကြဖို့ ကောင်းပါပြီ။

ဇာဂနာကတော့ ထိုင်စဉ်းစားရင်း မရယ်နိုင်တော့ပါဘူး။ ဇာဂနာမရယ်ရတာလည်း ဘာမှမဆန်းတော့ပါဘူး။ အော် ပိုက်ဆံ များသာရှိလို့ကတော့လေ (တို့ တာဝန်အရေးသုံးပါး) ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်လေး တစ်ကား လောက်တော့ ရိုက်ချင်ပါသေး။ ရယ်တော့ မရယ်နိုင်ပါဘူးလေ။

ဇာဂနာ

Category:

Articles

http://www.tomorrow.com.mm/?q=articles%2F3092






EmoticonEmoticon

Comments system

Flag Counter