ရခိုင်တွေ တံခါးဖွင့် အောင်ပွဲခံကြမယ်။




ရခိုင်တွေ တံခါးဖွင့် အောင်ပွဲခံကြမယ်။

ရခိုင့်နိုင်ငံရေးဟာ သတ်မှတ်ချက် ဘောင်တွေထဲမှာ ပိတ်မိနေတဲ့ နိုင်ငံရေးတခုလို့ ဆိုချင်တယ်။ အပြောင်းအလဲ မရှိ။ ပေးထားချက် အတိုင်း ဆက်လုပ်နေသည့် နိုင်ငံရေး ဖြစ်သည်။

တကယ့်တော့ ရခိုင့်နိုင်ငံရေးဟာ အကြောင်းအရာကြီး (၄) ခု မှာ ပိတ်မိနေတယ်။
၁။ ကုလားဆန့်ကျင်ရေးဘောင်ထဲမှာ ပိတ်မိနေတယ်။
၂။ ရခိုင်အမျိုးသားပါတီရဲ့ နိုင်ငံရေးထဲမှာ ပိတ်မိနေတယ်။
၃။ မြန်မာ့နိုင်ငံရေးထဲမှ ငါတို့ မဟုတ်သော အင်အားစုတွေကို မယုံဘူး ဆိုတဲ့ ဘောင်ထဲမှာ ပိတ်မိနေတယ်။
၎။ စိတ်ကူးယဉ်ဆန်နေတဲ့ ရခိုင့်နိုင်ငံတော် အယူအဆမှာ ပိတ်မိနေတယ်။

ဒါတွေကို မကျော်ဖြတ်ဘဲ ရခိုင့်နိုင်ငံရေး၊ ရခိုင်လူ့အဖွဲ့အစည်း တိုးတက်ခေတ်မှီရေး မဖြစ်နိုင်ဘူး။ ဒီအတိုင်းသွားနေရင် အကျိုးဆက်က ဘာဖြစ်လာသလဲ ဆိုရင် လူငယ်တွေ အတွေးအခေါ်၊ လေ့လာမှု ကျဉ်းမြောင်းလာတယ်။ တခြားလေ့လာစရာ မလို၊ ငါ တကော ၀ါဒစွဲကပ်လာတယ်။ သူတို့ ယုံကြည်တဲ့ အတွေးအခေါ်၊ အယူအဆသာ အမှန်ဟု ထင်ပြီး၊ အယူအဆ မတူသူတွေကို တိုက်ခိုက် တတ်လာတယ်။ ရလဒ်က နိုင်ငံရေးကို စိတ်ဝင်စားခါစ လူငယ်တွေ လွှင့်စင်သွားတယ်။ အဲလို မဟုတ်ရင်တောင် အမြင်ကျဉ်းသူတွေ ကိုင်စွဲတဲ့ အတွေးအခေါ်၊ အယူဆ အောက်ကို သက်ဆင်းကာ နိုင်ငံရေး သေသွားတတ်တယ်။


ရခိုင့်နိုင်ငံရေးထဲက ခေါင်းဆောင် (၂) မျိုး
------------------------------------------------
အဓိကအားဖြင့် ရခိုင့်နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်းတွေကို ဦးဆောင်နေတဲ့ ရခိုင့်နိုင်ငံရေးခေါင်းဆောင်တွေကို အမျိုးအစား (၂) မျိုးခွဲနိုင်တယ်။
ပထမတမျိုးက နိုင်ငံရေးကို နိုင်ငံရေးဆန်ဆန် လေ့လာတွေးခေါ်နိုင်တဲ့ ခေါင်းဆောင်၊ တနည်းအားဖြင့် အနစ်သာရရှိသော ခေါင်းဆောင်မျိုး ဖြစ်တယ်။ အဖြစ်အပျက်၊ ပြဿနာတခုကို ဘက်စုံဒေါင့်စုံက ကြည့်နိုင်တဲ့ ခေါင်းဆောင်မျိုး ဖြစ်တယ်။ ဒီလိုခေါင်းဆောင်မျိုး လူကြိုက်နည်းတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့ အယူအဆ၊ သူတို့ အတွေးအခေါ်ကို နားလည်ဖို့ ရခိုင့်လူထု နိုင်ငံရေး ရေရှိန် မမြင့်ဘူး။ နောက်တမျိုးမှာ လူထုထောက်ခံမှု အလျင်အမြန်ရနိုင်တဲ့ လူထုကြိုက်စကားတွေကို အာပေါင်အာရင်းသန်သန် ပြောပြီး ပေါ်ပြူလာဖြစ်လာသော ခေါင်းဆောင်မျိုးဖြစ်တယ်။

သူ့ကိုတော့ လူထုက အုံနဲ့ ကျင်းနဲ့ထောက်ခံတယ်။ လေးစားတယ်။ အချိန်ကာလတခုတော့ အတိုင်းအတာတခုတော့ ဖြစ်နိုင်တယ်။ ဒါလည်း လူထုရဲ့ နိုင်ငံရေး၊ ရေရှိန် အနိမ့်အမြင့်ပေါ်မှာ မူတယ်တယ်။ အဆိုပါ ခေါင်းဆောင် (၂) မျိုးကို ဘယ်မှာ သွားတွေ့ရသလဲဆိုရင် သူတို့ရဲ့ အင်တာဗျူးတွေ၊ ဟောပြောချက်တွေ၊ ပြောစကားတွေမှာ တွေ့ရတယ်။


နိုင်တဲ့သူကို ၀ိုင်းကိုက်တဲ့ ၀ါဒ
----------------------------------
တကယ်တော့ ရခိုင်လူ့အဖွဲ့အစည်းမှာ ကြီးနိုင်ငယ်ညှဉ်းဝါဒ၊ နိုင်တဲ့သူကို ၀ိုင်းကိုက်တဲ့ ၀ါဒ ကြီးစိုးလာနေတယ်။ ကိုယ့်အုပ်စု များရင် အပျောက်ရှင်းထုတ်တဲ့ တွေးခေါ်မှုမျိုး တွေ့ ရတယ်။ အနိုင်ရမယ်လို့ ထင်ရင် ၀ိုင်းကိုက်တတ်ပြီး၊ ကိုယ့်ထက် ကြီးသူတွေနှင့် တွေ့ရင် အမြီးကုပ်နေတတ်တဲ့ “ခွေး အမျိုးသားရေးဝါဒ” ထွန်းကားလာနေတယ်။ ဥပမာတွေ ဆွဲထုတ်ပြရရင်၊ စစ်သား မုဒိန်းကျင့်လို့ သေတဲ့ ကလေးအတွက် မပေါက်ကွဲရဲဘူး၊ သီတာထွေး သတ်ဖြတ်ခံရခြင်းကို ဒေါ်စု ဆီ အပြစ်ပုံချင်ခြင်း၊ အန်ဂျီအိုနှင့် စစ်တပ်၊ ရဲ ကို မကျေနပ်မှုအား အန်ဂျီအို အိမ်ငှားတွေကို အပြစ်ပုံချင်ခြင်း တို့ ဖြစ်တယ်။

 နောက် ထင်ရှားတဲ့ ဥပမာ တခု ပြပါမယ်။ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်သီချင်း သီဆိုပေးခဲ့သော စိမ်းလဲ့လဲ့နှင့် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ဇာတ်လမ်း ရိုက်ပေးခဲ့သော ခန့်စည်သူ ကိစ္စ။ နှစ်ဦးလုံးကို ရခိုင်အမျိုးသားတွေက ရခိုင်လို့ သတ်မှတ်ထားတဲ့သူလို့ သတ်မှတ် ထားကြတယ်။ ဒါပေမယ့် စိမ်းလဲ့လဲ့ကို ရစရာ မရှိ ဆဲကြပြီး ခန့်စည်သူအား မတို့မထိရဲခြင်း။

ဒါတွေဟာ ကောင်းတဲ့အချက်တွေ မဟုတ်ဘူး။ အုပ်စုဖွဲ့အနိုင်ယူချင်တဲ့ တောရိုင်းဥပဒေတွေ ဖြစ်တယ်။
နိုင်ငံရေးထဲမှာလည်း အုပ်စုတောင့်ရင် ဂိုဏ်းဂဏဆန်တဲ့ အတွေးအခေါ်တွေ ၀င်လာတယ်။ နိုင်ငံရေး အသိုင်းအ၀ိုင်းဟာ ပေးဆပ်စွန့်လွှတ်မှု အရှိဆုံးလို့ ဆိုရတဲ့ သူတွေ စုဝေးရာလို့ ယူဆနိုင်တယ်။ အဲဒီလိုနေရတွေမှာ ကြုံရင် ကြုံသလို အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ စိတ်ဓာတ်တွေ ရှိနေတယ်။

တံခါးဖွင့်ပါ၊ လေ့လာပါ။
--------------------------
ရခိုင်ပြည်ရဲ့ အထွေထွေ ချွတ်ခြုံကျမှု၊ နိုင်ငံရေးအသေ ကို ဘယ်လို ရပ်တန့် မလဲ။ ဒီပြဿနာကို အဖြေရှာဖို့ လူထုတရပ်လုံး ပါဝင်ဖို့ လိုတယ်။ တဦးချင်းစီရဲ့ စိတ်တံခါးတွေ ဖွင့်ဖို့လိုတယ်။ လူ့အဖွဲ့အစည်းရဲ့ စိတ်တံခါးတွေ ဖွင့်ပေးဖို့လိုတယ်။ လေ့လာရေးတွေ လုပ်ရမယ်။ အသိပညာ ဖလှယ်မှု၊ ဖြန့်ဝေမှုတွေ လုပ်ရမည်။

 အသိအမြင် ကြွယ်သူတွေက နိုင်ငံရေးဆိုင်ရာ အကြောင်းအရာတွေကို ပြောဆိုရမယ်၊ ဆွေးနွေးရမယ်။ စာရေးဆရာကြီးတွေရဲ့ စကားကို ယူသုံးရရင်၊ “ခေတ်မှီမှီ ကမ္ဘာကြည့် ကြည့်တတ်ရမယ်”။ ရခိုင့်အမျိုးသားတွေကို ခေတ်မှီ အတွေးအခေါ် လက်နက်တွေ တပ်ဆင်ပေးရမယ်။ ရခိုင်လူထုဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တန်းတူရေး၊ အမျိုးသားရေး၊ ပြည်ထောင်စုအရေး၊ တရားဥပဒေစိုးမိုးရေး စတဲ့ လက်နက်ကောင်းတွေ ပိုင်ဆိုင်ဖို့ လိုတယ်။ ခေတ်က တောင်းဆိုတဲ့ လေ့လာစရာတွေလဲ တော်တော်များတယ်။

အကြမ်းအားဖြင့် ချရေးကြည့်မယ်။ ခေါင်းဆောင်မှုပညာ၊ ပါတိတည်ဆောက်ရေး ပညာ၊ နိုင်ငံတကာရေးရာ၊ အိမ်နီရှင်းနိုင်ငံများနှင့် ဆက်ဆံရေး၊ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး၊ တိုင်းရင်းသား လက်နက်ကိုင် လှုပ်ရှားမှု သမိုင်း၊ ဖယ်ဒရယ် ပြည်ထောင်စု ဘယ်လို တည်ဆောက်ကြမလဲ အပိုင်း၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အကျိုးဆက်၊ … စတဲ့ ကိစ္စတွေကို လေ့လာဖို့ လိုအပ်တယ်။

ဒါတွေကို ရခိုင်လူထုသိမှ ရခိုင်ပြည် လွတ်မြောက်မယ်လို့ ပြောချင်တယ်။ ကမ္ဘာကြီး ပြောင်းသွားတာ ရွာက လူတွေ မသိလိုက်ဘူး မဖြစ်ပါစေနဲ့။ မိုင်ပေါင်းများစွာ ခရီးတခုကို ပထမဆုံး ခြေလှမ်းတလှမ်းက စ ကြရတာပါပဲ။

(၀န်ခံချက်။ ။ ရခိုင့်လူအဖွဲ့အစည်းကို ပြောင်းလဲ တိုးတက်စေချင်တဲ့ ဆန္ဒနဲ့ ဒီစာတိုလေးကို ရေးမိပါတယ်။)



လင်းကျော်အောင်
(၂၃၊ ၁၀၊ ၂၀၁၅)




EmoticonEmoticon

Comments system

Flag Counter