အကွက်ကလေးများ မှားခဲ့ပြီလား





အကွက်ကလေးများ မှားခဲ့ပြီလား

နိုဝင်ဘာလ ၂၀ ရက်နေ့က ၁၀၅ မိုင်ဂိတ်အပါဝင် နေရာ ၅ ခုလောက်၌ KIA,TNLA, MDAA နှင့် AA တို့ပါဝင်သော မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့က တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး မုံကိုးမြို့ နေရာအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာသည်။ ယင်းအပေါ် တိုက်ခိုက်ခဲ့ကြသော အဖွဲ့များကို ထောက်ခံသူများက လက်ခံကြိုဆိုခဲ့ကြသော်လည်း တရုတ်အပါအ၀င် အများစုက ထောက်ခံကြိုဆိုသည်ကို မတွေ့မြင်ခဲ့ရပေ။

ယင်းတိုက်ခိုက်မှုတွင် အရပ်သားများပါ ထိခိုက်နစ်နာမှုများရှိခဲ့ပြီး ကုန်သွယ်ရေးကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။ တရုတ်နိုင်ငံက ယင်းတိုက်ခိုက်မှုကို မထောက်ခံဟု အသံထွက်လာပြီး နောက်ပိုင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က တရုတ်၏ ကြားဝင်စေ့စပ်မှုကို လိုလားသည်ဟု ထုတ်ပြန်ချက် ထွက်ပေါ်လာသည်။ ယင်းသို့ ထွက်ပေါ်လာခြင်းမှာ သူတို့၏ ရွှေ့လိုက်သော စစ်ရေးအကွက်သည် မှားယွင်းသည်ဟု ဖေါ်ပြသလိုမျိုးဖြစ်သွားသည်။

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ PNLO ၏ နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက တပ်မတော်၊ လွှတ်တော်နှင့် အစိုးရတို့က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တစိုက်မတ်မတ် ရှေ့တန်းတင်နေချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နှောင့်နှေးအောင် လုပ်သလိုမျိုးဖြစ်သွားမည်ကို စိုးရိမ်သည်ဟု ပြောကြားလိုက်သည်။

“လက်နက်ကိုင် တိုက်ပွဲနဲ့တော့ ဖက်ဒရယ်ပြည်ထောင်စု မဖြစ်နိုင်ဘူး။ တွေ့ဆုံဆွေးနွေး နိုင်ငံရေးအဖြေရှာတဲ့ နည်းနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နေတယ်။ ဒါကြောင့်ဖက်ဒရယ်ပြည်ထောင်စုကို တကယ်စိတ်စေတနာအရ တည်ဆောက်မယ်ဆိုရင်တော့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းကနေ တည်ဆောက်တာက အခုလမ်းပွင့်နေတယ်။ ဒါကြောင့် ဒီလမ်းကြောင်းထဲမှာ ပါဝင်တည်ဆောက်ဖို့ ကြိုးစားဖိတ်ခေါ်နေတာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပျက်ပြားလာရခြင်းမှာ အာဏာရှင်များက တပ်မတော်ကို လက်ကိုင်တုတ်အဖြစ် အသုံးပြုပြီး တိုင်းရင်းသားများကို ဖိနှိပ်မှုကြောင့် ဆိုသည်ကို မည်သူမျှ ငြင်းပယ်၍ ရနိုင်မည်မဟုတ်ပေ။ သို့သော် တပ်မတော်၏ သြဇာလွှမ်းမိုးမှုကို ထိန်းချုပ်နိုင်ရန်အတွက် လူမျိုးအလိုက် တပ်မတော်ဖွဲ့စည်းခြင်းမှာလည်း ခေတ်ကာလ အခြေအနေအရ စိတ်ကူးယဉ်သက်သက်သာ ဖြစ်နေပေလိမ့်မည်။

မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ထွန်းကားရေးအတွက် လုပ်ဆောင်နေသော အဖွဲ့တစ်ဖွဲ့မှ အိန္ဒိယနိုင်ငံရေးကျွမ်းကျင်သူအပါအ၀င် အခြားဖက်ဒရယ်စနစ်ကို လေ့လာနေသူများကမူ မည်သည့် ဖက်ဒရယ်နိုင်ငံတွင်မဆို တပ်မတော် တစ်ခုတည်းသာရှိသည်ဟု ပြောကြားကြသည်။ မိမိက အိန္ဒိယနိုင်ငံတွင် ပြည်နယ်အလိုက် ပြည်နယ်လက်နက်ကိုင်တပ်ရှိသည်ဟု ကြားဖူးသည် ဟုတ်ပါသလားဟု မေးမြန်းရာ “အိန္ဒိယမှာ တပ်မတော်တစ်ခုပဲ ရှိပါတယ်။

 ပြည်နယ်လက်အောက်မှာ ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှ မထားရှိပါဘူး။ ပြည်နယ်ရဲတပ်ဖွဲ့ပဲရှိပါတယ်”ဟု ဖြေကြားခဲ့သည်။
တိုင်းရင်းသားလူမျိုးများသည် မြန်မာ့တပ်မတော်၏ သြဇာလွှမ်းမိုး ချယ်လှယ်မှုကို မခံလိုကြသောကြောင့် မိမိတို့ လူမျိုးအလိုက် လက်နက်ကိုင်တပ်ဖွဲ့ တည်ဆောက်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့ကြသည်။ တချိန်ကလည်း မိမိသည် ယင်းစိတ်ကူးရှိခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ထူထောင်ရေးအတွက် ၂၄ နှစ်တိုင်တိုင် ကြိုးစားခဲ့ဖူးသည်။ သို့သော် ၂၀၁၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ယင်းစိတ်ကူး အိမ်မက်သည် မဖြစ်နိုင်တော့ဆိုသည်ကို မိမိသဘောပေါက်လာပြီး ၂၀၁၄ ခုနှစ်စပြီး ယင်းစိတ်ကူးကို အပြီးအပိုင် စွန့်လွှတ်ခဲ့သည်။

သို့သော် လက်ရှိတပ်မတော်နှင့် တပ်မတော်အမည်ကို မိမိက ပုဂ္ဂိုလ်ရေးအနေဖြင့် လက်မခံနိုင်သေးပေ။ တပ်မတော်ခေါင်းဆောင်များက “ငါတို့တပ်မတော်ဟာ တိုင်းရင်းသား လူမျိုးများနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တပ်မတော်ဖြစ်တယ်”ဟု အမြဲတမ်းပြောဆိုနေသည်။ သို့သော် လက်ရှိတွင် ဗမာ့တပ်မတော်ဟုသာ အမည်တပ်ထားသည့်အပြင် တပ်မတော်အသွင်သည်လည်း ပြည်ထောင်စုတပ်မတော်(သို့မဟုတ်) ဖက်ဒရယ် တပ်မတော်အသွင်သို့ မပြောင်းလဲသေးပေ။

သို့သော် ယနေ့ ဗမာတပ်မတော်သည် ယခင်က စစ်အာဏာရှင်များ ကြိုးကိုင်ခဲ့သည့်ကာလနှင့် နှိုင်းစာလျှင် ပြောင်းလဲမှု အချို့ရှိလာခဲ့ပြီဟု ဆိုရပေမည်။ တပ်မတော်အတွင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍကို အနည်းငယ် ထည့်သွင်းစဉ်းစားလာပြီဖြစ်သည်။ တပ်မတော်သားများက ပြည်သူအပေါ်ဆက်ဆံမှုသည်လည်း ယခင်ကလောက် မကြမ်း၊ မယမ်းတော့ပေ။

ဗမာတပ်မတော်နှင့် အာဏာရှင်စစ်ခေါင်းဆောင်များသည် ယခင်က ကြမ်းခဲ့ ယမ်းခဲ့သမျှဒဏ်ကို ယနေ့ထက်တိုင် ခံနေရဆဲဖြစ်သည်။ ယင်းသို့ ယမ်းခဲ့၊ ကြမ်းခဲ့၊ မိုက်ခဲ့မှုတို့ကြောင့် တပ်မတော်အပေါ် မည်သည့်ပြည်သူလူထုနှင့် တိုင်းရင်းသားများကမျှ အပြည့်အ၀ ယုံကြည်မှုမရှိသေးပေ။ သို့သော် သမာ သမတ်ကျကျ တွေးခေါ် စဉ်းစားနေသူများနှင့် နိုင်ငံတကာကမူ ဗမာ့တပ်မတော် အသွင်ပြောင်းလဲလာပြီဆိုသည်ကို လက်ခံနေကြပြီဖြစ်သည်။

မခံချင်စိတ်၊ မရှုစိမ့်၊ မနာလိုစိတ်၊ မုန်းတီးစိတ်ဖြင့် ကြည့်သူများအဖို့မူကား ယခုဗမာ့တပ်မတော်သည် စစ်အာဏာရှင်လက်ထက်က တပ်မတော်နှင့် မည်သို့မျှ မခြားနားဟု သုံးသပ်၊ နာကျဉ်းကြပေလိမ့်မည်။ တပ်မတော်အသွင်ပြောင်းလဲရေးသည် မြန်မာနိုင်ငံရေးအရွေ့၊ ဒီမိုကရေစီသွင်ကူးပြောင်းရေး၊ ဖက်ဒရယ်စနစ်ဘက်သို့ ရွေ့လျားနေမှုနှင့် မြန်မာ့နိုင်ငံရေး ခိုင်မာလာမှုတို့အပေါ်တွင် မူတည်နေပါသည်။
ယနေ့ မျက်မောက် မြန်မာံနိုင်ငံရေးအရွေ့ကို ကုလသမဂ္ဂအပါအ၀င် အနောက်နိုင်ငံကြီးများက အတိုင်းအတာတစ်ခုထိ အားရကျေနပ်နေကြပြီဖြစ်သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံတွင် သူတို့ခြေဆန့်နိုင်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ကိုင်လာနေကြပြီဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုင်ငံရေး အပြောင်းအလဲက ဗမာ့တပ်မတော်အတွက် ဂုဏ်သိက္ခာတက်စေသည်သာမက မြန်မာနိုင်ငံအတွက်လည်း ကမ္ဘာပေါ်တွင် မျက်နှာပန်းလှစေသည်။

တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုအသစ်များလည်း ရှိလာနေပေသည်။ ယင်းမှာ နိုင်ငံသားမဟုတ်သော ဘင်္ဂလီများ၏ နိုင်ငံရေးဂွင် ပြုတ်ထွက်သွားမှုပင်ဖြစ်သည်။ ၂၀၁၅ ခု ရွေးကောက်ပွဲမတိုင်မီအထိ တရားမ၀င် ဘင်္ဂလီများသည် နိုင်ငံရေးအကွက် ရလိုရငြား ကြိုးစားခဲ့ကြသေးသည်။ မဟုတ်မမှန် လုပ်ကြံဖန်တီးမှုများဖြင့် နိုင်ငံရေးကစားကွင်းကို ဖန်တီးခဲ့ကြသည်။ ယင်းတို့ ဖန်တီးမှုများကို ၂၀၁၅ ရွေးကောက်ပွဲက အဆုံးသတ်စေခဲ့သည်။

ထို့ကြောင့် တရားမ၀င် ဘင်္ဂလီများ၏ နောက်ဆုံးတိုက်ကွက်မှာ နယ်မြေလု အကြမ်းဖက်ရေးသာ ကျန်တော့သည်။ ဤတိုက်ကွက်ကို မနေ့တစ်နေ့မှ ဖန်တီးလာခဲ့ခြင်းမဟုတ်ပေ။ ၁၉၄၂ခုနှစ်နှင့် ၁၉၅၁ ခုနှစ်ကတည်းက ပုံစံအမျိုးမျိုး အသွင်အမျိုးမျိုးဖြင့် ကြိုးစားလာခဲ့ကြသည်သာမက ရခိုင်လူမျိုးများ၏ ဘိုးဘွားပိုင်မြေများ တရားမ၀င် ခိုးဝင်သူများလက်ထဲကို ကျရောက်ခဲ့ရသည်။ ယနေ့လည်း ကျရောက်နေဆဲဖြစ်သည်။

၂၀၁၆ ခု အောက်တိုဘာလ ၉ ရက်နေ့က ဘင်္ဂလီများ၏ နယ်မြေသိမ်း အကြမ်းဘက်တိုက်ခိုက်မှုသည် နောက်ကွယ်က ကြီးမားသော အကြမ်းဖက်အုပ်စုများရှိနေသည်ကို ဖေါ်ညွှန်းနေသည်။

မကြာသေးမီကလည်း ရန်ကုန်တွင် အသေးစားဗုံးခွဲတိုက်ခိုက်မှုများ ရှိလာနေပြီဖြစ်သည်။ ရခိုင်ပြည်တွင် အကွက်မရ၍ ရန်ကုန်ဘက်တွင် တိုက်ခိုက်ရခြင်းသာဖြစ်မည်။ ရခိုင်တွင်သာ ဘင်္ဂလီများနှင့် ရခိုင်လူမျိုးတို့ ရောထွေးနေထိုင်မှုများ ရှိနေခဲ့ပါက ရခိုင်ပြည်နေရာအနှံ့တွင် အကြမ်းဖက်သမားများ ဗုံးခွဲတိုက်ခိုက်နေမည်မှာသေချာသည်။
ရန်ကုန်နှင့် မန္တလေးကဲ့သို့သော ဘင်္ဂလီများနှင့် ရောယှက်နေထိုင်သည့် မြို့ကြီးများတွင် အကြမ်းဘက်သမားများ ဗုံးခွဲတိုက်မှု ရှိလာနိုင်သည်ကို မိမိနှင့် ရင်းနှီးသူများအား မကြာခဏဆိုသလို ပြောပြဖူးသည်။ ယခုကား အကြမ်းဖက်သမားတို့ ရန်ကုန်ကို တိုက်ခိုက်နိုင်ခဲ့ပြီ။ များမကြာမီ အခြားနေရာများ၌လည်း ဗုံးဖောက်ခွဲမှုများ ရှိလာနိုင်သည်ကို မြန်မာအစိုးရနှင့် လုံခြုံရေးတာဝန်ရှိသူများ အလေးထားသင့်သည်။

ဘင်္ဂလီတို့သည် အောက်တိုဘာလ ၉ ရက်နေ့က မောင်တောမြို့နယ်တွင် နယ်ခြားစောင့်စခန်း ၂ ခု၊ ရသေ့တောင်မြို့နယ်တွင် နယ်ခြားစောင့် ကင်းစခန်းတစ်ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ပြီး လက်နက် ၆၀ ကျော်ကို သိမ်းပိုက်ရရှိခဲ့သော်လည်း ရခိုင်ပြည်သည် အရှေ့အလယ်ပိုင်း စစ်မြေပြင်နှင့် ကွာဟသလို ဘင်္ဂလားဒေ့ရှ် စစ်မြေပြင်နှင့်လည်း လုံးဝမတူပေ။ ရခိုင်နှင့် ဘင်္ဂလီများ သီးခြားနေထိုင်မှုက ဘင်္ဂလီများ၏ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုများကို ရခိုင်တို့ မခံလိုက်ရပေ။ ဘင်္ဂလီအကြမ်းဖက် သမားတို့လည်း ဗမာ့တပ်မတော်လက်ထဲတွင် ဂုတ်ကျိုးသွားရှာပြီ။

ဤကဲ့သို့ ဗမာ့တပ်မတော်အနေဖြင့် အနောက်တံခါး လုံခြုံရေး၊ အချုပ်အခြာအာဏာ တည်မြဲရေးအတွက် လုံးပန်းနေရချိန်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့က အခွင့်ကောင်းယူပြီး ၁၀၅ မိုင်ဂိတ်နှင့် နယ်မြေ ၅ ခုလောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ကြသည်။ သို့သော် သူတို့၏ စစ်ရေးအရ တိုက်ခိုက်မှုသည် သူတို့အတွက် နိုင်ငံရေးအရှုံးပေါ်သည်ဆိုသည်ကို မကြာမီ သိလာရတော့မည်။ ယင်းတိုက်ခိုက်ရေး နယ်မြေအတွင်းရှိ ကချင်၊ ပလောင် မဟုတ်သော အခြားတိုင်းရင်းသား လူမျိုးများ၏ ရပ်တည်ချက်နှင့် အသံသည် သူတို့အတွက် အလွန်အရေးပါနေသည်။ အခြားတိုင်းရင်းသားများကသာ သူတို့၏ တိုက်ခိုက်မှုများကို ဆန့်ကျင်လာပါက အကွက်မှားခဲ့ပြီးဆိုသည်ကို သဘောပေါက် နားလည်လာကြမည်ဖြစ်သည်။


ခိုင်မင်းညို (၂၇.၁၁.၂၀၁၆)



 Tawwon Ariyan ဖေ့ဘုတ်မှ ကူးယူသည်။


EmoticonEmoticon

Comments system

Flag Counter