ဦးထင်ကျော်နှင့် ဦးဟင်နရီဗန်ထီးယူတို့ကို NLD ၏ ဒုတိယ သမ္မတလောင်းများအဖြစ် လွှတ်တော်သို့ အမည်စာရင်းတင်

(10-3-2016)

သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးကို မတ် ၁၀ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး ဦးထင်ကျော်နှင့် ဦးဟင်နရီဗန်ထီးယူတို့ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အမည်စာရင်း တင်သွင်းခဲ့ပါသည်။
ထိုသို့ အမည်စာရင်း တင်သွင်းရာတွင် ဦးထင်ကျော်ကို ပြည်သူ့လွှတ်တော်၌ လည်းကောင်း၊ ဦးဟင်နရီ ဗန်ထီးယူကို အမျိုးသား လွှတ်တော်၌ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပြုခံရသူ နှစ်ဦးအနက် ဦးထင်ကျော်သည် လွှတ်တော်ကိုယ်စားလှယ် မဟုတ်ဘဲ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လူယုံတစ်ဦး ဖြစ်သည်။ ဦးထင်ကျော်၏ ဖခင်မှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီ၏ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ မြန်မာစာပေလောက၏ အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် ကဗျာဆရာကြီး မင်းသုဝဏ် ဖြစ်ပါသည်။ ထို့အပြင် ဦးထင်ကျော်၏ ဇနီးမှာလည်း လက်ရှိ NLD ပါတီ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင် ဖြစ်သည်။ ဒေါ်စုစုလွင်သည် NLD ပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော ဦးလွင်၏ သမီးဖြစ်သည်။
ဦးထင်ကျော်သည် ၁၉၆၂ ခုနှစ်တွင် စီးပွားရေး တက္ကသိုလ်၌ ပညာ သင်ကြားခဲ့ပြီး စီးပွားရေး မဟာဘွဲ့ ရရှိခဲ့သူ ဖြစ်ကာ အင်္ဂလန်သို့ နိုင်ငံခြား ပညာတော်သင်အဖြစ် စေလွှတ်ခံရသူ တစ်ဦးလည်း ဖြစ်သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ရှိနေစဉ် ကာလကတည်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ၀င်ထွက်ခွင့် ရရှိခဲ့သူများထဲတွင် ဦးထင်ကျော်လည်း တစ်ဦးအပါအ၀င် ဖြစ်ပြီး အနေအေးပြီး ရိုးသားသူ တစ်ဦးဖြစ်ကြောင်း အများက သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါသည်။ လက်ရှိအချိန်တွင် အသက် ၇၀ နှစ် ရှိပြီ ဖြစ်သော ဦးထင်ကျော်သည် ဖခင်နည်းတူ စာပေရေးသားခြင်းကို မွေ့လျော်သူ တစ်ဦးဖြစ်ပြီး ဒလဘန်း အမည်ဖြင့် ဖခင်ဖြစ်သူ မင်းသုဝဏ် အကြောင်း ရေးသားခဲ့သော "အဘဘ၀၊ အဘအကြောင်း တစေ့တစောင်း" စာအုပ်မှာ ထင်ရှားသော စာအုပ်တစ်အုပ် ဖြစ်ခဲ့သည်။ ဦးထင်ကျော်သည် လက်ရှိအချိန်တွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ဦးဆောင်လုပ်ကိုင် နေသူများထဲတွင် တစ်ဦးအပါအ၀င် ဖြစ်ပါသည်။
ဦးထင်ကျော်နည်းတူ အမျိုးသားလွှတ်တော်၌ ဒုတိယ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရသူ ဦးဟင်နရီဗန်ထီးယူသည် ချင်းတိုင်းရင်းသား တစ်ဦးဖြစ်သည့်နည်းတူ NLD ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သည်။
ဦးဟင်နရီဗန်ထီးယူသည် အသက် ၅၈ နှစ်အရွယ်ရှိပြီး တပ်မတော် စစ်မှုထမ်းဟောင်းကာ မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားဖူးသူ ဖြစ်ပါသည်။ ပညာအရည်အချင်း အနေဖြင့် B.A (Dip in Law) ဖြစ်ပြီး ချင်းတိုင်းရင်းသား၊ ခရစ်ယာန်ဘာသာကို ကိုးကွယ်သူ ဖြစ်သည်။ ခလရ (၄၆) ပူတာအို၊ ခလရ (၄၀) ဟူပြင်၊ ခလရ (၂၂၃) မိုးမိတ်၊ စဗဟ (၂)၊ ရတခ (ဘားအံ)၊ ရတခ (မော်လမြိုင်)၊ ခမရ (၅၀၃) သီပေါ၊ ခမရ(၄) အင်းမ တို့တွင် စစ်မှုထမ်းခဲ့ပြီး အရပ်ဖက်တာဝန် ထမ်းဆောင်ခြင်း အနေဖြင့် ဗာဂျီးနီးယားစက်ရုံမှူး (မန္တလေး)၊ ဒုတိယ အထွေထွေမန်နေဂျာ စီမံခန့်ခွဲရေးဋ္ဌာန (စက်မှု-၁)၊ အရက်ချက်စက်ရုံမှူး (ဘီးလင်း) တို့တွင် လုပ်ကိုင်ခဲ့ကြောင်း အမျိုးသားလွှတ်တော်က တရားဝင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရှိရပါသည်။ ဦးဟင်နရီဗန်ထီးယူ၏ ဇနီးမှာ ဒေါက်တာရွှေလွှမ်းဖြစ်ပြီး သားနှစ်ဦးနှင့် သမီးတစ်ဦးရှိပါသည်။
NLD ပါတီနှင့်အပြိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) ကလည်း ဒုတိယသမ္မတလောင်း အမည်စာရင်း တင်သွင်းခဲ့ပြီး လက်ရှိ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို ပြည်သူ့လွှတ်တော်၌ လည်းကောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်ကို အမျိုးသားလွှတ်တော်၌ လည်းကောင်း အမည်စာရင်း တင်သွင်းခဲ့ပါသည်။
ထို့အတူ သမ္မတအရည်အချင်း စိစစ်ရေးအဖွဲ့ဝင် ရွေးချယ်ရာတွင်လည်း ပြည်ခိုင်ဖြိုးက NLD နှင့်အပြိုင် အမည်စာရင်း တင်သွင်းမှုများ ပြုလုပ်ခဲ့သော်လည်း ဆန္ဒမဲပေးရွေးချယ်မှုအရ သမ္မတ အရည်အချင်း စိစစ်ရေးအဖွဲ့ဝင်အဖြစ် NLD ပါတီမှ ဒေါက်တာ မျိုးအောင်က ပြည်သူ့လွှတ်တော်၌ လည်းကောင်း၊ NLD ပါတီမှ ဦးဘမျိုးသိန်းက အမျိုးသားလွှတ်တော်၌ လည်းကောင်း ရွေးချယ်ခံခဲ့ရပါသည်။
ရွေးကောက်ခံမဟုတ်သော တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှာ ဒုတိယ သမ္မတလောင်း ရွေးချယ်မှုမှာ မတ် ၁၀ ရက် နံနက်ပိုင်းတွင် ထွက်ပေါ်ခဲ့ခြင်း မရှိသေးဘဲ မတ် ၁၁ ရက်ရောက်မှ ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။ တပ်မတော်ဘက်မှ ရွေးချယ်မည့် ဒုတိယ သမ္မတလောင်း စာရင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ)၊ တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲ တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က ထင်ကြေးပေးခံရမှု အများဆုံး ရရှိထားပြီး လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ယခင် တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တာဝန် ထမ်းဆောင်ဖူးသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဋ္ဌေးဝင်း၊ ယခင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ရေ) တာဝန်ထမ်းဆောင်ဖူးသူ ဦးသူရသက်ဆွေ တို့လည်း ထင်ကြေးပေးခံရသူများ စာရင်း၌ ပါဝင်ခဲ့သည်။
အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ထွက်ပေါ်နေသော အချိန်ဇယားများအရ မတ် ၁၁ ရက် သို့မဟုတ် ၁၅ ရက်တွင် လွှတ်တော်နှစ်ရပ်၌ ဒုတိယသမ္မတများ ရွေးချယ်မည်ဖြစ်ကာ မတ် ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ ဒုတိယ သမ္မတ သုံးဦး အမည်စာရင်း တင်သွင်းမည် ဖြစ်ပါသည်။ မတ် ၁၇ ရက် သို့မဟုတ် ၁၈ ရက်တွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ နှစ်ဦးကို လျို့ဝှက်မဲပေး စနစ်ဖြင့် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြု ရွေးချယ်မည်ဟု သိရပါသည်။



credit to EMG(MMcities)


EmoticonEmoticon

Comments system

Flag Counter