■ သူတို့နှစ်ဦးနှင့် ဖက်ဒရယ်ခရီး ■





▬▬▬▬▬▬▬▬▬▬▬▬▬
■ သူတို့နှစ်ဦးနှင့် ဖက်ဒရယ်ခရီး ■
▬▬▬▬▬▬▬▬▬▬▬▬▬
မောင်ခိုင်အောင်
ဝါရှင်တန်ပို့စ်မှ Fred Hiatt နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ June 16 ရက်နေ့ အင်တာဗျူးကို ဖတ်ရသည်။ တရုတ်ပြည်ခရီးစဉ်၊ ဘင်္ဂါလီရိုဟင်ဂျာ၊ ရွေးကောက်ပွဲနှင့် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ စသည်ဖြင့် အကြောင်းအရာ စုံသည်။ မေးသူက တိုတို၊ ဖြေသူက ရှင်းရှင်း၊ တချို့နေရာများတွင် ပါးနပ် လိမ္မာစွာ ဖြေသည်။

လွှတ်တော်ထဲမှာ လူထုရွေးချယ်ခံ မဟုတ်သော ကိုယ်စားလှယ်များသည် ဒီမိုကရက်များ မဟုတ် တပ်မတော်သား ၂၅ % သည် ရေရှည် ထာဝရမရှိနိုင်ကြောင်၊ ဤကိစ္စကို ပြောင်းလဲပစ်ရမည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၏ အကျိုးကို ကြည့်ပြီး တစ်ဆင့်ချင်း ညှိနှိုင်းသားရမည်ဟု သဘောထားပေးသည်။

“နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ဘယ်လို မြင်ပါသလဲ”
“ကျမတို့ မျှော်လင့်ခဲ့တာ ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ် အသက်ဝင် ခိုင်မာစေဖို့ အတွက် အစိုးရဟာ စစ်မှန်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို လုပ်ဆောင်ဖို့ပါ၊ ဒါပေမယ့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုကို သိပ်စိတ်မ၀င်စားဘူးဆိုတာ ပိုပြီး ထင်ရှားလာတယ်”
အမြင်က ရှင်းနေသည်။ ခရီးရှည်ကြီးဖြစ်၍ စိတ်ရှည်ပင်ပန်းခံ ချီတက်ရမည်ဟု လက်ခံယုံကြည်ထားသည်။ ၅ နှစ်အတွင်း အနိုင်တိုက်၍ ရနိုင်သော စစ်ပွဲ မဟုတ်ပါချေ။

“ဗုဒ္ဓဘာသာ အခြေပြု အမျိုးသားရေး ၀ါဒ ဘာကြောင့် ပေါ်ထွက်လာတာလဲ”
“အမျိုးသားရေးဝါဒနဲ့ အစွန်းရောက်ဝါဒကို ခွဲခြားထားရမယ်လို့ ကျမထင်တယ်။ ကျမတို့ စိုးရိမ်တာက အစွန်းရောက်ဝါဒပါ၊ အမျိုးသားရေးဝါဒကို မှန်ကန်တဲ့ လမ်းကြောင်းနဲ့သွားမယ်၊ ထိန်းမယ်ဆိုရင် ဆိုးတဲ့ ကိစ္စ မဟုတ်ပါဘူး။ သူ့ရဲ့ အစွန်းရောက်ဝါဒက ပြဿနာပါ”
“ဒီအချက်က မြန်မာပြည်မှာ ပြဿနာ တခုလား”
“မြန်မာတစ်ခုတည်း မဟုတ်ပါဘူး၊ တစ်ကမ္ဘာလုံး အနှံ့ပါ။ လူ့အဖွဲ့အစည်းတိုင်းမှာ အစွန်းရောက်ဝါဒဟာ ပြဿနာ ဖြစ်လိမ့်မယ်”

ရိုဟင်ဂျာတွေကို နိုင်ငံသားရသင့်တယ်လို့ ထင်ပါသလားဟု မေးရာတွင် ၁၉၈၂ နိုင်ငံသား ဥပဒေဘောင်တွင် အစိုးရသည် စီစစ်ရသည်၊ စီစစ်ရေးများလုပ်နေသည်။ ဤကိစ္စကို အလွန်လျင်လျင်မြန်မြန်နှင့် ပွင့်လင်းမြင်သာစွာ လုပ်သင့်သည်ဟု ဖြေသည်။
လှေစီးဒုက္ခသည် ရိုဟင်ဂျာများအကြောင်းကို ပိုမိုများများ ပြောသင့်ဟု ဆိုလာသော အဝေးမှ မိတ်ဆွေများကို ဘာပြောချင်သလဲ ဟု မေးသည်။

မြန်မာနိုင်ငံတွင် လူနည်းစုများစွာရှိပြီး လူနည်းစု၏ အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် သဟဇာတ ဖြစ်ရေးအတွက် တန်းတူရေးအပါအ၀င် အခြားကိစ္စများအတွက် သူမသည် အမြဲ တိုက်တွန်း ပြောဆိုလာခဲ့သည်။ NLD နှင့် အခြား အဖွဲ့အစည်းများသည် ဒီမိုကရေစီ တန်ဖိုးများအတွက် ဆယ်စုနှစ် သုံးခုနီးပါး ယခုထိ တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။ ထိုနှစ်ကာလများတွင် ကြီးမားဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို သူမတို့ ခံခဲ့ရသည်။ ထို့ကြောင့် တိုင်းရင်းသား လူနည်းစုများသည် သူတို့အခွင့်အရေးများကို ကာကွယ်ရန် လက်နက်စွဲကိုင် လာခဲ့ကြသည်။ လူနည်းစု အခွင့်အရေးများကို ကာကွယ်ပေးသူသည် အလွန့်အလွန် ဂရုတစိုက် တတ်နိုင်သမျှ အမြင့်ဆုံး အထိရောက်ဆုံး ကိုင်တွယ် ဆောင်ရွက်ရမည့် ပြဿနာ တစ်ခု ဖြစ်သည်။ အစိုးရသည် ထိထိရောက်ရောက် လုပ်ဆောင်ပေးနေသည်ဟု မထင်ကြောင်း ဖြေကြားခဲ့သည်။

“ထိလွယ်ရှလွယ်တဲ့ ပြဿနာတစ်ခုလို့ ဆိုလိုတာပါ။ လူမျိုးရေးဆိုင်ရာ ဘာသာရေးဆိုင်ရာ အုပ်စုတွေ အများကြီး ရှိနေကြတယ်။ အုပ်စုတစ်ခုအပေါ် ကျမတို့ တစ်ခုခု ပြောလိုက်တဲ့ အခြားအုပ်စုတွေပေါ် သက်ရောက်မှု ရှိကောင်း ရှိလာမယ်။ ဒီလို အရမ်း ရှုပ်ထွေးတဲ့ အခြေအနေမှာ တစ်ခုခုကို ညတွင်းချင်း ဖြေရှင်းလို့ မရနိုင်ပါဘူး”

ရိုဟင်ဂျာ ဝေါဟာရကို ရှောင်ကွင်းသွားခဲ့သည်။ လူနည်းစုနှင့် တိုင်းရင်းသား လူနည်းစုဟု ခွဲပြောသွားခဲ့သည်။

နောက်ဆုံး မေးခွန်း “အသက် ၇၀ ရောက်လာတာကို ဘယ်လို ခံစားရသလဲ”
“ထူးထူးခြားခြား မခံစားရပါဘူး။ ဒါပေမယ့် ဒီထိ ဝေးဝေး လျှောက်လာခဲ့တာ စိတ်ဝင်စားဖို့ ကောင်းပါတယ်”
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုနှင့် မိုင်နီရှီရှင်ဘွန်း သတင်း (The Mainichi Newspapers) အာရှဗျူရို အကြီးအကဲ Takayuki Kasuga တို့၏ ဇွန်လ ၁၃ ရက် အင်တာဗျူးသည် လက်ရှိ မြန်မာ့နိုင်ငံရေးမှ တပ်မတော်၏ လမ်းကို ဖော်ပြသည်။ မေးခွန်းများက ရှည်ပြီး ဖြေသူက စိတ်ရှည်ရှည် အသေးစိပ် ရှင်းပြသည်။

ပုဒ်မ ၄၃၆ နှင့် စဖွင့်သည်။ ပြင်သင့်သည့်အချိန် မရောက်သေးပါ။ ထို့နောက် ကိုးကန့် ကိစ္စ။
ဂျပန်သတင်းထောက်၏ မေးခွန်းတစ်ခုက ဗြိတိသျှတို့ အပေါ် အပြစ်တင်အပေါ်စီး သဘောပါသည်။ လက်ရှိတွင် ဂျပန်သည် ဖွံ့ဖြိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည်။ အကူအညီများ ပေးနေသည်။

ဗြိတိသျှတို့သည် နှစ်ပေါင်းရာကျော် အုပ်ချုပ်ခဲ့ပြီး သူတို့၏ သွေးခွဲအုပ်ချုပ်သည့် ပေါ်လစီကြောင့်လွတ်လပ်ရေးရကတည်းမှ စကာ ပဋိပက္ခများနှင့် ကြုံရသည်။ တိုင်းရင်းသား အုပ်စုတွေကြားမှာ ငြိမ်းချမ်းရေး တည်ဆောက်ပေးဖို့၊ တိုင်းရင်းသား ပြဿနာကို ဖြေရှင်းရာမှာ ပိုပြီးပါဝင်ဖို့ တာဝန် မရှိဘူးလား ဟု မေးသည်။

လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံ ဖြစ်လာသည်။ ထို့ကြောင့် ပြည်တွင်းပြဿနာများကို နိုင်ငံတော်မှသာ တာဝန်ယူရပေမည်၊ ဗြိတိသျှတို့နှင့် မဆိုင်တော့ဘဲ ကိုယ့်ပြဿနာကို ကိုယ်ရှင်းရပေမည်။ သူတို့ချန်ထားခဲ့သော အကျိုးဆက်များကို ကျွန်တော်ခံရသည်။

နားလည်မှုလွှဲခြင်းများ၊ သံသယများကို ဖယ်ရှားပြီး တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေးဆီ ဦးတည်ပြီး လုပ်ကြလျှင် အမျိုးသားညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးကို ရယူနိုင်မည်ဟု ထင်သည်။ ပြည်တွင်းပြဿနာများကို ပြင်ပနိုင်ငံများ၏ ဖိအားမပါဘဲ ကျွန်တော်တို့ ဖြေရှင်းနိုင်သည်ဟု ယုံကြည်သည်။ နိုင်ငံတစ်ခု၏ တကယ့်အင်အားသည် ပြည်တွင်းမှာရှိသည်။ နိုင်ငံတွင်းမှာရှိသော ပြည်သူများသည် ပြဿနာအခက်အခဲများကို ကျော်လွှားနိုင်သည်ဟု ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် သဘောထားနှင့် နိုင်ငံရေးနယ်ပယ်ထဲသို့ သူဝင်လာမည့် အခြေအနေ အလားအလာများကို မေးမြန်းသောအခါ မတင်းမလျော့ လိမ္မာပါးနပ်စွာ ဖြေသည်။

သမိုင်းအရ အရေးကြီးသော သဘောထားမှာ ‘အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပတ်သက်ပြီး မကြားမကြာ တွေ့ဆုံဆွေးနွေးခွင့် ရပါသလား၊ မြန်မာ့သမိုင်းမှာ သူ့အခန်းကဏ္ဍကို ဘယ်လို ရှုမြင်ပါသလဲ’
“သူဟာ ကျွန်တော်တို့ နိုင်ငံ ကာကွယ်ရေးဌာနအတွက် ဖခင်ကောင်း တစ်ဦးပါ၊ ကာကွယ်ရေးဌာနရဲ့ မိဘတစ်ဦးအနေနဲ့ သီတင်းကျွတ်လို ရက်ကြီးရက်မြတ်တွေမှာ သွားကန်တော့တဲ့ အစဉ်အလာ ရှိပါတယ်။ လိုအပ်တဲ့ လမ်းညွှန်မှုပေးပါတယ်။ လူကြီးက လူငယ်ကို မိဘက သားသမီးများကို ပေးတဲ့ လမ်းညွှန်မှုမျိုးပါ။ ကျွန်တော်တို့အတွက် လက်နက်ကိုင် အဖွဲ့အစည်းများအတွက် တိုင်းပြည်အတွက် ကောင်းဖို့ သူပြောပါလိမ့်မယ်။ နိုင်ငံရေးအကြောင်း သီးသန့် မပြောပါဘူး။

လက်နက်ကိုင် တပ်မတော်အဖွဲ့အစည်းများကို ဦးဆောင်ပြီး ကာကွယ်ကဏ္ဍကို ခေတ်မီအောင် ပြောင်းလဲဖို့ တတ်နိုင်သမျှ သူလုပ်ခဲ့ပါတယ်။ အမှန်ပြောရရင် သူ့ကြိုးပမ်းမှုတွေကြောင့် ခေတ်မီလာတပါ။ သူဟာ မြန်မာပြည်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် တင်ပေးခဲ့ပါတယ်။ သူ့ရဲ့ ကျေးဇူးတင်ထိုက်တဲ့ လုပ်ရပ်တွေကို မေ့လို့ မရပါဘူး။ ကမ္ဘာမှာ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတဲ့ နိုင်ငံတွေ အများကြီး ရှိပါတယ်။

အာဖရိကနိုင်ငံတချို့၊ အရှေ့အလယ်ပိုင်းက အာရပ်နိုင်ငံတချို့ဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်၊ အချို့နိုင်ငံတွေမှာ တိုက်ခိုက်မှုတွေ ပေါက်ကွဲ ထွက်ပါတယ်။ လမ်းကြောင်းမှန်ပေါ်ကို အခိုင်အမာ တင်ပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကြိုးပမ်းမှုကို ကျွန်တော်တို့ အသိအမှတ် ပြုရပါလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာပါပဲ။ ၂၀၁၁ မှာ သမ္မတအဖြစ် ရွေးချယ်ခံရပြီးတော့ ဦးသိန်းစိန်ဟာ ပြည်ထောင်စု တည်ငြိမ်ရေးနဲ့ လက်နက်ကိုင် ပဋိပက္ခရပ်စဲရေးအတွက် ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပါတယ်။ အထက်ကပြောခဲ့တာတွေ မရှိရင် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဟာလည်း အလွယ်တကူ ဖော်ဆောင်လို့ မရပါဘူး။

 လက်ရှိ တစ်နိုင်ငံလုံးမှာ သေနတ်သံတွေ မကြားရတော့ဘူး။ အလွန်နည်းသွားခဲ့ပါပြီ။ ဒါဟာ အုတ်မြစ်ခိုင်မာလို့ပါ။ ဒီလို အုတ်မြစ်ခိုင်ခိုင်မာမာ မရှိခဲ့ရင် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်သွားနေတဲ့ တခြားနိုင်ငံတွေလို ဆိုးဝါးတဲ့ အခြေအနေတွေကို ကျွန်တော်တို့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါတွေ အားလုံးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လုပ်ခဲ့တာကြောင့် ဆိုတာကို ကျွန်တော် ပြောပြလိုပါတယ်။
နောက်မေးခွန်းပိုင်းမှာ အယ်လ်ကိုင်ဒါနှင့် IS တို့နှင့် ပတ်သက်သည်။

အထူးသတိထားပြီး ဆောင်ရွက်နေကြာင်း ပြောသည်။ ရခိုင်မှ မူဆလင်ပြဿနာတွင် နှစ်ပိုင်းရှိသည်။ ပထမကိစ္စမှာ စီးပွားရေး အခွင့်အလမ်းများကြောင့် ရခိုင်မှ စွန့်ခွာထွက်ပြေးသွားသော အစ္စာလာမ်များ ဖြစ်သည်။ ဒုတိယမှာ နိုင်ငံရေး လူမျိုးရေးနှင့် ပတ်သက်သော ဘာသာရေး ပြဿနာဖြစ်သည်။

IS ပြဿနာသည် စီးပွားရေးနှင့် မဆိုင်။ ဘာသာရေးနှင့် ပတ်သက်ပြီး IS ပြဿနာ ရှိလာနိုင်သည်ဟု သူမြင်သည်။ မြန်မာသည် သတိထားရမည်။ အတူတူတွဲလုပ်နိုင်သော နိုင်ငံများနှင့် အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်နေသည်။ မြန်မာပြည်တွင် အစ္စလာမ် ကိုးကွယ်သူများရှိသည်။ သူတို့ကို သွေးထိုးမြှောက်ပင့်တာ မလုပ်ဘူးလို့် ကျွန်တော်တို့ မပြောနိုင်။
“ကျွန်တော်တို့ အစီအရင်ခံစာတွေ ရနေတယ်။ အန္တရာယ်များတဲ့ အဆင့်တစ်ခုကို သူတို့ မရောက်သေးဘူး။ ကျွန်တော်တို့ သတိထားရမယ့် တစ်စုံတစ်ရာ အခြေအနေ ရောက်နေတယ်လို့ ပြောနိုင်ပါတယ်”

မေး။ ။ တကယ့် ခြိမ်းခြောက်မှုရော မဖြစ်နိုင်ဘူးလား။
ဖြေ။ ။ ဖြစ်နိုင်တဲ့ ခြိမ်းခြောက်မှုပါ။
မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး၏ အထင်ကရ ပုဂ္ဂိုလ်နှစ်ဦးတွင် တူသယောင်တွေလည်းရှိ၊ ပြဒါးတစ်လမ်း သံတစ်လမ်းတွေလည်း ရှိနေသည်။ ခြောက်ပွင့်ဆိုင်လည်း မရေမရာနှင့် ဝေးပြီ။ နှစ်ဦးတွေ့ဖို့ နှစ်ပွင့်ဆိုင်က ဖြစ်နိုင်ခြေ မရှိ။ ရှိတော့လည်း အဖြေသစ် ထွက်လာမည် မထင်။

ဖွဲ့စည်းပုံ ခြေဥပြင်ဆင်ရေးကလည်း မီးရှူး မီးပန်းဖြစ်သွားပြီ။ NCA ကလည်း မိုးကြီးတောင်ပြို လမ်းပျက်လမ်းပိတ်နေပြီ။ ငြိမ်းချမ်းရေးက ကျွန်တော်တို့ ခူးဆွတ်ရန် မီမီသော ပန်း။ အာဏာရပါတီထဲမှာလည်း ပွတ်တိုက်မှုမှသည် ပဋိပက္ခနှင့် အကွဲအပြဲဆီသို့။ တပ်မတော်ကတော့ ဒို့တာဝန်အရေးသုံးပါး ဦးထိပ်ထားပြီး သေနတ်ကို တင်းတင်းဆုတ်ကိုင်လျက်။ ပြည်သူများက ငြိမ်းချမ်းရေး လိုချင်သည်။ တိုးတက်ဖွံ့ဖြိုးမှုကို မျှော်လင့်သည်။
ဖက်ဒရယ်ခရီးနှင့် ငြိမ်းချမ်းသော ရွှေပြည်ကြီးဆီ
ဖြစ်နိုင်ခြေနည်းပါးနေသည်။ ဝေးခဲ့လေပြီလား။

မောင်ခိုင်အောင်
၎ ဂျူလိုင် ၂၀၁၆

ဖက်ဒရယ်ဂျာနယ် (August, 2015) မှ ကူးယူဖော်ပြပါသည်။
စာရေးဆရာ မောင်ခိုင်အောင် (ခေါ်) ဦးဦးလှစောသည် ဖယ်ဒရယ်ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ တဦးလည်း ဖြစ်သည်။

ဖယ်ဒရယ်ဂျာနယ် ဧပြီ၊ ၂၀၁၃ မှ ဆောင်းပါးအား AKYAB POST ညီအစ်ကိုများ ပြန်လည် ရိုက်နှိပ်ပေးပါသည်။


EmoticonEmoticon

Comments system

Flag Counter