■ ဖက်ဒရယ်ဝါဒ ပျော့ပျောင်းမှု ■






▬▬▬▬▬▬▬▬▬▬▬▬▬
■ ဖက်ဒရယ်ဝါဒ ပျော့ပျောင်းမှု ■
▬▬▬▬▬▬▬▬▬▬▬▬▬
မောင်ခိုင်အောင်
ယနေ့ကမ္ဘာတွင် မငြိမ်းချမ်းသော ဒေသများ ရှိနေဆဲ ဖြစ်သည်။ စစ်ပွဲကြီးများ မရှိဆိုနိုင်သော်လည်း ပဋိပက္ခများ၊ လက်နက်ကိုင် အကြမ်းဖက်အုံကြွမှုများ နေရာအနှံ့ ရှိနေသည်။ ပဋိပက္ခအများဆုံးမှာ ပြည်တွင်းရေးဖြစ်ပြီး အမျိုးသားရေးအုပ်စုများက သက်ဆိုင်ရာ နယ်မြေများတါင် ပိုမိုကောင်းမွန်သော ကိုယ်စားပြုမှု (သို့) ကြီါ်မားကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုနေကြခြင်းဖြစ်သည်။ ကမ္ဘာ့ဖက်ဒရယ်နိုင်ငံတို့သည် များသောအားဖြင့် လူမျိုးစုနိုင်ငံများဖြစ်ပြီး အမျိုးသားရေး အုပ်စုတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပိုမိုအသိအမှတ်ပြုရန် တောင်းဆိုကြသည်။ ဖက်ဒရယ်စနစ်သည် တင်းမာမှုများကို လျော့ကျစေပြီး နိုင်ငံ၏ အမျိုးသား ညီညွတ်ရေးကို အောင်မြင်စွာ ဆောင်ကျဉ်းနိုင်သော အုပ်ချုပ်မှု စနစ်တခုဖြစ်သော်လည်း အမျိုးသားရေး အုပ်စုတို့၏ တောင်းဆိုချက်များကို အမြဲတမ်း ဖြည့်ဆည်း မပေးနိုင်ချေ။ စစ်မှန်သော နိုင်ငံရေးကွက်လပ်များကို ဖြည့်ဆည်းနိုင်ရန် ဖက်ဒရေးရှင်းသည် ပျော့ပျောင်းပြီး လိုက်လျောညီထွေ ရှိရန် လိုအပ်သည်။

ဖက်ဒရယ်နိုင်တချို့တွင် အချိုးမညီသော ဖက်ဒရယ်စနစ် ကျင့်သုံးခဲ့သည်။ ပြည်နယ်တချို့တွင် ဥပဒေပြုမှု အာဏာနှင့် ပတ်သက်ပြီး တိုးတက်မှု နိမ့်ကျနေ၊ အားနည်းနေလျှင် ဖက်ဒရယ်အစိုးရ၏ အာဏာကို ထိုဒေသ၌ တိုးမြှင့်ကျင့်သုံးခြင်း ဖြစ်သည်။ အိန္ဒိယ၏ နှစ်ပေါင်း ၆၀ အတွေ့အကြုံတွင် ဖြတ်သန်းခဲ့ရသည်။ အချိုးမညီ ဖက်ဒရယ်စနစ်နှင့် ပတ်သက်ပြီး မလေးရှားသည် ပုံစံတစ်မျိုးဖြစ်သည်။ မလေးရှားသည် ဗဟိုချုပ်ကိုင်မှုကဲသော ဖက်ဒရယ်စနစ် ဖြစ်သော်လည်း ဆာဘားနှင့် ဆာရာဝပ်ပြည်နယ်တို့အား ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပိုပေးထားသည်။ ထိုဒေသတို့၏ ထူးခြားသော လက္ခဏာများနှင့် သူတို့အကျိုးစီးပွားကို ထိန်းသိမ်း ကာကွယ်ရန် ဖြစ်သည်။

ဤသို့ အချိုးမညီမှုများသည် နိုင်ငံတစ်ခုစီ၏ အရှိတရားနှင့်အညီ ကွဲပြားခြားနားစွာ တည်ရှိနေပေသည်။ ရင်းဆိုင်နေသော (စိန်ခေါ် ခံနေရသော အချက်များအပေါ်တွင် အခြေခံကာ ချဉ်းကပ်ပြီး ဖက်ဒရေးရှင်းများကို ဖွဲ့စည်းခဲ့ကြသည်။ တိုင်းရင်းသား တစ်ခုစီ၏ ဖြစ်တည်မှုကို လေးစားလျက် နယ်နိမိတ်များ ပြန်လည် ရေးဆွဲစေသော ချဉ်းကပ်မှုမျိုးလည်း ရှိသည်။ နိုင်ဂျီးရီးယားတွင် ၃ ပြည်နယ်မှ ၃၆ ခုထိ ဖြစ်ပါသည်။ ဆွီဇာလန် တွင်လည်း ကန်တုံ (Canton) သစ်များ ဖန်တီးပေးခဲ့သည်။ အိန္ဒိယတွင်လည်း ပြည်နယ်သစ်များ ပေါ်ထွက်လာသည်။

တိုင်းရင်းသား အုပ်စုတို့၏ တောင်းဆိုချက်များကို ဖြေရှင်းပေးရသော ကိစ္စသာ မဟုတ်တော့ဘဲ လူနည်းစု တိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်ပေးရသော ကိစ္စလည်း ဖြစ်ပေသည်။
ဘော့စနီးယားဟာဇီဂိုဗီးနားတွင် ဘော့စနစ်နှင့် ခရုတ်တို့တွင် တစ်ခုချင်းစီတွင် အများစု နေထိုင်သော ကန်တန်များရှိပြီး တချို့ကန်တုံများတွင် ရောထွေးနေသည်။ ထို့အတွက် ဖက်ဒရယ်အစိုးရသည် ရုံးတစ်ရုံးကို ဖွင့်လှစ်ထားပြီး၊ ထိုရုံးသည် ဖက်ဒရယ်ပါလီမန်သို့ တာဝန်ခံရသည်။ ထိုရုံးသည် လူ့အခွင့်အရေးနှင့်လည်း နီးကပ်စွာ ဆက်နွယ် လုပ်ကိုင်ရသည်။ ဘယ်အရပ် ဘယ်ပြည်နယ်တွင် နေထိုင်သည် ဖြစ်စေ၊ လူနည်းစု တိုင်းရင်းသား အခွင်အ့ရေးများကို ခိုင်မာစေရန်အတွက် တာဝန်ရှိသည်။

ယနေ့ခေတ်ကာလတွင် အမျိုးသားရေး အုပ်စုများကို သဟဇာတဖြစ်အောင် ရောစပ်ပျော်ဝင်ပေးခြင်း အယူအဆကို ငြင်းပယ်လာကြသည်။ အမျိုးသားရေးအုပ်စုတစ်ခုအဖြစ် တည်ရှိနေမှု အသိတရားသည် နိုင်ငံတစ်ခုထဲတွင် ပေါင်းစည်းပါဝင်ခြင်းထက် ပိုမိုလေးနက်ကြောင်း သမိုင်းက သက်သေပြခဲ့ပြီ။ လွန်ခဲ့သော ရာစုက အမျိုးသားနိုငံတည်ဆောက်ရန် ကြိုးပမ်းလှုပ်ရှားခဲ့ကြသည်။ ယခုအခါ လူမျိုးစုနိုင်ငံသို့ ဦးတည်ရွေ့လျားသည်။

ထိုလူမျိုးစုနိုင်ငံများ၏ အစိုးရတို့သည် ဘာသာစကား၊ စာပေယဉ်ကျေးမှု သမိုင်းဆိုင်ရာ တောင်းဆိုချက်များကို ပိုမိုနားလည် အသိအမှတ်ပြုလာကြသည်။ အမျိုးသားရေး အုပ်စုများသို့ အာဏာများ သီးသန့်ခွဲဝေခြင်းသည် နိုင်ငံတည်ငြိမ်ရေးကို မခြိမ်းခြောက်ဘဲ ခိုင်မာသော လူမှုငြိမ်းချမ်းရေးကို ဦးတည်လာစေသည်ဟု သိမြင်လာကြပေပြီ။ ပဋိပက္ခများနှင့် ညှိနှိုင်းဆွေးနွေးမှုများသည် လုံးဝပျောက်ကွယ် ပြီးသွားမည်တော့ မဟုတ်။ လစ်ဟာနေဆဲ အခြေအနေများအောက်တွင်ပင်လျှင် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအရ အသိအမှတ်ပြုထားသော မိတ်ဖက်များအနေဖြင့် ပြဿနာများကို ကိုင်တွယ် ဖြေရှင်းသွားရပေမည်။

ဖက်ဒရယ်ဖွဲ့စည်းပုံများသည် ခွဲထွက်ရေး လှုပ်ရှားမှုများကို နိဂုံးတိုင်စေရန် အောင်မြင်နိုင်မည် မဟုတ်ဟု ပညာရှင်များက သုံးသပ်ကြသည်။ ခွဲထွက်ရေးလှုပ်ရှားမှုများ၏ ဇာတ်ကောင်များသည် ရွေးကောက်ပွဲများအတွင်း နိုင်ငံရေးစင်မြင့်များတွင် မောင်းနှင်လှုပ်ရှားကြသည်။ ပေါ်တိုရီကို နှင့် ကွီဘတ် (ကနေဒါ) တို့တွင် ခွဲထွက်ရေး ပြဿနာများအတွက် အရွေးကောက်ပွဲများ ဆန္ဒခံယူပွဲများ ကျင်းပခဲ့သည်။ ကနေဒါ၊ ဘယ်လ်ဂျီယံနှင့် စပိန်တို့တွင် အမျိုးသားရေး အုပ်စုများနှင့် အာဏာခွဲဝေရေး နည်းလမ်းများကို မကျင့်သုံးခဲ့လျှင် ထိုနိုင်ငံတို့သည် ယခုကဲ့သို့ အနေအထားမျိုးနှင့် ရှိကောင်းမှ ရှိပေလိမ့်မည်။ အာဏာခွဲဝေပေးခြင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုပေးခြင်းသည် အမျိုးသားရေးအုပ်စုများကို ယုံကြည်မှု ပိုမိုခိုင်မာစေသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ မိတ်ဖက်များဖြစ်သောအခါ ဤယုံကြည်မှုသည် ပို၍ခိုင်မာလာသည်။ ထိုမှဆက်ကာ သူတို့၏ ဒေသလက္ခများ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ပြဿနာများတွင် ဥပဒေအရ အာမခံချက်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိလာပါသည်။

စစ်မှန်သော ဒီမိုကရက်တစ်ပုံစံအဖြစ် ကျင့်သုံးလျှင် ဖက်ဒရယ်စနစ်သည် ခွဲထွက်မည့် လမ်းကြောင်း စွန့်ခွာကာ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ရေးကို အာမခံနိုင်သည့် နိုင်ငံရေးကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ပေသည်။

ဖက်ဒရယ်စနစ်သည် အုပ်ချုပ်ရေး ပုံစံတစ်ခုထက် ပိုမိုနက်ရှိုင်းသည်။ ကျယ်ဝန်းသည်။ ဖက်ဒရယ်စနစ်သည် ဆွေးနွေး၊ ညှိနှုန်းမှုများ ဖြစ်စဉ်တစ်ရပ် ဖြစ်သည်။ ပဋိပက္ခပြောင်းရေး အနုပညာတစ်ရပ်ဖြစ်သည်။ စေ့စပ်ညှနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေခံပေါ်မှ ချဉ်းကပ်နည်းတစ်ခု ဖြစ်သည်။

မည်သည့်အရာမှ တစ်ကြိမ်တည်းနှင့် အပြီးပိုင် တည်ဆောက်၍ မရ။ ပြဿနာများ၏ အဖြေကို ဖွဲ့စည်းအုပ်ချုပ်ပုံ ဆိုင်ရာ မိတ်ဖက်များအကြားတွင် ဆွေးနွေးညှိနှိုင်း သွားရမည်။ ဗဟိုအာဏာတစ်ခုဖြင့် ဖြေရှင်း၍ မရပေ။ ဤလိုက်လျောညီထွေ ပျော့ပျောင်းမှုသည် ဖက်ဒရယ်ဝါဒ၏ အကြီးမားဆုံး အကျိုးကျေးဇူး တစ်ခုပင် ဖြစ်သည်။

စံပြမော်ဒယ်ဆိုသည်မှာ အဘယ်နည်း… မိတ်ဖက်အားလုံး သဘောတူ ကျေနပ်စေရန်အတွက် ဖက်ဒရယ်ဖွဲ့စည်းပုံသည် ပထမဆုံးအနေနှင့် ပျော့ပျောင်းပြီး ပါဝင်အောင် အုပ်စုအားလုံး ဒေသအားလုံး၏ သီးခြားလက္ခဏာများကို ထင်ဟပ်ရပေမည်။ ဖက်ဒရယ်ဖွဲ့စည်းပုံစနစ်သည် အကောင်းဆုံး ဖက်ဒရေးရှင်း၏ အောင်မြင်မှုသရဖူးကို ဆောင်းခဲ့ပြီဟု မည်သည့်နိုင်ငံကမှ မခံယူပေ။ ကျွန်တော်တို့ ကြီးကြီးမားမား သင်ယူရပေဦးမည်။ အောင်မြင်မှုများထဲမှ သင်ယူမည်။ ဆုံးရှုံးမှုများထဲမှ သင်ယူရပေမည်။
ဖက်ဒရယ်စနစ်သည် ပူးတွဲ ပြဿနာများအပေါ် ပူးတွဲပေါ်လစီများ ချမှတ်သော ပူးတွဲဆုံးဖြတ်ချက် အခြေခံဖြစ်စဉ်တရပ်လည်း ဖြစ်နိုင်ပါသည်။

ဖက်ဒရယ်စနစ်ကို အစိုးရက အဆင့်အဆင့်ကို တိကျစွာ သတ်မှတ် ခွဲဝေထားသော ပုံစံသေဒီဇိုင်းတစ်ခုအဖြစ် မမြင်သင့်ပေ။ ပူးတွဲ ပြဿနာများအပေါ် ပူးတွဲပေါ်လစီများ ချမှတ်သော၊ ပူးတွဲဆုံးဖြတ်သော အခြေခံဖြစ်စဉ်တစ်ရပ်လည်း ဖြစ်နိုင်ပါသည်။ ဖက်ဒရယ်သည် ခွဲထွက်ရန် ဦးတည်သော ကွန်ဖက်ဒရေးရှင်းနှင့် တစ်ခုတည်းအဖြစ် စုစည်းရန် အားထုတ်သော တစ်ပြည်ထောင်စနစ်အကြားမှ ဖော်ဒယ်တစ်ခုသာ ဖြစ်ပါသည်။

မောင်ခိုင်အောင်

Ref: Federalism: Flexibility & Limitation By C Line Auclair
စာရေးသူ မောင်ခိုင်အောင် (ခေါ်) ဦးဦးလှစောသည် ဖယ်ဒရယ်ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ တဦးလည်း ဖြစ်သည်။

ဖယ်ဒရယ်ဂျာနယ် သြဂုတ်၊ ၂၀၁၃ မှ ဆောင်းပါးအား AKYAB POST ညီအစ်ကိုများ ပြန်လည် ရိုက်နှိပ်ပေးပါသည်။



EmoticonEmoticon

Comments system

Flag Counter