■ တီတစ်ကောင်၏ မြောက်ဦးဗေဒ ■





▬▬▬▬▬▬▬▬▬▬▬▬▬▬
■ တီတစ်ကောင်၏ မြောက်ဦးဗေဒ ■
▬▬▬▬▬▬▬▬▬▬▬▬▬▬
မြီချစ်ကေ၊ တီဖြစ်တေ (ရခိုင်စကားပုံ)
နန်းတော်ကုန်းသည် အနည်းငယ်မြင့်သဖြင့် အရိပ်သည် ကတ္တရာလမ်းပေါ်၊ ဆေးရုံပေါ်၊ ၀န်ထမ်း အဆောက်အဦးများ အပေါ် ပြန့်ကျဲနေသည်။ နန်းတော်ကုန်း အရှေ့တံခါး၏ ကန္တ၀င် လှေကားထစ်များသည် ညိုမှောင်လာကြပြီ၊ အနောက်တံခါးတွင် လာဦးခိုက်နေသော မညီမညာ ကတ္တရာလမ်းပေါ်၌ကား နေရောင် လင်းလက်နေဆဲ။ အရပ်ရှစ်မျက်နှာ တောင်စွယ်တောင်တန်းများသည် စိမ်းလုလု၊ ညိုလုလု၊ ပြာလုလုနှင့် နုချင်တိုင်း နုကာ လှချင်တိုင်း လှနေကြသည်။

 တောင်ထိပ်များတွင် ရှေးဟောင်းစေတီတော်တို့ စံပယ်နေကြသည်။ တချို့ ပလက်တီနမ်၊ တချို့ ခဲပုပ်၊ တချို့ မြရောင်၊ တချို့ စေတီတောင်တို့၌ စိန်ဖူးကင်းမဲ့လျက် ထီးတော်ကျိုးလျက် ရှိကြသည်။ မြောက်ဦးအား ထာဝစဉ် စောင့်ရှောက်ကြည့်ရှုနေသော သူတောင်စင်တို့ ကွန်းခိုရာ ဗိမာန်များဟု ဆိုရမည်။ သူရဲခိုပေါ်မှ ရဲမက်တို့နှင့်လည်း တူပေ၏။

ဂ - ငယ်ကွေ့ ပစောက်ကွေ့များဖြင့် ချောင်းငယ်တစ်ခုသည် မြို့ထဲ၌ ကဗျာဆန်ဆန် (မြို့လူထုအတွက်ကား စီးပွားရေး ဆန်ဆန်) စီးဆင်းလျက်ရှိနေသည်။ လွန်ခဲ့သော နှစ်ပေါင်း သုံးရာငါးဆယ်ခန့်က ဥရောပ ဘုန်းတော်ကြီးတစ်ပါး ဤမြို့သို့ ရောက်ဖူးလေသည်။ အီတလီကျွန်းဆွယ်မှ ရောင်စုံ ပြိုးပြက်လှပသော ရွှေရောင်ငွေရောင် လွှင့်သော စာပေယဉ်ကျေးမှု အနုပညာတန်ဆောင် ထွန်းလင်း ပြောင်သော ဗင်းနစ်မြို့ကို မြောက်ဦးနှင့် နှိုင်းခဲ့ဖူးပါလေသည်။

နှစ်ဆယ်ရာစု၏ နောက်ဆုံး ဆယ်စုနှစ်တွင် မြို့နယ်သည် မြို့ပြရနံ့ကို မြည်းစမ်း ရှုရှိုက်ခွင့်ရခဲ့သည်။ တီဗွီအင်တာတိုင်များသည် ဓနိမိုးများပေါ်မှ ထိုးထွက်နေကြသည်။ ရော့ခ်တေးသံများသည် ကတ္တရာလမ်းငယ်ကို ဖြတ်ပြေးပြီး ဖြိုလက်စ တောင်နံရံများကို လာ ရိုက်ခတ်သည်။ ဂျင်းအကျီ င်္ဝတ်ထားသော မိန်းကလေးများသည် တရုတ်စက်ဘီးများစီး၍ ကျောင်းတက်နေကြသည်။

 နိုင်ငံတကာ ဘီယာဘူးများသည် ငါးသုံးလုံးငွေ့ ဝေ့၀ဲနေသော ကွမ်းယာဆိုင်များအပေါ် ခပ်တည်တည် တက်ထိုင်နေသည်။ ဗွီဒီရုံများထဲသို့ ခေါင်းရွက်ဈေးဗန်းနှင့် မိန်းကလေးများ တန်းဝင်သွားကြသည်။ ချောင်းထဲ၌ အ၀တ်ဗလာ ကိုယ်တုံးလုံး ကလေးငယ်များ မြူတူးနေကြသည်။ စပါးအပြည့်နှင့် လောင်းများ၊ ဖြန့်ကြက်နေသော ပိုက်ကွန်များ၊ ရေထဲသို့ ငိုက်ဆင်းနေသော ယိုင်နဲ့နဲ့ အိမ်သာများ၊ နန်းတော်ကုန်း တံတိုင်းအိုများသည် မီးလောင်ပြင်မှ တိုးထွက်နေသော မီးလောင်အိမ်တိုင် ငုတ်တိုင်များနှင့် တူသည်။

ဘာသာရေးပွဲတော်နေ့များ၌ ရင်ခုန်တက်ကြွဖွယ် စည်တော်သံများသည် တောင်ဝန်းရံများ တုန်ခါလုနီး ဟိန်းမြနေတတ်သည်။ မြောက်ဦး၏ အရှေ့ မျိုးဆက်သည် အနောက်သို့ လှမ်းမျှော်ကြည့်လာပါသည်။ ‘ဂွတ်မောနင်း’ ဟု ဥရောပ မိတ်ဆွေအား လက်ဆွဲနှုတ်ဆက်ရန် အသင့်ရှိပါပေသည်။
နန်းတော်ကုန်းသို့ အတွေး တသီတန်းဖြင့် ကျွန်တော်တို့ ဖြတ်ခဲ့ကြသည်။ ကျွန်တော်တို့ဆိုသည်မှာ တရားတိုက်ဝင်မည့် အမေ၊ လိုက်ပို့သူ ကျွန်တော်၊ တိုလီမိုလီ ဆွဲခြင်းတစ်ခု၊ တရားစာအုပ်များ ပါသည်။ အိပ်ရာလိပ်ထဲ၌ အ၀တ်အစား အနည်းငယ် စောင်ပါး နှစ်ထည်၊ ခြင်ထောင်တစ်လုံးတို့ ပါသည်။ အမေ့မျက်နှာသည် လန်းဆတ် ကြည်လင်နေသည်။ အသက်အရွယ် ကြီးရင်ပြီ ဖြစ်သော်လည်း ခြေလှမ်းများ လေးဖင့်မနေ၊ ပေါ့ပါးလှချေသည်။

 အမေ့မျက်ဝန်း၌ လူငယ်တို့၏ တောက်ပမှု ပြန်ရှင်လာသည်။ လူလတ် အရွယ်တစ်ဦး၏ အားမာန်ကို မြင်ရသည်။ ဇရာကို ခုခံတိုက်ခိုက်နေရသော လူကြီးတစ်ဦး၏ တည်ငြိမ်မှုကို တွေ့ရသည်။ အမေသည် ငြိမ်းချမ်းအေးမြ လှပနေသည်။ မြောက်ဦးနှင့် အမေ တူညီနေပါသလားဟု ကျွန်တော် တွေးနေမိသည်။ အမေ့ရင်ထဲတွင် ဓမ္မ မိတ်ဆွေများနှင့် တွေ့လိုသော ဆန္ဒ၊ ငြိမ်းချမ်းမှုရသကို ရယူလိုသော ဆန္ဒသာ ရှိမည်ဟု ထင်သည်။

သုခအတွက် ပျော်ဖက်၊ ဒုက္ခအတွက် အံကြိတ်ဖက်၊ ချစ်လှစွာသော အဆွေခင်ပွန်း၊ လူလားမြောက် သားသမီးများ၊ လိမ္မာသေ ချစ်စဖွယ် မြေးငယ်များ၊ မြတ်နိုးယုယ ချစ်ခင်သော နှင်းဆီပင်များ၊ သစ်ခွများ၊ သဇင်ညှာတံများ၊ နိုင်ငံခြား ပိန်းပင်များ၊ ရွှေရောင် ဒေလီယာပွင့်ကြီးများကို ခဏတာ စွန့်ပစ်ခဲပါသည်။ အမေမုန်းတီးသော၊ စိတ်ညစ်ညှုးနေသော ကုန်ဈေးနှုန်းများ ရှုံးနိမ့်ကျန်ခဲ့ရပါသည်။ အမေ နိုင် မနိုင်ကို ဝေခွဲ မတတ်သော်လည်း မရှုံးတာတော့ သေချာပါသည်။ လူ့ဘ၀မှာ နိုင်ဖို့ထက် မရှုံးဖို့က အရေးကြီးတယ် မဟုတ်လား။

အမေက အိပ်ရာလိပ်နှင့် ခြင်းကို တလှည့်သယ်မည် ပြောသော်လည်း ကျွန်တော်က မပေး။ တောရွာကျောင်းသို့ ခရီးတစ်ဝက်သာ ပို့နိုင်မည့် ဆိုက်ကားကိုလည်း မငှားတော့။ ပစ္စည်းများနှင့်၊ အမေနှင့်၊ အတွေးများနှင့် ကျွန်တော် ကေနပ်နေသည်။ ကြည်နူးနေသည်။ မြို့ပြဆန်လာလျှင် သည်လိုမျိုး ကျေနပ်ကြည်နူးနိုင်မှု ရှိနိုင်ပါဦး မည်လားဟု ရင်ထဲ ထင့်ကနဲ ဖြစ်သွားသည်။
ရုံးကြီးရှေ့ ကတ္တရာလမ်းမှ အရှေ့ဘက်သို့ ချိုးဆင်းလိုက်သည်နှင့် ပီဘိကျေးလက် ဖြစ်သွားတော့သည်။ ရွှံ့လမ်းသည် မကြာမီက ရွာခဲ့သော ဆောင်းဦးမိုးကြောင့် ဗွက်ထနေသည်။ ကျွဲနွားခြေရာ လူခြေရာ၊ ဆိုက်ကားခြေရာများ၊ ရှုပ်ရှက်ခတ်လျက် လမ်းဘေးတွင် ၀က် သားအမိတစ်အုပ်၊ မြေကြီးကို နှုတ်သီးချွန်များဖြင့် ထိုးဆွနေကြသည်။

ဖိုးခေါင်တောင်တန်းမှဖြာထွက်လာသော ဘီးလူမတောင်တန်းသည် အရှေ့တောင်ဘက်သို့ လှပသွယ်လျစွာ တန်းဆင်းသွားသည်ကို မြင်နေရသည်။ မြောက်ဦးခေတ်တည်ခဲ့သမျှ ပုထိုးတောင်များ၏ ဌာပလှိုဏ်ခန်း တည်ရှိသော ဘုရားပေါင်း တောင်ဆင့်၊ ထိုနှင့်ဆက်၍ မြ၀ါတောင် သျှမြ၀ါစေတီတောင်၊ မြောက်ဦးခေတ်၌ စေတီတွင် ပုထိုးတစ်ဆူတည်တိုင်း ဗုဒ္ဓရုပ်ပွားတော်တစ်ဆးကို ဤ လှိုဏ်ဂူတွင် ဌာပနာခဲ့ကြသည်။

လူသားတို့၏ လောဘကြောင့် ပေလော၊ ယဉ်ကျေးမှုကို တန်ဖိုးထားမြတ်နိုးရမှန်း မသိသော လူများကိုပင် အပြစ်ဆိုရမည်လော။ ဆင်းရဲခြင်းသည်ပင်လျှင် တရားခံလော၊ ယဉ်ကျေးမှု နှလုံးအိမ်ကို ၀မ်းစာတစ်လုပ်အတွက် ရွှေတစ်ဆင်စာအတွက်၊ အိမ်တစ်ဆောင်၊ ကားတစ်စီး အတွက် ဖောက်စားနေကြသည်မှာ သည်မြို့ငယ်အတွက် ရိုးနေသည်ဆိုလျှင် မမှား။ သျှင်မြ၀ါသည် ဘင်္ဂလားနယ်ထိ ရခိုင်အင်ပါယာချဲ့ထွင်သော မင်းဘာကြီး၏ မင်းတိုင်ပင် အမတ် ပညာရှိဖြစ်သည်။ မိမိ၏ အမျိုးသား၊ မိမိနိုင်ငံ လုံခြုံရေးအတွက် မိမိ ဘ၀ကို ဒဏ္ဍာရီဆန်ဆန် စတေးခဲ့သော သူ့အထုပ္ပတ္တိကား ရခိုင် ဂန္တ၀င် ပုံပြင် တစ်ပုဒ် ဖြစ်သည်။

မြ၀ါတောင်ခြေတွင် သျှင်မြ၀ါကျောက်တိုင် ရှိသည်။ သူ၏ ခြံဝင်းသည် သန့်ရှင်းနေသည်။ ယခင်ညစ်ပတ်ရှုပ်ပွနေသော မျိုးခြား ကျူးကျော်တဲများ မရှိတော့၊ ဆောက်လက်စ အဆောက်အဦးသစ်များ၊ ၀န်ထမ်းအိမ်ရာများ၊ ရုံးများက နေရာယူထားကြသည်။ အမိုးအကာကား မရှိကြသေး။ သစ်တော သစ်တန်းမျာသည် နီရဲ သစ်လွင်နေကြသည်။

ညာဖက်သို့ ခြင်္သေ့လည်ပြန် စောင်းငဲကြည့်လျှင် ရွှေဂူတောင်ကို မြင်ရသည်။ မြောက်ဦးမြို့၌ မိုးကြမ်းလျှင် သက်နုတောင်များ ပြိုကျတတ်သည်။ တောင်ထိပ်ရှိ စေတီအိုသည် လမ်းပေါ်သို့ ပြိုကျလုနီးနီး မိုးနေသယောင် ရှိသည်။ ရွှေဂူတောင် စေတီတော်သည် မြို့ငယ်၏ ဖွားဖက်တော် ဖြစ်သည်။

 မြောက်ဦးမြို့တည် နရမိတ်လှ မင်းစောမွန်၏ ထီးတည်နန်းတည် ဘုရားငါးဆူမှ တစ်ဆူဖြစ်ပေသည်။ နန်းတော်၏ အရှေ့မြောက်တောင့်တွင် ငါးရာစုနှစ် တစ်ဝက်ကျော် ခဲ့ပြီ။ နန်းတော်၌ မင်းဆက်ပြတ်ခဲ့ပြီ။ တံတိုင်းရိုးနှင့် မြက်ဆိုးများသာ အတိ၊ စေတီတောကား မိုးဒဏ် လေဒဏ်၊ လောကဓံကို ကြံ့ကြံ့ခံဆဲပင်၊ ရခိုင်ပြည်နယ်ကို သိမ်းယူပြီးနောက် မြောက်ဦးမြို့ဝန် နန္ဒပကျန်က စေတီကို မွမ်းမံခဲ့သည်။
ရခိုင်ဗိသုကာနှင့် မြန်မာ့ဗိသုကာ လက်ရာတို့သည် ရောယှက်နေသည်။ ထိုမှ နှစ်လေးဆယ်၊ နိုင်င့ရေး၊ စီးပွားရေး ပြဿနာများ၊ နယ်စပ်အရေးအခင်းများ၊ အုံကြွမှုများ၊ စစ်ပွဲငယ်များဖြင့် ရှုပ်ထွေးပွေလီပြီးနောက် အရှေ့အိန္ဒိယ ကုမ္ပဏီ အင်္ဂလန်ဘုရင်မကြီါ်နှင့် ဘာကင်ဟမ် အကျိုးစီးပွားအတွက် ရခိုင်ပြည်သည် ဗြိတိသျှ အင်ပါယာထဲသို့ ရောက်ရှိခဲ့ရ ပြန်ချေသည်။

၁၈၂၄ ခု အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲတွင် ရခိုင်ပြည် ဇာတ်ခုံထက်၌ ဗိုလ်ချုပ်ကြီး မောရစ်ဆင်နှင့် ၀န်ရှင်တောမင်းကြီး ရောဘတ်ဆင်တို့သည် ဇာတ်လိုက်များ ဖြစ်ကြသည်။

ရခိုင်ပြည်ကို သိမ်းပြီးနောက် ခေတ်ရှေ့ပြေးသော ဥရောပယန္တရား၏ ပထမဆုံး အုပ်ချုပ်ရေးရုံးကို ရောဘတ်ဆင်သည် ရွှေဂူတောင်ပေါ်၌ တည်ထောင် ဖွင့်လှစ်ခဲ့လေသည်။
အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်၊ သမိုင်းခေတ်တို့သည် ဤနေရာကို ဖြတ်သန်း သွားခဲ့ကြပေပြီ။ နောက်လည်း ဖြတ်သန်းသွားကြဦးမည်။

သမိုင်းနာရီများထဲ မြောက်ဦးသည် ယနေ့ထိရှိနေဆဲ၊ ရှင်သန်နေဆဲ၊ မြောက်ဦးသည် ရခိုင်ပြည်ဖြစ်တည်မှုနှင့် မည်သည့် အတိုင်းအတာထိ တပ်တူကျပါသနည်း။
လာမည့်ရာစု၊ ထောင်စုများတွင် ဆက်လက်ဖြစ်တည်ဦးမည်လော။ မြောက်ဦးသဇင်သည် ဘယ်မူဟန်နှင့် ပွင့်မည်နည်း။ ကျွန်တော့် ခြေလှမ်းများ တုံ့ဆိုင်းသွားကြသည်။
ကျွန်တော်တို့ သားအမိသည် ရှေ့သို့ ဦးတည်နေသော လမ်းမကြီးမှ မြောက်ဘက် လမ်းသွယ် ကျဉ်းကျဉ်းသို့ ဆင်းလျှောက်လာခဲ့ကြသည်။ စကားမပြောဖြစ်ကြ။

အတန်ငယ် လျှောက်ပြီးနောက် တောင်ကြားလမ်းကျဉ်းတစ်ခုကို ဖြတ်သန်းရသည်။
လမ်းသည် အနည်းငယ်ကွေ့ကောက်၏ ထို့တောက် ရတနာ့မာန်အောင် စေတီတော်ကို ဘွားခနဲ ၀မ်းသာကြည်နူးစွာ ဖူးမြောက်ရပေသည်။ သည်ပတ်ဝန်းကျငတွင် ဥပစ္ဆကံဖြင့် သေဆုံးသူများအတွက် သင်းချိ င်္င်းတစ်ခု လွန်ခဲ့သော အခိန်က ရှိခဲ့ဖူးသည်။

ယခုတော့ ယတော၊ ကိုင်းတောများ၊ လူရိပ် ကျောင်းရိပ်၊ ဓမ္မရိပ်၊ ဓမ္မအနံ့၊ ရတာန့မာန်အောင် စေတီတော်သည် ဆည်းဆာကောင်းကင်ထဲသို့ သပ္ပာယ်လှပစွာ ငွားစွင့် ထိုးထွက်နေ၏။ တောရဆောက်တည်သော ရဟန်းတော်တစ်ပါးနှင့် မတူဘဲ ဥာဏ်ပညာ ပြည့်စုံပြီး ရုပ်ဆင်းအင်္ဂါခန့်ညားသော အမျိုးကောင်းသား လူငယ်တစ်ဦးနှင့် တူနေသည်။
နေမင်းသည် သူ၏ အလင်းတန်းများကို မကြာမီရုပ်သိမ်းတော့မည်။ နေခြည်များသည် စေတီတော် ထိပ်ဖျား၌ ပူဇော်ကန်တော့ နေကြသည်။ ရွေ့လျားနေသော တိမ်ပျိုပန်းနိုများသည် ဆရာအရှင်အား ကန်တော့ပြီး နောက်သို့ ခပ်ယို့ယို့ ဆုတ်သွားသော တပည့်များနှင့် တူနေသည်။

မြောက်ဦးခေတ် ဘုန်းတန်းခိုး အထက်ဆုံးဖြစ်တေသာ ဆယ့်ခုနှစ် ရာစုနှစ်အလယ်က မင်းနှင့် ပြည်သူတို့ တည်ခဲ့သော စေတီတောသည် ကျွန်တော့်အား တစ်စုံတစ်ရာကို ပြောနေသယောင် ရှိသည်။ စေတီတော်၏ တောင်ဘက်တံခါးဝမှ ၀င်ကာ ဖြတ်လျှေက်ခဲ့ကြသည်။
စေတီအုတ်ရိုး၊ တံတိုင်း၏ မြောက်ဘက်တွင် အမေ၏ ခရီးပန်းတိုင် တောရကျောင်းသို့ ရောက်သည်။ ယခင်က လူရိပ်လူယောင် ကင်းသောချောင်၊ ယခုတရားဆောင်၊ ဓမ္မရုံ၊ ကျောင်းဇရပ်၊ ဘုရား သိမ်၊ သစ်ပင်ပန်းပင်များ၊ ပြန်လည်တူးဖော်ထားသော ကန်ငယ်၊ ရေပြင်က ငြိမ်သက်ပြာညိုလျက်၊ ကြည်နူးစရာ ငြိမ်းချမ်းနေမြေ။

အမေ့အား ဓမ္မမိတ်ဆွေများက ကြိုကြသည်။ နေရာထိုင်ခင်းပေးကြသည်။ စကားများ ပြောကြသည်။ ကျွန်တော့် တာဝန်ပြီးဆုံး ခဲ့ပြီ။ ရင်၌ ပီတိပြည့်ဝှန်း၏။ တောင်စောင်းပေါ်ရှိ အဆောက်အအုံငယ်သို့ တက်ရာတွင် ၎င်းမှ ဆင်းလာသော ကျွန်တော့် မိတ်ဆွေနှင့် ဆုံကြသည်။

ကျွန်တော်နှင့် စစ်တွေ၌ ရန်ကုန်တက္ကသိုလ်၌ စာသင်ဖက်၊ ယဉ်ကျေးမှု အသင်းအဖွဲ့များတွင် ပျော်ရွှင်တက်ကြွစွာ လုပ်ကိုင်ခဲ့သူ၊ ကျွန်တော့်ထက် လေးငါးနှစ်ခန့် ကြီးသည်။
သူက လေးဆယ်စွန်းပြီ။ ကျွန်တော်က ဥရောပစံနှုန်းအရ ဘ၀ မစသေး၊ သူသည် မိဘလက်ငုပ် စီးပွားရေးကို လုပ်ရင်း အောင်မြင်နေသူ တစ်ဦး၊ ကျောင်းဝေယာဝိစ္စများကို လူအားငွေအား စိုက်ထုတ်ပြီး လုပ်ကိုင်သည်။

စစ်တွေမှလာပြီး သီတင်းနှစ်ပါတ် တရားဆောင်ဝင်မည်။ ကျွန်တော့် မိတ်ဆွေ စိတ်နှလုံး ချမ်းမြေ့နေကြောင်း သူ့မျက်ဝန်း၊ သူ့မျက်နှာ၊ သူ့အသံတို့မှာ တင်ဟပ်ပြလေသည်။ သူက ကျောင်းဝင်း အနှံ့ လိုက်ပြသည်။ သည်ဝင်းတွေကို မနိမ့်မမြင့် တောင်ကိုးလုံးက ၀န်းရံထားကြောင်း သမိုင်းအစဉ်အလာကို ရှင်းပြသည်။


ဟိုအဝေးမှ ရခိုင်ရိုးမသည် မှုန်ရီမှိုင်းပြ နေသည်။ နေရောင်ပျောက်လုဆဲ ကာလ ၀န်းကျင်သည် တိတ်ဆိတ်နေသည်။ တောရိပ်တောင်ရိပ်တို့ဖြင့် စိမ်းမြညိုမြ လှသော အေးငြိမ်းသော လုံခြုံသော စပါးဆန်ရေ ၀ပြောသော သည်ဒေသကို နန်းမြို့နေရာ ရွေးချယ်ခဲ့သော မင်းစောမွန်၏ နှလုံးသားကို ဝေမျှခံစား နားလည်မိပါသည်။ စစ်တို့ဖြင့် လောင်ကျွမ်းနေသော ပြည်သူနှင့် သူ့ဘ၀အတွက် ငြိမ်းချမ်းရေး ကွန်းရိပ်သာကို သူရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
အမေ့ကို နှုတ်ဆက်ပြီး ကျောင်းဝင်းမှ ခွာခဲ့သည်။ မိတ်ဆွေက စေတီတော် မြောက်တံခါးထိ လိုက်ပို့သည်။ မှောင်ချေပြီ။ သူက တရားစမ်းကြည့်ရန် တိုက်တွန်း တစ်ဝက်ဖြင့် ကမ်းလှမ်းသည်။
ပစ္စုပ္ပန်ဖြစ်တည်မှုသည် ငြင်းမရ၊ ရှောင်မရသော အရာဖြစ်သည်။

ပူလောင်သည် ဖြစ်စေ၊ အေးငြိမ်းသည်ဖြစ်စေ၊ မိမိဘ၀သည် မိမိကိစ္စ၊ မိမိပစ္စည်းသာဖြစ်သည်။ လက်လွှဲအပ်နှံ၍ ရသော ပစ္စည်းမျိုး မဟုတ်ပါ။ တမလွန်ကို မဆန်းစစ်မိသေး၍ တမလွန်အတွက် မပြင်ဆင်ရသေးပါ။ အဆုံးစွန်သောဘ၀၌ နိဗ္ဗာန်ကို မျက်မှောက်ပြုရလိုပါ၏ ဟု ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များ ကုသိုလ်ကျောင်းမှု ပြုကြပါသည်။ စပ်ကူးမတ်ကူးကာလတွင် သံသရာ၌ အဖန်တလဲလဲ ကျင်လည်ပြီး အဆုံးစွန်သော ဘ၀တွင်ကား နိဗ္ဗာန်တံခါး ပွင့်လိမ့်မည်ဟု ယုံကြည်ကြပါသည်။
သုက္ခ ဒုက္ခတို့ဖြင့် ရောယှက်နေသော လူ့ဘ၀သည် မြတ်နိုးစရာဟု မှတ်ယူလျှင် သံသရာဆိုသည်မှာ ချစ်သူနှင့် ခရီးသွားခြင်း ဖြစ်လိမ့်မည်။

 ကောင်းမှု ပြုရန်၊ မကောင်းမှုကို ရှောင်ရန် စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်ရန် ဤသုံးချက်သည် တရား၏ အနစ်သာရ ဖြစ်ကြောင်း “သဗ္ဗပါပဿ အကရနံ၊ ကုသလဿ ပသဿမ္ပဒါ၊ သစိတ္တပရိ ယောမဲပဏံ၊ ဧတံဗုဒ္ဓါ နုပသနံ” ဟု ပါတိမောက်ဒေသ၌ ဗုဒ္ဓ လေးလေးနက်နက် ဆုံးမသွန်သင်ခဲ့သည်။ ငယ်စဉ်က သင်ခဲ့သော လောကသရာပျို့၌ “ကောင်းမှု မြတ်နိုး ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း” ဟု ရခိုင်သူမြတ် ရေးခဲ့သည်။
ကောင်းမှု ပြုသူအတွက် ဘုရားသခင်၏ လက်ဆောင်မွန်သည် ကောင်းမှု ဆက်လက်ပြုရန် ဖြစ်သည်ဟု အမေရိကန် ဒဿနဆရာ အီမာဆင် ပြောခဲ့ဖူးသည်။
ယဉ်ကျေးသော လူသားသည် လူသားထုအတွက် မိမိတို့ လူ့အဖွဲ့အစည်းအတွက် ကောင်းမှု ပြုရန် တာဝန်ရှိသည်။ ၀တ္တရားရှိသည်။

သမိုင်းခေတ်၏ တာဝန်များသည် မိမိတို့၏ ပခုံးပေါ်၌ ရှိနေကြသည်။ ကျေပွန်မှု၊ မကျေပွန်မှု၊ ဒီဂရီများသည် ဘ၀၏ တန်းဖိုးကို ဖော်ညွှန်းကြသည်။ ကောင်းမှုပြုရန်မှာ ဗီဇတာဝန်ဟု ခံယူသည်။ သည်လုပ်ရပ်အတွက် လက်ငင်းဘ၀သည် လည်းကောင်း၊ နောင်ဘ၀အတွက် လည်းကောင်း မည်သည့်အရာကိုမျှ မမျှော်ကိုးလိုပါ။
ယခုဘ၀၌ ဆင်းရဲနွမ်းပါးသဖြင့် နောင်ဘ၀တွင် ချမ်းသာ ကြွယ်ဝလိုကြသည်။

ယခုဘ၀၌ အောင်ြမင်ချမ်းသာ၊ နောင်ဘ၀မှာ ချမ်းသာသည်ထက် ချမ်းသာ၊ ဘရူနိုင်းမှ ဘိုကီးယားနှယ်ဘ၀ကို မျှော်လင့်တောင့်တသူများနှင့် ကြုံဖူးသည်။ ပညာကို တန်းဖိုးထားသူများက အိုင်စတိုင်းနှယ်၊ ယန်းပေါဆတ်နှယ် ပညာရှင်ဘ၀ သုခမိန်ဘ၀ကို ခံယူလိုကြမည်။ နိုင်ငံရေး၊ လူမှုရေး၊ ရည်ရွယ်ချက် မြင့်မားသူတို့ အဖို့ ဒေဂူးလျားလို၊ ဘူထရော့ဂါလီလို ဘ၀မျိုးကို မျှော်မှန်မည်။ နိဗ္ဗာန်ဆု မပန်ဘဲ ထိုဆိုသည် ဆုပန်သည်မှာ ပုထဇဉ်တို့ သဘာဝ၊ မိမိတော့ ဘာဆုမှ မပန်၊ ဘယ်သူမှလည်း မဖြစ်ချင်။

 ဥရောပတွင်၊ အမေရိကန်တွင် လူ မဖြစ်ရသည်မှာ အလွန်နစ်နာပါသည် ဟုလည်း တစ်ခါတစ်ရံမျှ သိမ်ငယ်သိမ်ဖျင်း မတွေးမိဘူး။ တိုကျိုးနှယ် မဟာရန်ကုန်နှယ် မက်ထရိုပိုလီတန်တွင် မွေးဖွားကြီးပြင်းသွားသူ ဖြစ်ရပါလို၏ဟုလည်း မဲ့ပြောင်ထေ့ငေါ့ မပြောချင်ပါ။
လှပစိမ်းလန်းသော၊ ကဗျာဆန်သော၊ ဂန္တ၀င်ဆန်သော၊ စက်မှု မဖွံ့ဖြိုးသော၊ ဆင်းရဲမွဲတေသော၊ အသိပညာနယ်ကျဉ်းသော၊ ရောဂါဘယ ထူပြောသော မိခင်မြေ၌သာလျှင်၊ ဒုက္ခသုခကို ပွေ့ဖက်ပြီး မိမိတိုင်းပြည်၌ လူဖြစ်ရခြင်းကို တန်ဖိုးထားလိုပါသည်။ ဖြစ်နိုင်လျှင် လက်ရှိဘ၀ကို ပိုက်ဆိုင်လျက် မင်းစောမွန်မြို့ငယ်တွင် သည်မိ သည်ဖ သည်ဇနီး သည်သမီး သည်မိတ်ဆွေတို့နှင့် ပြန်လည် မွေးဖွားရပါ လို၏။

သွေးပျက်စရာ၊ ခွေးအ အူသံများသည် ဟိုထောင့် သည်ထောင့်မှ ထွက်ပေါ်လာနေကြသည်။ ပတ်ဝန်းကျင်၌ အလင်း မရှိတော့။ ကြယ်များသည် မှုံပျ မှိတ်မှိတ်၊ မိမိရှေ့ မလှမ်းမကမ်းမှ ဖြတ်ပြေးသွားသော ခွေးတစ်အုပ်ကို တရိပ်ရိပ် မြင်လိုက်မိသည်။ တောလမ်းကျဉ်းသည် ၀ိုးဝါးလွမ်းချေပြီ။
ချစ်သော မိခင်မြေ၌ လမ်းပျောက်သည်ဟူ၍ မရှိပါ။


မောင်ခိုင်အောင်
(၁၉၉၄)
(AKYAB POST ညီအစ်ကိုများ ပြန်လည် ရိုက်နှိပ်ပေးပါသည်။)





EmoticonEmoticon

Comments system

Flag Counter