ရောသမမွှေ ရခိုင်ပြည်ရွေးကောက်ပွဲ







ရောသမမွှေ ရခိုင်ပြည်ရွေးကောက်ပွဲ


ရွေးကောက်ပွဲကျင်းပမယ့်ရက် တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ ရခိုင်ပြည်မှာ ၀င်ရောက် အရွေးခံကြမယ့် ပါတီတွေ၊ တသီးပုဂ္ဂလတွေရဲ့ မဲဆွယ်စည်းရုံး ဟောပြောမှုတွေကလည်း အရှိန်မြင့်လာ ပါတယ်။ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်အရွေးခံမယ့် အရေအတွက်ကလည်း (၂၀၁၀) ရွေးကောက်ပွဲကထက် ထင်မှတ် မထားလောက်အောင် ပိုများလာပါတယ်။

 အဲဒီလို များလာရတဲ့ အကြောင်းအရင်းကလည်း ဆက်စပ်ကြည့်ရင် ရခိုင်အမျိုးသားပါတီရဲ့ ပါတီတွင်း ပဋိပက္ခကနေ လွှင့်စင် လာတာ ဖြစ်ပါတယ်။ ရခိုင်အမျိုးသား ပါတီတွင်း အမတ်လောင်းရွေးချယ်မှု ကမောက်ကမက် ဖြစ်မှုကလည်း တသီးပုဂ္ဂလများကို ပေါ်ထွန်းစေခဲ့တဲ့ အကြောင်းအရင်းခံတခုပါ။ ရခိုင်အမျိုးသားပါတီရဲ့ သံတွဲ ညီလာခံ နောက်ပိုင်း ရခိုင်မျိုးချစ်ပါတီ (APP) ဆိုပြီးတော့ ပါတီသစ်တခု ပေါ်လာတာဟာလည်း နဂိုက ရခိုင်အမျိုးသားထု တရပ်လုံးရဲ့ ရည်မှန်းချက် ဖြစ်တဲ့ “ရခိုင်ပါတီ တပါတီပဲ ရှိရမယ်” ဆိုတဲ့ ကြွေးကြော်သံကို လှောင်ပြောင်နေသလို ပါပဲ။
ဒေါင်ဒေါင်မြည်တဲ့ အမတ်တွေလား
(၂၀၁၄) ဇူလိုင် ၀န်းကျင်က ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးတခုမှာ ရခိုင်အမျိုးသား ပါတီရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဦးလှစောက “စက်တင်ဘာလမှာ ပါတီညီလာခံ လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီ ညီလာခံကြီးကပဲ ပြည်သူလူထု တရပ်လုံးက လက်ခံနိုင်လောက်တဲ့ ခေါင်းဆောင်တွေ ရွေးမယ်၊ လာမည့် ရွေးကောက်ပွဲ အတွက် အမတ်လောင်းတွေ ရွေးမယ်။

လက်ရှိ အမတ်တွေထက် တကယ့်ဒေါင်ဒေါင်မြည်တဲ့ အမတ်တွေ၊ မိမိကိုယ်ကျိုးကို မကြည့်တဲ့သူ၊ စစ်တပ်ကို မကြောက်တတ်သူ၊ ရခိုင်ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်မယ့်သူ စတဲ့ အရည်အချင်းတွေ ပြည့်ဝတဲ့ အမတ်တွေ ပေါ်ထွက်လာဖို့ မူဝါဒတွေ ချမှတ်သွားဖို့ ရှိပါတယ်။” လို့ ဖြေခဲ့ပါတယ်။ အခုလက်ရှိ ပါတီတွင်းရွေးချယ်ထားတဲ့ အမတ်လောင်းတွေက သူ ပြောတဲ့ အရည်အချင်းတွေနဲ့ ပြည်စုံ ပါရဲ့လားဆိုတာကတော့ ရွေးကောက်ပွဲအလွန် ကာလမှာ တွေ့မြင်လာကြရတော့မှာ ဖြစ်ပါတယ်။
သုံးပွင့်ဆိုင် ဇာတ်လမ်း
ရခိုင်ပြည်မှာ ရွေးကောက်ပွဲဝင်ကြမယ့် အဓိက ပါတီကြီး (၃) ခု ရှိ ပါတယ်။

 အဲဒီထဲမှာ ရေပန်းအစားဆုံး ပါတီက ရခိုင်အမျိုးသားပါတီ (ANP) ပဲဖြစ်ပါတယ်။ (ANP) နဲ့ အပြိုင် လက်ရှိအာဏာရပါတီတခုဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ လက်ရှိ မြန်မာ တနိုင်ငံလုံးမှာ ရေပန်းအစားဆုံးပါတီလို့ ပြောလို့ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့ပဲ ဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးရေးစတင်စဉ် အချိန် ကာလက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အလေးထားရမည့်ပါတီတခုအဖြစ် ရခိုင်အမျိုးသားပါတီက မရှုမြင်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်ကို မဲဆွယ်စည်းရုံးရေး ခရီးစတင်မယ်လို့ ပြောလာတဲ့အခါ ရခိုင်အမျိုးသားပါတီ ပါတီဝင် ကြားမှာရော၊ ရခိုင်ပြည်သူလူထုကြားမှာပါ အနည်းနဲ့အများ အလှုပ်အခပ်၊ စိုးရိမ်မှုတွေ ရှိလာတာတွေ တွေ့လာရပါတယ်။

တပါတီထဲက ခေါင်းဆောင် (၂) ဦးစကား
ရခိုင်ပြည်သူအများစုက ရခိုင်ဆိုတဲ့ ခံယူချက်နဲ့ ရခိုင်အမျိုးသားပါတီကို မဲပေးကြမယ်ဆိုတာ သေချာပေမယ့်၊ ရခိုင့် နိုင်ငံရေး စိတ်ဝင်စားသူတွေကြားမှာ ရခိုင်အမျိုးသားပါတီရဲ့ ခေါင်းဆောင် နှစ်ဦးရဲ့ ပြောကြားပုံ အနစ်သာရ မတူတဲ့အပေါ်မှာ ပါတီရဲ့မူဝါဒရေးရာ ခိုင်မာအားကောင်းမှုကို မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ပါတီရဲ့ ရေရှည်ရေးမှန်းချက်၊ ပေါ်လစီဆိုတာထက် ရေတိုဖြစ်တဲ့ ရွေးကောက်ပွဲ အလွန် စဉ်းစားချက်တွေက တဦးအပြောနဲ့ နောက်တဦးအပြော ကွဲပြားနေတာ တွေ့နေရပါတယ်။
ဒေါက်တာ ဦးအေးမောင်က "Ruling Party ဖြစ်ကို ဖြစ်ဖို့ လိုတယ်ဆိုတဲ့ ခံယူချက်ဖြစ်တဲ့အတွက်၊ ကျွန်တော်တို့က ပြည်နယ်ကို Emphasis လုပ်ပါတယ်။ ပြည်နယ်ပါလီမန်ဟာ ကျွန်တော်တို့အတွက် အဓိက နေရာဖြစ်တယ်။

 နိုင်ငံရေးရဲ့ ဗဟိုချက်မဟာ ရခိုင်ပြည်ဖြစ်သလို၊ တကယ့် နိုင်ငံရေးအာဏာဟာလည်း ပြည်နယ်ဖြစ်တယ်ဆိုတာကို ခိုင်ခိုင်မာမာ သုံးသပ်ပြီးတဲ့အခါ ပြည်နယ်ကို ထိုးစစ်ဆင်ဖို့အတွက်၊ ပြည်နယ်ကို ၀န်းရံဖို့အတွက် စနစ်တကျ ချဉ်းကပ်ပါတယ်။ ဒါဟာ ရခိုင်အမျိုးသားပါတီရဲ့ နိုင်ငံရေး ထိုးဖောက်မှုပါ။ ပွင့်ပွင့်လင်းလင်းပြောရင် နှစ်ပေါင်း (၆၆) နှစ်လောက် လက်နက်ကိုင်ပြီးတော့ အမျိုးသားလွတ်မြောက်ရေး အတွက် တော်လှန်တိုက်ပွဲဝင်နေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း လေးစားပါတယ်။ သူတို့ရဲ့ အန္တိမရည်မှန်းချက်ဟာ Self-determination ပါ။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဖို့အတွက် တိုက်ပွဲဝင်တယ်။

 ကျွန်တော်တို့ နိုင်ငံရးပါတီဟာလည်းပဲ သေနတ်တလက် မကိုင်ဘဲ၊ ကျည်ဆံတတောင့် မသုံးဘဲနဲ့ ရခိုင်ပြည်ရဲ့ အချုပ်အခြာအာဏာကို ပြည်သူ့နည်းနဲ့ ပွင့်ပွင့်လင်းလင်းပြောရင် ပြည်သိမ်းတိုက်ပွဲ ဆင်ဖို့အတွက် ရခိုင်ပြည်ကို အာရုံစိုက်ပါတယ်။" ဟု စစ်တွေ၊ ၀င်္ကပါကွင်း မိန်းခွန်းတွင် ပြောကြားခဲ့သည်။

ပါတီခေါင်းဆောင် နောက်တဦးဖြစ်တဲ့ ဦးအေးသာအောင်ကတော့ “ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်ရှိဖို့ လိုတယ်။ အခုလို ဖြစ်နေတာတွေက ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်မရှိဘဲ ပြည်ထောင်စုအစိုးရကပဲ ချုပ်ကိုင်ထားလို့။ နယ်စပ်ရေးရာဆိုရင်လည်း တပ်က ကိုင်ထား တယ်။ လုပ်ပိုင်ခွင့်ရှိဖို့အတွက် ၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ရမယ်။ ပြည်နယ် အစိုးရဖွဲ့နိုင်ဖို့ဆိုတာက စိတ်ကူးယဉ် အိပ်မက်တခုပဲ။ ၂၀ဝ၈ ဖွဲ့စည်းပုံအရ ဘယ်လောက်ပဲနိုင်နိုင် သမ္မတက ဝန်ကြီးချုပ်ကို ခန့်တယ်။ ဝန်ကြီးချုပ်က အစိုးရကို ဖွဲ့တယ်။ အစိုးရအဖွဲ့ထဲမှာ ၂ ယောက် ၃ ယောက်တော့ ပါကောင်းပါနိုင်တယ်။ အဲတော့ ရခိုင်အမျိုးသား ပါတီက ပြည်နယ် အစိုးရဖွဲ့ဖို့ မဖြစ်နိုင်ဘူး။” လို့ဆိုပါတယ်။

တကယ်တော့ ဒေါက်တာဦးအေးမောင်ရဲ့ ပြောစကားအချို့ဟာ သူရဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လိုမှု ဇာတ်လမ်း စတင်ခဲ့တဲ့ (၂၀၁၄) ၀န်းကျင်လောက်က စခဲ့တာလို့ ပြောရင် ရနိုင်ပါတယ်။ သူ အမြဲတမ်းပြောတတ်တဲ့ စကားကတော့ မဟာဗျူဟာအရ ရခိုင်အမျိုးသားပါတီဟာ ပြည်နယ်ကို အာရုံစိုက်ပါတယ် ဆိုတာပါပဲ။ ဒီစကားအပေါ်မှာ ပါတီရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘဲ သူ့သဘောနဲ့ သူ ပြောခြင်းသာ ဖြစ်တဲယ်လို့ ပါတီခေါင်းဆောင်ပိုင်း အချို့ရဲ့ ပြောပြချက်အရ ပြန် သိရပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေး၊ ရခိုင့်နိုင်ငံရေး အခြေအနေအရ မူကိုကြည့်ပြီးတော့ မဲပေးကြမယ်ဆိုတာကတော့ ဝေးပါသေးတယ်။ ဒါပေမယ့် ပါတီတွေ၊ နိုင်ငံရေးသမားတွေဟာ ပါတီဝင်တွေကိုရော၊ လူထုကိုပါ ပညာပေး၊ ပြုပြင်တည်ဆောက်ပြီး “မူဝါဒကြည့် မဲပေးစနစ်” ကို ကြိုးစား ကြစေချင်ပါတယ်။ ပါတီကိုလည်း “ဒီမိုကရေစီ ဗဟိုချုပ်ကိုင်မှု သဘာတရား” လက်ကိုင်ထားပြီးတော့ တည်ဆောက်ပေးစေချင်ပါတယ်။ ပါတီခေါင်းဆောင်တွေဟာ ပါတီက ချက်မှတ်ထားတဲ့ မူတွေအပေါ်မှာသာ စကားပြောသင့်တယ်လို့ ယုံကြည်ပါတယ်။

ဒါဟာ ပါတီ အင်စတီကျူးရှင်းတွေကို တည်ဆောက်ရာမှာ အရေးပါ ပါတယ်။ အဲဒီလို လုပ်နိုင်မှလဲ ရခိုင်ပြည်၊ ရခိုင်မျိုးဆက်တွေအတွက် အမွေကောင်း ကျန်ခဲ့မှာပါ။ ဒါတွေက ရခိုင်အမျိုးသားပါတီနဲ့ ဆက်စပ်ပြီးတော့ ကျွန်တော် ပြောချင်တဲ့ အကြောင်းအရာတွေပါ။
ရခိုင်အားကို ဒေါ်စုလိုတယ်၊ ဒေါ်စုအားကို ရခိုင်လိုတယ်
ဒေါ်စု ရခိုင်ပြည်ကို လာမယ့်ဆိုတဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူ အကြီး၊ အငယ်၊ အလတ် အားလုံးလိုလို ပြောဆိုနေကြတာ၊ ဝေဖန် ဆွေးနွေးနေကြတာတွေကို တွေ့နေရပါတယ်။

(၂၀၁၂) ကုလား - ရခိုင် အရေးအခင်းနောက်ပိုင်း ဒေါ်စု ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ရခိုင်တွေ စိတ်ပျက်မှု မြင့်တက်လာခဲ့ပါတယ်။ တချိန်တည်းမှာ အဲဒါကို အခွင့်ကောင်းယူပြီး ဒေါ်စုကို ကုလားနဲ့ တွဲမြင်အောင် ဆိုရှယ်မီဒီယာတွေမှာ အာဏာလက်ရှိ အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေက အင်တိုက်အားတိုက် ဆောင်ရွက်လာခဲ့တာ ယနေ့အချိန်ထိပါပဲ။ ရခိုင်အတော်များများက ဒေါ်စုကြည်ကို ကုလားအရေးနဲ့ ပတ်သက်ပြီး အချဉ်ပေါက်နေကြတယ် ဆိုတာကိုတော့ ကျွန်တော်လည်း သိပါတယ်။

 ဒေါ်စုကို မူဆလင်တွေနဲ့ ပေးစားတဲ့ လှိုင်း ဘယ်လောက်ထိ ခရီးရောက်သလဲ မေးရင် (၂၀၁၅) ရွေးကောက်ပွဲရဲ့ အဓိက အကြောင်းအရာထဲမှာ အမျိုးဘာသာ၊ တနည်းအားဖြင့် မူဆလင်အရေး ဖြစ်နေတာ တွေ့ရပါတယ်။ ဒေါ်စု ဓာတ်ပုံ မြင်ရင် မဆီမဆိုင် ၀င်တွယ်နေကြတဲ့ အမျိုးတွေကိုလည်း Facebook ပေါ်မှာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်သင့်၊ မကြိုက်သင့်သည်ဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးလိုရင်း အလျဉ်းမရှိပါ။ ဒါကတော့ တကဏ္ဍာတာပါ။
တကယ့်လက်တွေ့ဘ၀မှာတော့ ရခိုင်တွေဟာ ဒေါ်စုကို လိုအပ်နေတာ သေချာပါတယ်။

 ပြည်တွင်းမှာ ဒေါ်စုကို ဘယ်လိုပဲ ပြောပြော၊ နိုင်ငံတကာမှာတော့ ဒေါ်စုဟာ ဒီမိုကရေစီ ခေါင်းဆောင် (Democracy Icon) ဆိုပြီး သိထားသူတဦး ဖြစ်ပါတယ်။ ဒါကို ဘယ်သူ့မှ ငြင်းလို့ မရပါဘူး။ ဒီနေရာမှာ ရခိုင်အမျိုးသားပါတီရဲ့ ခင်းကျင်းမည့် အနာဂတ်ပေါ်လစီဟာ အရေးပါလာပါတယ်။ တကယ်လို့ ဒေါ်စုရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ အာဏာရရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ ရခိုင်လူမျိုးတွေအတွက် Voice တခု ဆောင်းကြည်းလာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ကုလားကိစ္စကို လက်ရှိ အာဏာရ ကြံ့ခိုင်ရေးကလည်း မရှင်းခဲ့သလို၊ ရခိုင်ခေါင်းဆောင်တွေလည်း ရှင်းနိုင်စွမ်း၊ ရှင်းနိုင်တဲ့ အင်အား မရှိဘူးဆိုတာ လွန်ခဲ့တဲ့ (၅) နှစ်သက်တမ်းက သက်သေပြခဲ့ ပါတယ်။

ဒါကြောင့် နိုင်ငံတကာက ယုံကြည်မှုကို ရရှိတဲ့ထားတဲ့ ဒေါ်စုကို ကျွန်တော်တို့ ဆွဲယူသုံးစွဲဖို့ လိုအပ်ပါတယ်။ ကုလားအရေးနဲ့ ပတ်သက်ပြီး အင်တာဗျူးတခုမှာ ဒေါ်အောင်ဆန်းစုကြည် လိုက်ဟာ ပြခဲ့တာတခုကတော့ ကုလားအရေးမှာ ဘင်္ဂလားဒေ့ရှ်လည်း ပါဝင်ပတ်သက်နေတယ်၊ ဖြေရှင်းဖို့ လုအပ်တယ် ဆိုတာကို ဖြေသွားခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ လိုချင်တဲ့ အဓိက အချက်ပါပဲ။ အဲဒီပွိုင့်ကို မထိလို့ ကျွန်တော်တို့ တိုင်ပတ်နေကြတာပဲ မဟုတ်လား။ သမ္မတဦးသိန်းစိန်တို့၊ လ၀က ၀န်ကြီးချုပ် ဦးခင်ရီတို့ကတော့ ရခိုင်ပြည်မှာ ရှိနေတဲ့ မူဆလင်တွေဟာ ပြည်ပက ခိုးဝင်လာတဲ့သူတွေ မဟုတ်ဘူး။

ဒီမှာ မွေးဖွားလာကြတာပါလို့ ရုပ်သံ အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။ ဒါကြောင့် ရှင်းပါတယ်။ အခုလက်ရှိ အာဏာရပါတီနဲ့ အစိုးရဆိုသူတွေဟာ ရခိုင်ပြည်က မူဆလင်အရေးကို သူတို့ ရခိုင်ပြည်မှာ အာဏာဆုတ်ကိုင်ဖို့အတွက် ကစားစရာတခုထက် မပိုဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်ပါတယ်။
သူတို့ ဖြစ်ချင်တာက ကျွန်တော်တို့ ရခိုင်လူမျိုးတွေကို ကုလားဆန့်ကျင်ရေးလှိုင်းစီးပြီး ဒေါ်စုကို အိုးမဲသုတ်ရေးလှိုင်းကို ငြိမ့်နေအောင် လုပ်ထားဖို့ပဲ ဖြစ်ပါတယ်။

ဒါကို ကျွန်တော်တို့ ရှောင်နိုင်ဖို့လိုပါတယ်။ ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဦးထွန်းမြတ်နိုင်က ဒေါ်စုနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ခုလို ရှင်းရှင်းလင်း ပြောပါတယ်။ “အရင်က နိုင်ငံရေးအရ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ရခိုင်တွေ အထင်အမြင်လွဲအောင် ရန်တိုက်တာတွေ ရှိတယ်။ ဒါပေမယ့် အတွေးအခေါ်ရှိတဲ့ ရခိုင်တွေက သူတို့လမ်းလွှဲတိုင်း မလွဲသွားပါဘူး။ ရှင်းလင်းတဲ့အမြင် ရှိကြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ရခိုင်လူထုနဲ့ ရန်တိုက်ပေးတယ်။ ပုဂ္ဂိုလ်ရေးအရ ဒေါ်စုကို လေးစားပါတယ်။ အမျိုးသားရေးနဲ့ ပတ်သတ်လာရင်တော့ သူ့ကို ဒုတိယတန်းပဲထားနိုင်ပါမယ်။ သာမန်ရခိုင် တယောက်အနေနဲ့ ပြောတာပါ။” လို့ ပြောဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်ခြင်း၊ မကြိုက်ခြင်းထက် နိုင်ငံရေးကို နိုင်ငံရေးနဲ့တူအောင်၊ မဟာမိတ်တိုးပွားရေးကို ရခိုင်ခေါင်းဆောင်များ စဉ်းစားဆုံးဖြတ်ဖို့ လိုပါတယ်။ ကျွန်တော်ဆိုလိုချင်တာက အမျိုးသားရေးကို ဦးထိပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို လက်တွဲဖို့ လိုပါတယ်။

ဒီနေရာမှာ နိုင်ငံကြီးတနိုင်ငံဖြစ်တဲ့၊ မြန်မာအာဏာရှင်အစိုးရ အဆက်ဆက်နဲ့ အလွမ်းသင့်တဲ့ တရုတ်က ဒေါ်စုကို တရုတ်ပြည်ကို ဖိတ်ခေါ်ခဲ့တဲ့ ခရီးစဉ်ဟာ လက်တွေ့ နိုင်ငံရေး သဘောတရားတခုကို လှစ်ဟ ပြလိုက်တာပါပဲ။ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ အလားအလာရှိတဲ့ မဟာမိတ်တဦးကို မွေးယူလိုက်တာပါပဲ။ အနောက်နိုင်ငံနဲ့ အလွမ်းသင့်ပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မဟာမိတ် ဖွဲ့ခြင်းဖြင့် တရုတ်ပြည်ရဲ့ ရေရှည် အကျိုးစီးပွား ခိုင်မာအောင် စတင်ခြေလှမ်း လှမ်းခဲ့တဟာ ကျွန်တော်တို့အတွက် စဉ်းစားစရာ အချက်တွေပါ။

(၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံအရ (၇၅) ရာခိုင်နှုန်းသော လွှတ်တော်အမတ်များကို ပြည်သူက ရွေးချယ်ရမည့် ရွေးကောက်ပွဲမှာ ဗဟိုအစိုးရတရပ် ဖွဲ့နိုင်ဖို့အတွက် မဲအပြတ်အသတ်အနိုင်ရရှိရေးသည် တတိုင်းပြည်လုံးကို ကိုယ်စားပြုပြီး အစိုးရဖွဲ့နိုင်ဖို့ ကြိုးပမ်းနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ပိုပြီးတော့ အရေးကြီးပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက မဲအပြတ်နိုင်စရာမလိုဘဲ (၂၆) ရာခိုင်နှုန်းနိုင်ရင်တောင် တပ်မတော် (၂၅) ရာခိုင်နှုန်းနဲ့ ပေါင်းပြီး (၅၁) ရာခိုင်နှုန်းနဲ့ အစိုးရဖွဲ့နိုင်တဲ့အတွက် (၂၀၁၅) ရွေးကောက်ပွဲဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဟာဗျူဟာ ပြည့်မှီရေးအတွက် အရေးပါနေပါတယ်။

 ဒါဟာ တိုင်းရင်းသားဒေသတွေမှာ ဒေသခံပါတီတွေကို မဟာမိတ်မလုပ်ဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်တိုင် ၀င်ရောက်ယှဉ်ပြိုင်ရတဲ့ အကြောင်းအရင်းလို့ မြင်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပါ။ မတည်ငြိမ်တဲ့ နိုင်ငံရေးဝန်းကျင်တွေ ဖန်တီးတတ်တဲ့ မြန်မာနိုင်ငံမျိုးမှာ ညွှန့်ပေါင်းအစိုးရဟာ အတော် အန္တရာယ်များပါတယ်။

ဒါကို သေချာချင်လို့ အမျိုးသားဒီမိုကရေစီချုပ်က ကြိုးပမ်းနေတယ်လို့ မြင်ပါတယ်။
ရွေးကောက်ပွဲဆိုတာ ပြည်သူ့အဆုံးအဖြတ်ကို ခံတဲ့ပွဲပါ
ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်ခရီးစဉ်အပေါ် ရခိုင်ခေါင်းဆောင်တွေရဲ့ သုံးသပ်ထားချက်တွေကိုလေ့ ဖတ်ရကြားရပါတယ်။ နောက်ဆုံး ပြောကြားချက် တခုကတော့ ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာဦးအေးမောင်ရဲ့ ပြောကြားချက်ပဲ ဖြစ်ပါတယ်။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းရင်းသားတွေနဲ့ မဟာမိတ် မလုပ်ဘဲ တိုင်းရင်းသားပါတီတွေကို နောက်ချန်ထားပါတယ်။ ကျနော်တို့က တိုင်းရင်းသားမဟာမိတ်တွေနဲ့ (NLD) ဦးဆောင်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အင်အားစုတွေနဲ့ ညီညီညွတ်ညွတ် လက်တွဲပြီးမှ အစိုးရ ဖွဲ့စည်းစေချင်တယ်။ ဒါပေမယ့် (NLD) က တိုင်းရင်းသားတွေကို အရေးမလုပ်ပဲ အာဏာကို လက်ဝါးကြီးအုပ်မယ့်ကိစ္စကို ပြန်သုံးသပ် သင့်တယ်လို့ (NLD) ကို message ပေးလိုပါတယ်”ဟု ပြောကြား ခဲ့သည်။

ဒီနေရာမှာ ဒေါက်တာအေးမောင်နဲ့ မတူဘဲ ရှုမြင်သူတဦးကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ဖြစ်ပါတယ်။ သူတို့ပါတီ (SNLD) ပြိုင်မယ်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၀င်ရောက်အရွေးချယ်ခံတဲ့အပေါ်မှာ သူ့အမြင်က “ဒါက ဒီမိုကရေစီ ကျင့်သုံးနေတာကိုး။ ငါ့နယ်မြေ မင်းမလာနဲ့၊ ငါတို့ပဲ ပြိုင်မယ်ဆိုတာမျိုးကတော့ ဒီမိုကရေစီ မစစ်တော့ဘူးလေ။ ပြည်သူလူထုရဲ့ ရွေးပိုင်ခွင့်ကလည်းရှိသေးတာကိုး။

သူတို့ကို ကျွန်တော်တို့က အခွင့်အရေးတွေ ဖွင့်ပေးရမယ်။ (NLD) မို့လို့ မလာကြနဲ့ဆိုရင် သွားပြောကြပါလားဗျ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးတော့ မပြောကြဘူး၊ (NLD) ကျမှ မလာပါနဲ့လို့ ပြောတဲ့လူတွေ တပုံကြီးပဲ။ ကျွန်တော် (NLD) ဘက်က ရှေ့နေလိုက်တာမဟုတ်ဘူး။ လူတော်လူကောင်းတွေ ထွက်လာဖို့ အရေးကြီးတယ်။ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်မယ့်လူတွေ လိုတာပါ။ ဘယ်သူပါရမယ်၊ ဘယ်သူမပါရဘူး ဆိုတဲ့ဟာတော့ ကျွန်တော်က မသတ်မှတ်စေချင်ဘူး။

 ကိုယ်ကနိုင်လို့ လွှတ်တော်ထဲမှာ တခြားကိုယ်စားလှယ်တွေနဲ့ အရည်အချင်းယှဉ်လိုက်လို့ ကိုယ့်လူကညံ့နေရင် မဖြစ်ပြန်သေးဘူး။ ရိုးရိုးသားသား ယှဉ်ပြိုင်ပြီး လူထုရဲ့ ဆုံးဖြတ်ချက်ကို လေးစားဖို့လိုတယ်။” ပြောသွားပါတယ်။
တကယ်တော့ နိုင်ငံရေးထောက်ခံအားပေးမှုဆိုတာ နေ့ချင်းရက်ချင်း ဖြစ်လာတတ်တာတော့ မဟုတ်ပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်လမ်းကို ကိုယ်သွားနေဖို့ပဲ လိုပါတယ်။ ဒေါ်စုရောက်လာလို့ ရခိုင်အမျိုးသားပါတီကို မဲပေးမယ့်သူတွေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို သွား မဲပေးကြမယ်ဆိုရင် ကျွန်တော့်အနေနဲ့ သွားထည့်သူ အမှားလို့ မယူဆချင်ပါဘူး။

 ဒါကို တချို့ကလည်း “အမျိုးသား သစ္စာဖောက်” ဆိုပြီးတော့ ပြောကြမယ်ထင်တယ်။ ဒါဟာ သာမန် စဉ်းစားချက်ပါ။ ကိုယ့်မြေက ကိုယ့်ပြည်သူကို ကိုယ့်ပါတီကို မဲထည့်အောင် ဆွဲဆောင် နိုင်စွမ်းမရှိတဲ့ ပါတီခေါင်းဆောင်တွေရဲ့ အမှားလို့ ဆိုချင်ပါတယ်။ ကျွန်တော်ပြောတာကို လက်ခံကြမယ်ထင်ပါတယ်။ ကိုယ်နဲ့ သွေးသားတော်စပ်တဲ့ ကိုယ့်အမျိုးတွေက ပြည်မက ပါတီကို သွားပြီး မဲပေးချင်စိတ်ပေါက်လာရင် ကျွန်စိတ် ပေါက်လို့ မဲပေးကြတယ် ဆိုတဲ့ အပြောမျိုး ပြောစရာ မရှိပါဘူး။ ကိုယ်ညံ့လို့ ကိုယ်ခံရတာလို့ သဘောထားပြီး ပါတီကို ပိုကောင်းလာအောင်၊ ကြိုးပမ်းဖို့ပဲလိုပါတယ်။

ပြည်ခိုင်ဖြိုးလည်း ခင်းနေတယ်။
ရွေးကောက်ပွဲ နီးလာတဲ့အချိန် သတိကြီးကြီးထား ဗျူဟာခင်းနေတဲ့ ပါတီကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီပဲ ဖြစ်တယ်။ သူတို့ လုပ်တတ်တဲ့ ပုံစံတွေကတော့ အရင်အတိုင်းပါပဲ၊ သိပ်အထွေအထူး ပြောင်းလဲမှု မရှိသေးပါဘူး။

သူတို့ပါတီ ကြီးစိုးတဲ့ အမ်းမြို့နယ်မှာ ဆိုရင် ရခိုင်အမျိုးသားပါတီရဲ့ ဆိုင်းဘုတ်တွေ ဖြိုဖျက်ခံရတာတွေ၊ သူတို့ပါတီရဲ့ အရေးပါတဲ့ ကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဒေါက်တာ စံရွှေအောင်နဲ့ ပြိုင်မယ့် ရခိုင်အမျိုးသားပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးလှအောင်ညွှန့်ကို ခြိမ်းခြောက်မှု၊ အိမ်ကျော်နင်းမှု စသည့် စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုထားပါတယ်။ (၂၀၁၀) ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်မှာ ခွက်ခွက်လန်အောင် ရှုံးခဲ့တဲ့ ပြည်ခိုင်ဖွံ့ပါတီကလည်း လူအား၊ ငွေအား အလုံးအရင်းသုံးပြီး ကြိုးပမ်းနေပါတယ်။

သူတို့ရဲ့ စေတနာကတော့ ရခိုင်ပြည်က လမ်းတွေ အတိုင်းပါပဲ။ (၅) နှစ်တောင် မခံပါဘူး။ ဒီမိုကရေစီ မဆန်တဲ့ (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံက သူတို့ပါတီကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တောက်လျှောက် မျက်နှာသာပေးခဲ့တယ်။

 အမတ်အများဆုံး အနိုင်ရပေမယ့် ပြည်နယ်အစိုးရ ဖွဲ့ပိုင်ခွင့် မရှိတဲ့ ဖွဲ့စည်းပုံအရ ပြည်နယ်ဝန်ကြီးချုပ်ဟာ ရခိုင်ပြည်အတွက် အရေးပါနေဆဲပါ။ ဒေါက်တာအေးမောင်ပြောသလို ပါလီမန်ကို ချုပ်ကိုင်ပြီး ပြည်နယ် အစိုးရကို ထိန်းချုပ်ရေးဆိုသည်မှာ နားဝင်ချိုသလောက်၊ လက်တွေ့ ဖြစ်နိုင်စရာ မရှိပါ။ ဒါကြောင့် ပြည်သူတွေကို သိပ် မျှော်လင့်ချက် မထားဖို့၊ မျှော်လင့်ချက် အမှားတွေ မပေးမိဖို့ ပြောချင်ပါတယ်။

 အဓိက ပြည်နယ်မှာ အရေးပါဆုံး ပုဂ္ဂိုလ်ဟာ ၀န်ကြီးချုပ် ဖြစ်တဲ့အတွက် ဒါကို သတိရှိရှိထားပြီးတော့ ပြည်ခိုင်ဖြိုးပါတီက ရခိုင်လူမျိုး ဒေါက်တာစံရွှေအောင်နဲ့ ၀န်ကြီးချုပ်ဟောင်း၊ ဗမာလူမျိုး ဦးမောင်မောင်အုန်းကို ထုတ်သုံးထားပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်မှ ရခိုင်အမျိုးသားပါတီက အစိုးရဖွဲ့နိုင်ရေး ရည်မှန်းချက်ဟာ ပြည်ထောင်စု အစိုးရဖွဲ့မယ့် ပါတီရဲ့ သဘောထားနဲ့သာ တိုက်ရိုက် သက်ဆိုင်နေပါတယ်။
ကျွန်တော်တို့ ရန်သူက ဘယ်သူတွေလဲ။

ဒီမေးခွန်းကတော့ ခေတ်အဆက်ဆက် မေးလာတဲ့ မေးခွန်းပါ။ တဦးတယောက်ရဲ့ ဖြတ်သန်းမှု၊ ခံစားမှုကို လိုက်ပြီး အမျိုးမျိုးကွဲ ပြားနိုင်ပါတယ်။ ရခိုင်လူမျိုးရဲ့ ရန်သူဟာ ကုလားလို့ ဖြေမည့်သူတွေရှိသလို၊ ဗမာလို့ ဖြေမည့်သူတွေလည်းရှိသည်။ ကုလားရော၊ ဗမာရောလို့ ဖြေမည့်သူ တွေလည်း ရှိပါတယ်။

တကယ့်တော့ နိုင်ငံရေးမှာ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ၀န်စတန်ချာချီပြော သလို “There are no eternal friends or eternal enemies, only eternal interests” “ထာဝရ ရန်သူလည်း မရှိ၊ ထာဝရ မိတ်ဆွေလည်း မရှိ၊ ထာဝရ အကျိုးစီးပွားပဲ ရှိတယ်” ဆိုတာပါပဲ။ တဆက်တည်း ပြောရမည်ဆိုရင် ရန်သူလို့ ထင်ထားရသူတွေဟာ မိတ်ဆွေတွေ ဖြစ်နိုင်သလို၊ မိတ်ဆွေလို့ ထင်ထားသူတွေဟာလည်း ရန်သူ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ရခိုင်အမျိုးသား ကြီးပွားတိုးတက်ရေး အတွက် ထာဝရ အကျိုး စီးပွားသည်သာ အဓိကအချက် ဖြစ်ပါတယ်။ ဒီမိုကရေစီအင်အားစုများ၊ အမျိုးသားရေး အင်အားစုများ အတူ လက်တွဲနိုင်ပါစေ။ အာဏာရှင်အုပ်စုများ ကျဆုံးပါစေလို့ ဆန္ဒပြုပါတယ်။

တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်စကားနဲ့ ပြောရရင် "No matter if it is a white cat or a black cat; as long as it can catch mice, it is a good cat." “ကြောင် ဖြူဖြူ၊ ကြောင် မဲမဲ၊ ကြွက်ခုတ်တတ်ဖို့က အဓိက” မဟုတ်ပါလား။


လင်းကျော်အောင်
(အောက်တိုဘာ၊ ၁၀၊ ၂၀၁၅)






EmoticonEmoticon

Comments system

Flag Counter