“Superminister” ဒေါ်အောင်ဆန်းစုကြည်



|| ညီစောလွင် ||
မကြာခင်က နိုင်ငံခြားသား အယ်ဒီတာ တစ်ယောက်နဲ့ တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီးဌာနလေးခုကို ယူမယ့်ကိစ္စကို သူက ဟာသလုပ်တယ်။ ကျွန်တော်က “လေးခု မဟုတ်ဘူး။ ဆယ်ခုကို တစ်ယောက်တည်းက ယူလိုက်တာ” လို့ ပြန်ပြောလိုက်တယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ချင်သူတွေထဲမှာ နိုင်ငံခြားသား တချို့သာမက၊ မြန်မာတချို့လည်း ရှိတာကို တွေ့ရတယ်။
ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်က အဆိုပြုထားတဲ့ ၀န်ကြီးဌာန ၂၁ ခုထဲမှာ စစ်တပ်က ၀န်ကြီးဌာန သုံးခု (ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ) ယူထားလို့ကျန်တဲ့ ၀န်ကြီးဌာန ၁၈ ခုကို အန်အယ်ဒီက တင်တဲ့ ၀န်ကြီးတွေက ကိုင်ရမယ်။ ဒါပေမဲ့ စစ်တပ်နဲ့ မဆိုင်တဲ့ ၀န်ကြီး အမည် စာရင်းမှာတော့ ၁၅ ယောက်ပဲ ရှိတဲ့အတွက် တချို့ဝန်ကြီးတွေက ဌာနတစ်ခုထက်မက ကိုင်တွယ်ရမယ် ဆိုတာကတော့ ရှင်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနကို ကိုင်တွယ်မှာ သေချာပါတယ်။ အကြောင်းကတော့ နိုင်ငံခြားရေး ၀န်ကြီးဟာ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် ၁၁ ယောက်မှာ ပါဝင်နေတယ်။ ပညာရေး၊ လျှပ်စစ်စွမ်းအားနဲ့ အရင်က ၀န်ကြီးဌာန ခြောက်ခုကို ပေါင်းထားတဲ့ သမ္မတရုံး ၀န်ကြီးနေရာကိုရော ဒေါ်အောင်ဆန်းစုကြည်ကပဲ ကိုယ်တွယ်သွားမယ်လို့ ပါတီပြောခွင့်ရ ဦးဝင်းထိန်က ပြောထားပါတယ်။ တကယ်ဖြစ်လာရင် ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်မယ့် ၀န်ကြီးဌာနဟာ စုစုပေါင်း ဆယ်ခု ရှိပါတယ်၊
အသက် ခုနစ်ဆယ်အရွယ် အဘွားအိုပေါက်စ တစ်ယောက်တည်းက ၀န်ကြီးဌာနက အများကြီးကို ကိုင်တွယ်ရတဲ့ အတွက် အလုပ်က မလွယ်ပါဘူး။ ဒါပေမဲ့ အပေါ်ယံအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပါပဲ။ လက်တွေ့မှာ ၀န်ကြီးဌာန လေးခုစလုံးနဲ့ဆိုင်တဲ့ အစည်းအဝေးတိုင်းကို တက်နိုင်ဖို့၊ သက်ဆိုင်ရာ နယ်ပယ် အသီးသီးက တွေ့ချင်တဲ့ လူတိုင်းကို လက်ခံတွေ့ဖို့ ခက်ခဲတာလည်း ဖြစ်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၀န်ကြီးဌာန အများကြီးကို ဘာလို့ကိုင်ထားဖို့ လိုသလဲ။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့  စဉ်းစားပုံတွေကို လိုက်ပြီး ခန့်မှန်းနေရင် ရူးသွားလိမ့်မယ်” လို့ ဟံသာဝတီ ဦးဝင်းတင်က ပြောဖူးတယ်လို့ သတင်းစာဆရာကြီး မကွယ်လွန်ခင် အနီးကပ်ပြုစုခဲ့တဲ့ ကိုရာဇာက ကျွန်တော့်ကို ပြောဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ခန့်မှန်းကြည့်ရအောင်။
ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ အထက်ကနေ ညွန်ကြားသွားမယ်လို့ ပြောခဲ့တာ ရှိပါတယ်။ ဒါက အကြောင်းနှစ်ခု ဖြစ်နိုင်ပါတယ်။ သူဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့  ခေါင်းဆောင် ဖြစ်တယ်။ လူထုခေါင်းဆောင် ဖြစ်တယ်။ သူ့ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် သူသာ သမ္မတဖြစ်ရမယ်။ ပြည်သူလူထုကလည်း သူ့ကိုပဲ သမ္မတဖြစ်တာကို မြင်ချင်ကြတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ် ၅၉ (စ) က သူ့ကို သမ္မတ မဖြစ်အောင် တမင်ကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်ထားတယ်။ အရင် ဖွဲ့စည်းပုံတွေ (၁၉၄၇၊ ၁၉၇၄) တို့မှာ ဒီလို ပြဋ္ဌာန်းချက်တွေ မပါဝင်ပါဘူး။
အန်အယ်ဒီက တင်ထားတဲ့ သမ္မတဟာ ရွေးကောက်ပွဲ ကာလမှာ ပါတီက ပြည်သူတွေကို ပေးထားတဲ့ ကတိ အတိုင်း၊ ပါတီမူဝါဒတွေကို အကောင်အထည် ဖော်ရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီမှာ အရှိန်အ၀ါကြီးတဲ့ ခေါင်းဆောင် (paramount leader) ဆိုတာကို မေ့ထားလို့ မရပါဘူး။ ဒါကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ စာသားတွေက ပိတ်ပင်ထားလို့ မရနိုင်ပါဘူး။ လက်တွေ့မကျ၊ ရှေ့နောက်မညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည်က မီးမောင်း ထိုးပြချင်တာ ဖြစ်နိုင်ပါတယ်။
နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က “သမ္မတ အထက်မှာနေမယ်” လို့ ပြောထားတဲ့ အတွက် ဘယ်သူပဲ သမ္မတဖြစ်ဖြစ် ပြည်သူတွေက အရေးမကြီးလှတော့ပါဘူး။ မစိုးရိမ်တော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကသာ အစိုးရအဖွဲ့ကို ခေါင်းဆောင်မှာပဲဆိုပြီး စိတ်ချလက်ချ ရှိသွားကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့  ခြေလှမ်းတွေကို ဥာဏ်မီဖို့ ခက်ခဲတယ်လို့ ဦးဝင်းတင်ရဲ့  စကားဟာ သမ္မတ ရွေးချယ်တဲ့ ကိစ္စမှာ ပေါ်လွင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အများလက်ခံနိုင်မယ့် လူတစ်ယောက်ဟာ ဦးထင်ကျော် ပဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ ဘယ်သူမှ မစဉ်းစား နိုင်ခဲ့ကြပါဘူး။ အန်အယ်ဒီ ထူထောင်တဲ့ အချိန်က ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ တတ်သိအဖွဲ့မှာ ပါခဲ့တဲ့ အမျိုးသား စာဆို ဆရာကြီး မင်းသုဝဏ်ရဲ့သားကို ဒေါ်အောင်ဆန်းစုကြည်က စိတ်ချလက်ချ တာဝန်ပေးလိုက်ပါတယ်။ “သစ္စာရှိတဲ့ စစ်သားကြီး” အဖြစ် ဒေါ်အောင်ဆန်းစုကြည် ရည်ညွန်းဖူးတဲ့ ဦးလွင်ရဲ့ သမီးဖြစ်သူ ဒေါ်စုစုလွင်ရဲ့  ခင်ပွန်းလည်း ဖြစ်ပါတယ်။ ဦးထင်ကျော်ရဲ့ ကိုယ်ပိုင် ပညာအရည်အချင်း၊ အတွေ့အကြုံနဲ့ ဂုဏ်သိက္ခာ တို့ဟာလည်း သမ္မတရာထူးအတွက် ထိုက်တန်ပါတယ်။ မထင်မှတ်တဲ့ ခြေလှမ်းကို အံ့သြနေပုံရတဲ့ နာမည်ကြီး အယ်ဒီတာ တစ်ယောက်က ဆိုရင် “သိပ်တော်တယ်၊ သိပ်တော်တယ်” လို့ ရှားရှားပါးပါး ချီးမွှမ်းပါတယ်။
ဒါလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပဲ ကျေးဇူးတင်ရပါမယ်။ ၅၉(စ) သာ မရှိဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပဲ သမ္မတ ဖြစ်မှာမို့ ဦးထင်ကျော်လိုမျိုး ပုဂ္ဂိုလ်တစ်ယောက်ကို အပိုဆောင်း မရနိုင်ပါဘူး။ အခုတော့ သမ္မတ ဦးထင်ကျော် အစိုးရအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီးဌာန ဆယ်ခုစာကို တစ်ယောက်တည်း ကိုင်ပြီး အစိုးရအဖွဲ့ကို ထိန်းကျောင်းသွားဖို့ ခြေလှမ်းတွေကို မြင်နေရပါပြီ။ လွယ်အောင် ပြောရရင် သမ္မတ နှစ်ယောက် အုပ်ချုပ်တဲ့ အခြေအနေမျိုး ဖြစ်လာပါလိမ့်မယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတရုံး ၀န်ကြီးတစ်ခုတည်းကို ကိုင်ထားလိုက်ရင်လည်း ၀န်ကြီးချုပ်လို နေရာမျိုးနဲ့ တူပါတယ်။ တခြား ၀န်ကြီးဌာနတွေက သမ္မတရုံး ၀န်ကြီးကို အစီရင်ခံရပြီး၊ ၀န်ကြီးက သမ္မတကို ပြန်ပြီး အစီရင်ခံရပါတယ်။ ဆိုလိုတာကတော့ ၀န်ကြီးဌာနတွေ အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီမံကွပ်ကဲမှု အောက်ကို ရောက်သွားပါလိမ့်မယ်။
ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရေးပါတဲ့ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်ဖြစ်ဖို့ လိုသေးတာမို့၊ နိုင်ငံခြားရေးကိုလည်း ပူးတွဲ ထမ်းဆောင်တဲ့ သဘောရှိပါတယ်၊ တကယ်တမ်းကျတော့လည်း နိုင်ငံခြားရေးဝန်ကြီး တာဝန်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွန်သင့်တော်ပါတယ်။ Oxford တက္ကသိုလ်ဆင်း ပညာတတ်လည်းဖြစ်၊ နိုင်ငံရေးသမား မဖြစ်ခင် ပညာရှင်အနေနဲ့ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပညာရေးဝန်ကြီးဌာနကို ယူမယ်ဆိုရင်လည်း ဘာမှ မသင့်တော်စရာ အကြောင်းမရှိပါဘူး။
လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာနကတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် အသစ် ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ အိမ်ချုပ်ကနေ လွတ်ပြီး ပထမဆုံး နိုင်ငံခြားခရီးစဉ် အဖြစ် ထိုင်းကိုရောက်တုန်းမှာ ဒေါ်အောင်ဆန်းစုကြည်က “ ကျွန်မတို့ စွမ်းအင်မူဝါဒ (ကောင်းကောင်း) လိုအပ်တယ်” လို့ ပြောခဲ့ပါတယ်၊ အဲဒီအချိန်က မြန်မာပြည်မှာ မီးပျက်လို့ လူတွေ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြနေချိန် ဖြစ်ပါတယ်။ လျှပ်စစ်မီးဟာ ပြည်သူတွေရဲ့  နေစဉ်ဘ၀ အခြေခံလိုအပ်ချက် ဖြစ်သလို၊ ထုတ်လုပ်မှုကဏ္ဍ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံထဲမှာ ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလို အရေးကြီးတဲ့ လေးဌာန၀န်ကြီင်္းအဖြစ် တာဝန် ထမ်းဆောင်မယ်ဆိုရင် ခေါင်းဆောင်ဆိုတာ နောက်လိုက်တွေထက် ပိုပြီး တာဝန်ယူ၊ ပိုပြီး အလုပ်လုပ်ရတယ် ဆိုတာကိုလည်း ပြသပြီးသား ဖြစ်သွားပါလိမ့်မယ်။ န၀တ၊ နအဖ ခေတ်မှာ တီဗီမင်းသားဆိုပြီး နာမည်ပေးကြတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်လိုမျိုး ဖွင့်ပုံ အခမ်းအနားတွေ တက်ပြီး ဖဲကြိုးတွေ ဖြတ်ရုံလား ဆိုတာကတော့ မကြာခင်မှာ အဖြေပေါ်ပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီးဌာနက လေးခုကိုယူတဲ့အတွက် တကယ် အလုပ်ဖြစ်ပါ့မလားလို့ မေးခွန်းထုတ်တဲ့ နိုင်ငံခြားသား အယ်ဒီတာကို ဥပမာတစ်ခုနဲ့ ကျွန်တော်က ပြောပြပါတယ်၊ လက်ရှိ သမ္မတရုံး ၀န်ကြီး ခြောက်ခု ရှိတယ်လို့သာ ဆိုတယ်။ ဦးအောင်မင်းနဲ့ ဦးစိုးသိန်း တို့ နှစ်ယောက်လောက်ကိုပဲ ကျွန်တော်တို့ သိပါတယ်။ ဒီလိုပဲ ၀န်ကြီးဌာန ၃၆ ခုနဲ့ ဒုဝန်ကြီးတွေ၊ အသစ် ဖန်တီးလိုက်တဲ့ အတွင်းဝန်တွေ ဆိုတာတွေဟာ တချို့နေရာတွေမှာ ကိုယ့်လူကိုယ် နေရာပေးဖို့ တမင် ဖန်တီးထားတဲ့ ဌာနတွေ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၀န်ကြီးဌာန လေးခုဖြစ်ဖြစ်၊ ဆယ်ခု ဖြစ်ဖြစ် သူလိုသလောက် ယူခွင့်ရှိပါတယ်၊ မယူရဘူးလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ကန့်သတ်မထားပါဘူး။ အပြောင်းအလဲကို တောင့်တနေတဲ့ ပြည်သူလူထုရဲ့  ဆန္ဒအရလည်း တိုင်းပြည် အာဏာရပ်ရပ်ကို သူတို့ ယုံကြည်တဲ့ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ခြေ” ပဲ ဖြစ်စေချင်ကြတာ ရှင်းပါတယ်။
နိုင်ငံတကာမှာ ဆိုရင်လည်း အနိုင်ရပါတီရဲ့  ခေါင်းဆောင်ဟာ သမ္မတ သို့မဟုတ် ၀န်ကြီးချုပ် ဖြစ်ရမှာမို့လို့ ရှိသမျှ ၀န်ကြီးဌာန အားလုံးကို စီမံကွပ်ကဲရပါတယ်။ ဒါကြောင့် နိုင်ငံခြားသား အယ်ဒီတာကို “အခု ခင်ဗျားတို့ ရယ်ချင်နေတဲ့ ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဆိုင်ဘူး။ လက်တွေ့မကျတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပဲ ဆိုင်တယ် ” လို့ ကျွန်တော်ပြောလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အာဏာမက်မယ်ဆိုရင် ပါတီက ခန့်ခွင့်ရှိတဲ့ ၀န်ကြီး ၁၅ ဦးထဲမှာ အန်အယ်ဒီ ပါတီဝင်မဟုတ်တဲ့ အပြင်လူ ကိုးဦးကိုတောင် နေရာပေးစရာ အကြောင်း မရှိပါဘူး။

ညီစောလွင်

The Ladies News



 https://www.facebook.com/News.TheLadies/posts/542545929253714:0


EmoticonEmoticon

Comments system

Flag Counter