တကယ်ပဲ ရခိုင်ပြည်ဟာ ပရုပ်လုံးလို ဖြစ်သွားတော့မှာလား





တကယ်ပဲ ရခိုင်ပြည်ဟာ ပရုပ်လုံးလို ဖြစ်သွားတော့မှာလား

နိုင်ငံရေးမှာ ပြည်သူ ယုံ၊ မယုံ၊ အသာထား၊ အာဝဇ္ဖန်းရွှင်ရွှင်ဖြင့် ပြောတတ်ဆိုတတ်ရင် လူတွေ သတိပြုမိတတ်ကြပါတယ်။ အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးသူတွေထဲမှာ ရီပဘလစ်ကန် သမ္မတလောင်းတွေထဲမှာ နံပါတ် (၁) ထိပ်က ပြေးနေသူက သန်းကြွယ်သူဌေးကြီး ဒေါ်နယ်ထရန့် ပဲဖြစ်ပါတယ်။ သူဟာ အမေရိကန် ပြည်သူတွေကို စကားလုံး အမြောက်ကြီးတွေ ဖောက်ပြီးတော့ မဲဆွယ်စည်းရုံးနေပါပြီ။

 အမေရိကန် စာနယ်ဇင်းတွေကတော့ စကားစစ်ထိုးပွဲတွေမှာ အရည်အချင်း ရှိ၊ မရှိ ပေါ်လာတော့မှာ ဖြစ်လို့ တဖြည်းဖြည်း လူကြိုက် နည်းသွားမှာပါလို့ ဝေဖန်သုံးသပ်နေကြပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်မှာလည်း အပေါ်က ချပေးပြီး ၀န်ကြီးချုပ်ဖြစ်လာတဲ့ (အခုတော့ ကိုယ်စားလှယ်လောင်း) ဦးမောင်မောင်အုန်းဟာလည်း စကားလုံးတွေ၊ ဘားဂျတ်တွေ၊ စီမံကိန်းတွေနဲ့ ရခိုင်ပြည်ကို (၁) နှစ်နဲ့ (၄) လ အုပ်ချုပ်သွားခဲ့ပါတယ်။

 အပေါ်က ကျလာတယ်ဆိုတော့ ခေတ်သုံးစကားနဲ့ ပြောရရင် တပ်မတော်ရဲ့ မိုးကျရွှေကိုယ် တယောက်ပါ။ ရခိုင့်သွေးတွေ သူ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေပါတယ်၊ ရခိုင်ပြည်ကို စင်ကာပူလို ဖြစ်စေရမယ်၊ ပွဲလမ်းသဘင်တွေအတွက် ငွေကြေးတွေကို ဖောဖောသီသီ သုံးစွဲပြီးတော့ ရခိုင်လူမျိုးတွေရဲ့ ရင်ထဲကို စိတ်ဓာတ်ရေးရာ ထိုးစစ်တွေ ဆင်တဲ့ အလား သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသားရေးအရ ရန် ငါ စည်းပြတ်တဲ့ ရခိုင်တွေဟာ ဦးမောင်မောင်အုန်းကို သိပ်ပြီးတော့ သဘောတွေ့ခဲ့ကြတာ မဟုတ်ပါဘူး။

ဦးမောင်မောင်အုန်းဟာ သူပြောတဲ့ စကားကို သူ တည်တဲ့ သူ တယောက်တော့ မဟုတ်ပါဘူး။ ပထမဆုံး သူ ၀န်ကြီးချုပ် ဖြစ်လာခါစ စကားကိုပဲ ပြန်ဖောက်သည် ချက်ချင်ပါတယ်။

သူပြောတာကတော့ ‘‘၂၀၁၅ ကျရင် တက်လာမယ့် ပြည်နယ်အစိုးရသစ် ရခိုင် တိုင်းရင်းသား ဦးဆောင်မယ့် ၀န်ကြီးချုပ်ဟာ တစ်ခါတည်း ချက်ချင်းကိုပြောင်းလဲပြီးတော့မှ ယနေ့ ရခိုင်ပြည်နယ်ဟာ နိမ့်ကျနေတဲ့ဟာကို တက်အောင်ကြိုး စားမယ်။ နိုင်ငံတော်ကလည်း ကျွန်တော့်ကို လုပ်ပိုင်ခွင့်အာဏာ ပေးထားပြီဆိုတော့ လာမယ့် ၂၀၁၅ အလွန်ကျ ရင်တော့ ရခိုင်ပြည်နယ်ကြီးဟာ အဆင့်တစ်ဆင့်မှာ တိုးတက်ပြီးမှ လာမယ့်ပြည်နယ်အစိုးရ၊ ပြည်နယ်ဝန်ကြီးချုပ်က ကောင်းမွန်တဲ့ ရလဒ်တွေကို ဆုပ်ကိုင်ပြီးတော့မှ ဒီထက် တိုးတက်အောင် ဆောင်ရွက်သွားနိုင်အောင် ကျွန်တော့် သက်တမ်းကာလလေးမှာတော့ အတတ်နိုင်ဆုံး လုပ်ဆောင်ပါ့ မယ်လို့ ပြောလိုပါတယ်” လို့ ပြောပါတယ်။

အခုအချိန်မှာတော့ သူဟာ ရခိုင်ပြည် လွှတ်တော်၊ ရခိုင်ပြည်အစိုးရ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အတွက် တပ်မတော်သားတွေ ကြီးစိုးတဲ့ အမ်း မြို့နယ် (တပ်မတော်အနွယ်တွေ ကြီးစိုးတဲ့) မှ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီးတော့ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးစား နေပါပြီ။

 တပ်မတော်သားတွေ ကြီးစိုးတဲ့ အမ်းကနေ ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် “တကျော့ပြန် ဦးမောင်မောင်အုန်း” ကို ပြန် မြင်တွေ့ ရဖို့ ရှိနေပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ဦးမောင်မောင်အုန်း အသံကို ကျယ်ကျယ်လောင်လောင် မကြားရပေမယ့် မနေ့က (၂၆၊ ၁၀၊ ၂၀၁၅) ကျင်းပတဲ့ မြောက်ဦး မဲဆွယ်စည်းရုံးပွဲမှာတော့ ပရုပ်လုံး ဥပမာလေး နဲ့ ပြန်ပေါ်လာပါပြီ။ “ပရုတ်လုံး ဦးမောင်မောင်အုန်း” ဆိုပြီးတော့ ရခိုင်ပြည်သူတွေက ချစ်စနှိုးလည်း ခေါ်နေကြပါပြီ။

ဦးမောင်မောင်အုန်းပြောတဲ့ ပရုပ်လုံး ဥပမာလေးကတော့ ဒီလိုပါ။ “ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေဟာ အမျိုးကိုချစ်သော တိုင်းရင်းသား၊ ဒါပေမယ့် တစ်ချို့အမျိုးတွေက အရမ်းချစ်လွန်းတယ်။ ရခိုင်ကွဆိုပြီး ဘယ်သူ့ကိုမှလည်း မပေါင်းချင်ဘူး။

ဘယ်သူ့ကိုမှလည်း မယုံဘူး။ ဘယ်သူ့မှလည်း မလာနဲ့ဆိုပြီး ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ မိဘပြည်သူများလည်း ရှိပါတယ်။ မျက်လုံးမှိတ်ထားရင် ဘာမှမြင်ရမှာ မဟုတ်ပါဘူး။ မိဘပြည်သူများ မျက်လုံးဖွင့်ပြီး ချစ်ကြပါလို့ ပြောလိုပါတယ်။ မျက်လုံးဖွင့်တာမှ ပြူနေအောင် ကြည့်မှဘဲ ကိုယ့်အမျိုးကိုယ် တကယ်ချစ်ရာရောက်မယ်၊ ဘယ်သူမှမလာနဲ့ ဘယ်သူနဲ့မှ မပေါင်းဘူးဆိုရင် ရခိုင်ပြည်နယ်ဟာ ကြာရင် ပရုပ်လုံးလို့ လုံးပါးပါးသွားလိမ့်မယ်။ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည် အကျိုးရှိမယ်ဆိုရင် ပူးပေါင်းသင့်တာကိုလည်း ပူးပေါင်းရမယ်” လို့ သူက ပြောပါတယ်။

ဦးမောင်မောင်အုန်း ပြောစကားတွေဟာ ရခိုင်လူမျိုးတွေ မျက်စိတ်မှိတ်၊ နားပိတ်နဲ့ ပညာဥာဏ်၊ ဗဟုသုတ မရှိဘူး၊ အဲလို ပိတ်နေလို့ ဥာဏ်မျက်စိ ကွယ်နေတယ်လို့ ပြောတာပဲ လို့ ယူဆပါတယ်။ တကယ်တော့ ကျွန်တော်တို့ ရခိုင်လူမျိုးတွေဟာ ကမ္ဘာကြီးကိုတောင် ရခိုင့်မျက်စိ၊ ရခိုင်နား၊ ရခိုင်ပါးစပ်နဲ့ ကမ္ဘာကြည့်ကြည့်ခဲ့ သူတွေပါ။

သမိုင်းအဆက်ဆက် ဆရာတော်သျှင်ဦးဥတ္တမ၊ ဦးအောင်ဇံဝေ၊ ဦးမေအောင်၊ ဦးစံရွှေအောင်၊ ဦးကျော်ရင်၊ ဦးဘစံ စတဲ့ ခေါင်းဆောင်တွေဟာ ဗမာတိုင်းရင်းသား၊ တခြား တိုင်းရင်းသားတွေနဲ့ လက်တွဲ ပြီးတော့ ခေတ်မှီတိုးတက်တဲ့ မြန်မာပြည်ကို ကဏ္ဍာအသီးသီးက ထူထောင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့လို ခေါင်းဆောင် မဟုတ်ခဲ့ပေမယ့် ရခိုင်ပြည်သူ အများစုရဲ့ ပညာ အမြင်အမြော်ဟာ မနိမ့်ကျခဲ့ပါဘူး။ ကမ္ဘာကြည့်၊ မြန်မာကြည့် ကြည့်တတ်ကြတဲ့ သူတွေ ချည်းပါပဲ။

ဒါပေမယ့် ဒီနေ့ အချိန်မှာ ရခိုင်ပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အထွေထွေ ချွတ်ခြုံကျမှုတွေဟာ လူကြီးမင်း ဦးမောင်မောင်အုန်းတို့ရဲ့ အိုင်ဒီယို လော်ဂျီ ဂုရုကြီးတွေ လက်ထက်မှာ ပေါ်ပေါက်လာခဲ့ တာပါ။ တကယ်တော့ တချိန်က ရခိုင်ပြည်ဟာ ဦးမောင်မောင်အုန်း တင်စားသလို ပရုပ်လုံး တစ်လုံးတော့ မဟုတ်ခဲ့ပါဘူး။ ပြည်တန်တဲ့ ပတ္တာမြား တလုံးပါ။ အဂုအချိန်မှာတော့ ရခိုင်ပြည်က ထွက်တဲ့ ဓာတ်ငွေ့တွေလို ရခိုင်ပြည်ဟာ အငွေ့ ပျံ နေခဲ့ပါပြီ။

မြေက်ဦး မဲဆွယ်ပွဲမှာ ဦးမောင်မောင်အုန်းက ထပ်ပြောပါတယ်။ “တကယ်တော့ ဖယ်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်ဘူး။ ပူးပေါင်း ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။ ရခိုင်သားမှန်ရင် ရခိုင်ပါတီကို ပေးပါဆိုတာကို ကျွန်တော် ထောက်ခံပါတယ်။ ကျွန်တော်တို့လည်း ရခိုင်ပါတီ တစ်ခုပါပဲလို့ ပြောချင်ပါတယ်။ ဒါကြောင့် ပါတီရဲ့မူကို ကြည့်ပြီး ရခိုင်တိုင်းရင်းသားတွေကလည်း စဉ်းစားပါလို့ ပြောလိုပါတယ်။ နောက်ပြီး ရခိုင့်ကကြမ္မာ ရခိုင်ဖန်တီးမယ်တဲ့၊ ဒါလည်း အင်မတန်မှန်တဲ့ စကားပဲခင်ဗျ၊ ချင်းကံကြမ္မာ ချင်းဖန်တီးရမယ်၊ ရခိုင့်ကံကြမ္မာ ရခိုင်ဖန်တီးရမယ်၊ သို့သော်လည်း ကျွန်တော်မေးချင်တာက ဘယ်လိုများ ဖန်တီးမှာလဲ။”လို့ ပြောပါတယ်။

တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တချိန်က တပ်မတော်ရော၊ ဗမာအမျိုးသားအများစု တင်တင် ငြင်းခဲ့ကြတဲ့ “ဖယ်ဒရယ်” ဆိုတဲ့ စကားကို မလွှဲသာ မရှောင်သာ တင်တင်ကျယ်ကျယ် ပြောလာနေရပါပြီ။

ဦးမောင်မောင်အုန်းတို့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ သုံးနေရတာကိုပဲ ကျွန်တော်တို့ကို ခင်ဗျားတို့ ခေါ်တဲ့ တိုင်းရင်းသားတွေ ၀မ်းပမ်းတသာ ရှိကြတယ်လို့ ပြောပါရစေ။ ဦးမောင်မောင်အုန်းတို့ ပါတီနဲ့ တပ်မတော်ရဲ့ စိတ်ထဲမှာ အနစ်သာရအားဖြင့် လက်မခံနိုင်သေးပေမယ့် “ဖယ်ဒရယ်” ဆိုတဲ့ လမ်းကို လျှောက်ရမယ်ဆိုတာ အသိဝင်လာတာကိုက ကျွန်တော်တို့ ရခိုင်လူမျိုးအတွက် အောက်ပွဲ တ၀က် ရသလို ခံစားရပါတယ်။

 ဒါပေမယ့် ဒီနေရာမှာ စိုးရိမ်စရာ အကြီးအကျယ် ရှိနေပါတယ်။ ဒါကလည်း မြန်မာနိုင်ငံရဲ့ လူမျိုးကြီးအုပ်စု၊ အာဏာရှင်အုပ်စုတွေရဲ့ အတွေးအခေါ် ရောမွှေတဲ့ အစဉ်အလာ တွေကြောင့်ပါ။ မြန်မာနိုင်ငံမှာ ဆိုရှယ်လစ် အတွေးအခေါ်တို့၊ ကွန်မြူနစ်အတွေးအခေါ်တို့ အားကောင်းလာရင် ဒါကို ဟန်ပြ ၀မ်းချ တတ်တဲ့ “မြန်မာ့နည်း၊ မြန်မာ့ဟန် ဆိုရှယ်လစ် လမ်းစဉ်” တို့၊ ဒီမိုကရေစီအားကောင်းလာရင် “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” တို့ လုပ်တတ်တဲ့ သမိုင်းကြောင်းတွေ ကြောင့်ပါ။

တကယ်တော့ ဖယ်ဒရယ်ဆိုတဲ့ စကားလုံးအောက်မှာ ဦးမောင်မောင်အုန်းတို့ ပါတီ၊ တပ်မတော်က မောင်ပိုင် စီးထားတဲ့ အာဏာနဲ့ သယံဇာတ ခွဲဝေရေးဆိုတဲ့ ကိစ္စတွေလဲ ဆွေးနွေးစရာ ဖြစ်လာမှာပါ။ ဖယ်ဒရယ်ဆိုတဲ့ အသုံးအနှုန်းအောက်မှာ အာဏာကို ဘယ်လို ခွဲဝေမလဲ၊ သယံဇာတတွေ ဘယ်လို ခွဲပေးမလဲ ဆိုတဲ့ ကိစ္စတွေကို ဦးမောင်မောင်အုန်းအနေနဲ့ ကျန်တဲ့ မဲဆွယ်စည်းရုံး ဟောပြောပွဲတွေမှာ ရခိုင်တွေ သိအောင် ပြောပြချင်ပါတယ်။

 အဲဒီလို ဦးမောင်မောင်အုန်း ပြောတဲ့ ဖယ်ဒရယ် ပြည်ထောင်စု စကားနောက်မှာ မလွှဲ မရှောင်သာ လုပ်ရမယ့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ဒါမှ မဟုတ် ဖွဲ့စည်းပုံ ပြန်လည် ရေးဆွဲရေးဆိုတာလဲ ပါလာမှာပါ။ အဲဒီလို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိစ္စတွေမှာ ရခိုင်ပြည်သူတွေ လိုလားတဲ့ ဆန္ဒကို ဦးမောင်မောင်အုန်း ဘယ်လောက်ထိ ကိုယ်စားပြုနိုင် မလဲဆိုတာကို ရခိုင်ပြည်သူတွေ မျှော်လင့် စောင့်စားလျက်ရှိနေပါတယ်။
ဦးမောင်မောင်အုန်း ပြောတဲ့ အထဲမှာ “ရခိုင့်ကံကြမ္မာ ရခိုင်ဖန်တီးရမယ်၊ သို့သော်လည်း ကျွန်တော်မေးချင်တာက ဘယ်လိုများ ဖန်တီးမှာလဲ” ဆိုတဲ့ အမေးလဲ ပါ ပါတယ်။ ဒီမေးခွန်းအတွက် ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်အနေနဲ့ အဖြေ မရှိပါဘူး။

ဦးမောင်မောင်အုန်းပဲ ဖြေပေးစေချင်ပါတယ်။ ဒါပေမယ့် မေးခွန်း တခုလောက်တော့ မေး ခွင့်ပေးပါ။ ဦးမောင်မောင်အုန်းတို့ အာဏာရ ပြည်ခိုင်ဖွံ့ဖြိုးပါတီနဲ့ (၂၅) ရာခိုင်နှုန်း ကြီးစိုးထားတဲ့ တပ်မတော်ကရော ကျွန်တော်တို့ ရခိုင်ပြည်ကို လွန်ခဲ့ (၅) နှစ်က ရခိုင့်ကံကြမ္မာ ရခိုင်တွေ ဖန်တီးခွင့် ပေးနိုင်ခဲ့ပါ သလား။

ရခိုင်ပါတီထဲက မဲအများစု အနိုင်ရခဲ့တာတောင် ရခိုင်အမျိုးသားတွေ ဦးဆောင်ပြီး အစိုးရဖွဲ့ခွင့် မရှိတဲ့ အခြေအနေမှာ ရခိုင် လူမျိုးတွေက ပြည်ခိုင်ဖြိုးပါတီကို မဲပေးပြီးတော့ ရခိုင့်ကံကြမ္မာကို ဦးမောင်မောင်အုန်းတို့ကို ဖန်တီးပေးခွင့် ပေး စေချင်တာလား။ ရခိုင့်ကံကြမ္မာကို ဦးမောင်မောင်အုန်းတို့ရဲ့ ဆရာ့ဆရာကြီးတွေ ဖန်တီးပေးခဲ့တာ ရခိုင်ပြည်နယ်ဟာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တခု အဖြစ်တော့ မှတ်ကျောက်တင်နိုင်ခဲ့ပါပြီ။

ဒီနေရာမှာ ဦးမောင်မောင်အုန်းတို့လို နိုင်ငံ့ တာဝန် ဂုဏ်ကြီး၊ ဒြပ်ကြီး၊ ရာထူးကြီးတွေ မရှိခဲ့ပေမယ့် ရခိုင်တွေကို နိုင်ငံရေးအရ ဦးဆောင်မှု ပေးနေတဲ့ ရခိုင့်ခေါင်းဆောင် ဦးဦးလှစောက ဦးမောင်မောင်အုန်း ရခိုင်ပြည်ဝန်ကြီးချုပ် ရာထူး ရယူခါစ အချိန်က သုံးသပ်ချက်ဟာ သွေးထွက်အောင် မှန်ခဲ့ပါတယ်။

 သူ့ကို ဧရာဝတီ မဂ္ဂဇင်းက အင်တာဗျူး တခုမှာ “ရခိုင်ပြည်နယ်မှာ အစိုးရက တိုက်ရိုက်ချ ပေးထားတဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းရဲ့ ရခိုင်လူထုကို စီမံခန့်ခွဲပုံကိုရော ဘယ်လိုမြင်ပါသလဲ။” လို့ မေးခဲ့ပါတယ်။ ဒါကို ဦးဦးလှစောက “သူက သူ့အလုပ်သူလုပ်နေတဲ့ စစ်သား တယောက်ပါ၊ နိုင်ငံရေးနဲ့ ရောစပ်ပြီး သူ့တာဝန်ကို အကောင်အထည် ဖော်နေတာပါ။

သူက နိုင်ငံရေး တာဝန်ပေးခံထားရတဲ့ စစ်သားတယောက် ဖြစ်တယ်။ ဒီထက် မပိုပါဘူး။ သူက အထက်က ချမှတ်တာကို အကောင် ထည် ဖော်နေတာပါ။ လူထုကို ငြိမ်အောင် ထိန်းမယ်။ လူထု ဘာကြိုက်လဲဆိုတာကို သိတယ်။ လူထုကြားမှာ ပေါ်ပြူလာ ဖြစ်အောင် လုပ်မယ်။ ရခိုင်ပြည်နယ်မှာ လူထုပျော်အောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ နိုင်ငံရေးအရ အခွင့်အရေး မပေး ဘဲ သာမန် ဖွံ့ဖြိုးမှုတွေကို လုပ်ပေးတာမျိုးပေါ့။ စည်ပင်သာယာ အခွင့်အရေးလောက် ပေးတာမျိုးပေါ့။” ဖြေခဲ့ပါတယ်။

 ဒါဟာ ဦးမောင်မောင်အုန်း ပြောသလို မျက်လုံး ပြူးအောင် ဖွင့်ကြည့်တတ်တဲ့ ရခိုင် တယောက် အမြင်ပါ။ ဦးဦးလှစော ပြောတဲ့ လမ်းကြောင်းအတိုင်းပဲ ဦးမောင်မောင်အုန်း လျှောက်ခဲ့ရတာပဲ မဟုတ်ပါလား။
ပြောတာတွေလဲ အတော့ကို ရှည်သွားပါပြီ။ ဒီနေရာမှာ ရခိုင်ပြည်၊ မြန်မာပြည် တိုးတက်ကြီးပွားဖို့အတွက် ဦးမောင်မောင်အုန်းလို လူတွေလဲ လိုအပ်နေတာ အမှန်ပါပဲ။ ဒါကို မငြင်းပါဘူး။

တကယ့်တော့ မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး သဘောတရားဟာ အထူးအရေးကြီးလာပါတယ်။ ဦးမောင်မောင်အုန်းတို့လို့ အရပ်ဘက်၊ စစ်ဘက် ကိစ္စရပ်တွေမှာ ဆက်နွယ် ပါဝင်ပတ်သက်ခဲ့သူတယောက် အနေနဲ့ ပါတီစွဲ၊ ဆန္ဒစွဲ ကင်းကင်းနဲ့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နိုင်ဖို့ ဆုတောင်းပါတယ်။ တကယ်ပဲ ရခိုင်ပြည်သူတွေဟာ ဦးမောင်မောင်အုန်း ပြောခဲ့တဲ့စကားတွေကို မလိုက်နာနိုင်ရင် ပရုပ်လုံးလို့ ဖြစ်သွားတော့ မှာလား။ တကယ်လို့များ ဦးမောင်မောင်အုန်းတို့ ပါတီ ရခိုင်ပြည်မှာ နိုင် နိုင်၊ ရှုံးရှုံး ရခိုင်ပြည်ကို ပရုပ်လုံး ဖြစ်အောင် မလုပ်လိုက်ပါနဲ့လို့ သက်ဆိုင်သူတွေကို တောင်းပန်ချင်ပါတယ်။



လင်းကျော်အောင်
(၂၇၊ ၁၀၊ ၂၀၁၅)





EmoticonEmoticon

Comments system

Flag Counter