■ ANP = ရခိုင် = ဒေါက်တာအေးမောင် ■





▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
■ ANP = ရခိုင် = ဒေါက်တာအေးမောင် ■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဒေါက်တာ အေးမောင်သည် ရခိုင်အမျိုးသား ကိုယ်စားလှယ်လောင်း (Arakanese Candidate) တစ်ဦး။ ANP သည် ရခိုင်ပြည် (Arakan)၊ ရခိုင်လူထု (Arakanese) ကိုယ်စားပြု ပါတီ။ ဒေါက်တာအေးမောင် ကိုယ်စားပြုသည့် ရခိုင်ပါတီ ANP သည် ၎င်း ၀င်ရောက် ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် အပါအ၀င် ကိုယ်စားလှယ်အရေအတွက် စုစုပေါင်းအရ အများစု အနိုင် ရထားသည်။ အကြမ်းအားဖြင့် (၈၀) ရာခိုင်နှုန်ခန့် (ANP) က နိုင်သည်ဟု ပြောနိုင်သည်။

ဒေါက်တာအေးမောင် ရွေးကောက်ပွဲတွင် မဲ အနိုင် မရခဲ့သော်လည်း ANP ပါတီတွင်း လုပ်ငန်းများကို ၎င်းအနေဖြင့် ပိုမိုအားဖြည့် လုပ်ဆောင်နိုင်မည့် ပါတီ ဥက္ကဋ္ဌအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မူဝါဒရေးရာ ပဲ့ကိုင်ရှင်လုပ်ငန်း (Steering MP elect.) ကို ပိုမို ပီပြင်စွာ လုပ်ဆောင်နိုင်မည့်အနေအထား ဖြစ်သည်။ ၎င်း၏ အသက်အရွယ်အရ လာမည့် ၂၀၂၀ တွင် ရွေးကောက် ခံနိုင်မည့် အနေအထားလည်း ရှိသေးသည်။

သင်းကွတ်ခံထားသည့် ပါတီနိုင်ငံရေး (Party Politics) ၊ အမျိုးသားနိုင်ငံရေး (National Politics) ၊ ဒီမိုကရေစီယဉ်ကျေးမှု (Democratic Culture) ထွန်းကား လာစေရေးတို့အတွက် ဒေါက်တာအေးမောင်၏ ပါတီတွင် အချိန်ပြည့် လုပ်ဆောင်ပေးမှုက လွန်စွာ အထောက်အကူပြုမည့် အနေအထားကောင်း တစ်ခုအဖြစ် ရှုမြင်သင့်သည်။ ဒေါက်တာအေးမောင်အနေဖြင့် မာန်အောင်ကျွန်းတွင် ရွေးကောက်ပွဲ မဲ မနိုင်ခဲ့ခြင်းကို လူမျိုးရေးအစွန်းရောက် (တောင်ပိုင်း-မြောက်ပိုင်းခွဲခြားခြင်း) အတွေးအမြင်ဖြင့် မကြည့်ရှုသင့်။

ရွေးကောက်ပွဲသည် ပါတီနိုင်ငံရေးလောက၌ ဒီမိုကရေစီ စနစ်အောက်တွင် လုပ်ဆောင်ရမည့် အခင်းအကျင်း တရပ်သာလျှင် ဖြစ်သည်။ ဤ အခင်းအကျင်းတွင် လွှတ်တော်တွင်း၊ လွှတ်တော် ပြင်ပနိုင်ငံရေး လုပ်ငန်းစဉ် များစွာရှိသည်။ ရှေ့ဆက် ဖြတ်သန်းရမည့် ကာလများတွင် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ ဟန်ချက်ညီ လုပ်ဆောင်ရမည့် အခင်းအကျင်းအောက်တွင် စိန်ခေါ်မှုများစွာ ဆီးကြို လျက်ရှိသည်။

ANP တွင် ဦးအေးသာအောင်၊ ဦးဦးလှစောကဲ့သို့သော ပြည်နယ်၊ ပြည်မ / ပြည်တွင်း၊ ပြည်ပ ထောက်ခံအားပေးမှုကို အားကောင်းစွာ ရရှိထားသည့် အများ ယုံကြည်ကိုးစားမှုရှိသော ခေါင်းဆောင်များ ရှိနေသည်ကို သတိချပ်ရန် လိုအပ်ပါမည်။

ထို့အပြင် ဒေါ်အေးနုစိန်၊ ဦးခိုင်ပြည်စိုးနှင့် ၀ိုင်းရံ ပါတီကေဒါများ၊ ၀ါရင့် နိုင်ငံရေးသမားကြီးများနှင့် ရွက်ပုန်းသီး အတွေ့အကြုံရင့် ပညာရှင်ကြီးများ ပါတီအ၀န်းအ၀ိုင်းတွင် ရှိနေသည်မှာ အလားအလာကောင်းများပင် ဖြစ်သည်။ အနာဂတ်အတွက် အလားအလာရှိသည့် မျိုးဆက်သစ်ခေါင်းဆောင်များကို မွေးထုတ်ရန်အတွက် ပါတီပဲ့ကိုင်ရှင်တွင် အဓိက တာဝန်ရှိသည်။

ထို့အပြင် စုပေါင်း ခေါင်းဆောင်မှုစနစ်ကို ပီပြင်အောင် လုပ်ဆောင်ရန် ကိစ္စကလည်း လက်တွေ့ ဖြတ်သန်းကျော်လွှားမှုကသာ ရရှိနိုင်သော အရာဖြစ်သည့်အတွက် ပါတီဌာနချုပ်နှင့် ဌာနခွဲများ၏ ဆိုင်ရာလုပ်ငန်းများကို မဟာဗျူဟာ ကျကျ ဖော်ဆောင်ရန် လိုအပ်လျက်ရှိနေသည်။ အခြေခံအားဖြင့် ပါတီအတွက် မရှိမဖြစ် လိုအပ်သည့် အားကောင်းသော ပါတီ အခြေခံအဆောက်အဦများ ဖြစ်သော မူဝါဒရေးရာ အင်စတီကျူးရှင်းများ (Policy Institutes) သည် နှစ်ရှည်လများ စဉ်ဆက်မပြတ် တည်ဆောက်နေရမည့် အရာများ ဖြစ်သည့်အတွက် ဤသည်တို့ကို သတိမူ၍ အားပေးလုပ်ဆောင်ကြရန်မှာ လူသားအရင်းအမြစ် လွန်စွာ လိုအပ်လျက် ရှိနေပါသည်။

ထို့ကြောင့် လူသားအရင်းအမြစ်၏ အခြေခံဖြစ်သော လူ့အလွှာပေါင်းစုံဖြင့် စုဖွဲ့ထားသည့် လူ့အသိုက်အ၀န်းတစ်ခု၏ မတူကွဲပြားစွာ ဖြစ်တည်မှုကို အပြည့်အ၀ သဘောပေါက်နားလည်၍ ဒီမိုကရေစီစနစ်၏ တန်ဖိုးများကို လက်ခံအသိအမှတ်ပြု ကျင့်သုံးဖို့အတွက် အထူး အလေးဂရုပြုရ ပေလိမ့်မည်။ စနစ်ဆိုးအောက်တွင် ယဉ်ပါးနေခဲ့သော အတွေးညစ် အကျင့်ဆိုးများကို ဖောက်ထုတ်ကာ အချင်းချင်း ပြစ်တင်ပုတ်ခတ်မှုများကို ရှောင်ရှားကြ၍ ရှေ့ဆက်ရမည့် ခရီးရှည်ကို မျှော်ကိုးလျှက် အနုမြူ လက်နက်တမျှ စွမ်းပကားရှိသည့် စည်းလုံးညီညွတ်မှုအတွက် ဦးတည်လုပ်ဆောင်ကြရန် တိုက်တွန်း လိုက်ရပေသည်။


လင်းကျော်အောင်
(၉၊ ၁၁၊ ၂၀၁၅)





EmoticonEmoticon

Comments system

Flag Counter