ရခိုင်ပြည်အတွက် အခိုင်းခံမယ့်သူတွေ




ရခိုင်ပြည်အတွက် အခိုင်းခံမယ့်သူတွေ

မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ရခိုင်အမျိုးသားပါတီရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဦးလှစောက သူရဲ့ မိန်းခွန်းတခုမှာ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပတ်သက်ပြီး သူ့သဘောထားကို ပြတ်ပြတ်သားသား ပြောခဲ့တယ်။ "ပြည်သူတွေဆီမှာ အငှားခံချင်တယ်။ ငှားကြမလား၊ ပြည်သူတွေဆီမှာ အငှားခံပြီး လွှတ်တော်မှာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို တောင်းဆိုပေးပါမယ်။ ဒါက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်တွေ ဖြစ်ပါတယ်။" လို့ ပြောခဲ့တယ်။ ဒါဟာ အလွန်မှန်ကန်တဲ့ စကားဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။ ဒါပေမယ့် ဒီနေရာမှာ စဉ်းစားစရာ အချက်တွေ ပေါ်လာပါတယ်။

တကယ်တော့ ရခိုင်ပြည်ဟာ ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိတဲ့ ပြည်နယ်တခုပါ။ နိုင်ငံကြီးတွေရဲ့ စီးပွားရေး အကျိုးစီးပွားပြဿနာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူဦးရေ ပေါက်ကွဲမှုပြဿနာ၊ ကမ္ဘာ့ကြီးအတွက် လိုအပ်နေသေ စွမ်းအင် ပြဿနာ၊ ဖွံ့ဖြိုးတိုးက်ရေး နိမ့်ကျမှု ပြဿနာ၊ ဆင်းရဲနွမ်းပါးမှုပြဿနာ စတဲ့ ကမ္ဘာ့ ထိပ်တန်းရောက် ပြဿနာရပ်တွေ စုပြုံနေတဲ့ ပြည်နယ်တခုပါ။

 ပထ၀ီနိုင်ငံရေးအရ မြန်မာနိုင်ငံဟာ မဟာဗျူဟာကျတယ်လို့ ပညာရှင်တွေ သုံးသပ်ရင် မြန်မာနိုင်ငံထဲက အရေးပါဆုံးနေရာဟာ ရခိုင်ပြည်ဖြစ်ပါတယ်။ အင်အားကြီး အိမ်နီးရှင်း နှစ်နိုင်ငံရဲ့ အကျိုးစီးပွားဆုံတဲ့နေရာဟာ ရခိုင်ပြည်ပဲ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ကုလားတန်စီမံကိန်း၊ တရုတ်ရဲ့ ကျောက်ဖြူစီမံကိန်းတို့ဟာ ရခိုင်ပြည်ကို ခြေကုပ်ယူ လှုပ်ရှားနေကြတာ အားလုံးအသိပါပဲ။ ဒါတွေကို ရခိုင်ခေါင်းဆောင်တွေ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်မယ်ဆိုရင် ပြဿနာတွေဟာ အခွင့်အလမ်း ဖြစ်လာနိုင်ပါတယ်။
ရခိုင်ခေါင်းဆောင်လို့ ဆိုတဲ့အခါ ၀ိဝါဒတွေ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။

ဒါပေမယ့် အနည်းစပ်ဆုံးကတော့ (၂၀၁၅) ရွေးကောက်ပွဲမှာ ထွက်ပေါ်လာမယ့် လူထုကိုယ်စားလှယ်၊ တနည်းအားဖြင့် ပြောရရင် ရခိုင် ပြည်သူလူထုက ပေးတဲ့ မဲပြားတွေကို ကိုယ်စားပြုပြီးတော့ ရခိုင်ပြည်နဲ့ ရခိုင်လူထုအတွက် တောင်းဆို တိုက်ပွဲဝင်ကြမယ့် ရခိုင် အမတ်လောင်းတွေဟာ အနာဂတ် ရခိုင်ခေါင်းဆောင်တွေလို့ သတ်မှတ်နိုင်မယ် ထင်ပါတယ်။ ရွေးကောက်ပွဲ မ၀င်ပေမယ့် ပြည်သူလူထု အကျိုးအတွက် စွမ်းစွမ်းတမံ စွမ်းဆောင်နိုင်တဲ့ လူထုခေါင်းဆောင်တွေလည်း ကဏ္ဍာအသီးသီးမှာ ရှိကြမှာပါ။

ရခိုင်ပြည် ယနေ့ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို စိန်ခေါ်မှုတွေ အဖြစ်ယူဆရင် အမတ်ဖြစ်လာမယ့် ခေါင်းဆောင်တွေအတွက် တာဝန်တွေကလည်း မသေးပါဘူး။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်နယ်တခု ဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ ဖွဲ့စည်းပုံ အကျပ်အတည်း၊ တိုင်းရင်းသားရေးရာ ပြဿနာ၊ စစ်တပ်က နိုင်ငံရေးမှာ ကြီးစိုးထားမှု၊ ဗဟို ချုပ်ကိုင်မှုအားကောင်းပြီး ပြည်နယ်တွေ လုပ်ပိုင်ခွင့် မရှိတဲ့ ပြဿနာတွေဟာလည်း လာမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ ဖြေရှင်းရမယ့် ပြဿနာတွေပါ။ ဒါတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်၊ အရည်အချင်း ဘယ်လောက် ရှိသလဲဆိုတာကတော့ ခေါင်းဆောင်တွေကို တိုင်းတာမယ့် မှတ်ကျောက်တွေ ပါပဲ။ ကျွန်တော်တို့ ရခိုင်အမတ်တွေ အနေနဲ့ (၂၀၁၅) အလွန် လွှတ်တော်နိုင်ငံရေးထဲမှာ Decentralization (ဗဟိုချုပ်ကိုင်မှု လျှော့ချရေး) နဲ့ Distribution of Natural Resources (သယံဇာတ ခွဲဝေ ဖြန့်ဖြူးရေး) အပိုင်းတွေဟာ ထိပ်တန်း ဦးစားပေးစာရင်းထဲမှာ ပါသင့်ပါတယ်။

နိုင်ငံရေးသမား အမတ် ဖြစ်ချင်တာ မဆန်းပါဘူး။ အမတ်ဖြစ်မှ ပြည်သူကို အလုပ်အကျွေး ပိုပြီးတော့ လုပ်နိုင်မယ် ဆိုတာလဲ ဟုတ်ပါတယ်။ ဒါပေမယ့် တချို့က လူမှုရေးဘောင်ထဲက လုပ်လို့ရတဲ့အလုပ်တွေကို အမတ်ဖြစ်မှ လုပ်ဖူးတဲ့ လူတွေလဲ တွေ့ဖူးပါတယ်။ အဲဒီရည်မှန်းချက်လောက်နဲ့ အမတ်ဝင်ပြိုင်မယ့် ရခိုင်အမတ်တွေကိုလည်း တွေ့နေရပါတယ်။

ရခိုင်ပြည် တိုးတက်ဖွံ့ဖြိုးရေး အပြောင်းအလဲတရပ်ကို ဖန်တီးချင်တယ်ဆိုရင် အပျော်တမ်း နိုင်ငံရေးသမား၊ ပါဝါ နိုင်ငံရေးသမားလောက်နဲ့ မလုံလောက်နိုင်ပါဘူး။ တကယ့် ပရောဖက်ရှင်နယ် အမတ်တွေ၊ နိုင်ငံရေးသမားတွေ ပေါ်ပေါက်ဖို့ လိုအပ်နေပါတယ်။ ရခိုင်ပြည်မှာ ပရောဖက်ရှင်နယ် ဆန်တဲ့ နိုင်ငံရေးသမား ဘယ်နှယောက် ရှိလဲဆိုရင် လက် ငါးချောင်းတောင် ပြည့်မယ် မထင်ပါဘူး။

ဒါဟာ ကျွန်တော်တို့ရဲ့ လက်ရှိ ပကတိ အခြေအနေပါ။ တကယ်တော့ နိုင်ငံရေးသမားကောင်း၊ အမတ်ကောင်းတွေဟာ ဘက်ပေါင်းစုံ ကြည့်တတ် မြင်တတ်ဖို့ လိုအပ်ပါတယ်။ ဘက်စုံ မကြည့်တတ်၊ မမြင်တတ်ဘဲ၊ မတွေးခေါ်တတ်၊ မတွေးခေါ်ရဲဘဲ လွှတ်တော်ထဲ သွားထိုင်ရင် ခေါင်းညိတ်ရုံသက်သက်၊ ကန့်ကွက်ရုံသက်သက် ဆိုရင်တော့ တိုးတက်ပြောင်းလဲရေး ဖြစ်လာမယ် မထင်ပါဘူး။
နောက်တခုက အမတ်တွေ၊ နိုင်ငံရေးသမားတွေ အဂတိတရား ကင်းစင်ဖို့ လိုအပ်ပါတယ်။

စစ်အစိုးရလက်အောက်မှာ ဖြတ်သန်းခဲ့ရတဲ့ မြန်မာနိုင်ငံမှာ အဂတိတရား ထွန်းကားခဲ့တာ လူတိုင်းသိပါတယ်။ ဒါပေမယ့် အပြောင်းအလဲတခု ဖော်ဆောင်တဲ့နေရာမှာ ဦးဆောင်မယ့်နေရာက ပါဝင်ကြမယ့် အမတ်တွေအနေနဲ့ အဂတိတရား ကင်းစင်ဖို့ အထူးလိုအပ်ပါတယ်။ လွန်ခဲ့တဲ့ (၅) နှစ်ကလည်း “ကျေးဇူးခံ၊ ကျေးဇူးစား” ဆက်ဆံရေးမျိုးက ရခိုင်ပါတီနဲ့ အမတ်တွေကို စိတ်ပျက်စရာ ဖြစ်စေခဲ့ပါတယ်။ ဒါကို အထူးသတိထားဖို့ လိုအပ်ပါတယ်။ အမတ်နဲ့ စီးပွားရေး လုပ်ငန်းရှင်ဆက်ဆံရေးကို ပြည်သူတွေကလည်း အထူးစောင့်ကြည့်ဖို့ လိုပါတယ်။

 သူတို့နှစ်ဦး ဆက်ဆံရေးခိုင်မာလာရင် တိုင်းပြည်နဲ့ လူမျိုးအတွက် အန္တရာယ် ရှိတတ်ပါတယ်။ ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဟာလည်း အရည်အသွေး မပြည့်မှီတဲ့ အဆောက်အအုံတွေ အဖြစ် ပေါ်ပေါက်လာပြီး ပြည်သူတွေအတွက် အန္တရာယ် ကျရောက်နိုင်ပါတယ်။
နောက်တခုက အမတ်လောင်းတွေဟာ မိမိတို့လူမျိုးအတွက် ရေရှည် အကျိုးရှိမယ်ဆိုရင် ပြည်သူ့အကြိုက်၊ ပြည်သူ့နောက်မြီးဆွဲ ဖြစ်စရာ မလိုအပ်ပါဘူး။ ဒီနေရာမှာတော့ ရဲရင့်ဖို့ လိုအပ်ပါတယ်။ ဒီအခြေအနေကို ရခိုင်ခေါင်းဆောင်ဆိုသူတွေဟာ အနည်းအများဆိုသလို မခံနိုင်ကြပါဘူး။ ဒါကို ဖောက်ထွက်ဖို့ လိုအပ်ပါတယ်။

နောက်ဆုံးအနေနဲ့ ကျွန်တော် ကိုးကားချင်တာက RFA အင်တာဗျူးမှာ ပြောခဲ့တဲ့ ရခိုင်ခေါင်းဆောင် ဦးအေးသာအောင် စကားပါ။ ဦးအေးသာအောင်က "ကျွန်တော်သည် မဲဆွယ် စည်းရုံးဖို့ထက် ပြည်သူတွေကို နိုင်ငံရေးအသိ၊ နိုင်ငံရေး အမြင် ရပြီးတော့ ကိုယ်ပိုင်အသိနဲ့ ဆုံးဖြတ်တာမျိုးကို လိုလားတယ်။ အဲတော့ ကျွန်တော် ပြောတာကို လက်ခံတာထက် စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ပါ။ သုံးသပ်ပြီးမှ ဘယ်လို ပုဂ္ဂိုလ်၊ ဘယ်သူ့ကို မဲထည့်ရမယ်ဆိုတာ ဆုံးဖြတ်စေချင်တယ်။ ဒါကြောင့် ပြည်သူတွေရဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်တာမျိုးကို ကျွန်တော်က လိုလားတယ်။" လို့ ပြောခဲ့ပါတယ်။

တကယ်တော့ ခေါင်းဆောင်ကောင်း၊ နိုင်ငံရေးသမားကောင်း၊ အမတ်ကောင်းဆိုတာ ပြည်သူကို အသိပညာ ပြည့်ဝအောင်ဆောင်ရွက်ပြီး ကောင်းမွန်လှပတဲ့ အနာဂတ်တခုကို ပြည်သူတွေ ကိုယ်တိုင် ကိုယ့်အသိစိတ်နဲ့ ပါဝင်လာအောင် နည်းမှန်လမ်းပြပေးတဲ့ လူထဲက လူတဦးလို့ ဆိုချင်ပါတယ်။


လင်းကျော်အောင်
(၂၃၊ ၁၀၊ ၂၀၁၅)



EmoticonEmoticon

Comments system

Flag Counter