အလုပ်သမားနဲ့ နိုင်ငံရေး






အလုပ်သမားနဲ့ နိုင်ငံရေး

မောင်စွမ်းရည် / ၉ ဖေဖော်ဝါရီ ၂၀၀၉
ကျနော်တို့တတွေ ကျောင်းသားဘ၀က ဖတ်ရှုခဲ့ဖူးတဲ့ စာအုပ်တအုပ်ထဲမှာ “အလုပ်သမားဆိုတာ အရင်းရှင်စနစ်ရဲ့ ၀မ်းကြောတိုက်ကို ဖောက်ထွက်မွေဖွားလာသူများဖြစ်သည်” တဲ့ ။ အရင်းရှင်စီးပွားရေး စနစ်ကို ရှင်းပြသူ မြန်မာနိုင်ငံရေး ဘောဂဗေဒပညာရှင်များကလည်း “မြွေပွေးများဟာ သားပေါက်ရင် မိခင်ရဲ့ ၀မ်းဗိုက်ကို ဖောက်ခွဲ မွေးဖွားလာကြသလို အလုပ်သမားတွေဟာ အရင်းရှင်စနစ် မိခင်ရဲ့ ၀မ်းကြောတိုက်ကို ဖောက်ထွက်လာကြသည်” လို့လည်း ဥပဒေပေးပြီး ရှင်းပြခဲ့ကြပါတယ်။ တကယ်တော့ အရင်းရှင်နဲ့ အလုပ်သမားတို့ဟာ စနစ်တခုတည်းမှာ အမြွှာမွေးလာကြတာပါပဲ။ တဦးနဲ့တဦး မှီခိုနေရတဲ့ “မရှိမဖြစ်ရန်သူ” များလည်း ဖြစ်ကြပါတယ်။

အရင်းရှင်က ငွေရင်းစိုက်ထုတ်တယ်။ အလုပ်သမားက လုပ်အားစိုက်ထုတ်တယ်။ တကယ်တော့ အလုပ်သမားကလည်း အရင်းအနှီး စိုက်ထုတ်ရတာပါပဲ။ သူရင်းနှီးရတာက “လုပ်အား”နဲ့ “အချိန်” ဖြစ်ပါတယ်။

ဒီအတွက် အမြတ်အခွန်ကို ခွဲဝေရာမှာ အရင်းရှင်က သူစိုက်ထုတ်ရတာကိုပဲ မြင်ပြီး သူကပဲ ကျေးဇူးရှင်လို့ မှတ်ယူတာမို့ အလုပ်သမားကို လုပ်ခဝေစုနည်းနည်းပဲ ပေးပါတယ်။ အမြတ်ကို ရနိုင်သမျှရအောင် လက်ကုန် နှိုက်ယူပါတယ်။

အချိန် တနေ့ (၈) နာရီခိုင်းရမယ်ဆိုရင် (၁၀) နာရီခိုင်းပါတယ်။ (၄) ရက်ကြာရင် (၄x၂) နာရီ၊ တနည်းပြောရင် (၈) နာရီ အမြတ်ထွက်သွားပါတယ်။ အလုပ်သမားတယောက်အတွက် လုပ်ခကို ခေါင်းပုံ ဖြတ်လိုက်တာပါပဲ။ ဒါက အချိန်အပေါ်က ခေါင်းပုံဖြတ်တာပါ။
လုပ်အားအပေါ်ကလည်း ခေါင်းပုံဖြတ်ပါသေး တယ်။ တနာရီ (၈) ကျပ်ပေးရမှာကို (၄) ကျပ်ပဲပေးတယ်။ (၂) ရက်လုပ်ရင် (၄x၂) ကျပ်၊ တနည်းပြောရင် (၈) ကျပ်ဆိုတဲ့ အလုပ်သမားတဦးရဲ့ လုပ်ခကို ခေါင်းပုံဖြတ်ယူလိုက်တာပါပဲ။

အလုပ်ရုံက ကုန်ချောပစ္စည်းကို ရောင်းချတဲ့အခါ လုပ်အားခကိုပါ အရင်းအနှီးအဖြစ်ထည့်ပြီး အမြတ်တွက်ယူပါတယ်။ ကုန်ကြမ်းက ကုန်ချော ဖြစ်သွားလို့ တန်ဖိုးတက်လာတဲ့အတွက် ဈေးမြှင့်ယူပြန်ပါသေးတယ်။ ဒါဟာ အလုပ်သမားကြောင့်လည်း ရတာ ဖြစ်ပေမယ့် အလုပ်ရှင်ကချည်း အမြတ်ယူလိုက်ပါတယ်။

အရင်းရှင်တွေဟာ တနေ့တခြား ချမ်းသာလာပေမယ့် အလုပ်သမားတွေက တနေ့တခြား ချွတ်ခြုံကျလာခဲ့ပါ တယ်။ ဒါကြောင့် လုပ်အားခပိုတောင်းပါတယ်။ မပေးရင် သပိတ်မှောက် ဆန္ဒပြပါတယ်။ ဒီလိုနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတို့ဟာ ကမ္ဘာရန်ဖြစ်ပြီး တခြိမ်းခြိမ်းနဲ့ဖြစ်ကြရတဲ့ ပဋိပက္ခတွေဟာ မဆုံးနိုင်တော့ပါဘူး။ ဒါက ဘ၀ကပေးတဲ့ နိုင်ငံရေးပါ။

ကျနော်တို့ နိုင်ငံက လယ်ယာနိုင်ငံပါ။ လယ်ယာကလည်း စက်မှုလယ်ယာစနစ်မဟုတ်သေးပါဘူး။ ရှိသမျှ စက်ရုံတွေဆိုတာကလည်း စက်မှုနိုင်ငံကြီးတွေက ၀ယ်ယူသုံးစွဲရတဲ့ စက်ရုံအငယ်စားတွေပါပဲ။ ဒါပေမယ့် စက်ရုံမရှိတဲ့ ကုန်တင်ကုန်ချ ဆိပ်ကမ်းလုပ်သားများလည်း ဗမာပြည်မှာ အင်းအားကောင်းလှပါတယ်။ ၀န်ချီ စက်တွေ လုံလောက်အောင် မသုံးနိုင်သေးလို့ပါ။ ရေနံမြေအလုပ်သမား၊ မီးရထားစက်ရုံအလုပ်သမားတွေနဲ့ သင်္ဘောကျင်းအလုပ်သမားတွေလည်း နာမည်ကြီးတဲ့ အလုပ်သမားထုတွေပါ။ ဒီစက်ရုံတွေဟာ ဒီနေ့ခေတ်မှာ အစိုးရ၀န်ထမ်းအလုပ်သမားတွေ ဖြစ်နေကြပါတယ်။ စက်ရုံအလုပ်ရုံတွေက အစိုးရပိုင်ဖြစ်နေကြလို့ပါ။

စစ်အစိုးရဟာ ပုဂ္ဂလိက အရင်းရှင်ထက် ဆိုးဝါးပါတယ်။ အစိုးရကိုယ်တိုင်က ခေါင်းပုံဖြတ်တာကို လုပ်နေတော့ အလုပ်သမားတွေဆန္ဒပြရင် အစိုးရအာဏာနဲ့ နှိမ်နင်းလေ့ရှိပါတယ်။ အလုပ်သမားတွေကိုလည်း သူတို့ရဲ့ အာဏာကို လုယူမယ့် သူပုန်တွေလို့ သဘောထားပြီး စစ်တပ်ကပါ ၀င်ရောက်နှိမ်နင်းလေ့ရှိပါတယ်။ သေနတ်နဲ့ ပစ်ခတ်တာဟာလည်း ခြိမ်းခြောက်ရုံမဟုတ်ပဲ ဗိုလ်နေ၀င်းပြုခဲ့သလို စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ပါဘူး။ ထိအောင်မှန်အောင်ပဲ ပစ်ကြပါတယ်။
ဒီအစိုးရက အလုပ်သမားတွေကို အကြမ်းဖက်နှိမ်နင်းလေ့ရှိတာဟာ အစိုးရက အလုပ်သမားကို ကြောက်ရွံ့ လို့ပါပဲ။ မတရားတာကို လုပ်တဲ့ လူတွေက ကြောက်တတ်ပါတယ်။ သူတို့ကိုယ်တိုင် သူတို့ဟာ မတရားတာ တွေကို လုပ်နေတယ်ဆိုတာ သိနေလို့ပိုပြီး ကြောက်တတ်တာပါ။ အလုပ်သမားတွေမှာ နိုင်ငံရေးအသိတိုးမှာ အလွန်ကြောက်ပါတယ်။

သဘာဝအရ စစ်သားဆိုတာ လူသတ်ဖို့လေ့ကျင့်ထားရတဲ့ ဟာတွေ။ အလုပ်သမားဆိုတာ ကုန်ထုတ်လုပ်ဖို့ လေ့ကျင့်ထားသူတွေ။ ဘာပဲဖြစ်ဖြစ် အလုပ်ဝင်ဖို့ရာအတွက် ပညာအခြေခံရှိဖို့နဲ့ သင်တန်းတက်ဖို့လိုတာ ချည်းပဲ။ ခေတ်သစ်စစ်သားဟာ ခေတ်မီလက်နက်တွေ အသုံးပြုဖို့ ပညာအခြေခံ လိုအပ်သလို ခေတ်သစ်အလုပ်သမား (စက်ရုံလုပ်သား) တွေကလည်း စက်တွေ မောင်းနှင်ဖို့ ပညာအခြေခံလိုတယ်။ ဒါတွေဟာ ခေတ်သစ်စက်မှုခေတ်ဖြစ်လာလို့ပါ။

ရှေးခေတ်ကတော့ စစ်သားဟာ မြင်းစီးခြင်း၊ ဓားခုတ် လှံထိုးခြင်းတို့ကို လေ့ကျင့်သင်ယူရတယ်။ ရှေးခေတ် အလုပ်သမားကတော့ ကာယလုပ်အားအသုံးပြုဖို့ သင်ယူရပါတယ်။ ခုခေတ်လောက် စာတွေပေတွေ တတ်ဖို့မလိုပါဘူး။

ရှေးက ခေါမ၊ ဥရောပ စတဲ့ နေရာတွေမှာ ကျွန်လုပ်သားတွေ ရှိခဲ့တယ်။ အမေရိကားမှာ လူမဲတွေကို ကျွန်အဖြစ်ရောင်းဝယ်တာတွေ၊ ၀ါခင်း၊ ဆေးခင်းတွေမှာ အစုလိုက် ခိုင်းစေတာတွေရှိခဲ့ပါတယ်။ ဗမာပြည်မှာ ကတော့ အိမ်ကျွန်၊ ကျောင်းကျွန် လောက်ပဲရှိခဲ့ပါပြီး “ရှေ့ဂန္ထ၀င်ကျွန်စနစ်” မျိုး ရှိခဲ့ပုံမရပါဘူး။ လယ်ကျွန်ယာကျွန်ဆိုတာမျိုးကလည်း လယ်ကွက်ယာကွက် အကျယ်ကြီးတွေ စိုက်ခဲ့ကြတာမဟုတ်လို့ ကျွန်တွေ အများကြီးနဲ့ မစိုက်ပျိုးခဲ့ရပါဘူး။ ကျောက်စာတွေထဲမှာ ကျွန်တွေစာရင်းနဲ့ပါရှိပေမယ့် မများလှပါဘူး။ ကျွန်ဆိုတာ အလုပ်သမားကိုပဲ ပြောတာပါ။ (ကျနော်တို့ ဘုရင်တွေကလည်း အသောကတို့၊ ရှိဟွန်တိတို့ လောက် မကြီးကျယ်ခဲ့ပါဘူး။)

ဗမာပြည်မှာ ကိုလိုနီခေတ်ကျမှ ရေနံမြေအလုပ်သမား ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမား၊ ဆန်စက် ဆီစက်အလုပ်သမား စသဖြင့် ပေါ်လာခဲ့ရာမှ ရေနံချက်စက်ရုံ အလုပ်သမားတွေကတော့ ပညာအခြေခံမြင့်ဖို့ လိုပါတယ်။ ဒါကြောင့်လဲ သန်လျင် ရေနံချက်စက်ရုံဘက်က သခင်စိုး၊ ဗိုလ်ရန်အောင်၊ သခင်ဘမောင် တို့လို နိုင်ငံရေးသမားတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အလုပ်သမားဆိုတာ ရူပဗေဒ၊ ဓာတုဗေဒ စတဲ့ သိပ္ပံပညာအခြေခံရှိရပါတယ်။ လုပ်ငန်းခွင်မှာ အစုလိုက် တနေရာတည်း လုပ်ကြရပြီး တယောက်နဲ့တယောက် ခွေးသွားဘီးတွေ ချိတ်ဆက်သလို၊ အချိန်ကိုက်ဆက်စပ် လုပ်ဆောင်နေကြရပါတယ်။ အလုပ်သမားတွေကိုယ်တိုင် စက်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေကြပါတယ်။ အလုပ်သမားတွေဟာ ယန္တရား သဘောအရ လူချင်းလည်း ချိတ်ဆက်ကျွမ်းဝင်နေကြရပါတယ်။ လယ်သမားတွေနဲ့ မတူတာက အဲဒါပါပဲ။ တစုတဝေးတည်း အစုလိုက်ဆက်စပ်ရင်းနှီးကျွမ်းဝင်နေကြလို့ အရင်းရှင်တွေက ကြောက်နေရပါတယ်။ အလုပ်သမားတွေ ဆန္ဒပြရင် အစုလိုက်ဖြစ်လို့ စက်ရုံလည်ပတ်မှုရပ်ဆိုင်းသွားရပြီး ကုန်ထုတ်လုပ်မှုလည်း တပါတည်း ရပ်ဆိုင်းသွားပါလိမ့်မယ်။ အလုပ်သမားတွေက သမဂ္ဂဆိုပြီး ဖွဲ့စည်းထူထောင်လိုက်ကြတဲ့ အခါ ပိုပြီးကြောက်စရာ ကောင်းလောက်အောင် အင်အားကြီးမားလာခဲ့ပါတယ်။

အလုပ်ရှင်က အလုပ်သမားတွေရဲ့ ကျေးဇူးရှင် အလုပ်သမားတွေဟာ အလုပ်ရှင်တွေရဲ့ ကျေးဇူးကျွန်လို့ ရှေးအစဉ်အလာမှတ်ယူစွဲလမ်းလာခဲ့တာရှိပါတယ်။ အလုပ်သမားတချို့ကလည်း အလုပ်ရှင်ကို ကျေးဇူးရှင်လို့ ထင်ယောင်ထင်မှား ဖြစ်နေကြတာမျိုး မြန်မာလူမျိုးတွေမှာ ရှိနေပါတယ်။

 ကျေးဇူးရှင်ကို ကျေးမစွပ်ကောင်းဘူး လို့ စွဲမှတ်နေကြပါတယ်။ ဒါဟာ မဟုတ်ဘူး။ အပြန်အလှန် အရောင်းအ၀ယ်သဘောပါပဲ။ “ဆီပေးလို့ ဆန်ရ” ဆိုတဲ့ သဘောတရားပါပဲ။
ဗမာအစိုးရကိုယ်တိုင်က ၀န်ထမ်းတွေကို သူတို့က ကျေးဇူးပြုထားတာ၊ သူတို့က လခပေးထားတာ၊ သူတို့ကို ကျေးဇူးတင်ရမှာလို့ ထင်မှတ်နေကြသလို ၀န်ထမ်းတွေကို သူတို့ရဲ့ ကျေးဇူးကျွန်တွေလို ဆက်ဆံလေ့ရှိပါတယ်။ ဒီအစွဲတွေ ဖျောက်ရပါမယ်။ ဒါဟာ နိုင်ငံရေးရဲ့ အခြေခံသဘောတရားတခုပါပဲ။
အလုပ်သမားဟာ အလုပ်ရှင်ရဲ့ ကျေးဇူးရှင်၊ အစိုးရရဲ့ ကျေးဇူးရှင်လို့လည်း မှတ်ယူပြီး အပြန်အလှန် ငြိမ်းချမ်းမျှတအောင် ဆက်ဆံနိုင်ရေးကို ရှေးရှုရမှာပဲ ဖြစ်ပါတယ်။ အလုပ်ရှင်ဟာ လောဘသမားဖြစ်လို့ အလျှော့ပေးရိုးမရှိပါဘူး။ အသာတကြည်ပြောလို့လည်း မရပါဘူး။ သူ့ဘက်က အုပ်ချုပ်ရေး ယန္တရား ပိုင်းဖြစ်တဲ့ အစိုးရကလည်း ဘက်လိုက်လေ့ရှိတော့ ပိုပြီးကမ်းတက်ပါတယ်။

စစ်အစိုးရကိုယ်တိုင် အလုပ်ရှင်ဖြစ်ရင်တော့ ပိုပြီးတော့ ဆိုးသည်ထက် ဆိုးပါမယ်။ စစ်အစိုးရဆိုရင်တော့ ဥပဒေမရှိဘဲ၊ သေနတ်ရှိနေလို့ ကမ်းကုန်အောင် မိုက်ရိုင်းပါလိမ့်မယ်။ ဘာသာရေးနဲ့ ငရဲကြီးမယ်ဆိုတာလည်း မရှိလို့ ဘုန်းကြီးတွေကိုတောင် သတ်ရဲသူ တွေဖြစ်နေပြီဆိုရင် အလုပ်သမားကိုလည်း ညှာမှာမဟုတ်ပါဘူး၊ အလုပ်သမားကလည်း ပြန်မညှာဖို့ပဲ လိုပါတယ်။
ကမ္ဘာ့သမိုင်းအစဉ်အလာအရ အလုပ်သမားတွေဟာ သဘာဝအရ တစုတည်း ရှိရုံသာမက စနစ်တကျ ဖွဲ့စည်းထားကြတဲ့ “အလုပ်သမားသမဂ္ဂ” ဆိုတာတွေလည်း ရှိခဲ့လို့ ခုခေတ်မှာ အလုပ်ချိန်သတ်မှတ်မှု၊ အချိန်ပိုလုပ်အားခ၊ လူမှုဖူလုံရေး စတာတွေ ရှိလာခဲ့ပါတယ်။

စစ်အစိုးရ လက်ထက်မှာ မဆလ လက်ထက်ကလို ဟန်ဆောင်ပန်ဆောင် အစည်းအရုံးလေးတောင် မရှိတော့ပါဘူး၊ ခွင့်လဲမပေးတော့ဘူး ဆိုတော့ လျှို့ဝှက်ဖွဲ့စည်းထားရမှာပါ။ ကျစ်လျစ်သိပ်သည်းစွာ လုပ်ဆောင်ရမှာပါ။ လောက်ကောင် ကြံ့ဖွံ့တွေကိုလည်း သတိထားရမှာပါ။
ခေတ်သစ်ဆိုရိုးရှိပါတယ်။

“အလုပ်သမားတွေမှာ နှောင်ကြိုးကလွဲပြီး ဘာမှ ဆုံးရှုံးစရာမရှိ” ဆိုတာပါပဲ။
အလုပ်သမားရဲ့ ဘ၀အသိ၊ နိုင်ငံရေးအသိ မရှိရင်တော့ အလုပ်ကျွန်ဘ၀က တက်မှာ မဟုတ်ပါဘူး။



မောင်စွမ်းရည် / ၉ ဖေဖော်ဝါရီ ၂၀၀၉





 People's Democracy




EmoticonEmoticon

Comments system

Flag Counter