ဒေါက်တာအေးမောင်အားကြားဖြတ်ရွေးကောက်ပွဲ တွင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှ ၀င်ရောက်ယှဉ်ပြိုင်ရန် ပါတီမှ ရွေးချယ်

 

 

ဒေါက်တာအေးမောင်အားကြားဖြတ်ရွေးကောက်ပွဲ

တွင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှ ၀င်ရောက်ယှဉ်ပြိုင်ရန် ပါတီမှ ရွေးချယ်

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ် ပြည်သူ့ လွှတ်တော်နေရာမှ ပါဝင်ယှဉ်ပြိုင်ရန် ပါတီမှ ရွေးချယ်ထားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
“ ပါတီက ဒေါက်တာအေးမောင်ကို ရွေးချယ်ထားပါတယ်။ သူက ၀င်မလား၊ မ၀င်ဘူးလား၊ သူ့ဆန္ဒအပေါ်မှာ တည်ပါတယ်။ ပါတီကတော့ သူ့ကို ရွေးချယ်ထားပြီ ဖြစ်ပါတယ်” ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က နိရဉ္စရာသို့ ပြောသည်။

ဦးထွန်းအောင်ကျော် ဦးဆောင်သော ပါတီမှ ကိုယ်စားလှယ် စိစစ်ရေး အဖွဲ့သည် များမကြာမီက အမ်းမြို့နယ်သို့ သွားရောက်ပြီး ဒလက်ချောင်းအပါအ၀င် နယ်မြေ နေရာခုနှစ်ခုမှ ပါတီဝင်များနှင့်တွေ့ဆုံခဲ့ပြီး သဘောထားရယူရာတွင် အမ်းဒေသခံများက ဒေါက်တာ အေးမောင်ကိုသာ သင့်တော်ပြီး ၀င်ရောက်ယှဉ်ပြိုင်ရန် လိုလားကြသည်ဟု ပြောဆိုသည်။

“ လူပေါင်း ၃၀၀ ကျော်ကို မဲပေးရွေးချယ်ခိုင်းရာမှာ အများစုက ဒေါက်တာအေးမောင်ကိုဘဲ လိုလားကြတာကို တွေ့ရတယ်။ တွေ့ရှိချက်တွေကို ပါတီရဲ့ ဥက္ကဋ္ဌ အဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့ကို တင်ပြတော့ ဒေါက်တာအေးမောင်ကိုဘဲ အားလုံးကို သဘောတူပြီး ရွေးချယ်လိုက်ကြတာ ဖြစ်ပါတယ်” ဟု ဦးထွန်းအောင်ကျော်က ဆက်လက် ပြောဆိုသည်။

ဒေါက်တာအေးမောင်အား နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းများကြောင်း၊ လာမည့် တစ်ရက် နှစ်ရက်တွင် ပါတီက ဆုံးဖြတ်ပေးလိမ့်မည် ဖြစ်ကြောင်း၊ သူ့အား အများစုက အမ်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှ ၀င်ရောက်ယှဉ်ပြိုင်ရန် လိုလားကြသည်ဟု သိရှိရကြောင်း၊ ပါတီ ဗဟိုသို့ တင်ပြထားပြီဟု သိရှိရကြောင်း၊ လောလောဆယ် ရန်ကုန်ကိုရောက်နေ၍ ပါတီမှ ဆုံးဖြတ်ချက်ကို စောင့်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဒေါက်တာအေးမောင်သည် ၂၀၁၂ ခုနှစ် စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်မှ ၀င်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မာန်အောင်မြို့နယ် ပြည်နယ် လွှတ်တော်ကို ၀င်ရောက်ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့သည်။

အမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီက ဦးသိန်းဆွေမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဖြစ်သွားသဖြင့် သူ၏ နေရာ လစ်လပ်သွားခဲ့ခြင်း ဖြစ်သည်။

၎င်းနေရာအတွက် ရခိုင်အမျိုးသားပါတီမှ ဒေါက်တာ အေးမောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဇော်ဝင်းမြင့်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဦးသောင်းအေးတို့ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် အနေထားတွင် ရှိကြောင်း စုံစမ်း သိရှိရသည်။








 http://www.narinjara.com/burmese/%e1%80%b1%e1%80%92%e1%80%ab%e1%80%80%e1%80%b9%e1%80%90%e1%80%ac%e1%80%b1%e1%80%a1%e1%80%b8%e1%80%b1%e1%80%99%e1%80%ac%e1%80%84%e1%80%b9%e1%80%a1%e1%80%ac%e1%80%b8-%e1%81%be%e1%80%80%e1%80%ac%e1%80%b8/




EmoticonEmoticon

Comments system

Flag Counter